အင်စတီကျူးရှင်း

ဝီကီပီးဒီးယား မှ


အဓိပ္ပာယ်ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

အင်စတီကျူးရှင်းဆိုသည်မှာ ယေဘုယျအားဖြင့်လူသားများ၏ ပြုမူပြောဆိုနေထိုင်မှုကို ထိန်းချုပ်ကွပ်ကဲသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ အပေါင်းအစုဖြစ်သည်။ အင်စတီကျူးရှင်းများသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ နေသားတကျရှိမှုနှင့်တည်ငြိမ်တိုးတက်မှု (Order) နှင့် လူ့အဖွဲ့အစည်းတစ်ရပ်၏ ကောင်းကျိုးချမ်းသာနှင့် ရှင်သန်အဓွန့်ရှည်မှုအတွက် လိုအပ်သည့် ဖွဲ့စည်းတည်ဆောက်ပုံ (Structure) ကို ဝိုင်းဝန်းပံ့ပိုးပေးသည်။ အင်စတီကျူးရှင်းများသည် နေမှုထိုင်မှု ပြောဆိုဆက်ဆံမှုကို ပရမ်းပတာမဖြစ်စေဘဲ စည်းစနစ်ကျနသည့်ပုံစံများကို ဖန်တီးပေးသည်။ ထို့ကြောင့် အင်စတီကျူးရှင်းများသည် လူအများ၏ ပြုမူပြောဆိုနေထိုင်မှုဆိုင်ရာ မျှော်လင့်ချက်/ မျှော်မှန်းချက် (Expectation) များ ဆုံစည်းရာ (သို့) မျှဝေရာနေရာဖြစ်သည်။ အင်စတီကျူးရှင်းများသည် ကန့်သတ်ချက်များ၊ ဆွဲဆောင်မှုမက်လုံးများဖြင့် စုပေါင်းဆောင်ရွက်မှုပုံစံကို သတ်မှတ်ပုံဖော်ပေးပြီး လူတစ်ဦးချင်း တစ်ယောက်ချင်းမှ လိုက်နာဆောင်ရွက်ခြင်းပြုပြင်ပြောင်းလဲယူခြင်း ဖြင့် ကြိုတင်မှန်းဆ၍ရသော အပြုအမူ (ပရမ်းပတာနှင့်မှန်းဆ၍မရသော အပြုအမူမဟုတ်ဘဲ စည်းစနစ်တကျနှင့် မှန်းဆ၍ရသော အပြုအမူ) များသို့ရောက်ရှိစေသည်။ ထို့ကြောင့် အင်စတီကျူးရှင်းများသည် မသေချာမရေရာမှုများ (Uncertainties) ကိုလည်းလျော့ချပေးနိုင်သည်။[၁]

အင်စတီကျူးရှင်းများအား သက်ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှု (သို့) လုပ်ငန်းစဉ်ကို ဖော်ဆောင်သူများ (Individual Actors) မှ တည်ဆောက်ထိန်းသိမ်းခြင်းဖြစ်သော်လည်း ယင်းအင်စတီကျူးရှင်းများသည် ပုဂ္ဂိုလ်စွဲ မရှိသော ပကတိ အမှန်တရားကဲ့သို့ အသွင်သဏ္ဌာန် ဆောင်တတ်သည်။ အင်စတီကျူးရှင်းများကို ဆောင်ကျဉ်းမှုပုံစံအမျိုးမျိုးမှတစ်ဆင့် သယ်ယူသွားပြီး ကမ္ဘာ့စနစ်ကဲ့သို့ လွန်စွာကြီးမားကျယ်ပြန့်သည့် အနေအထားမှသည် အဖွဲ့အစည်းများ၏ ဌာနခွဲ၊ ဌာနစိတ်များကဲ့သို့သော သေးငယ်သည့် အစိတ်အပိုင်းများအထိ အဆင့်အသီးသီးတွင် ကျင့်သုံးလည်ပတ်သည်။[၂]    

အခြေခံယူဆချက်များ[ပြင်ဆင်ရန်]

အင်စတီကျူးရှင်းများနှင့်စပ်လျဉ်းသည့် အခြေခံယူဆချက်များရှိသည်။ ပထမတစ်ချက်မှာ အင်စတီကျူးရှင်းများသည် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ရည်ရွယ်ချက်/ဦးတည်ချက်ရှိသည့် ဆောင်ရွက်ချက်များဆောင်ရွက်နိုင်ရန် အခွင့်အလမ်းရရှိစေသည်။ ဒုတိယအချက်မှာ အဖွဲ့အစည်းများသည် ယှဉ်ပြိုင်မှုများအကြား ရှင်သန်ရပ်တည်ရန်နှင့် ဆက်လက်တိုးတက်ရန် ဥပဒေကြောင်းအရ တရားဝင်ရပ်တည်ပိုင်ခွင့်၊ ရည်ရွယ်ချက်/ဦးတည်ချက်ပေါက်မြောက်အောင် ဆောင်ရွက်နိုင်စွမ်းတို့ လိုအပ်သည်။ တတိယအချက်မှာ လူပုဂ္ဂိုလ်များသည် ယင်းတို့၏အကျိုးစီးပွား (Interests) နှင့် မိမိမည်သူမည်ဝါဖြစ်သည်ဆိုသည့် ကိုယ်ပိုင်လက္ခဏာ (Identity) နှင့်အညီ ရည်မှန်းချက်/ မျှော်မှန်းချက် များကို အကောင်အထည်ဖော်ရန် အဖွဲ့အစည်းများတွင်ပါဝင်ကြပြီး စည်းကမ်းသတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲပေးပါသည်။ အင်စတီကျူးရှင်းများ ပေါ်ပေါက်ရန်နှင့် ခိုင်ခိုင်မာမာရပ်တည်နိုင်ရန် လုံလောက်သည့် အင်အားဩဇာဖြင့် ထောက်ပံ့မှု အာဏာတည်စေမှုရှိရသည်။

ဆက်စပ်ရှင်းလင်းချက်[ပြင်ဆင်ရန်]

လူအများ နေ့စ္စဓူစကြုံတွေ့နေရသော ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖြင့် ဥပမာပေးလိုသည်။ မော်တော်ယာဉ်မောင်းနှင်မှုနှင့် ပြည်သူများလမ်း အသုံးပြုရာတွင် ပရမ်းပတာမဖြစ်စေဘဲ စည်းစနစ်တကျနှင့်မှန်းဆ၍ရသော အပြုအမူများရရှိရန်အတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ ကို ချမှတ်ခြင်း၊ လမ်းများပေါ်နှင့် လမ်းဘေးဝဲယာတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သင်္ကေတ များထားရှိခြင်း၊ မီးပွိုင့်များထားရှိခြင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မော်တော်ယာဉ်များကို ယာဉ်လိုင်စင်ထုတ်ပေးခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဖောက်ဖျက်သူများကို အရေးယူမည့် ယာဉ်ထိန်းရဲများထားရှိခြင်း စသည်တို့ဆောင်ရွက်ရသည်။ ယင်းတို့သည် အများပြည်သူ ဘေးကင်း လုံခြုံရေးဟူသည့် ဆွဲဆောင်မှုမက်လုံဖြင့်လည်းကောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဖြင့် လည်းကောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးယန္တရားများဖြင့်လည်းကောင်း စုပေါင်း ဆောင်ရွက်မှုပုံစံကို သတ်မှတ်ပုံဖော်ပေးပြီး လူတစ်ဦးချင်းတစ်ယောက်ချင်းမှ လိုက်နာဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲယူခြင်းဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမှုဟူသည့် ကြိုတင်မှန်းဆ၍ရသော အပြုအမူသို့ရောက်ရှိစေခြင်းဖြစ်ပါသည်။ ယင်းသည်အင်စတီကျူးရှင်း၏ သဘောသဘာ၀ဖြစ်သည်။ ဤသို့သောကိစ္စမျိုးတွင် အင်စတီကျူးရှင်းသည် ဥပဒေများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်ထုတ်ပေးသည့် အဖွဲ့အစည်းများ ပုဂ္ဂိုလ်များ၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်းများ ပုဂ္ဂိုလ်များအပြင် ရုပ်ဝတ္ထုများဖြစ်သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် လမ်းညွှန်းဆိုင်ရာသင်္ကေတများ၊ မီးပွိုင့်များအထိ ဖြန့်ကျက်တည်ရှိသည်ကို တွေ့ရမည်ဖြစ်ပြီး အာဏာပိုင်အဖွဲအစည်းများနှင့် လူပုဂ္ဂိုလ်များအပါအဝင် ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်း၏ လိုက်နာဆောင်ရွက်မှုတွင် မျှော်လင့်ချက်/မျှော်မှန်းချက်၊ ရည်ရွယ်ချက်/ရည်မှန်းချက်များ (Purpose) ရရှိသည်ကိုတွေ့ရမည်ဖြစ်သည်။

အင်စတီကျူးရှင်းများ၏ ဝိသေသလက္ခဏာ (၃) ရပ်[ပြင်ဆင်ရန်]

၁။ (Precision of the Prescription) စည်းကမ်းသတ်မှတ်ချက်များအား ပြဋ္ဌာန်းရာတွင် တိကျမှုအတိုင်းအတာ

စည်းကမ်းသတ်မှတ်ချက်စနစ် (Rule Systems-Macro Level) သည် အကြောင်းအရာ ကိစ္စရပ်အလိုက် အဖွဲ့အစည်းများ သို့မဟုတ် စီမံဖွဲ့စည်းမှုများ (Organizations-Meso Level) နှင့် လူပုဂ္ဂိုလ်များ (Individuals-Micro Level) အား သင့်လျော်သည့်အပြုအမူများကို လမ်းညွှန်မှုပေးသည်။ အချို့သော အခြေအနေနှင့် ကိစ္စရပ်များတွင် စည်းကမ်းသတ်မှတ်ချက်များသည် မည်သို့သောအပြုအမူများ (Behaviors) ကို ဆောင်ရွက်ရမည်ဟု ကျယ်ပြန့်သည့် မူဘောင်သဘောမျိုး သတ်မှတ်လမ်းညွှန်ပေးသော်လည်း အချို့သောအခြေအနေ ကိစ္စရပ်များတွင် ဥပဒေများသည် တိကျသော ဆောင်ရွက်ဖွယ်များ (Actions) ကို သတ်မှတ်ပြဋ္ဌာန်းပေးသည်။

၂။ (Formality) စည်းကမ်းသတ်မှတ်ချက်များ၏ တရားဝင်ရပ်တည်မှု အတိုင်းအတာ

စည်းကမ်းသတ်မှတ်ချက်စနစ် (Macro Level) တွင် တရားဝင်ပြဋ္ဌာန်းချက်များ (ဖွဲ့စည်းပုံ အခြေခံဥပဒေ Constitution ၊ ဥပဒေများ Laws ၊ လုပ်ထုံးလုပ်နည်းများ Procedures) နှင့် တရားဝင် ပြဋ္ဌာန်းထားခြင်းမရှိသည့် ဓလေ့ထုံးတမ်းစဉ်လာများ၊ norms and political values များ ပါဝင်သကဲ့သို့ ယင်းနှစ်မျိုးကိုပေါင်းစပ်ထားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ အများပြည်သူ အသိအမှတ်ပြုသည့် စည်းကမ်းသတ်မှတ်ချက်ပြုပိုင်ခွင့်/ဥပဒေပြုပိုင်ခွင့် အခွင့်အာဏာနှင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်းများသည် စည်းကမ်းသတ်မှတ်ချက်များ၏ တရားဝင်ရပ်တည်မှု အတိုင်းအတာကို သတ်မှတ်ပေးသည်။

၃။ (Authority) စည်းကမ်းသတ်မှတ်ချက်များအတိုင်းအရေးယူဆိုင်ရွက်ပိုင်ခွင့်အခွင့်အာဏာ

စည်းကမ်းသတ်မှတ်ချက်များ၏ Precision နှင့် Formality ကိုလိုက်၍ ယင်းတို့အား အာဏာတည်စေသည့် ယန္တရားများ၊ မဖြစ်မနေလိုက်နာဆောင်ရွက်ရန် တာဝန်ရှိမှုနှင့် ယင်းတို့ကိုချိုးဖောက်ခြင်း /မလိုက်နာခြင်းကြောင့်ချမှတ်ခံရမည့် ပြစ်ဒါဏ်သည်လည်း ကွဲလွဲနိုင်သည်။[၃]

အင်စတီကျူးရှင်း အမျိုးအစားများ[ပြင်ဆင်ရန်]

အင်တီကျူးရှင်းများကို Macro ၊ Meso နှင့် Micro ဟူ၍ Level သုံးမျိုးခွဲခြားနိုင်သည်။

Macro Level သည် အင်စတီကျူးရှင်းများတွင် အကျယ်ပြန့်ဆုံးဖြစ်သည့် စည်းကမ်း သတ်မှတ်ချက်စနစ်များ (Rule Systems) နှင့်သက်ဆိုင်သည်။ ယင်းစည်းကမ်းသတ်မှတ်ချက် စနစ်တွင် တရားဝင်ပြဋ္ဌာန်းထားသည့် ဥပဒေများပါဝင်သကဲ့သို့ တရားဝင်ဥပဒေအဖြစ် ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း လူ့အဖွဲ့အစည်းတစ်ရပ်၏ နေသားတကျရှိမှုနှင့် တည်ငြိမ် တိုးတက်မှု (Social Order)ကို တည်ဆောက်ထိန်းသိမ်းရန်လိုအပ်သည့် ဘုံနားလည်မှုများ (Political Values or Common Understanding of Appropriate Order) နှင့် လူ့အဖွဲ့အစည်း တစ်ရပ်၏ သင့်လျော်သည့်အပြုအမူများအပေါ်ဘုံနားလည်မှုများ (Norms or Common Understanding of Appropriate Behaviour) လည်း ပါဝင်သည်။

Meso Level သည် စုပေါင်းရည်ရွယ်ချက်/ဦးတည်ချက်များကို အကောင်အထည်ဖော်ရန် လူတစ်ဦးတစ်ယောက်ချင်းအားစုဖွဲ့၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း သို့မဟုတ် စီမံဖွဲ့စည်းမှု (Organization) များနှင့် သက်ဆိုင်သည်။ အဖွဲ့အစည်းများ သို့မဟုတ် စီမံဖွဲ့စည်းမှုများကို အဖွဲ့ဝင်များ၊ အဆာက်အအုံများ၊ ရုံးများ၊ မှတ်တမ်းမှတ်ရာများ၊ ပိုင်ဆိုင်မှုများ စသည့်ရုပ်ပိုင်း ဆိုင်ရာ တည်ရှိမှုများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။

Micro Level သည် လူတစ်ဦးချင်းတစ်ယောက်ချင်းမှ ၎င်း၏ရည်ရွယ်ချက်/ဦးတည်ချက်များ အတွက်ပြုမူပြောဆိုနေထိုင်ခြင်းနှင့် သက်ဆိုင်သည်။

အင်စတီကျူးရှင်းများ၏အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ် (Institutional Evolution) အတွက် လူပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများ၊ စည်းကမ်းသတ်မှတ်ချက်နှင့် လုပ်ထုံးလုပ်နည်းများ သို့မဟုတ် Micro ၊ Meso နှင့် Macro Level (၃) ခုလုံးအကြားတွင် အပြန်အလှန်ဆက်နွယ်ပြောင်းလဲမှုများ ပါဝင်သည်။[၄]

အင်စတီကျူးရှင်း မဏ္ဍိုင် (၃) ရပ်[ပြင်ဆင်ရန်]

အင်စတီကျူးရှင်းများတွင် ကျိုးကြောင်းဆင်ခြင်သိမြင်မှုဆိုင်ရာ (Cognitive) ၊ ကျင့်ဝတ် သိက္ခာစံနှုန်းဆိုင်ရာ (Normative) နှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် ပုံမှန်အနေအထား တစ်ရပ်ကို ထိန်းသိမ်းခြင်းဆိုင်ရာ (Regulative) ဖွဲ့စည်းတည်ဆောက်မှုများနှင့် လုပ်ကိုင် ဆောင်ရွက်ချက်များ ပါဝင်ပြီး ယင်းတို့သည် လူအဖွဲ့အစည်း၏ အမူအကျင့် (Behaviour) ကို အဓိပ္ပါယ်နှင့် တည်ငြိမ်မှု ပေးသည်။ အင်စတီကျူးရှင်းများကို ယဉ်ကျေးမှုအမျိုးမျိုး (Cultures)၊ ဖွဲ့စည်းတည်ဆောက်မှုပုံစံများ (Structures) နှင့် နစ္စဓူဝ ဆောင်ရွက်ချက်များ (Routines) က သယ်ဆောင်ပေးပြီး စီရင်ပိုင်ခွင့် အဆင့်အမျိုးမျိုးတွင် (Multiple levels of Jurisdiction) ကျင့်သုံးလည်ပတ်သည်။ ဤသဘောတရားအရ အင်စတီကျူးရှင်းများသည် အမှတ်အသား သင်္ကေတစနစ်များ (Symbolic systems) ၊ ကျိုးကြောင်းဆင်ခြင်သိမြင်မှုဖြင့် တည်ဆောက်မှုများ (Cognitive Constructions) ၊ ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Normative Rules) နှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် ပုံမှန်အနေအထားတစ်ရပ်ကို ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ (Regulative Processes) ဖြင့် မျက်နှာစာများစွာပါဝင်သည့် စနစ်များဖြစ်ပြီး လူ့အဖွဲ့အစည်း၏ အမူအကျင့်ကို ပုံဖော်ပေးသည်။ အဓိပ္ပါယ်သတ်မှတ်ချက်စနစ်များ၊ စောင့်ကြည့်မှုလုပ်ငန်းစဉ်များနှင့် လုပ်ကိုင်ဆောင်ရွက်ချက်များသည် အပြန်အလှန်ယှက်နွယ်နေကြသည်။

Regulative ၊ Normative နှင့် Cognitive စနစ်များအားလုံးသည် အင်စတီကျူးရှင်းများ၏ မရှိမဖြစ် အရေးပါသည့် အစိတ်အပိုင်းများဖြစ်ပြီး အားကောင်းသည့် လူအဖွဲ့အစည်းမူဘောင် တည်ဆောက်ရာတွင် ပါဝင်ခြင်း၊ အပြန်အလှန်အမှီသဟဲပြုခြင်းနှင့် အပြန်အလှန်အားဖြည့်ပေးခြင်းတို့ဖြင့် အဆိုပါစနစ်များ၏ ဒူပေနာပေဒဏ်ခံမှုနှင့် အင်အားကို ဖြစ်ပေါ်စေသည်ဟူသည့် ရှုမြင်မှုများ လည်းရှိသည်။ ယင်းသို့သော ပေါင်းစည်းရှုမြင်သည့် သဘောတရားတွင် လူ့အဖွဲ့အစည်း၏ ခွင့်ပြုနိုင်မှုနှင့် အပြစ်ပေးအရေးယူမှု၊ လူ့အဖွဲ့အစည်းမူဘောင်နှင့် ညီညွတ်အောင် ဖိအားပေးမှု၊ လူ့အဖွဲ့အစည်းမူဘောင်နှင့်အညီ နေထိုင်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးနှင့် စံတန်ဖိုးများက အတူတကွ အကျိုးသက်ရောက်ခြင်းဖြင့် အဓိပ္ပါယ်သတ်မှတ်ချက်စနစ်တစ်ခု၏ ညွှန်ကြားမှုဆိုင်ရာ အင်အားကို ရရှိစေသည်။[၅]

အင်စတီကျူးရှင်းဖော်ဆောင်ခြင်း[ပြင်ဆင်ရန်]

အင်စတီကျူးရှင်းဖော်ဆောင်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး အဖန်တလဲလဲ ပြန်လည် အသုံးပြုအသက်သွင်းနေသည့်စနစ်များကို စိမ့်ဝင်စွဲမြဲပြီး တည်ငြိမ်ခြေတစ်ရပ်ရရှိအောင် ဆောင်ရွက် ခြင်းဖြစ်သည်။ တနည်းအားဖြင့် တရားဝင်ပြဋ္ဌာန်းထားသည့် စည်းကမ်းသတ်မှတ်ချက်များ (ဥပမာ -ဥပဒေများ) လူ့အဖွဲ့အစည်းတစ်ရပ်၏ သင့်လျော်သည့်အပြုအမူများအပေါ် ဘုံနားလည်မှုများ (Norms)၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ နေသားတကျရှိမှုနှင့် တည်ငြိမ်တိုးတက်မှု တည်ဆောက်ထိန်းသိမ်းရန် လိုအပ်သည့် ဘုံနားလည်မှုများ (Political Values)၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ အမူအကျင့်များ (Behaviour)၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များမှ စည်းကမ်းသတ်မှတ်ချက်များအပေါ် လေးစားလိုက်နာစေခြင်း (Compliance) များကို အချိန်နှင့်အမျှတည်တံ့အောင် တည်ဆောက်ယူခြင်း ဖြစ်သည်။ အင်စတီကျူးရှင်းဖော်ဆောင်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ဖြင့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှ စည်းကမ်းသတ်မှတ်ချက်များ (တရားဝင် ပြဋ္ဌာန်းထားသည်များနှင့် တရားဝင်ပြဋ္ဌာန်းထားခြင်းမရှိသည့်ဘုံနားလည်မှုများ) ကို ဖော်ဆောင်ယူခြင်းဖြစ်သည်။ အင်စတီကျူးရှင်းများ၏ စည်းကမ်းသတ်မှတ်ချက်များသည် အဖွဲ့အစည်းများနှင့် လူတစ်ဦးချင်း တစ်ယောက်ချင်းမှ မိမိအသိစိတ်ဖြင့် လိုက်နာစောင့်စည်းမှုအဖြစ် ပြောင်းလဲသွားချိန်တွင် အင်စတီကျူးရှင်း ဖော်ဆောင်ခြင်း ကောင်းစွာပေါက်မြောက် အောင်မြင်သည်ဟုဆိုနိုင်သည်။

အင်စတီကျူးရှင်းဖော်ဆောင်ခြင်း ကောင်းစွာပေါက်ရောက် အောင်မြင်ရန် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းတစ်ခုချင်း အနေဖြင့် Self-discipline/Self-control/ Self-restraint ရှိရန် လိုအပ်ရုံသာမက စုပေါင်းချမှတ်ထားသည့် macro level စည်းမျဉ်းစည်းကမ်းများကိုလိုက်နာမှု Compliance လည်းလိုအပ်ပါသည်။ မိမိကိုယ်ကို စည်းကမ်းသတ်မှတ် ထိန်းသိမ်းပြုမူနေထိုင်ခြင်း/မိမိအသိစိတ်ဖြင့် စောင့်စည်းခြင်းသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မိမိတစ်ဦးတည်း ရပ်တည်ဆောင်ရွက်ရမှု သဘောရှိပြီး အခြားသူများ၏ မျှော်လင့်ချက်များနှင့် တောင်းဆိုမှုများမှ လွတ်ကင်းမှု မိမိ၏အတွေးအခေါ်နှင့် စိတ်ခံစားမှုကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်မှုဟူသည့် သဘောရှိရာ ယင်းသည် လူ့လောကအတွက် လိုအပ်ချက်တစ်ပိုင်းဖြစ်သည်။ အခြားတစ်ပိုင်းတွင်မူ လူတစ်ဦးချင်းတစ်ယောက်ချင်း စုပေါင်းပြီး အဖွဲ့အစည်း၊ လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်သည့်အခါ မျှော်လင့်ချက်၊ မျှော်မှန်းချက်၊ တောင်းဆိုမှုများ အချင်းချင်းညီညွတ်မျှတမှု လိုအပ်လာသည်။ စည်းကမ်းသတ်မှတ်ချက်များ၊ အတွေးအခေါ်များ၊ စိတ်လှုပ်ရှားမှုများမှ ထွက်ပေါ်လာသည့် ပြောဆို နေထိုင် ပြုမူခြင်းများကို လက်ခံနိုင်ဖွယ်နှင့် လက်မခံနိုင်ဖွယ်များအဖြစ် ဘုံနားလည်မှု တည်ဆောက်ရန် လိုအပ်လာသည်။ ထိူသို့ ဘုံနားလည်မှုအဖြစ် တည်ဆောက်ထားသည့် Macro Level စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု Compliance လည်း လိုအပ်လာသည်။ Self-discipline/Self-control/Self-restraint နှင့် Compliance ၂ မျိုးပေါင်းစပ်တည်ရှိမှသာ အင်စတီကျူးရှင်း ဖော်ဆောင်ခြင်း ကောင်းစွာ ပေါက်ရောက်အောင်မြင်နိုင်သည်။ ထိုသို့သော Self-discipline/Self-control/Self-restraint နှင့် Compliance ၂ မျိုးပေါင်းစပ်ပါဝင်သည့် အလေ့အကျင့်ကောင်းများကို အင်စတီကျူးရှင်း ဖော်ဆောင်ခြင်းအဖြစ် ဂရုတစိုက်နှင့် အချိန်ပေး တည်ဆောက်သွားရမည်ဖြစ်သည်။

အင်စတီကျူးရှင်းများ၏ အပြောင်းအလဲ[ပြင်ဆင်ရန်]

ဤခေါင်းစဉ်ငယ်အောက်တွင် အင်စတီကျူးရှင်းများ၏ အပြောင်းအလဲများ၊ အင်စတီကျူးရှင်း အပြောင်းအလဲများကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ အင်စတီကျူးရှင်းများ အပြောင်းအလဲ ဖော်ဆောင်ရာတွင် ချဉ်းကပ်မှုပုံစံများ နှင့် Macro Level အင်စတီကျူးရှင်းများ၏ ပြောင်းလဲမှုပုံစံများအကြောင်း ရှင်းလင်းသွားမည်ဖြစ်သည်။

အင်စတီကျူးရှင်းများသည် လူသားတို့၏ ဖန်တီးမှုများဖြစ်သည်။ တစ်ချိန်တည်းတွင် အင်စတီ ကျူးရှင်းများသည် သက်ဆိုင်ရာ ရည်ရွယ်ချက်/ဦးတည်ချက် (Purpose)၊ မျှော်လင့်ချက်/ မျှော်မှန်းချက် (Expectation)၊ စည်းကမ်းသတ်မှတ်ချက်နှင့် စုပေါင်းဆောင်ရွက်မှုပုံစံများဖြင့် စုဖွဲ့ထားသည့် အသိုက်အဝန်း (Community) နှင့် သက်ဆိုင်ရာဆောင်ရွက်ချက်များ (Actions) ကို ဖန်တီးပေးပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အင်စတီကျူးရှင်းများသည် အဖန်တလဲလဲပြန်လည် အသုံးပြု အသက်သွင်းနေသည့်စနစ်များ တည်ငြိမ်ခြေတွင်ရှိနေခြင်းဖြစ်သည်။ အင်စတီကျူးရှင်းများသည် ဖော်ပြပြီးဖြစ်သည့်အတိုင်း Social Order နှင့် Structure ကို တည်ဆောက်ထိန်းသိမ်းရန်နှင့် ပြည်သူများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်ဆိုင်ရာ ဘုံ/စုပေါင်း အကျိုးစီးပွားများ (Public Goods) များကို ဖြန့်ဝေပေးရန် ဖြစ်သည်။ အင်စတီကျူးရှင်းများ၏ ယင်းလုပ်ငန်း ဆောင်တာများ မအောင်မြင်သည့်အခါ (သို့) အရည်အသွေးမကောင်းသည့်အခါ အင်စတီကျူးရှင်းများ အပြောင်းအလဲဖြစ်သည်။ အင်စတီကျူးရှင်းများ၏ အပြောင်းအလဲဆိုသည်မှာ တည်ငြိမ်ခြေနှင့် အပြောင်းအလဲဟူသည့် ဆန့်ကျင်ဘက်အင်အားနှစ်ရပ်အကြား အပြန်အလှန် အကျိုးသက်ရောက်မှု မှတစ်ဆင့် ပိုမိုကောင်းမွန်သည့် အခြေအနေကို ဖန်တီးခြင်းဖြစ်သည်။ ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်ဆိုသည်မှာ လူသားများ၏ အမူအကျင့် တိုးတက်ကောင်းမွန်ခြင်းမှသည် နိုင်ငံရေး ရလဒ်တိုးတက်ကောင်းမွန်ခြင်းနှင့် Public Goods များ ဖြန့်ဝေမှု ပိုမိုကောင်းမွန်ခြင်းအထိ အမျိုးမျိုး ဖြစ်နိုင်သည်။

အင်စတီကျူးရှင်းများ၏ အပြောင်းအလဲကိုဖြစ်စေသည့် အကြောင်း ၄ ရပ်ရှိသည်။ ပထမအကြောင်းမှာ အင်စတီကျူးရှင်းများသည် ပြင်ပပတ်ဝန်းကျင်၏ ပြောင်းလဲမှုများ (သို့) ရိုက်ခတ်မှုများကို လူပုဂ္ဂိုလ် (Micro Level) မှ အဓိပ္ပါယ်ဖွင့်ဆိုနားလည်မှုနှင့် အဖွဲ့အစည်း/စီမံဖွဲ့စည်းမှု (Meso Level) မှ တု့န်ပြန်ခြင်းအပေါ်မူတည်၍ အပြောင်းအလဲဖြစ်နိုင်သည်။ ပြင်ပပတ်ဝန်းကျင် ကြောင့်ဖြစ်သည့် အကြပ်အတည်းနှင့် ရိုက်ခတ်မှု/ပြဿနာအား Micro Level တွင် လူပုဂ္ဂိုလ်များမှ အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်းကောင်း၊ နားလည်မှုတွင်လည်းကောင်း ကွဲလွဲမှုများရှိနိုင်သည်။ Meso Level ၏ တုံ့ပြန်မှု (သို့) အဖွဲ့အစည်း/စီမံဖွဲ့စည်းမှု၏ တုံ့ပြန်မှုသည် Micro Level တွင် လူပုဂ္ဂိုလ်များမှ အတည်ပြုပြီး နောက်ဆုံးထွက်ပေါ်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် နားလည်မှုပုံစံအပေါ်တွင် မူတည်သည်။ အဖွဲ့အစည်း/စီမံဖွဲ့စည်းမှု တစ်ခုထက် ပိုမိုပါဝင်သည့် အင်စတီကျူးရှင်း အပြောင်းအလဲ ဖြစ်မှုတွင် ပြင်ပပတ်ဝန်းကျင်ကြောင့်ဖြစ်သည့် အကျပ်အတည်းနှင့် ရိုက်ခတ်မှု/ပြဿနာအား ယင်းအဖွဲ့အစည်း/စီမံဖွဲ့စည်းမှုများအတွင်းရှိ လူပုဂ္ဂိလ်များမှ မည်သို့မည်ပုံ အဓိပ္ပါယ်ဖွင့်ဆို နားလည်သည်၊ မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် နားလည်မှုပုံစံကို အတည်ပြုသည်၊ မည်သို့မည်ပုံ စုပေါင်းတုံ့ပြန် သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ အကြပ်အတည်းနှင့် ပြဿနာအား တုံ့ပြန်ရန် ပထမဦးစွာ ယှဉ်ပြိုင်အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ နားလည်ခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်များ ပြုလုပ်ရန် အင်အားတည်ဆောက်ယူခြင်းတို့သည် အင်စတီကျူးရှင်းများအပြောင်းအလဲအတွက် ပဓာနကျသည်။

အင်စတီကျူးရှင်းများ အပြောင်းအလဲကိုဖြစ်စေသည့် ဒုတိယအကြောင်းမှာ နိုင်ငံရေးအခြေအနေ အရပ်ရပ်၏ စေ့ဆော်မှုကြောင့် အစိုးရတစ်ရပ်မှ အုပ်ချုပ်မှုနှင့်စပ်လျဉ်းသည့် စည်းကမ်းသတ်မှတ်ချက်များဆိုင်ရာ ဆန်းသစ်ပြောင်းလဲမှုများ ဖော်ဆောင်ခြင်းကြောင့် အပြောင်းအလဲဖြစ်ခြင်းဖြစ်သည်။

အင်စတီကျူးရှင်းများ အပြောင်းအလဲဖြစ်စေသည့် တတိယအကြောင်းမှာ အဖွဲ့အစည်းများ အကြား ပုံမှန်ထိထွေ့ဆက်ဆံရေးမှတစ်ဆင့် စည်းကမ်းသတ်မှတ်ချက်များ၊ အမူအကျင့်များ ဆောင်ရွက်မှုပုံစံများ စိမ့်ဝင်ကူးစက်ခြင်းဖြစ်သည်။ အဖွဲ့အစည်း/စီမံဖွဲ့စည်းမှု တစ်ခုတွင် စည်းကမ်း သတ်မှတ်ချက် အပြောင်းအလဲဖြစ်ခြင်းက ယင်းနှင့်ဆက်စပ်နေသည့် အခြားအဖွဲ့အစည်း/စီမံဖွဲ့စည်းမှု အတွင်း စည်းကမ်းသတ်မှတ်ချက် အပြောင်းအလဲကို ဖြစ်ပေါ်စေသည်။ အောင်မြင်သည့် အဖွဲ့အစည်း တစ်ခု၏ စည်းကမ်းသတ်မှတ်ချက်များ၊ အမူအကျင့်များနှင့် ဆောင်ရွက်မှုပုံစံများကို အခြားအဖွဲ့အစည်း/ စီမံဖွဲ့စည်းမှုတစ်ခုက အတုယူခြင်းဖြင့် အပြောင်းအလဲကိုဖြစ်ပေါ်စေသည်။ ပိုမိုကောင်းမွန်သည့် စည်းကမ်းသတ်မှတ်ချက်များ၊ အမူအကျင့်များနှင့် ဆောင်ရွက်မှုပုံစံများနှင့်စပ်လျဉ်း၍ ဗဟုသုတရှိသည့် အဖွဲ့အစည်း/စီမံဖွဲ့စည်းမှုဆိုင်ရာ ဦးဆောင်သူများမှ ၎င်းတို့၏ ဩဇာသက်ရောက်မှုဖြင့် အဖွဲ့အစည်း/ စီမံဖွဲ့စည်းမှုဆိုင်ရာ အပြောင်းအလဲဖြစ်စေခြင်း ဖြစ်သည်။

အင်စတီကျူးရှင်းများအပြောင်းအလဲဖြစ်စေသည့် စတုတ္ထအကြောင်းမှာ အဖွဲ့အစည်းများအတွင်း အကျပ်အတည်းများနှင့် မအောင်မြင်မှုများကိုကျော်လွှားရန် ကျွမ်းကျင်ပုဂ္ဂိုလ်များမှ ကွဲပြားခြားနားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် နားလည်မှုများရှိနေသည့် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုပုံစံသစ် တည်ဆောက်ခြင်းဖြစ်သည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုပုံစံဟောင်းကို ပြင်ဆင်ခြင်း (သို့) ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ကို တည်ဆောက်ခြင်းတွင် ပြင်ပပတ်ဝန်းကျင်ကြောင့် ဖြစ်သည့် အကျပ်အတည်းနှင့် ရိုက်ခတ်မှု/ပြဿနာအား အများလက်ခံနိုင်သည့် အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် နားလည်မှုတည်ဆောက်ခြင်း၊ အစဉ်အလာလုပ်ကိုင်ဆောင်ရွက်မှုပုံစံ (Culture) (သို့) မူဝါဒ (Policy) ပိုင်းဆိုင်ရာ ပြောင်းလဲမှုပြုလုပ်ခြင်း၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအကြား ဆက်သွယ်ဆောင်ရွက်မှုယန္တရားများ အပြောင်းအလဲပြုလုပ်ခြင်း၊ ကိစ္စရပ်များအား ချဉ်းကပ်မှုပုံစံ ပြောင်းလဲခြင်း၊ လုပ်ကိုင်ဆောင်ရွက်မှုပုံစံနှင့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့် ပြောင်းလဲခြင်း အစရှိသည် တို့ပါဝင်နိုင်သည်။ လူပုဂ္ဂိုလ်အဆင့် (Micro Level) မှအစပြုသည့် ပြုပြင်ပြောင်းလဲမှုသည် အဖွဲ့အစည်း/ စီမံဖွဲ့စည်းမှုအဆင့် (Meso Level) နှင့် စည်းကမ်းသတ်မှတ်ချက်အဆင့် (Macro Level) ပြုပြင် ပြောင်းလဲမှုအထိ စေ့ဆော်မှုဖြစ်စေသည်။[၆]


ကိုးကား[ပြင်ဆင်ရန်]

  1. Sweet, A.S., Sandholtz, W. and Fligstein, N. eds., 2001. The institutionalization of Europe. OUP Oxford, pp. 6-9.
  2. Scott, W.R., 2013. Institutions and organizations: Ideas, interests, and identities. Sage publications, pp. 33-45.
  3. Sweet, A.S., Sandholtz, W. and Fligstein, N. eds., 2001. The institutionalization of Europe. OUP Oxford, pp. 6-7.
  4. Sweet, A.S., Sandholtz, W. and Fligstein, N. eds., 2001. The institutionalization of Europe. OUP Oxford, pp. 6-9.
  5. Scott, W.R., 2013. Institutions and organizations: Ideas, interests, and identities. Sage publications, pp. 33-45.
  6. Sweet, A.S., Sandholtz, W. and Fligstein, N. eds., 2001. The institutionalization of Europe. OUP Oxford, pp. 9-12.