စာမူကြမ်း:ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ အင်စတီကျူးရှင်းမဏ္ဍိုင် (Normative Institutional Pillar)

ဝီကီပီးဒီးယား မှ

ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ အင်စတီကျူးရှင်းမဏ္ဍိုင်[ပြင်ဆင်ရန်]

ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာမဏ္ဍိုင်အနေဖြင့် လူမှုဘဝအား ညွှန်ကြားမှု၊ ဆန်းစစ်အကဲဖြတ်မှု၊ မဖြစ်မနေ လိုက်နာရန် တာဝန်ရှိမှုများ ပေးစွမ်းနိုင်သည့် ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ ဥပဒေသများအနေဖြင့် လူ့အဖွဲ့အစည်း၏ အမူအကျင့်များကို ထိန်းကြောင်းပေးသည်။ ကျင့်ဝတ်သိက္ခာစံနှုန်း စနစ်တွင် စံတန်ဖိုးများ (Values) နှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများ (Norms) နှစ်မျိုးလုံး ပါဝင်သည်။ တန်းဖိုးထားမှုများသည် လက်ရှိ ဖွဲ့စည်းတည်ဆောက်မှုများနှင့် အမူအကျင့်များနှင့် ချိန်ထိုးအကဲဖြတ်နိုင်မည့် လိုလားနှစ်သက်ဖွယ် စံသတ်မှတ်ချက်များဖြစ်သည်။ တစ်နည်းဆိုရပါက Values များသည် အများနားလည်လက်ခံသည့် လူ့အဖွဲ့အစည်းနှင့် သင့်လျော်သည့် အစီအစဉ် (Common Understanding of Appropriate Order) တည်ဆောက်မှုဆိုင်ရာ သတ်မှတ်ချက်များဖြစ်သည်။ ကျင့်ဝတ်သိက္ခာစံနှုန်းများ (Norms) သည် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှ တန်ဖိုးထားသည့် ရည်မှန်းချက်များရရှိရန် အများလက်ခံတရားဝင်သည့်နည်းလမ်းများကို သတ်မှတ်ပေးသည်။ တစ်နည်းဆိုရပါက  Norms များသည် အများနားလည်လက်ခံသည့် လူ့အဖွဲ့အစည်းနှင့် သင့်လျော်သည့် အမူအကျင့် (Common Understanding of Appropriate Behaviour) များကို သတ်မှတ်ပေးသည်။

အချို့တန်ဖိုးထားမှုများနှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများသည် ဘုံစုဖွဲ့မှုတွင်ပါဝင်သူအားလုံး အပေါ် လွှမ်းခြုံကျင့်သုံးနိုင်သော်လည်း အချို့တန်ဖိုးထားမှုများနှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများသည် သက်ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှု (သို့) လုပ်ငန်းစဉ်ကို ဖော်ဆောင်သူများ (Individual Actors) (သို့) သက်ဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ရာထူးဂုဏ်သိမ်နေရာများ အတွက်သာ ကျင့်သုံးနိုင်သည်။ ယင်းသို့သော အထူးပြု တန်ဖိုးထားမှုများနှင့် ကျင့်ဝတ်သိက္ခာစံနှုန်း များကို အခန်းကဏ္ဍများ (Role) အဖြစ် ခေါ်ဆိုနိုင်သည်။ အခန်းကဏ္ဍဆိုသည်မှာ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများအတွက် သင့်လျော်သည့် လုပ်ကိုင်ဆောင်ရွက်မှုဆိုင်ရာ သတ်မှတ်ချက်များဖြစ်သည်။ ယင်းသတ်မှတ်ချက်များသည် မျှော်မှန်းချက်/ခန့်မှန်းချက် သက်သက်မျှသာမကဘဲ ဤလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် ဤသို့ လုပ်ကိုင်ဆောင်ရွက်လိမ့်မည်ဆိုသည့် ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ ယုံကြည်မျှော်လင့်ချက်များဖြစ်သည်။ သက်ဆိုင်ရာ လူပုဂ္ဂိုလ်တစ်ယောက်၊ အဖွဲ့အစည်းတစ်ဖွဲ့အပေါ် အခြားလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက  ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာ ယုံကြည်မျှော်လင့်ချက်ထားရှိခြင်းသည် ထိုလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအပေါ် ဖိအားသက်ရောက်စေသည်။  

လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ အင်စတီကျူးရှင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုတိုင်းတွင် သက်ဆိုင်ရာ အခန်းကဏ္ဍ ဟူ၍ရှိသည်။ အဆိုပါအခန်းကဏ္ဍအတိုင်း လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အင်စတီကျူးရှင်းများ၏ ထိန်းချုပ်မှုသဘောတရားကို ရရှိစေသည်။ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဆောင်ရွက်သူအဖြစ် သတ်မှတ်ပြီးပါက ၎င်းတို့၏ ပြုမူဆောင်ရွက်မှုများကို သက်ဆိုင်ရာ အခန်းကဏ္ဍနှင့်တွဲဆက်နေသည့် norms နှင့် values များအား စိုးမိုးလိုက်နာစေရေး ဆောင်ရွက်ရမည်ဖြစ်သည်။ Role များကို တရားဝင်သတ်မှတ်ထားပြီး ဤပုဂ္ဂိုလ် ဤအဖွဲ့အစည်းသည် ဤနေရာ ဤလုပ်ငန်းခွင်တွင် ဤသို့ ဤသို့ ပြုမူလိမ့်မည်ဟူသည့် ယုံကြည်မျှော်လင့်ချက်ထားခြင်းရှိနိုင်သကဲ့သို့ အပြန်အလှန် ဆက်ဆံမှုအရ အချိန်နှင့်အမျှ ခွဲခြားသိမြင်လာရသည့် တရားဝင်ပြဋ္ဌာန်းခြင်းမဟုတ်သည့် norms နှင့် values များမှလည်း အခန်းကဏ္ဍကို ဖြစ်စေမှုနှင့် အမူအကျင့်ကို လမ်းညွှန်ခြင်းလည်း ရှိနိုင်သည်။

ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာဥပဒေသများသည် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများ၏ အမူအကျင့်များအပေါ် ကန့်သတ်ထိန်းချုပ်မှုဖြစ်စေသည်။ တစ်ချိန်တည်းတွင် ယင်းကျင့်ဝတ်သိက္ခာ စံနှုန်းဆိုင်ရာဥပဒေသများသည် လုပ်ကိုင်ဆောင်ရွက်မှုများကို ခွင့်ပြုခြင်းနှင့် အားပေးထောက်ခံခြင်းလည်း ဖြစ်စေသည်။ ယင်းတို့သည် အခွင့်အရေးများ (Rights) နှင့် တာဝန်ရှိခြင်းများ/တာဝန်ယူ ခြင်းများ (Responsibilities)၊ အခွင့်ထူးများ (Privileges)နှင့်  လုပ်ငန်းတာဝန်များ (Duties)၊ ခွင့်ပြုခြင်းများ (Licenses) နှင့် လုပ်ပိုင်ခွင့် (Mandates) တို့ကိုလည်း အပ်နှင်းသည်။ License များသည် ခန္ဓာကိုယ်တွင် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေခြင်းကဲ့သို့သော သာမန်အားဖြင့် တားမြစ်ထားသည့် ကိစ္စများနှင့် လူပုဂ္ဂိုလ်များအား ထောင်ဒဏ် (သို့) သေဒဏ်ချမှတ်ပိုင်ခွင့် ကဲ့သို့သော အကျိုးဆက် ကြီးမားသည့်ကိစ္စများအား လုပ်ကိုင်ဆောင်ရွက်ရန် အခွင့်အာဏာနှင့် အထူးအခွင့်အာဏာကို အပ်နှင်းသည်။

ဆွေမျိုးသားခြင်း ဆက်ဆံရေးနှင့် ဘာသာရေးစနစ်များတွင် ဘုံယုံကြည်ချက်များနှင့် ဘုံတန်ဖိုးထားမှုများ အများဆုံးတွေ့ရှိနိုင်သည်။ အင်စတီကျူးရှင်းများအား ဤရှုထောင့်မှ လေ့လာရာတွင် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများသည် အကျိုးစီးပွားစဉ်းစားမှုရှိ၍ ယင်းအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် ရွေးချယ်ဆောင်ရွက်သည့် သဘာဝရှိသည်ဟူသည့် စဉ်းစားမှုပုံစံမှခွာ၍ စဉ်းစားရမည်ဖြစ်သည်။ အင်စတီကျူးရှင်းများအား ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာဥပဒေသများရှုထောင့်မှ ချဉ်းကပ်ရာတွင် norms  နှင့် values များက ရွေးချယ်မှုကို ဖြစ်စေခြင်းအား ဇောင်းပေးလေ့လာကြသည်။ အင်စတီကျူးရှင်းများအား ဤရှုထောင့်မှ ချဉ်းကပ်ရာတွင် တန်ဖိုးထားသည့်ရည်မှန်းချက်များရရှိရန် အကောင်းဆုံး ရွေးချယ်ဆောင်ရွက်မှုများသည် ကျင့်ဝတ်သိက္ခာစံနှုန်းဥပဒေသများအရ သင့်လျော်သည့် နည်းလမ်းကိုသုံးရမည်ဟု အခြေပြု၍ စဉ်းစားသည်။ လုပ်ကိုင်ဆောင်ရွက်မှုများ၏ သင့်မြတ်မှုဆိုခြင်းကို အမူအကျင့်များကို ထိန်းကြောင်းသည့် ကျင့်ဝတ်သိက္ခာစံနှုန်းဥပဒေသများကို လိုက်နာခြင်းမှ ရရှိသည်။ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် သာမက အများ၏ ယုံကြည်မျှော်လင့်ချက်ကို ထိန်းသိမ်းရန်နှင့် ၎င်းတို့၏ role အရ လိုက်နာရန် တာဝန်ရှိမှုအရ ကျင့်ဝတ်သိက္ခာစံနှုန်းဥပဒေသများကို လိုက်နာကြခြင်းဖြစ်သည်။ ဤနေရာတွင် Regulative Pillar နှင့် Normative Pillar အကြား ကွာခြားချက်မှာ Regulative Pillar တွင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် ဤအခြေအနေ/ဤကိစ္စတွင် မိမိ၏ အကျိုးစီးပွား ဘာရှိသနည်းဆိုသည်ကို စဉ်းစား၍ Normative Pillar တွင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသည် ဤအခြေအနေ/ဤကိစ္စ တွင် မိမိ၏ role အပေါ် မည်သည့် ယုံကြည်မျှော်လင့်ချက်များရှိမည်နည်းဆိုသည်ကို စဉ်းစားသည်။

ဗျူရိုကရေစီယန္တရားနှင့် အဖွဲ့အစည်းဆိုင်ရာ စာပေများတွင် အဖွဲ့အစည်းများသည် ဥပဒေသများကို လိုက်နာပြီး အဖွဲ့အစည်းအတွင်း အမူအကျင့်အများစုကို စံလုပ်ထုံးလုပ်နည်းများ (Standard Operating Procedure)  ဖြင့် သတ်မှတ်ထားသည်ဟူသော အဆိုပြုချက်ရှိသည်။ ယင်း အဆိုပြုချက်ကို နိုင်ငံရေးနယ်ပယ်တွင်လည်း စဉ်းစားနိုင်သည်။ နိုင်ငံရေးအင်စတီကျူးရှင်းများ အတွင်း တွေ့ရှိရသည့် အမူအကျင့်အများစုသည် လူအများမှ ၎င်းတို့ ဆောင်ရွက်ရမည်များကို နိစ္စဒူဝ ဆောင်ရွက်နေသည့် ပုံစံကို ထင်ဟပ်သည်။ ဤနေရာတွင် ဥပဒေသဟူသော သဘောတရားသည် ကျယ်ပြန့်ပြီး လုပ်ရိုးလုပ်စဉ်များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုံးတမ်းအစဉ်အလာများ၊ အခန်းကဏ္ဍများ၊ မဟာဗျူဟာများ၊ စီမံဖွဲ့စည်းမှုဆိုင်ရာ ပုံစံများ၊ နည်းပညာများ၊ ယုံကြည်ချက်များ၊ ခေတ်စနစ်၏ စံနမူနာ ရှုမြင်မှုပုံစံများ (Paradigms) ၊ နီတိများ၊ ဥပဒေကျမ်းများ၊ ယဉ်ကျေးမှုများ၊ အခန်းကဏ္ဍများနှင့် နိစ္စဒူဝ ဆောင်ရွက်မှုများကို ဖြစ်ပေါ်စေသည့် အထောက်အပံ့ပြုသည့် အကျယ်တဝင့် ရှင်းလင်းသည့် ဆန့်ကျင်ငြင်းဆိုသည့် ဗဟုသုတများ ပါဝင်နိုင်သော်လည်း အဓိက အာရုံစိုက်မှုမှာ လူမှုတာဝန်သိစိတ်များ (Social Obligations) ဖြစ်သည်။

အမူအကျင့်များကို ဥပဒေသများက မောင်းနှင်သည်ဟူသော ဖော်ပြချက်တွင် အမူအကျင့်များသည် ကျိုးကြောင်းဆီလျော်မှုမရှိ (သို့) အလိုအလျောက်ဖြစ်ပေါ်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ ရာထူးဂုဏ်သိမ်နေရာ၏ လိုအပ်ချက်များအတိုင်း အခြေအနေကို ကိုက်ညီစေမှုအဖြစ် ရှုမြင်သည်။ ဥပဒေသများအား ရွေးချယ်မှုနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုသည် အခြေအနေတစ်ရပ်၏ လိုအပ်ချက်နှင့်အညီ ဖြစ်ရမည်ဟု ဆိုပါသည်။ သို့ရာတွင် အခန်းကဏ္ဍများနှင့် ဥပဒေသများအပေါ် အလေးထားခြင်းကြောင့် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများကို လူမှုတာဝန်သိစိတ်များ၏ ကျေးကျွန် အဖြစ် ရှုမြင်စရာမလိုဘဲ အင်စတီကျူးရှင်းများ၏ ဥပဒေသများအရ ကျိုးကြောင်းဆီလျော်စွာ ပြုပြင်ပြောင်းလဲသူများအဖြစ် ရှုမြင်နိုင်သည်။ အခန်းကဏ္ဍများကို အခြေအနေတစ်ရပ်တွင် တွေ့ရ သည့် လူတို့၏ ဝိသေသလက္ခဏာများဖြစ်သည့် ဆောင်ရွက်ချက်များ၏ ပုံစံတစ်ခုအဖြစ် ဖြစ်ပေါ်မှု (Pattern) နှင့် ရည်မှန်းချက်များ၊ စိတ်သဘောထား၊ အမူအကျင့်များကို နေသားတကျ ပုံဖော်ခြင်း များအဖြစ် ရှုမြင်နိုင်သည်။

အင်စတီကျူးရှင်းများအား ကျင့်ဝတ်သိက္ခာစံနှုန်းဆိုင်ရာရှုထောင့်မှ လေ့လာရာတွင် ယုံကြည်မှုများနှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများ၏ လူ့အဖွဲ့အစည်းအား တည်ငြိမ်မှုဖြစ်စေခြင်းကို ဇောင်းပေးလေ့လာသည်။ ဤနေရာ၌ လူမှုယုံကြည်မှုများနှင့် ကျင့်ဝတ်သိက္ခာစံနှုန်းများဟုဆိုရာတွင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှ လက်ခံထားသည်များနှင့် အခြားလူပုဂ္ဂိုလ်များ အဖွဲ့အစည်းများမှ ဖိအားပေး သက်ရောက်စေသည်များ နှစ်မျိုးလုံးပါဝင်နိုင်ပါသည်။  norms  နှင့် values များကို လူ့အဖွဲ့အစည်းအား တည်ငြိမ်စနစ်တကျရှိစေခြင်းအတွက် လိုအပ်သည့် အခြေခံများအဖြစ် သတ်မှတ်နိုင်သည်။[၁]  

  1. Scott, W.R., 2013. Institutions and organizations: Ideas, interests, and identities. Sage publications, pp. 37-40.