စာမူကြမ်း:ဥပဒေဖြင့် ထိန်းချုပ်ခြင်းဆိုင်ရာ အင်စတီကျူးရှင်းမဏ္ဍိုင် (Regulative Institutional Pillar)

ဝီကီပီးဒီးယား မှ

ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာ အင်စတီကျူးရှင်းမဏ္ဍိုင်[ပြင်ဆင်ရန်]

ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာ အင်စတီကျူးရှင်းမဏ္ဍိုင်တွင် အင်စတီကျူးရှင်းများအနေဖြင့် လူ့အဖွဲ့အစည်း၏ အမူအကျင့်များကို ကန့်သတ်ထိန်းချုပ်မှု ဖြစ်စေခြင်း (Constrain) နှင့် ပုံမှန်ဖြစ်စေခြင်း (Regularize) ကို အဓိကထားသည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများဖြင့် ပုံမှန်အနေအထားတစ်ရပ်ကို ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ (Regulative Processes) (အတိုအားဖြင့် "ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ"ဟု သုံးနှုန်းသွားပါမည်) တွင် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ ချမှတ်ခြင်း၊ လိုက်နာမှုအား စောင့်ကြည့်ခြင်း၊ ခွင့်ပြုခြင်းနှင့် အရေးယူ ဒဏ်ခတ်မှုများ ပါဝင်သည်။ ဤသဘောတရားအရ Regulative Processes တွင် ဥပဒေစည်းမျဉ်း စည်းကမ်းများ ချမှတ်နိုင်သည့် အခွင့်အာဏာနှင့် စွမ်းရည်၊ ချမှတ်ထားသည်များကို လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးသုံးသပ်နိုင်သည့် အခွင့်အာဏာနှင့် စွမ်းရည်၊ အနာဂါတ် အမူအကျင့်များကို လွှမ်းမိုး ပုံဖော်ရန် ဆုပေးဒဏ်ပေးကို လိုအပ်သလို ကျင့်သုံးခြင်းများပါဝင်သည်။ ဤသို့ ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဖြင့် အမူအကျင့်များကို ထိန်းကြောင်းရာတွင် တရားဝင်ရေးသား ပြဌာန်းထားသည်များ သာမက တရားဝင်ရေးသား ပြဌာန်းချက်များကို ဖြစ်ပေါ်စေပြီး ယင်းတို့ကို ဖြည့်ဘက်အနေဖြင့် ဖြည့်စွက်ပေးနေသည့် တရားဝင်ရေးသားထားခြင်းမရှိသည့် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများလည်း ပါဝင်သည်။ ယင်းလုပ်ငန်းစဉ်များတွင် လူ့အသိုက်အဝန်းတစ်ရပ်၏ အစဉ်အလာ အမူအကျင့် (သို့) နေမှုထိုင်မှုပုံစံအရ မလိုက်နာသူကို အရှက်ရစေခြင်း (သို့) ဖယ်ကျဉ်ခြင်းဖြင့် အပြစ်ပေး အရေးယူခြင်းကဲ့သို့သော တရားဝင်မဟုတ်သည့် ယန္တရားများမှသည် တရားဝင်ပြဌာန်းထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သူများအား ပြည်သူ့ရဲ၊ တရားရုံး စသည်များမှ တရားဝင်အရေးယူဆောင်ရွက်ခြင်းအထိ ပါဝင်သည်။ ထို့ကြောင့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက ပေးဆပ်ရမည့် တန်ဖိုးမည်မျှကြီးမားသည်ဆိုခြင်းနှင့် ပြစ်ဒဏ်၏ ပြင်းထန်မှု အတိုင်းအဆများ သတ်မှတ်ခြင်းသည် အင်စတီကျူးရှင်းများ အလုပ်ဖြစ်ရန် အရေးကြီးဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။

စီးပွားရေးနယ်ပယ်တွင် လူပုဂ္ဂိုလ်တစ်ဉီးချင်းတစ်ယောက်ချင်းနှင့် ကုမ္ပဏီများ၏ ကိုယ်ကျိုးစီးပွားရှာဖွေမှုနှင့် ဈေးကွက်အတွင်း ပြုမူသည့် အမူအကျင့်များနှင့် အခြားယှဉ်ပြိုင်မှု အခြေအနေများ ဆက်နွယ်မှုကို ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာ ရှုထောင့်ကို ဥပမာအနေဖြင့် စဉ်းစားကြည့်ပါမည်။ အကျိုးစီးပွားကွဲလွဲမှုများ များမြောင်ခြင်းကြောင့် နေသား တကျရှိမှုနှင့် တည်ငြိမ်တိုးတက်မှုကို ထိန်းသိမ်းရန် (To Preserve a Stable Order) တိတိပပ ပြဌာန်းထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ဒိုင်လူကြီးများ ပိုမိုလိုအပ်သည်။  Stable Order ကို ထိန်းကြောင်းသည့် အဓိကယန္တရားမှာ စိုးမိုးလိုက်နာစေခြင်း (Coercion) ဖြစ်သည်။ အချို့သော အခြေအနေများ၌ သဘောတူညီချက်တစ်ခုတွင် ပါဝင်သူများအနေဖြင့် ယင်းသဘောတူညီချက်ကို လိုက်နာခြင်းရှိ/မရှိ အပြန်အလှန် စောင့်ကြည်ခြင်းနှင့် လိုက်နာရေး အပြန်အလှန်ဆောင်ရွက်ခြင်းများ ရှိနိုင်သော်လည်း အများအားဖြင့် သဘောတူညီချက်အား လိုက်နာမှုသေချာစေရန် ဘက်လိုက်မှုမရှိသော တတိယသူအား စိုးမိုးလိုက်နာစေခြင်း ယန္တရားကို ယုံကြည်အပ်နှင်းရန် လိုအပ်သည်။ ယင်းအလုပ်သည် အစိုးရ၏ အရေးပါသည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည်။   

ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းဆိုင်ရာမဏ္ဍိုင်တွင် ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ စိုးမိုးလိုက်နာစေခြင်း၊ အကြောက်တရားရှိစေခြင်းနှင့် အခြေအနေ၊ အချိန်အခါ၊ အကြောင်းခြင်းရာနှင့် ကိုက်ညီစေခြင်း (Expedience) များသည် အဓိကကျသည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများသည် တရားဝင်ရန် ဖြောင့်မတ်မှန်ကန်မှုနှင့် သင့်တင်လျှောက်ပတ်မှု ရှိရမည်ဖြစ်သည်။ အင်အားသုံးမှုတစ်ခုတည်းဖြင့် အစိုးရအဖွဲ့၏ အုပ်ချုပ်မှုပုံစံကို ဖော်ဆောင်သည့် အုပ်ချုပ်သူ လွန်စွာနည်းပါးသည်။ အုပ်ချုပ်သူများ အနေဖြင့် ၎င်းတို့၏ အုပ်ချုပ်မှုသည် အများလက်ခံတရားဝင်ကြောင်း (legitimacy) ကို ယုံကြည် လက်ခံလာအောင် ပြုစုပျိုးထောင်ရန် ကြိုးပမ်းကြသည်။ သို့ရာတွင် ယင်းသို့သော ယုံကြည်မှုသည် အပေါ်ယံသာသာလည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော်   အဆိုပါယုံကြည်မှုတွင် ဥပဒေ စည်းမျဉ်းစည်းကမ်းများ တည်ရှိမှုနှင့် ယင်းတို့၏တရားဝင်မှုကို အသိအမှတ်ပြုသော်လည်း ယင်းဥပဒေ စည်းမျဉ်းစည်းကမ်းများသည် အမှန်တကယ်မျှတသည် တရားသည်ဆိုခြင်းကို ယုံကြည်မှုရှိချင်မှရှိမည် ဖြစ်ခြင်းကြောင့်ဖြစ်သည်။ အင်စတီကျူးရှင်းများကို လေ့လာရာတွင် လူ့အဖွဲ့အစည်းတစ်ရပ်၏ နိုင်ငံရေး ဖွဲ့စည်းတည်ဆောက်မှုပုံစံနှင့် ယင်းနိုင်ငံရေး ဖွဲ့စည်းတည်ဆောက်မှုပုံစံသည် တရားဥပဒေစိုးမိုးရေးမူကို မည်မျှလောက် ထိထိရောက်ရောက် ပေးစွမ်းနိုင်မည်ဆိုခြင်းကို မလွဲမသေ လေ့လာရမည်ဖြစ်သည်။

ဥပဒေစည်းမျဉ်းစည်းကမ်းများအား စိုးမိုးလိုက်နာရေး ဆောင်ရွက်သူများမှ ၎င်းတို့အတွက် အသုံးအဝင်ဆုံး အကျိုးအရှိဆုံး ဖြစ်စေမည့် ဆောင်ရွက်ချက်များကြောင့် ရလဒ်ထွက်ပေါ်မှုအပေါ်  လွှမ်းမိုးသက်ရောက်မှုဖြစ်ပေါ်နိုင်သည်။ ဆိုလိုသည်မှာ တတိယသူသည် ဘက်လိုက်မှုကင်းရှင်းခြင်း မရှိသည့်အခါ ၎င်း၏အကျိုးစီးပွားနှင့် ချိန်ညှိ၍ ရလဒ်ထွက်ပေါ်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ယင်းသို့သော အခြေအနေမျိုးကို စီးပွားရေးအင်စတီကျူးရှင်းများတွင်သာမက နိုင်ငံရေး အင်စတီကျူးရှင်းများတွင်လည်း တွေ့မြင်နိုင်သည်။ ထို့ကြောင့် အင်စတီကျူးရှင်းများ၏ ဥပဒေဖြင့် ထိန်းချုပ်၍ ပုံမှန်ဖြစ်စေခြင်းရှုထောင့်ကို စဉ်းစားရာတွင် အစိုးရ၏ ဥပဒေ စည်းမျည်းစည်းကမ်းပြုခြင်း၊ ဒိုင်လူကြီးကဲ့သို့ ဆောင်ရွက်ခြင်းနှင့် စိုးမိုးလိုက်နာစေခြင်း အခန်းကဏ္ဍများသည် လွန်စွာ အရေးကြီးသည်။  

မည်သူ့တွင်မဆို အကျိုးစီးပွားစဉ်းစားမှုရှိ၍ ယင်းအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မည်မှာ သဘာဝပင်ဖြစ်ပြီး လူတိုင်းသည် ၎င်းတို့၏ ရွေးချယ်မှု (choice) ကို အကျိုးရလဒ် နှင့် ပေးဆပ်ရမည်တို့ကို ချိန်ဆ၍ ရွေးချယ်မှုပြုကြသည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းသည် မိမိ၏အကျိုးစီးပွားနှင့် ညီညွတ်ပါက ယင်းဥပဒေစည်းမျဉ်းစည်းကမ်း များကို လိုက်နာကြမည်ဖြစ်သည်။ ဤရှုထောင့်အရ ကျင့်ဝတ်သိက္ခာစံနှုန်းနှင့် ဥပဒေစည်းမျဉ်းစည်းကမ်းများသည် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ အမူအကျင့်အပေါ် လွှမ်းမိုးသက်ရောက်မှုရှိပြီး အကျိုးရလဒ်နှင့် ပေးဆပ်ရမည်တို့ကို အပြောင်းအလဲပြုလုပ်ခြင်းဖြင့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ အမူအကျင့်ကို အပြောင်းအလဲ ပြုလုပ်နိုင်မည်ဖြစ်သည်။ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည်  အခြေအနေ၊ အချိန်အခါ၊ အကြောင်းခြင်းရာနှင့် ကိုက်ညီအောင် ပြုမူကြသည်။ ဆိုလိုသည်မှာ ယင်းတို့သည် အခြားလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် အစိုးရနှင့်စပ်လျဉ်း၍ ရရှိမည့် အကျိုးရလဒ်နှင့် ပေးဆပ်ရမည်ကို တွက်ချက်ပြီး ရွေးချယ်ဆောင်ရွက်မှုပြုကြသည်။ စောင့်ကြည့်မှု၊ ခွင့်ပြုမှုနှင့်  အရေးယူဒဏ်ခတ်မှုများရှိသည့် တည်ငြိမ်သည့် ဥပဒေစည်းမျည်းစည်းကမ်းစနစ်သည် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသည့် အင်စတီကျူးရှင်းမဏ္ဍိုင်တစ်ရပ်ဖြစ်သည်။[၁]

  1. Scott, W.R., 2013. Institutions and organizations: Ideas, interests, and identities. Sage publications, pp. 35-37.