အခွန်အတုတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search


ယခုခေတ်တွင် နိုင်ငံအသီးသီး၌ ပြည်သူလူထု၏ ကျန်းမာရေးပညာရေးကာကွယ်ရေး၊ အေးချမ်းစွာနေထိုင်နိုင်ရေးနှင့်တကွ အထွေထွေ အကျိုးစီးပွား တိုးတက်ရေး စသည်တို့အတွက် အစိုးရက တာဝန်ယူ၍ ဆောင်ရွက်ပေးရိုး ဖြစ်သည်။ ပြည်သူတို့၏ ကျန်းမာရေးအတွက် အမြို့မြို့တွင် ဆေးရုံများ ဖွင့်ပေးရသည်။ ပညာရေးအတွက် စာသင်ကျောင်း များ တည်ထောင်ပေးရသည်။ ကာကွယ်ရေးအတွက် စစ်တပ် များ၊ ရဲအဖွဲ့များ ဖွဲ့စည်းထားရလေသည်။ ယင်းကဲ့သို့ ပြည်သူ တို့အတွက် ဆောင်ရွက်ပေးရသောကြောင့် ကုန်ကျသော စရိတ် ကြေးငွေများကို ကာမိရန် နိုင်ငံအစိုးရသည် တိုင်းသူပြည်သား တို့ထံမှ ကောက်ခံ ရလေသည်။ သို့ဖြစ်လေရာ နိုင်ငံတကာရှိ အစိုးရများသည် အခွန်အတုတ် ကောက်ခံခြင်းကို လုပ်ငန်း တစ်ရပ် အနေနှင့် တာဝန်ယူကာ ဆောင်ရွက်ရသည်။ စင်စစ် အားဖြင့် အခွန်အတုတ်များ မကောက်ခံပဲနှင့်လည်း ပြည်သူ လူထုအတွက် ငွေကြေး စိုက်ထုတ်ကာ နိုင်ငံကို ချောမော ပြေပြစ်စွာ အုပ်ချုပ်နိုင်မည် မဟုတ်ချေ။ အခွန်အတုတ်များသည် နိုင်ငံ၏ ဘဏ္ဍာရေးကို ဖြည့်တင်း ပေးသည်။ ဘဏ္ဍာရေး တောင့်တင်းမှသာ နိုင်ငံကို ချောမော ပြေပြစ်စွာ အုပ်ချုပ်နိုင်၏။ အုပ်ချုပ်ရေး စက်ယန္တရားကြီးလည်း မှန်မှန် လည်နိုင်ပေမည်။ ထိုကြောင့် ကမ္ဘာပေါ်တွင် ခေတ်မှီ၍ စံနစ်ကျသည့် အုပ်ချုပ်ရေးရှိသော နိုင်ငံအသီးသီး၌ အခွန် အတုတ်များကို နည်းစံနစ် အမျိုးမျိုးဖြင့် ကောက်ခံလေ့ရှိကြ သည်။ ကောက်ခံသော နည်းစံနစ်များမှာကား တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြချေ။ တစ်ဖန် နိုင်ငံတစ်ခုအတွင်း၌ပင်လျှင် အခွန်အတုတ်များကို စံနစ်အမျိုးမျိုး၊ နာမည် အစားစားနှင့် ကောက်ခံကြလေသည်။

အခွန်အတုတ် ကောက်ခံပုံနှင့် စပ်လျဉ်း၍ အင်္ဂလန်ပြည် တွင် ရှေးဦးစွာ ပေါ်ပေါက်ခဲ့သော ဘောဂဗေဒ ပညာရှင် အဒမ်စမစ်က အခွန်တော် ကောက်ခံရာတွင် ပေးနိုင် မပေး နိုင်ကို စဉ်းစားပြီးနောက် ပေးနိုင်သည့် အချိုးအစားအလိုက် တိုင်းသူပြည်သားတို့က လွယ်လင့်တကူ ပေးဆောင်နိုင်အောင် စရိတ်နည်းနည်းနှင့် ကောက်ခံနိုင်အောင် အခွန်အတုတ်ကို အတိအကျ သတ်မှတ် ကောက်ခံသင့်သည်ဟု ဆို၏။


နာမည်ကျော် ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ကိုးလဗားကမူ ငန်းကို အမွေးနုတ်ရာတွင် သိပ်မအော်စေပဲ အမွေးများများ ရနိုင်သမျှ ရအောင်နုတ်ပါဟု ပြောခဲ့ဘူးလေသည်။


ဆိုလိုရင်းမှာ တိုင်းသူပြည်သားများထံမှ အခွန်အတုတ် ကောက်ခံရာတွင် ဆူပူမှု နည်းနိုင်သမျှ နည်းစေပြီးလျှင် အခွန်ငွေ ရနိုင်သမျှ ရအောင်ကောက်ပါဟူ၍ ဖြစ်သည်။


နိုင်ငံအစိုးရသို့ ပေးဆောင်ရသော အခွန်အတုတ်များကို ယေဘုယျအားဖြင့် တိုက်ရိုက် ပေးဆောင်ရသော တိုက်ရိုက် ခွန်နှင့် သွယ်ဝိုက်၍ ပေးဆောင်ရသော သွယ်ဝိုက်ခွန်ဟု နှစ်မျိုး နှစ်စား ခွဲခြားထားသည်။ သွယ်ဝိုက်၍ ပေးဆောင်ရသော အခွန် တစ်မျိုးမှာ နိုင်ငံခြားမှ တင်သွင်းသော ကုန်များပေါ်တွင် စည်းကြပ်သည့် အကောက်ခွန် ဖြစ်သည်။ နိုင်ငံခြားမှ ကုန် များကို တင်သွင်းသော ကုန်များသည် အစိုးရအား အကောက် ပေး ဆောင်ရသည်။


သူတို့ကတစ်ဖန် ထိုသို့ အကောက်ပေးဆောင်ရသည့်အတွက် ကုန်များ ပေါ်တွင် အကောက်အတွက် ကာမိအောင် ဈေးတင်၍ ရောင်း ချသည်။ သို့ဖြစ်လေရာ နောက်ဆုံးတွင် ကုန်များကို ဝယ်ယူ သုံးစွဲသော တိုင်းသူပြည်သားများကသာ ပေးဆောင်ရသည့် အဖြစ်သို့ ရောက်သွားလေသည်။ ပွဲခွန်နှင့် ရောင်းခွန် စသည် တို့မှာလည်း သွယ်ဝိုက်၍ ပေးဆောင်ရသော အခွန်တော်မျိုးပင် ဖြစ်၏။ အချို့က ထိုကဲ့သို့သော အခွန်မျိုးသည် လူချမ်းသာ မျာထက် ဆင်းရဲသားများကို ပို၍ ထိခိုက်စေသည်ဟု ဆိုကြ သည်။ သို့ဖြစ်၍ ယခုအခါ တိုက်ရိုက်ခွန်များကိုသာ တိုး၍ ကောက်ခံလေသည်။

တိုက်ရိုက်ခွန်မှာကား သွယ်ဝိုက်ခွန်ကဲ့သို့ တိုင်းသူပြည် သားများအပေါ်သို့ လွှဲချ၍ မရချေ။ တိုက်ရိုက်ခွန်သည် အခွန်စည်းကြပ်ခံရသူ၏ ပိုင်ငွေနှင့် တိုက်ရိုက် သက်ဆိုင် နေသော အခွန်မျိုးဟု ဆိုနိုင်ပေသည်။ အမြတ်ခွန်၊ အပိုခွန်၊ အမွေခွန်၊ အမွေဆက်ခံရန်ခွန် စသည်တို့သည် တိုက်ရိုက် ပေးဆောင်ရသော အခွန်များ ဖြစ်သည်။

ထိုမှတစ်ပါး ဝင်ငွေတိုးတက်လာသည်နှင့်အမျှ နှုန်းပို၍ ပေးဆောင်ရသော အခွန်မျိုးနှင့် ဝင်ငွေ တိုးတက် လာသည်နှင့် နှုန်းလျော့၍ ပေးဆောင်ရသော အခွန်မျိုးဟူ၍ နှစ်မျိုးခွဲခြားပြန် သေးသည်။

အမြတ်ခွန် အပါအဝင် တိုက်ရိုက်အခွန်များမှာ ပထမအခွန် အမျိုးအစား ဖြစ်ပေသည်။ အထက်ပါ အခွန်များအပြင် အခြား အခွန်အတုတ်မျိုးများလည်း ရှိပေသေးသည်။ အချို့သော လုပ်ငန်းနှင့် အကြောင်းကိစ္စများအတွက် အမိန့်လိုင်စင် ထုတ် ပေးရသောကြောင့် အခွန်အတုတ် ကောက်ခံသည်။ ရုပ်ရှင်ရုံ လိုင်စင်ခများ၊ ပျော်ပွဲစားရုံ လိုင်စင်ခများ၊ သေရည်သေရက် ဆိုင် လိုင်စင်ခများ၊ မော်တော်ကား လိုင်စင်ခများသည် ထိုကဲ့သို့သော ကောက်ခံသော အခွန်အတုတ်များ ဖြစ်၏။ သေရည်သေရက် ချက်လုပ်ခွင့် လိုင်စင်ခများနှင့် ရောင်းချ ခွင့် လိုင်စင်ခများသည် အစိုးရ ဘဏ္ဍာတော်ကို အလွန်တိုးတက် စေသော အခွန်အတုတ်များ ဖြစ်ကြသည်။ အကြောင်းမှာ ထို သေရည်သေရက် ချက်လုပ် ရောင်းချခွင့် လိုင်စင်များကို လေလံ တင်၍ အများဆုံး ပေးနိုင် သူများကို ရောင်းချလေ့ ရှိသောကြောင့် ဖြစ်၏။

ထိုမှတစ်ပါး လောင်းကစားခြင်းများပေါ်တွင် ကောက်ခံသော လောင်းကစားခွန်နှင့် ကုန်စည် ကူးသန်း ရောင်းဝယ်ရေးနှင့် အလုပ်အကိုင်များပေါ်တွင် စည်းကြပ်သော အခွန်အတုတ်များ လည်း ရှိသေးသည်။ နိုင်ငံတွင်း၌ ပြုလုပ်သော ကုန်ပစ္စည်းများ အပေါ်တွင်လည်း နိုင်ငံဖြစ်ပစ္စည်းခွန် (ယစ်မျိုးခွန်) စည်းကြပ် လေသည်။


ထိုပြင် ကျန်အခွန်အတုတ်အချို့မှာ လူခွန်၊ မြေခွန်၊ သဿမေဓခွန်နှင့် လယ်မြေများပေါ်တွင် စည်းကြပ်သော လယ်ခွန်များ ဖြစ်ကြသည်။

အစိုးရသို့ ပေးဆောင်ရသော အခွန်အတုတ်များအပြင်၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များသို့ ပေးဆောင်ရသော အခွန် အတုတ်များလည်း ရှိပေသေးသည်။ ယင်းတို့မှာ မြေခွန်၊ အိမ်ခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက် သရိုက်ခွန်၊ မိလ္လာခွန် စသည်တို့ ဖြစ်ကြသည်။

များလှစွာသော လူတို့သည် အခွန်အတုတ်ကို ကြည်ဖြူစွာ မပေးဆောင်လိုကြချေ။ အခွန် ပေးဆောင်ရာတွင်လည်း အချိန်ဆွဲနိုင်သမျှ ဆွဲထားတတ်ကြ၏။ တစ်ချို့ကလည်း စာရင်းအင်း အမှန်ကို မပြပဲ အခွန် စည်းကြပ်ခြင်းမှ ကင်း လွတ်အောင်၊ သို့မဟုတ် အခွန်အပေးရ နည်းနိုင်သမျှ နည်း အောင် ဉာဏ်နီဉာဏ်နက် အမျိုးမျိုး ထုတ်ကြသည်။ သူတို့၏ စိတ်တွင် အစိုးရကလည်းကောင်း၊ သေန္တရ အုပ်ချုပ်ရေး အဖွဲ့ များက လည်းကောင်း၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များက လည်းကောင်း ထိုသို့ အခွန်စည်းကြပ်ခြင်းများမှာ မတရား ခေါင်းပုံဖြတ်ခြင်း ဖြစ်သည်ဟု ထင်နေတတ်ကြသည်။ စင်စစ် အားဖြင့်ကား ထိုသို့ မဟုတ်ချေ။ သို့ဖြစ်လေရကား နိုင်ငံကြီး သား ပီသ၍ ပြည်သူ့ဝတ်တရားကို သိသော နိုင်ငံသူနိုင်ငံသား တိုင်းသည် အစိုးရအား အခွန် အတုတ် ပေးဆောင်ရန် မနှောင့်နှေးသင့်ချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)