အခွင့်အရေး ဥပဒေကြမ်း

ဝီကီပီးဒီးယား မှ

အင်္ဂလန်ပြည် သမိုင်းတွင် ၁၆၈၈ ခုနှစ် သွေးမြေမကျ တော်လှန်မှုကြီးအားဖြင့် ဒုတိယဂျိမ်းဘုရင်၏ နေရာတွင် တတိယ ဝီလျံနှင့် မေရီတို့သည် ထီးနန်းဆက်ခံ ခဲ့လေသည်။ ဝီလျံနှင့်မေရီ မင်းနှစ်ပါးတို့ ထိုသို့ အင်္ဂလိပ်ထီးနန်းကို မဆက်ခံရသေးမီ အောက်လွှတ်တော်သည် အခွင့်အရေးကျေညာ စာတမ်းတစ်ရပ်ကို ရေးဆွဲအတည်ပြုကာ ထီးနန်းဆက်ခံမည့် နန်းလျာများထံ တင်ပြ၍ သဘောတူစေခဲ့၏။ ထိုအခွင့်အရေး ကျေညာစာတမ်းတစ်ရပ် ရေးဆွဲအတည်ပြုကာထီးနန်းဆက်ခံမည့် နန်းလျာများထံ တင်ပြ၍ သဘောတူစေ၏။ ထိုအခွင့်အရေး ကျေညာစာတမ်းကိုပင် ၁၆၈၉ ခုနှစ်တွင်ဥပဒေကြမ်းအဖြစ် ရေးဆွဲကာ ပါလီမန် လွှတ်တော်တွင် တင်ပြအတည်ပြုခဲ့လေသည်။

ထိုဥပဒေကြမ်းတွင် နန်းကျဘုရင် ဒုတိယဂျိမ်း၏ ဥပဒေ လက်လွှတ် ပြုမူပုံများနှင့် ဤသို့ ပြုမူသဖြင့် လူထု မကျေနပ် သောကြောင့် ထီးနန်းစွန့်ရပုံများကို ဖော်ပြ၍ လူတို့၏ လွတ်လပ်ခွင့်ကို ကာကွယ်ထားသည့် အပိုဒ်များကို ထည့်သွင်း ထားလေသည်။ ပါလီမန်၏ သဘောတူညီချက်မရပဲ ဘုရင့် အမိန့်ဖြင့် တရားဥပဒေများ အကျိုးသက်ရောက်ခွင့်ကို ရပ်ဆိုင်း ထားခြင်း၊ တရားဥပဒေများ အသုံးပြုရန် ဖြစ်ပါလျက် မသုံးပဲ နေနိုင်ခွင့်အာဏာ (တရားလက်လွတ် ပြုမူခြင်း)၊ အထူး တရား ရုံးတော်များ ဖွင့်လှစ်ခြင်း၊ ပါလီမန်၏ သဘောတူညီချက် မရပဲ ဘုရင့် အထူးအခွင့်အရေးအရ အခွန်ကောက်ခံခြင်း၊ နိုင်ငံ ငြိမ်းချမ်းနေသည့်အခါတွင် ပါလီမန်၏ သဘောတူညီချက်မရပဲ နိုင်ငံတွင်း စစ်တပ် ဖွဲ့စည်း တည်ထောင်ခြင်း စသည်တို့မှာ တရားဥပဒေအရ မဟုတ်ဟု ဖော်ပြထား၏။ ထို့ပြင် ဘုရင် ထံသို့ အလွှာတင်သွင်းခွင့်၊ လွတ်လပ်စွာ ပါလီမန် ရွေးကောက် ပွဲများ ကျင်းပနိုင်ခွင့်၊ ပါလီမန်အတွင်း လွတ်လပ်စွာ အချေ အတင် စကားပြောဆိုခွင့်၊ ပါလီမန်ကို မကြာခဏ ဆင့်ခေါ်နိုင် ခွင့် စသည်တို့ကိုလည်း ဤအခွင့်အရေး ဥပဒေကြမ်းတွင် အတိအလင်း ဖော်ပြ ထည့်သွင်းလေသည်။ အင်္ဂလန်ပြည်သမိုင်းတွင် မဂ္ဂနာကာတာ စာချုပ်ကြီး ပြီးခဲ့သည့်နောက် အင်္ဂလိပ် လွတ်လပ်ရေး၏ အကွယ်အကာကြီး တစ်ခုပင် ဖြစ်ပေသည်။


ဤမျှလူ့အခွင့်အရေးကို တရားမျှတစွာ ကာကွယ်ခဲ့သဖြင့် အမေရိကန် ပြည်ထောင်စု နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အဆမတန် အာမခံ တောင်းမှုနှင့် ဆိုင်ရာ ပြင်ဆင်ချက်များ အပါအဝင် ပထမ ပြင်ဆင်ချက် ၁ဝ ခုမှာ ထအင်္ဂလိပ် အခွင့် အရေး ဥပဒေကြမ်းကို မှီးခဲ့ရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)