ဝီလျံဘုရင်များ(အင်္ဂလိပ်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဝီလျံဘုရင်များ(အင်္ဂလိပ်)[ပြင်ဆင်ရန်]

အင်္ဂလန်နိုင်ငံကို ဝီလျံဘွဲ့ခံ ဘုရင်လေး ပါး အုပ်စိုးခဲ့ကြဖူးသည်။ ၁ဝ၆၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံကို သိမ်းပိုက် အုပ်စိုးသော နော်မန်ဘုရင်ဝီလျံ - သ - ကွန်ကာရာသည် ပထမဦးဆုံး ဝီလျံဘုရင်ဖြစ်သည်။

ပထမဝီလျံဘုရင်(ခရစ် ၁ဝ၂၇ - ၁ဝ၈၇)[ပြင်ဆင်ရန်]

ဝီလျံ - သ - ကွန်ကာရာဟု အမည်တွင်သော ပထမဝီလျံ ဘုရင်သည်အင်္ဂလန်နိုင်ငံကို အုပ်စိုးသည့် ပထမဆုံးနော်မန်ဘုရင်ဖြစ်သည်။ နော်မန်ဒီနယ်စား ရောဗတ် ၏ သားတော်ဖြစ်၍ အသက်ရှစ်နှစ်အရွယ်တွင် နော်မန်ဒီနယ်စားအဖြစ် ဆက်ခံခဲ့ရသည်။ အင်္ဂလန်ဘုရင် အက်ဒွပ်-သ-ကွန်ဖက်ဆားနှင့်လည်း တူဝ ရီး တော်စပ်သည်။ အရွယ်ရောက်သော် မိမိနယ်တွင်းရှိ သူကောင်းမျိုးတို့၏ ထကြွပုန်ကန်မှုကို အပြီးအပိုင်နှိမ်နင်းနိုင်ခဲ့သဖြင့် ပြင်သစ်နိုင်ငံတွင် တန်ခိုး အာဏာကြီးသော နယ်စားကြီးအဖြစ် ထင်ရှားလေသည်။

၁ဝ၅၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ အလည်ရောက်ရှိခဲ့စဉ် ဦးရီး တော်က ဝီလျံအား ထီးနန်းဆက်ခံစေမည်ဟု ကတိပေးခဲ့ကြောင်းဆိုသည်။ အက်ဒွပ် ဘုရင်တွင် သားထောက်သမီးခံ ဟူ၍မရှိချေ။ အက်ဒွပ်ဘုရင်၏ ယောက်ဖတော် ဟဲရိုးကလည်း ဝီလျံ၏ကျေးဇူးခံဖြစ်ခဲ့ရ၍ အင်္ဂလိပ်ထီးနန်း ဆက်ခံရရှိရေး၌ ကူညီမည်ဟု ကတိပေးခဲ့ဘူးလေသည်။ သို့ရာတွင် ၁ဝ၆၆ ခုနှစ်၌ အက်ဒွပ်ဘုရင် ကွယ်လွန်သောအခါ ဟဲရိုးက ထီးနန်းကိုဆက်ခံ အုပ်စိုးလေသည်။ ထိုကြောင့် ၁ဝ၆၆ ခုနှစ် အောက်တိုဘာလတွင် ဝီလျံ သည် အင်္ဂလန်နိုင်ငံသို့ စစ်သည်အလုံးအရင်းဖြင့် ချီတက်ခဲ့လေသည်။ နော် မန်တို့သည် ဆပ်ဆက်ကမ်းခြေပေါ်သို့ တက်ရောက်၍တပ်စွဲကြသည်။ အင်္ဂလန်မြောက်ပိုင်းတွင် နော့သမန်းလူမျိုးတို့၏ရန်ကို နှိမ်နင်းလျက်ရှိသော ဟဲရိုးဘုရင်သည်လည်း တောင်ဘက်ကမ်းခြေသို့ လှည့်ဆင်းခဲ့ရသည်။ အောက်တိုဘာလ ၁၄ ရက်နေ့တွင် နော်မန်တပ်နှင့် အင်္ဂလိပ်တပ်တို့သည် ဟေးစတင်းအရပ်၌ တွေ့ဆုံတိုက်ခိုက်ကြရာ ဟဲရိုးဘုရင် ကျဆုံး၍ အင်္ဂလိပ် တို့အရေးနိမ့်လေသည်။ ( ဟဲရိုးဘုရင်။ ဟေးစတင်းတိုက်ပွဲ - ။)

ဝီလျံသည် ၁ဝ၆၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဝက်စမင်စတာအက်ဗေး၌ အင်္ဂလန်ပြည့်ရှင်အဖြစ် ဘိသိတ်ခံသည်။ သို့ရာ တွင် အညံ့မခံသောအင်္ဂလိပ်သူကောင်းမျိုးတို့ကို ငါးနှစ်ကြာမျှ တိုက်ခိုက်နှိမ် နင်းပြီးခါမှ တစ်နိုင်ငံလုံးကို အုပ်ထိန်းနိုင်လေသည်။ ဝီလျံဘုရင်သည် မိမိကိုခုခံသူမှန်သမျှကို ပြင်းထန်စွာနှိပ်ကွပ်သည့်အပြင် ယင်းတို့ပိုင် မြေယာ များကိုလည်း သိမ်းယူသည်။ မိမိအားသစ္စာခံသူတို့ကိုသာ ထိုမြေယာများကို ပြန်လည်ချပေးသည်။ မြေငှားလုပ်သူတို့ကလည်း ဘုရင်၏ သစ္စာတော်ကို သာခံယူရသည်။ ထိုသို့အားဖြင့် ဘုရင်၏အာဏာကို ခိုင်မြဲစေခဲ့သည်။ ဝီလျံဘုရင်သည် ရှိရင်းဖြစ်သော အင်္ဂလိုဆက္ကဆန်တရားဥပဒေနှင့် ထုံးတမ်းစဉ်လာတို့အနက် အချို့ကိုသာ ပြင်ဆင်ဖြည့်စွက်ခဲ့သောကြောင့် တိုင်းသူပြည်သားတို့၏ ကြည်ညိုလေးစားခြင်းကို ခံယူရရှိလေသည်။ ဘုရင် ကြီး၏ ထင်ရှားသော ဆောင်ရွက်ချက်တစ်ရပ်မှာ ဒွမ်းစဒေးစစ်တမ်းကို တီထွင်ခြင်းပင်ဖြစ်သည်။ ၁ဝ၈၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ တစ်လျှောက်၌ ဓနပစ္စည်းအင်အား အရပ်ရပ်တို့အတွက် စစ်တမ်းကောက်ယူစေခဲ့သည်။ ထိုကဲ့သို့ ကောက်ယူရရှိသောစာရင်းကို ဒွမ်းစဒေး စစ်တမ်းခေါ် စာအုပ်တွင် မှတ်တမ်းတင်ခဲ့သည်။


ဝီလျံဘုရင်သည် အင်္ဂလန်နိုင်ငံကို သက်ဦးဆံပိုင်စံနစ်ဖြင့် အုပ်ချုပ်ခဲ့သည်ဟုဆိုရသော်လည်း ငြိမ်ဝပ်ပိပြားရေးကို ထိရောက်စွာ ထိန်း သိမ်းနိုင်သော နိုင်ငံခေါင်းဆောင်ဖြစ်သည်သာမက စစ်ရေးစစ်ရာ၌လည်း ထူးချွန်သူဖြစ်ပေသည်။၁ဝ၈၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံ စစ်ဖြစ်ရသောအခါ ဝီလျံဘုရင်သည် ပြင်သစ်ပိုင် မန်တေမြို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ သို့ရာတွင်ဝီလျံဘုရင်သည် မြင်းပေါ်မှလိမ့်ကျသောကြောင့် ဒဏ်ရာရရှိခဲ့ရာ၊ ၁ဝ၈၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရူးအန်းမြို့၌ အနိစ္စရောက် လေသည်။သူ၏ရုပ်အလောင်းကို ကန်းမြို့တွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြသည်။

ဝီလျံဘုရင်သည် မကွယ်လွန်မီကတည်းက မိမိသားတို့အား အမွေ ခွဲဝေပေးခဲ့သည်။ သားအကြီးဆုံးရောဗတ်အား နော်မန်ဒီနယ်ကိုလည်း ကောင်း၊ ဒုတိယသားဝီလျံအား အင်္ဂလန်နိုင်ငံကိုလည်းကောင်း၊ အငယ်ဆုံး သားဟင်နရီအား ငွေသားပေါင်ချိန် ၅ဝဝဝ ကိုလည်းကောင်း ပေးခဲ့လေ သည်။


ဒုတိယဝီလျံဘုရင်(ခရစ် ၁ဝ၅၆ - ၁⁠၁ဝဝ)[ပြင်ဆင်ရန်]

ဒုတိယဝီလျံဘုရင်သည် ပထမဝီလျံဘုရင်၏ သားတော်ဖြစ်၍ အင်္ဂလန်နိုင်ငံကို ၁ဝ၈၇ ခုနှစ်မှ ၁⁠၁ဝဝ ပြည့်နှစ်အထိအုပ်စိုးခဲ့သည်။ ဝီလျံရူးဖပ် ဟူ၍လည်းအမည်တွင်သည်။ ခမည်းတော်၏ အရိုက်အရာကို ဆက်ခံအုပ်စိုးသောအခါ သားတော် အကြီးဖြစ်သူ နော်မန်ဒီနယ်စားရောဗတ်ကို အင်္ဂလန်ပြည့်ရှင်အဖြစ် နန်းတင် လိုသော နောမန်မှူးမတ်တို့က ထကြွပုန်ကန်ကြသည်။ သို့ရာတွင် ဝီလျံသည် အင်္ဂလိပ်တို့၏အကူအညီဖြင့် ထိုပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့သည်။ ဒုတိယဝီလျံဘုရင်သည် တိုင်းသူပြည်သားတို့အပေါ်တွင် ကတိမ တည်ချေ။ လောဘရမ္မက်လည်းကြီးသည်။ ရက်စက်ကြမ်းကြုတ်သည်။ ထို့ ကြောင့် ပြည်သူလူထုက မလိုမုန်းတီးကြသည်။ ခရစ်ယန် သံဃာတို့နှင့်ဆိုင် သော ရာထူးများ၌ ဝင်ရောက်စွက်ဖက်၍ ကိုယ်ကျိုးရှာသူ ဖြစ်သဖြင့် သံဃာ အဖွဲ့နှင့်လည်း မသင့်မြတ်ချေ။ ၁ဝ၈၉ ခုနှစ်တွင် ကန်တာဗာရီ ဂိုဏ်းချုပ်ကြီး ကွယ်လွန်သောအခါ ဂိုဏ်းချုပ်သစ်တစ်ဦးကို မခန့်ဘဲ ထိုရာထူးအတွက်ရရှိသော အခွန်ဘဏ္ဍာများကို သုံးစွဲသည်။ ၁ဝ၉၃ ခုနှစ် တွင် အသည်းအသန် ဖျားနာသဖြင့် သေရအံ့ဟုထင်လျက် နော်မန်ဒီက ဘုန်းတော်ကြီး အင်ဆမ်ကို ကန်တာဗာရီဂိုဏ်းချုပ်အဖြစ် ရွေးချယ်ခဲ့သည်။ သို့ရာတွင် ဝီလျံဘုရင်သည် ဂိုဏ်းချုပ်အဆောင်အယောင်ကို ပုပ်ရဟန်း မင်းက အပ်နှင်းရသည့် အစဉ်အလာကိုပယ်၍ မိမိကသာ အပ်နှင်းလိုသည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကြီးနှင့် ဘုရင်တို့ သဘောကွဲလွဲလာခဲ့ကြရာ နောက် ဆုံး၌ ဂိုဏ်းချုပ်ကြီး အင်ဆမ်သည် အင်္ဂလန်နိုင်ငံမှ ထွက်ခွာသွားလေသည်။ နော်မန်ဒီနယ်စားရောဗတ်သည် ပထမကရူးဆိတ်စစ်ပွဲ ဆင်နွှဲရန် အတွက် ဝီလျံဘုရင်ထံမှ ငွေအမြောက်အမြားချေးယူခဲ့ရသည်။ ထိုသို့အားဖြင့် နော်မန်ဒီနယ်သည် နောင်အခါတွင် ဝီလျံဘုရင်၏ အာဏာစက်အောက်သို့ ရောက်ရှိခဲ့ရလေသည်။ ဝီလျံဘုရင်သည် စကော့တလန်ပြည်၌လည်း သဇြာ လွှမ်းမိုးခဲ့သည်။ ဒုတိယ ဝီလျံဘုရင်သည် ၁⁠၁ဝဝ ပြည့်နှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် ဟမ္ပရှိုင်ယာခရိုင်၊ နယူးဖောက်ရက်၌ တောကစားထွက်နေခိုက် မြှားသင့်၍ ကွယ်လွန်လေသည်။ ထိုကဲ့သို့ မြှားသင့်ရခြင်းမှာ မတော်တဆ ပင်ဖြစ်သည်၊ သို့မဟုတ် တမင်သက်သက်လုပ်ကြံခြင်း ဖြစ်သည်ဟူ၍ကား အတိအကျ မသိနိုင်ချေ။ ဘုရင်နှင့်အတူ တောကစားလိုက်ပါခဲ့သော ဝေါ် လာတာ တိုင်ရယ်ဆိုသူ၏လက်ချက်ပင် ဖြစ်တန်ရာသည်ဟူ၍ ထင်ကြသည်။ ဝီလျံဘုရင်၏ ရုပ်အလောင်းကို ဝင်ချက်စတာမြို့၌ သင်္ဂြိုဟ်ခဲ့ကြသည်။ ညီတော်ဟင်နရီက အင်္ဂလိပ်ထီးနန်းကို ဆက်ခံအုပ်စိုးလေသည်။

တတိယ ဝီလျံဘုရင်(ခရစ် ၁၆၅ဝ - ၁၇ဝ၂)[ပြင်ဆင်ရန်]

တတိယဝီလျံဘုရင်သည် အောရိန်းမင်းသား ဒုတိယဝီလျံနှင့် အင်္ဂလန်ပြည့်ရှင် ပထမချားဘုရင်၏သမီးတော် မေရီတို့၏ သားတော်ဖြစ်၍ အင်္ဂလန်နိုင်ငံကို ၁၆၈၉ ခုနှစ်မှ ၁၇ဝ၂ ခုနှစ်အထိ အုပ်စိုးခဲ့သည်။ ၁၆၅ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နယ်သာလန်နိုင်ငံ ဟိတ်မြို့တော်၌ ဖွားမြင်သည်။ ၁၆၇၂ ခုနှစ်တွင် ပြင်သစ်ဘုရင် ၁၄ ဆက်မြောက် လူဝီသည် နယ်သာလန်ကို တိုက်ခိုက်သောအခါ ဒပ်ချ်တို့က ဝီလျံကို ခေါင်းဆောင် မြှောက်၍ ပြင်သစ်ရန်ကို ကာကွယ်ကြသည်။ သို့ရာတွင် ဒပ်ချ်တို့ဘက်က

အကြိမ်ကြိမ် အရေးနိမ့်ခဲ့သည်။ ဝီလျံသည် ဥရောပတိုက်ရှိ ဩစတြီးယား၊ စပိန် စသောနိုင်ငံတို့နှင့်ပူးပေါင်း၍ ပြင်သစ်တို့ကို ခုခံမြဲ ခုခံလျက်ရှိသည်။ ၁၆၇၇ ခုနှစ်တွင် နောင်အခါ၌ အင်္ဂလန်နိုင်ငံကို အုပ်စိုးရသော ဒုတိယ ဂျိမ်းဘုရင်၏ သမီးတော် မေရီနှင့် လက်ထပ်ခဲ့သည်။ ထိုသို့အားဖြင့် ဝီလျံ ဘက်တွင် မဟာမိတ်အင်အား တောင့်တင်းလာသောကြောင့် ၁၆၇၈ ခုနှစ်၌ ပြင်သစ်နိုင်ငံနှင့် စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုခဲ့သည်။ အင်္ဂလန်ပြည့်ရှင် ဒုတိယ ဂျိမ်းဘုရင်သည် သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်စိုးသည်သာမက ဗရင်ဂျီဂိုဏ်းဝင်လည်း ဖြစ်ခြင်းကြောင့် ပြည်တွင်း၌ ဆူပူထကြွမှုများ ဖြစ်ပေါ်လေသည်။ ဝီလျံသည် မင်းမျိုးမင်းနွယ်ဖြစ်၍ ပရိုတက်စတန့်ဂိုဏ်းဝင်လည်းဖြစ်သည်။ မေရီမင်းသမီးလည်း အင်္ဂလိပ်ထီး နန်းကို ဆက်ခံထိုက်သူဖြစ်သည်။ သို့ဖြစ်၍ အင်္ဂလိပ်မှူးမတ်တို့နှင့် သံဃာ အဖွဲ့ဝင်တို့က ဒုတိယဂျိမ်းဘုရင်၏ လက်အောက်မှ ကယ်တင်ရန် ဝီလျံကို ဖိတ်ခေါ်ခဲ့ကြသည်။ ၁၆၈၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဝီလျံသည် တပ်သား ၁၄ဝ⁠ဝဝ နှင့်အတူ ဒက်ဗန်ရှိုင်ယာခရိုင်၊ တော်ဗေးအရပ်သို့ ဆိုက်ရောက်လာ သည်။ ဂျိမ်းဘုရင်လည်း ပြင်သစ်နိုင်ငံကို ထွက်ပြေးလေသည်။ ထိုသို့ အားဖြင့် အင်္ဂလန်နိုင်ငံတွင် သွေးမြေမကျတော်လှန်ရေး ပြီးဆုံးခဲ့ပြီး နောက် ၁၆၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ဝီလျံနှင့် မေရီတို့အား ဘုရင်နှင့်မိဖုရားအရာသို့ တင်မြေ|ာက်ကြသည်။ နန်းကျဘုရင်ဂျိမ်းသည် ပြင်သစ်တို့၏အကူအညီဖြင့် အိုင်ယာလန်ပြည်ဘက်မှနေ၍ ထီးနန်းကို ပြန် လည်သိမ်းပိုက်ရန် ကြိုးစားသေးသည်။ သို့ရာတွင် ဝီလျံသည် ဂျိမ်း၏ တပ်များကို ဗွိုင်းတိုက်ပွဲ၌ အောင်မြင်စွာ နှိမ်နင်းခဲ့ရာ အိုင်ယာလန်ပြည် သည် ၁၆၉ဝ ပြည့်နှစ်တွင် အညံ့ခံခဲ့လေသည်။ တတိယဝီလျံဘုရင်သည် တိုင်းပြည်ကို အုပ်ချုပ်ထိန်းသိမ်းနိုင် သော ဘုရင်ဖြစ်၍ ထိုမင်း၏ လက်ထက်တွင် အင်္ဂလန်နိုင်ငံ၌ စည်းမျဉ်း သတ်အစိုးရအုပ်ချုပ်ရေး ထွန်းကားခဲ့သည်။ သို့ရာတွင် ပြည်သူလူထုက သူ့ကို မကြည်ညိုလှချေ။ သူသည် ဥရောပတိုက်တွင် ပြင်သစ်တို့၏ ဠသဇာ လွှမ်းမိုးမှုကို တွန်းလှန်ဖြိုဖျက်ရန် အမြဲကြံစည် အားထုတ်လျက်ရှိသည်။ ၁၇ဝ၁ ခုနှစ်တွင် ဝီလျံဘုရင်သည် ပြင်သစ်ရန်ကို ချိုးနှိမ်ရန်အတွက် ဥရောပတိုက်ရှိ နိုင်ငံများပါဝင်သော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် တတိယ ဝီလျံဘုရင်သည် မြင်းပေါ်က လိမ့်ကျသောဒဏ်ဖြင့် ၁၇ဝ၂ ခုနှစ်၊ မတ်လ ဂ ရက်နေ့တွင် ကွယ်လွန်လေသည်။ မိဖုရားမေရီသည် ၁၆၉၄ ခုနှစ်ကပင် ကွယ်လွန်ပြီးဖြစ်၍ ညီမတော် အန်းမင်းသမီးက အင်္ဂလိပ်ထီးနန်းကို ဆက်ခံသိမ်းပိုက်လေသည်။

စတုတ္ထ ဝီလျံဘုရင်(ခရစ် ၁၇၆၅ - ၁၈၃၇)[ပြင်ဆင်ရန်]

စတုတ္ထဝီလျံဘုရင် သည် တတိယ ဂျော့ဘုရင်၏ တတိယသားတော်ဖြစ်၍ ၁၇၆၅ ခုနှစ်၊ ဩဂုတ်လ ၂ဝ ရက်နေ့တွင် လန်ဒန်မြို့ ဗတ်ကင်ဟမ်နန်းတော်၌ ဖွားမြင် သည်။ အင်္ဂလန်နိုင်ငံကို ၁၈၃ဝ ပြည့်နှစ်မှ ၁၈၃၇ ခုနှစ်အထိ ခုနစ်နှစ် မျှသာ အုပ်စိုးခဲ့သည်။ ၁၇၇၉ ခုနှစ်တွင် ဘုရင့်ရေတပ်၌ ဝင်ရောက် အမှုထမ်းသည်။ ရေတပ်တွင် ၁၁ နှစ်မျှ အမှုထမ်းခဲ့ဖူးသောကြောင့် ဝီလျံဘုရင်ကို သင်္ဘောသားဘုရင် ဟူ၍ ခေါ်စမှတ်ပြုကြသည်။

၁၇၈၉ ခုနှစ်တွင် ကလဲရင့်မြို့စားဘွဲ့ကို ရရှိသည်။ ၁၇၉ဝ ပြည့်နှစ်မှ ၁၈၁ဝ ပြည့်နှစ်အထိ ကခြေသည်မ မစ္စစ်ဂျော်ဒန်ဆိုသူနှင့်အတူ ပေါင်းသင်းနေထိုင်ခဲ့သည်။ ၁၈၁၈ ခုနှစ်တွင် ဝီလျံသည် ဆက္ကဆ မိုင်းနင် ဂန်နယ်စား၏ သမီးအက်ဒီလိတ်နှင့် ထိမ်းမြားလက်ထပ်သည်။ ၁၈၂၇ ခုနှစ်တွင် ယော့မြို့စားမင်းသား ကွယ်လွန်သောအခါ အင်္ဂလန်ထီးနန်း အတွက် နန်းလျာဖြစ်လာသည်။ တစ်ဖန် ၁၈၃ဝ ပြည့်နှစ်တွင် နောင်တော် စတုတ္ထ ဂျော့ဘုရင်ကွယ်လွန်သော် ဝီလျံသည် အင်္ဂလိပ်ထီးနန်းကို ဆက်ခံ အုပ်စိုးရလေသည်။ ထိုအခါ ဝီလျံဘုရင်သည် အသက် ၆၅ နှစ်ရှိပြီဖြစ်၏။ စတုတ္ထ ဝီလျံ လက်ထက်တွင် ထင်ရှားသော ဆောင်ရွက်ချက်မှာ ၁၈၃၂ ခုနှစ် ပါလီမန်ပြုပြင်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခြင်းပင်ဖြစ်သည်။ ဝီလျံဘုရင်သည် ၁၈၃၇ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့တွင် ကွယ်လွန်၍ တူမတော် ဝိတိုရိယမင်းသမီးက ထီးနန်းကိုဆက်ခံခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)