အကြောင်းမသိ ကောင်း၏ဟု မဆိုသာ

ဝီကီပီးဒီးယား မှ

အကြောင်းမသိ ကောင်း၏ဟု မဆိုသာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဝင်ဘိုရွာစာရေးဆရာ ဆရာကျားအား ချီးကျူးကာ ရေးဖွဲ့ထားသည်။

အကြောင်းမသိ ကောင်း၏ဟု မဆိုသာ[ပြင်ဆင်ရန်]

ဘုရားအလျာ ငါးရာဇာတ်ကယ်က၊ သိကြားနတ်မတန်အပ်ကြံ၍လုပ်ခဲ့၊ သံကြုပ်အိမ်အလွှာလွှာနှင့်၊ ပန်းဘဲရွာတွင်လှဲ့ကာရောင်းတော့၊ အရာသကောင်းခံတိုက်သူကြီး၏၊ သမီးငယ်အရွယ်လှက၊ ဝယ်ကြပေါင်ငမောင်သွားလို့၊ တခြားနယ် တရပ်ကပြောင်းလေတော့၊ အပ်ရောင်းတဲ့ပျိုဘို့ရွာ။

တုမရှိပါဘု၊ သုစိအမည်ခေါ်တဲ့၊ ပြည်ပေါ်မှာအပ်တန်ခိုး၊ ပြတ်ဖိုးတန်ဉာဏ်ပန်းဘဲမှ၊ သံကဲစုံအကုန်သိလိမ့်၊ လုံမိလှယဉ်ကျေး၏၊ ဖခင်ကို ပြချင်သေးသော်ကြောင့်၊ အဝေးကိုကျုပ်မသွားသည်ဟု၊ နှုတ် ဖျား ချိုချိုနှင့်၊ ပြောလိုက်ယင်၊ ထိုးရောအခါအဖေကြည့်တော့၊ တပည့်တွေတရွာလုံးက၊ ဘာတုံးဆရာဘယ်အမှုတုံး၊ ရုံးစု၍သာ။

အထပ်တွေ အဖြာဖြာနှင့်၊ အပ်လွှာကိုလှပ်ခါရှုမိယင်၊ သာဓုပင်ခေါ်သူခေါ်လှပေါ့၊ အာနုဘော်မကုန်သေးပါဘု၊ ယုန်မွှေးငယ်အဖြူပင်ကဲ့သို့၊ လူမြင်အောင်တူတင်၍နှက်လိုက်တော့၊ သူပျက်ကြေမခွေအုံးပြီဟု၊ ခွက်သုံးဆယ်ပေကဖောက်လို့၊ ပေအောက်မှာ ကျောက်ဖျာဝယ်နားသော်ကြောင့်၊ ရွာသားတွေလူစုဝေးလို့၊ သမီးကညာကို သူကြီးဆရာကပေးပါသတဲ့၊ ရှေးဝတ္ထုပုံမှီရှာ၊ ရုဠီ သာဓကဥပမေး။

စံမတူမြန်ဇမ္ဗူကျော်သောကြောင့်၊ ဉာဏ်ပူဇော် ပဏာနှင့်၊ အရွာရွာကဗျာတောင်းလှာကြ၊ အကြောင်းကုန်မစုံစမ်းနိုင်က၊ ကောင်းမှန်းကိုတယ်မသိပေဘု၊ ကျောင်းကြီးတကာဆရာတို့ငဲ့၊ ရွာအစို့၊ ပိုင်ပညာရှိမို့၊ အဖိုးတန် ချိုးဉာဏ်သိပါလိမ့်၊ ပဏ္ဍိတာဆရာကြီးက၊ အနီးတွင်တူမနေရလို့၊ အငြီးပြေစာလွှာပါးလိုက်ပါငဲ့၊ ဆရာကျားပါ၊ နားနာကောင်းတန်ငဲ့၊ တံငါလောင်းလှေဆောင်းနွေကဆိုက်တော့၊ ငွေပိုက်ဆံဝယ်သူက၊ လွယ်တကူဘယ်သူမငြင်းပါဘု၊ ငကြင်းငတန်နှင့်၊ မောင်ငံပေါ်လုနီးချည်းပေါ့၊ ဆုကြီးပန်ဦးစံတိုးငဲ့၊ သံမျိုးစုံထွေထွေခွဲနိုင်တဲ့၊ ပန်းဘဲဆရာသို့၊ အကဲသာမတ်ရှစ်သောင်းပေမို့၊ အချော်အလှောင် မသရော်ကောင်းပေဘု၊ ငကြော်တကောင်၊ တော်အောင်ဖြင့်ရောင်းလိုက်ပ၊ ကျောင်းဆောက်သူဋ္ဌေး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ သုစိ = ဖြူစင်သည်။ တောက်ပသည်။

၂။ အာနုဘော် = တန်ခိုးသတ္တိ။

၃။ ရုဠီ = ဥပမာတင်စားခြင်း။

၄။ ဥပမေး = ဥပမေယျ၊ အနှိုင်းခံဝတ္ထု။

၅။ ပဏာ = ဦးခိုက်သည်။

၆။ ချိုးဉာဏ် = ကဗျာအချိုးကို ဆိုရသောဉာဏ်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။