အက်ဒ်ဝင် ဟားဘတ် လန်း

ဝီကီပီးဒီးယား မှ
အက်ဒ်ဝင် ဟားဘတ် လန်း
မွေးဖွား၇ မေ ၁၉၀၉
ဘရစ်ချ်ပို့တ်၊ကွန်နက်တီကတ်ပြည်နယ်
ကွယ်လွန်မတ် ၁၊ ၁၉၉၁(1991-03-01) (အသက် ၈၁)
ကင်းဘရစ်ချ်၊ မက်ဆာချူးဆက်ပြည်နယ်
နိုင်ငံလူမျိုး အမေရိကန်
ကျော်ကြားမှုအရင်းခံPolarizing film
Land instant camera
အိမ်ထောင်ဖက်(များ)Helen Terre Maislen (m. 1929; 2 children)

ဓာတ်ပုံလောကသည် နည်းပညာများတိုးတက်လာသည့်အလျောက် ခေတ်တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲလာသည်နှင့်အမျှ အသစ်အဆန်းများ ပေါ်ပေါက်လာခဲ့ရသည်။ ဓာတ်ပုံလောကတွင် နည်းပညာတိုးတက်မှုကို များစွာအထောက်အကူပြုခဲ့သူများ ထဲတွင် အက်ဒ်ဝင် ဟားဘတ် လန်းကိုလည်း မေ့ထား၍မဖြစ်ပေ။ ဓာတ်ပုံရိုက်ပြီးပြီးချင်း စက္ကန့်ပိုင်းအတွင်း ထွက်လာသည့် ပိုလာရွိုက်ကင်မရာကို သတိရလျှင် သူ့ကို ပထမဆုံး ကျေးဇူးတင်ရမည်သာဖြစ်သည်။

သူဘယ်သူလဲ[ပြင်ဆင်ရန်]

လန်းသည် အမေရိကန် သိပ္ပံပညာရှင်နှင့် တီထွင်သူတစ်ဦးဖြစ်သည်။ Polaroid Corporation ကို စတင်ထူထောင် သည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးလည်းဖြစ်သည်။ သူသည် ဓာတ်ပုံနှင့် ပတ်သက်သည့် တီထွင်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး ယင်း တို့အထဲတွင် ပိုလာရွိုက်အလင်းနှင့် တွဲဖက်သုံးနိုင်မည့် တန်ဖိုးနည်း filter များ၊ ဓာတ်ပုံအရောင်အတွက် retinex သဘောတရားများအပြင် ချက်ချင်းရိုက်၊ ပုံချက်ချင်းထွက်သည့် ကင်မရာများကိုပါ တီထွင်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ သူသည် ပိုလာရွိုက်ကင်မရာကို ၁၉၄၈ ခုနှစ်လောက်ကတည်းက ဈေးကွက်တင်ကာ ရောင်းချခဲ့ပြီး၊ ဓာတ်ပုံကို ရိုက်ပြီးသည်နှင့် စက္ကန့် ၆၀အတွင်း ပုံထွက်နိုင်အောင် တီထွင်နိုင်ခဲ့သောကြောင့် လူအများ စိတ်ဝင်စားခဲ့ကြရသည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

အက်ဒ်ဝင်ကို အမေရိကန်ပြည်ထောင်စုကွန်နက်တီကတ်ပြည်နယ်၊ ဘရစ်ပို့တွင် မာသာနှင့် ဟယ်ရီလန်းတို့က မွေးဖွားခဲ့သည်။ နော်ဝစ်ချ်အရပ်ရှိ Norwich Free Academy ကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ ထိုကျောင်းမှ ၁၉၂၇ ခုနှစ်တွင် အထက်တန်းအောင်မြင်ခဲ့သည်။

အထက်တန်းကျောင်းပြီးသည့်အခါတွင် ဟားဗတ် တက္ကသိုလ်သို့သွားပြီး ဆက်လက်ပညာသင်ကြားခဲ့သည်။ ဓာတုဗေဒဘာသာရပ်ကို သင်ကြားနေစဉ်မှာပင် ကျောင်းပြီးအောင် ဆက်မတက်တော့ဘဲ ပထမနှစ်နှင့် နယူးယော့ခ်မြို့တော်ကြီးကို ထွက်လာခဲ့ သည်။ သူ့စိတ်ထဲတွင် ပိုလာရွိုက်ကင်မရာအတွက် filter ကို တီထွင်ရန်သာ စိတ်ထဲရှိနေသော်လည်း ကျောင်းမပြီးသေးသည့် သူ့လို ချာတိတ်တစ်ယောက်ကို ပရောဂျက်အပ်မည့်သူမရှိ ဖြစ်ခဲ့ရသည်။

ကိုလမ်ဘီယာတက္ကသိုလ် ဓာတ်ခွဲခန်းကို ကျောင်းသားများပြန်သည့် အချိန်တွင် ခိုးကြောင်ခိုးဝှက်ဝင်ကာ ဓာတ်ခွဲခန်းသုံး ပစ္စည်းများဖြင့် သူတီထွင်ချင်သည့်အရာကို လေ့လာတီထွင်မှုများ ပြုလုပ်ခဲ့ရသည်။ ထို့ပြင် နယူးယော့ခ်စီးတီး ပြည်သူ့စာကြည့်တိုက်သို့ သွားပြီး ပိုလာရွိုက်သဘောတရားနှင့် ပတ်သက်သည့် ပညာရပ်များကို လေ့လာဆည်းပူးမှုများ ကိုယ်တိုင်ပြုလုပ်ခဲ့ရသည်။ သူ့ကြိုးပမ်းအားထုတ်ချက်ကြောင့်ပင် ဓာတ်ပုံဖလင်တွင် အလွန်သေးငယ်သည့် မိုက်ခရွန်အရွယ်အစား သလင်းကျောက်အမှုန်များကို ကပ်ပြီး ဓာတ်ပုံကို ချက်ချင်းထုတ်ယူနိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတော့သည်။ သူတီထွင်လိုက်သည့် ပိုလာရွိုက်ဖလင်ကြောင့် ဟားဗတ်တက္ကသိုလ်ကို ပြန်တက်နိုင်ခဲ့သော်လည်း သူသည် ဘွဲ့ရသည်အထိ ကျောင်းဆက်မတက်နိုင်ခဲ့ပေ။

သူ့အပေါင်းအဖော်များ[ပြင်ဆင်ရန်]

၁၉၃၂ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်မှ သူ၏ ရုပဗေဒဆရာထောက်ခံပေးမှုဖြင့် Land-Wheelwright ဓာတ်ခွဲခန်းကို အသုံးပြုလေ့လာခွင့်ရခဲ့သည်။ ထိုဓာတ်ခွဲခန်းပိုင်ရှင်မှာ ဂျော့ ဝှီးရိုက်ဖြစ်သည်။ ထိုဓာတ်ခွဲခန်းအတွင်း သူသည် စီးပွားရေး လုပ်ငန်းသုံး ပိုလာရွိုက်နည်းပညာကို တီထွင်နိုင်ခဲ့သည်။ ဝှီးရိုက်ကလည်း သူ့ကို တီထွင်မှုများ ဆက်လက်ပြုလုပ်နိုင်ရန် ငွေထုတ်ပေးမည်ဟု ကတိပြုခဲ့သည်။ ဖလင်ကို လှုပ်လိုက်သည်နှင့် ဓာတ်ပုံများထွက်ပေါ်လာစေရန် ပြုလုပ်ပြီးသည့်အခါ သူတို့ လုပ်ငန်းအပေါ် Wall Street မှ စီးပွားရေးသမားကြီးများက လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြသည်။

၁၉၃၇ ခုနှစ်တွင် ကမ္ဘာကျော်မည့် Polarroid Corporation ကြီးကို စတင်ထူထောင်နိုင်ခဲ့သည်။ Polaroid ကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်မှုများ ပြုလုပ်ပြီးနောက် လန်းသည် ပိုလာရွိုက်ဓာတ်ပုံစက္ကူများကို ဆက်လက်ထုတ်နိုင်ရန် ကြိုးစားခဲ့ သည်။ 3-D ရုပ်ရှင်များကို ကြည့်ရန်အတွက် မျက်မှန်များတွင်ထည့်သွင်းအသုံးပြုရသည့် အရောင်သဘောတရား၊ အလင်း အမှောင် အလိုအလျောက်ထိန်းချုပ်ပညာ၊ LCD မော်နီတာများတွင်ထည့်သွင်းတပ်ဆင်ရသည့် ပစ္စည်းအစိတ်အပိုင်းများစွာကို သူထပ်မံတီထွင်ခဲ့ပြန်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရေးဆိုင်ရာ ပစ္စည်းပေါင်းများစွာကိုလည်း တီထွင်ပေးခဲ့သည်။ အမှောင်ထဲတွင် ကြည့်မြင်နိုင် သည့် မျက်မှန်၊ စမတ်ဗုံးများကို ပစ်မှတ်လမ်းညွှန်ပေးနိုင်သည့်ကိရိယာတို့ကို တီထွင်ပေးခဲ့သည်။ ထို့ပြင် တိုက်ပွဲတွင် ကိုယ်ယောင်ဖျောက်ထားသည့် စစ်သားများကို မြင်စေနိုင်သည့် မှန်ပြောင်းကိုလည်း တီထွင်ခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ဖလင်ကိုထည့်ပြီး ချက်ချင်းပုံထွက်နိုင်သည့် ကင်မရာတစ်မျိုးကို တီထွင်ခဲ့ပြန်သည်။ ယင်းကင်မရာကို "Land Camera" ဟုသူကအမည်ပေးခဲ့သည်။ တီထွင်ပြီး ၂ နှစ်ကြာမှ ဈေးကွက်ကို ထုတ်ရောင်းနိုင်ခဲ့သည်။ ထုတ်သမျှကင်မရာများသည် ပထမဆုံးနေ့မှာပင် ရောင်းကုန်သွားသည်အထိ အောင်မြင်မှုများရရှိခဲ့သည်။ သူ၏ Polaroid ကုမ္ပဏီသည် အောင်မြင်ခဲ့သည့်နည်းတူ သုတေသနလုပ်ငန်းများလည်း မပြတ်လုပ်ဆောင်ခဲ့သည်။ သူသည် တီထွင်နေရလျှင် ထမင်းမေ့ ဟင်းမေ့ လူစားမျိုးဖြစ်သဖြင့် တပည့်များက အစားအသောက်တို့ကို ရှေ့တွင်လာချပေးမှ ယူစားသည်အထိ အလုပ်ကို ကြိုးစားသူဖြစ်သည်။ သူ့ဘေးတွင် တီထွင်သည့် အဖွဲ့ပေါင်းများစွာကိုထားပြီး သူကိုယ်တိုင် ကြိုးပမ်းလုပ်ဆောင်သောကြောင့် စံပြုလောက်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦးဟုလည်း ဆိုရမည်ဖြစ်သည်။

နောက်ဆုံးအချိန်[ပြင်ဆင်ရန်]

လန်းသည် ၁၉၉၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် မနေမနား အလုပ်တွေ လုပ်ကိုင်ရင်း ကင်းဘရစ်ချ်တွင် ကွယ်လွန်သွားခဲ့သည်။ သူကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။ သူကွယ်လွန်ချိန်တွင် သူ့ဘေးနားတွင် လက်ထောက်အဖြစ် လုပ်ကိုင်နေကြသူများက သူတီထွင်ခဲ့သည့်မှတ်တမ်းများ အားလုံးကို ယူဆောင်သွားခဲ့ကြသည်။ သူ့ရုပ်အလောင်းကို ကင်းဘရစ်ချ်ရှိ Mount Auburn သင်္ချိုင်းတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။