အက်ဇ်တက်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၁၅၁၉ ခုနှစ်တွင် တွေ့ရသော အက်ဇ်တက် အင်ပါယာ မြေပုံ

အက်ဇ်တက် ယဉ်ကျေးမှု (အင်္ဂလိပ်: Aztecs) (အသံထွက် : အဲဇ်တက်ခ်စ် ) သည် ဂန္ထဝင်ခေတ်အလွန် ၁၃၀၀ ခုနှစ်မှ ၁၅၂၁ ခုနှစ်အတွင်း မက္ကစီကို အလယ်ပိုင်းတွင် ထွန်းကားခဲ့သော မီဆို အမေရိကန် ယဉ်ကျေးမှု ဖြစ်သည်။ အက်ဇ်တက် လူမျိုး များတွင် မက္ကဆီကို အလယ်ပိုင်းရှိ ကွဲပြားခြားနားသော လူမျိုးစုများ ပါဝင်သည်။ အထူးသဖြင့် နာဝါတယ် ဘာသာစကားကို အသုံးပြုကြသော အုပ်စုများနှင့် ၁၄ ရာစုမှ ၁၆ ရာစုအတွင်း မီဆိုအမေရိကား၏ အစိတ်အပိုင်း အတော်များများအား လွှမ်းမိုးထားသော အုပ်စုများ ပါဝင်သည်။ အက်ဇ်တက် ယဉ်ကျေးမှုများကို မြို့ပြနိုင်ငံများ (အယ်လ်ပတယ်) အဖြစ် စုစည်းခဲ့ကြပြီး အချို့မှာ စုပေါင်း၍ မဟာမိတ်များ၊ နိုင်ငံရေးဆိုင်ရာ ကွန်ဖယ်ဒရေးရှင်း နှင့် အင်ပါယာများ အဖြစ် တည်ထောင်ခဲ့ကြသည်။ အက်ဇ်တက် အင်ပါယာမှာ ၁၄၂၇ ခုနှစ်တွင် တည်ထောင်ခဲ့သောမြို့ပြနိုင်ငံ သုံးခုဖြစ်သည့် မက္ကဆီကာ သို့မဟုတ် တီနိုချစ်ကာ ၏ မြိုပြနိုင်ငံ ဖြစ်သော တီနိုချစ်တီလန်မြို့ပြနိုင်ငံ ၊ တက်စ်ကိုကိုမြို့ပြနိုင်ငံ နှင့် ယခင်က တီပန်နက် အင်ပိုင်ယာ၏ အစိတ်အပိုင်း ဖြစ်ပြီး အက်ဇ်ကာပိုဇာကိုမှ အုပ်စိုးခဲ့သည့် တလာကိုပန် မြို့ပြနိုင်ငံ တို့၏ အစုအဖွဲ့ ဖြစ်သည်။ အက်ဇ်တက် ဆိုသော ဝေါဟာရကို တီနိုချစ်တီလန်ရှိ မက္ကဆီကာ တို့ အတွက် ကန့်သတ်ထားသော်လည်း စပိန်ခေတ်မတိုင်မီ နှင့် စပိန်ကိုလိုနီခေတ် (၁၅၂၁ မှ ၁၈၂၁) [၁] က မက္ကဆီကို အလယ်ပိုင်းရှိ နာဟွာ နိုင်ငံနှင့် လူမျိုးများကိုလည်း ရည်ညွှန်းသုံးစွဲလေ့ ရှိသည်။ [၂] ဂျာမန်သိပ္ပံပညာရှင် အလက်ဇန်းဒါး ဗွန်ဟမ်ဘိုလ်တ် သည် ၁၉ ရာစု အစောပိုင်းက ထိုအသုံးအနှုန်းကို ဘုံအသုံးပြုမှုအဖြစ် စတင် အသုံးပြုစဉ် ကတည်းက အက်ဇ်တက်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များသည် ပညာရှင်များ ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။ [၃]

မက္ကဆီကို အလယ်ပိုင်းရှိ ဂန္ထဝင်ခေတ်အလွန် လူမျိုးစု အများစုသည် မီဆိုအမေရိကား၏ အခြေခံ ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဝေမျှ သုံးစွဲခဲ့ကြသည်။ အက်ဇ်တက် ယဉ်ကျေးမှု၏ သွင်ပြင်လက္ခဏာ ဖြစ်သော စရိုက်လက္ခဏာ အများစုမှာ အက်ဇ်တက်များတွင် သီးသန့် ရှိသည် မဟုတ်ပေ။ ထိုအကြောင်းပြချက်ကြောင့် "အက်ဇ်တက် ယဉ်ကျေးမှုလောက" ဟူသော အယူအဆကို ယေဘုယျ မီဆိုအမေရိကန် ယဉ်ကျေးမှုလောက၏ သီးခြား အစိတ်အပိုင်းအဖြစ် အကောင်းဆုံး နားလည် သတ်မှတ်ကြသည်။ [၄] အလယ်ပိုင်းမက္ကဆီကို၏ ယဉ်ကျေးမှုများတွင် ပါဝင်သည်မှာ ပြောင်းဖူး စိုက်ပျိုးခြင်း၊ သူကောင်းမျိုး (ပစ်ပေးတင်) နှင့် သာမန်လူတန်းစား (မာစီဟွာတင်) အကြား လူမှုရေးအဆင့်အတန်း ခွဲခြားခြင်း ၊ တက်ဇ်ကာတလီပိုကာ၊ တလာလော့ နှင့် ကက်ဇာကွာတယ် အပါအဝင် ပန်သီယွန် နတ်ဘုရားများ၊ ဇူပိုဟွာလီ၏ ၃၆၅ ရက် ပြက္ခဒိန် အတွင်း ထည့်သွင်းထားသော တိုနာပိုဟွာလီတို့၏ ၂၆၀ ရက် ပြက္ခဒိန်တို့ ဖြစ်သည်။ တီနိုချစ်တီလန်ရှိ မက္ကဆီကာ တို့အတွက် သီးသန့်ဖြစ်သော အရာမှာ ဝေဇီလိုပိုချစ်တလီ နတ်ဘုရား၊ ပိရမစ်စုံတွဲ နှင့် အက်ဇ်တက် ၁ မှ ၄ ဟု သိကြသော ကြွေထည်များ ဖြစ်သည်။ [၅]

၁၃ ရာစုမှ စ၍ မက္ကဆီကို ချိုင့်ဝှမ်းသည် လူ ဦး ရေ ထူထပ်သောနေရာ၏ ဗဟို နှင့် နှင့် မြို့ပြနိုင်ငံများ ထွန်းကားရာ နေရာ ဖြစ်ခဲ့သည်။ မက္ကဆီကာ တို့သည် မက္ကဆီကိုချိုင့်ဝှမ်း သို့ နောက်ကျမှ ရောက်ရှိလာသူများ ဖြစ်ကြပြီး တက်စ်ကိုကိုရေကန်၏ အာမခံချက် မရှိသော ကျွန်းငယ်များပေါ်တွင် တီနိုချစ်တီလန် မြို့ပြနိုင်ငံကို တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် အက်ဇ်တက် မဟာမိတ် သုံးဖွဲ့ သို့မဟုတ် အက်ဇ်တက် အင်ပိုင်ယာ၏ အဓိက အင်အားကြီး နိုင်ငံ ဖြစ်လာခဲ့သည်။ ၎င်းသည် လက်အောက်ခံအင်ပိုင်ယာ တစ်ခု ဖြစ်သော်လည်း နိုင်ငံရေးအရ စိုးမိုးကွပ်ကဲမှုကို မက္ကစီကိုချိုင့်ဝှမ်းကို ကျော်လွန်၍ ချဲ့ထွင် နိုင်ခဲ့ပြီး ဂန္ထဝင်ခေတ် အလွန်တွင် မီဆိုအမေရိကား တဝှမ်းလုံးရှိ အခြားသော မြို့ပြနိုင်ငံများကို အောင်မြင်နိုင်ခဲ့သည်။ ၎င်းသည် ၁၄၂၇ ခုနှစ်တွင် တီနိုချစ်တလန်၊ တက်စ်ကိုကို နှင့် တီလာကိုပန် မြို့ပြနိုင်ငံတို့ အကြား မဟာမိတ်အဖြစ်စတင်ခဲ့ပြီး မက္ကဆီကို မြစ်ဝှမ်းဒေသတွင် ကြီးစိုးခဲ့သော အက်ဇ်ကာပိုဇာကို နိုင်ငံအား အောင်မြင်နိုင်ခဲ့သည်။ မကြာခင်တွင် တက်ဇ်ကိုကို နှင့် တီလာကိုပန်တို့အား မဟာမိတ်အဖွဲ့အတွင် အငယ်တန်း မဟာမိတ်အဖြစ် အဆင့်နှိမ့်ခဲ့ပြီး တီနိုချစ်တလန်မှ အရေးပါသော အာဏာကို ရယူခဲ့သည်။ အင်ပါယာသည် ကူးသန်းရောင်းဝယ်ရေးနှင့် စစ်တပ်သိမ်းပိုက်မှု ပေါင်းစပ်၍ ချဲ့ထွင်ခဲ့သည်။ ၎င်းသည် ဧရာမ စစ်တပ်ကြီးဖြင့် အောင်မြင်သိမ်းပိုက်ထားသည့် နယ်မြေများကို ထိန်းချုပ်ထားသောအင်ပိုင်ယာ မဟုတ်ဘဲ ၎င်းတို့၏ လက်အောက်ခံ မြို့ပြနိုင်ငံများတွင် ၎င်းတို့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် မင်းများကို တင်မြှောက်ခြင်း၊ အုပ်ချုပ်သည့် မင်းဆက် အချင်းချင်း အပြန်အလှန် လက်ထပ်ခြင်းဖြင့် မဟာမိတ်ပြုခြင်း နှင့် ၎င်းတို့၏ နန်းတွင်းရေးရာ အတွေးအခေါ်များကို လက်အောက်ခံနိုင်ငံများသို့ ဖြန့်ကျက်ခြင်းဖြင့် လက်အောက်ခံ မြို့ပြနိုင်ငံများကို စိုးမိုးခြင်း ဖြစ်သည်။[၆] လက်အောက်ခံ မြို့ပြနိုင်ငံများသည် ပြင်ပရှိ တိုင်းပြည်များနှင့် စီးပွားရေးနှင့် ဆက်သွယ်ရေးအရ ကန့်သတ်ခြင်း၊ ဇိမ်ခံပစ္စည်းများကို ရယူရာတွင် ဗဟိုနန်းတော်မှသာ ရယူခြင်း စသည်တို့ဖြင့် ဧကရာဇ် ဟွေတလာတွာနီကို ဩဇာခံကြသည်။ [၇] အင်ပါယာ၏ နိုင်ငံရေးဩဇာသည် တောင်ဘက်စွန်း မီဆို အမေရိကား အထိ ရောက်ရှိခဲ့ပြီး တောင်ပိုင်းဒေသများရှိ ချီယာပက်စ် နှင့် ဂွါတီမာလာ ကဲ့သို့နယ်မြေများကို အနိုင်ယူပြီး မီဆိုအမေရိကား ကို ပစိဖိတ် မှ အတ္တလန္တိတ်သမုဒ္ဒရာများ အထိ ချဲ့ထွင်ခဲ့သည်။

အယ်နန် ကောတေ့စ် ဦး ဆောင်သော စပိန် စစ်သား အုပ်စုငယ် တစ်ခု ရောက်မလာမီ ၁၅၁၉ ခုနှစ်တွင် အင်ပါယာသည် အထွဋ်အထိပ် သို့ရောက်ရှိခဲ့သည်။ ကောတေ့စ် သည် မက္ကဆီကာတို့ကို ဆန့်ကျင်သောပြည်နယ်များ အထူးသဖြင့် နာဟွာတယ် စကားပြောသော တီလက်ကာလား နှင့် မက္ကဆီကို အလယ်ပိုင်းဒေသများတွင် ယခင်က မဟာမိတ် သုံးခုတွဲ တွင် အပါအဝင် ဖြစ်သည့် တက်စ်ကိုကို အပါအဝင် အခြား မက္ကဆီကို တိုင်းပြည်များ နှင့် မဟာမိတ် ဖွဲ့ခဲ့သည်။ ၁၅၂၁ ခုနှစ်ဩဂုတ်လ ၁၃ ရက်နေ့တွင် တီနိုချစ်တီလန် ပြိုလဲပြီး ခါတဲမို့ ဧကရာဇ်ကို ဖမ်းဆီးပြီးနောက် စပိန်တို့သည် တီနိုချစ်တီလန် ၏ အပျက်အစီးများပေါ်တွင် မက္ကဆီကိုစီးတီး ကိုတည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ သူတို့သည် စပိန်အင်ပါယာ အတွင်းသို့ မီဆိုအမေရိကန် လူမျိုးများအား သိမ်းပိုက်ခြင်းနှင့်ပေါင်းစည်း ခြင်း လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ၁၅၂၁ ခုနှစ်တွင် အက်ဇ်တက် အင်ပါယာ၏ တည်ဆောက်ပုံကို ဖျက်သိမ်းလိုက်ပြီးနောက် စပိန်တို့သည် အက်ဇ်တက် အင်ပါယာ တည်ဆောက်ခဲ့သော မြို့ပြနိုင်ငံများကို အသုံးပြု၍ ဒေသခံ သူကောင်းမျိုးများမှတစ်ဆင့် ဒေသခံတို့ကို အုပ်ချုပ်ခဲ့သည်။ ထိုသူကောင်းမျိုးများသည် စပိန်ဘုရင် အပေါ်သစ္စာရှိမည်ဟု ကတိကဝတ်ပြုကြပြီး အနည်းဆုံးအမည်ခံ အနေနှင့် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကြသည်။ စပိန်ကိုလိုနီ အုပ်ချုပ်မှုကို ထူထောင်ရာတွင် သူကောင်းမျိုးများသည် ကြားခံအဖြစ်ဆောင်ရွက်ခဲ့ပြီး သူတို့၏ အုပ်စိုးသူ အသစ် အတွက် လက်ဆောင်ပဏ္ဏာ ဆက်သ၍ လိုအပ်သော လုပ်သားအင်အားကို ရှာဖွေ ပေးခဲ့ကြသည်။ [၈]

အက်ဇ်တက် ယဉ်ကျေးမှုနှင့် သမိုင်းကို အဓိကအားဖြင့်မ က္ကဆီကိုစီးတီးရှိ ကျော်ကြားသော တမ်ပလို မေယာ ဘုရားကျောင်း တူးဖော်ရာတွင် တွေ့ရှိခဲ့သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများ၊ ဌာနေတို့ ရေးသားထားသောစာများ နှင့် ကောတေ့စ် နှင့် ဘာနယ် ဒီးယပ်ဇ် ဒယ် ကက်စတီလို အစရှိသော စစ်သားများ၏ မျက်မြင်သက်သေ မှတ်တမ်းများမှ လည်းကောင်း၊ အထူးသဖြင့် ၁၆ရာစု အတွင်း စပိန်ခရစ်ယာန် ဓမ္မဆရာ နှင့် အက်ဇ်တက် စာတတ်ပေတတ်များမှ စပိန် နှင့် နာဟွာတယ် ဘာသာစကားဖြင့် ရေးသားဖော်ပြထားသော ယဉ်ကျေးမှု နှင့် သမိုင်းကြောင်းများမှ တဆင့် သိခဲ့ရသည်။ ထင်ရှားသည်မှာ ၁၂တွဲမျှ ရှိပြီး ရုပ်ပြပါဝင်ကာ စပိန် နာဟွာတယ် နှစ်ဘာသာဖြင့် ရေးသားထားသည့် ဖရန်စစ်စကန် ဖရေယာ ဘာနာဒီနို ဒီ ဆာဟာဂန်း မှ ဒေသခံ အက်ဇ်တက် သတင်းအချက်အလက် ပံ့ပိုးသူများနှင့် အတူ ရေးသားထားသည့် ဖလော်ရန်တိုင်း ကုတ်ဒက်စ် အမည်ရသော စာအုပ် ဖြစ်သည်။ စပိန်တို့ နာဟွာတို့အား သိမ်းပိုက်ပြီးနောက် ဒေသခံ စာအရေးအသားများကို နာဟွာတယ် ဘာသာတွင် အက္ခရာဖြင့် ရေးသားနိုင်ရန် လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ပြီး အဓိကအားဖြင့် စပိန်တို့၏ ကိုလိုနီအုပ်ချုပ်ရေးတွင် ဒေသတွင်း အသုံးချရန် ဖြစ်သည်။ အက်ဇ်တက် ယဉ်ကျေးမှုသည် အထွဋ်အထိပ်သို့ ရောက်ရှိချိန်တွင် များပြားပြီး ရှုပ်ထွေးသော ဒဏ္ဍာရီဆန်ဆန် ဘာသာရေး ထုံးတမ်းစဉ်လာများအပြင် သိသာထင်ရှားသော ဗိသုကာဆိုင်ရာ နှင့် အနုပညာဆိုင်ရာ အောင်မြင်မှုများ ရရှိခဲ့ခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]