အကုသလကမ္မပထတရား
အကုသလကမ္မပထတရား[၁] ဟူသည်မှာ သံသရာဝဋ်ဆင်းရဲကို ဖြစ်ပေါ်စေတတ်သည့် ဒုက္ခ၏အကြောင်းရင်းဖြစ်သော သမုဒယသစ္စာ နယ်ပယ်တွင် ပါဝင်သည့် ယုတ်မာသော အကျင့်တရားများ ဖြစ်သည်။ ဤတရားတို့သည် သတ္တဝါတို့အား အပါယ်လေးဘုံသို့ ရောက်စေနိုင်သည့် အစွမ်း (ဇနကသတ္တိ) ရှိသော အကုသိုလ်စေတနာများ ဖြစ်ကြသည်။[၂] [၃]
အကုသလကမ္မပထတရား အမျိုးအစားများ
[ပြင်ဆင်ရန်]အကုသလကမ္မပထတရား (၁၀) ပါးကို ဖြစ်ပေါ်ရာ ဒွါရ (တံခါး) အလိုက် အုပ်စု (၃) စု ခွဲခြားထားသည် -
၁။ ကာယကံ (ကိုယ်ဖြင့်ပြုသော အမှု) - ၃ ပါး
- ပါဏာတိပါတ - သူ့အသက်ကို သတ်ခြင်း။
- အဒိန္နာဒါန - သူ့ဥစ္စာကို ခိုးယူခြင်း။
- ကာမေသုမိစ္ဆာစာရ - ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း။
၂။ ဝစီကံ (နှုတ်ဖြင့်ပြုသော အမှု) - ၄ ပါး
- မုသာဝါဒ - လိမ်ညာပြောဆိုခြင်း။
- ပိသုဏဝါစာ - ကုန်းတိုက်စကား ပြောဆိုခြင်း။
- ဖရုသဝါစာ - ကြမ်းကြုတ်သောစကား ပြောဆိုခြင်း။
- သမ္ဖပ္ပလာပဝါစာ - အကျိုးမရှိသော ပြိန်ဖျင်းသောစကား ပြောဆိုခြင်း။
၃။ မနောကံ (စိတ်ဖြင့်ပြုသော အမှု) - ၃ ပါး
- အဘိဇ္ဈာ - သူတပါးစည်းစိမ်ကို မိမိဥစ္စာဖြစ်လိုခြင်း။
- ဗျာပါဒ - သူတပါး စီးပွားပျက်စီးကြောင်း ကြံစည်ခြင်း။
- မိစ္ဆာဒိဋ္ဌိ - ဖောက်ပြန်မှားယွင်းသော အယူရှိခြင်း။
အကုသိုလ်မူလတရားများနှင့် ဆက်စပ်မှု
[ပြင်ဆင်ရန်]အကုသလကမ္မပထတရားများသည် အောက်ပါ အကုသိုလ်မူလတရားများကြောင့် ဖြစ်ပေါ်ကြသည် -
- ဒေါသမူကြောင့်ဖြစ်သော တရားများ: ပါဏာတိပါတ၊ ဖရုသဝါစာ၊ ဗျာပါဒ။
- လောဘမူကြောင့်ဖြစ်သော တရားများ: ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိ။
- လောဘမူနှင့် ဒေါသမူ နှစ်မျိုးလုံးကြောင့်ဖြစ်သော တရားများ: အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ သမ္ဖပ္ပလာပဝါစာ။
- မှတ်ချက် - အဆိုပါတရားများ ဖြစ်ပေါ်ရာတွင် မောဟမူလသည်လည်း အခြေခံအဖြစ် ပါဝင်သည်။
ဒုစရိုက်နှင့် ကမ္မပထ ကွဲပြားချက်
[ပြင်ဆင်ရန်]ဤ (၁၀) ပါးကို ဒုစရိုက် (၁၀) ပါး ဟုလည်း ခေါ်ဝေါ်သည်။ သို့သော် အင်္ဂါပြည့်စုံမှသာ "ကမ္မပထ" ဟု ခေါ်ဆိုနိုင်ပြီး၊ အင်္ဂါမပြည့်စုံပါက "ဒုစရိုက်" မျှသာ ဖြစ်သည်။ ကမ္မပထမြောက်သော အကုသိုလ်သည်သာ သတ္တဝါတို့အား အပါယ်သို့ ပို့ဆောင်နိုင်သော အစွမ်းရှိသည်။
အကုသလကမ္မပထ တစ်ပါးချင်းစီ၏ အင်္ဂါများ
[ပြင်ဆင်ရန်]အကုသိုလ်တစ်ခုခုကို ပြုလုပ်ရာတွင် အောက်ပါအင်္ဂါရပ်များ ပြည့်စုံမှသာ ကမ္မပထမြောက်သည် -
- ပါဏာတိပါတ (၅ ပါး): သတ္တဝါဖြစ်ခြင်း၊ သတ္တဝါဟုသိခြင်း၊ သေစေလိုသောစိတ်ရှိခြင်း၊ လုံ့လပြုခြင်း၊ ထိုလုံ့လကြောင့် သေခြင်း။
- အဒိန္နာဒါန (၅ ပါး): သူတပါးပိုင်ဖြစ်ခြင်း၊ သူတပါးပိုင်ဟုသိခြင်း၊ ခိုးလိုသောစိတ်ရှိခြင်း၊ လုံ့လပြုခြင်း၊ ထိုလုံ့လကြောင့် ဥစ္စာကို ရွှေ့ပြောင်းယူခြင်း။
- ကာမေသုမိစ္ဆာစာရ (၄ ပါး): မသွားလာအပ်သော ဝတ္ထုဖြစ်ခြင်း၊ မှီဝဲလိုသောစိတ်ရှိခြင်း၊ မှီဝဲရန် လုံ့လပြုခြင်း၊ သာယာခြင်း။ (မှတ်ချက် - ယောက်ျားတို့အတွက် မသွားလာအပ်သော မိန်းမ ၂၀ ရှိသည်)။
- မုသာဝါဒ (၄ ပါး): မဟုတ်မမှန်သော ဝတ္ထုဖြစ်ခြင်း၊ လိမ်လိုသောစိတ်ရှိခြင်း၊ လုံ့လပြုခြင်း၊ သူတပါးက ထိုစကားကို နားလည်ခြင်း။
- ပိသုဏဝါစာ (၄ ပါး): ကွဲပြားစေအပ်သောသူရှိခြင်း၊ ကွဲပြားစေလိုသောစိတ် သို့မဟုတ် မိမိကိုချစ်စေလိုသောစိတ်ရှိခြင်း၊ လုံ့လပြုခြင်း၊ သူတပါးက ထိုစကားကို နားလည်ခြင်း (သူတပါး ကွဲပြားမှသာ ကမ္မပထမြောက်သည်)။
- ဖရုသဝါစာ (၃ ပါး): ဆဲရေးအပ်သောသူရှိခြင်း၊ စိတ်ဆိုးခြင်း၊ ဆဲရေးခြင်း။
- သမ္ဖပ္ပလာပ (၂ ပါး): အကျိုးမရှိသော စကားကို ရှေ့ရှုခြင်း၊ ထိုသို့ပြောဆိုခြင်း (သူတပါးက ထိုစကားကို ဟုတ်မှန်သည်ဟု လက်ခံမှသာ ကမ္မပထမြောက်သည်)။
- အဘိဇ္ဈာ (၂ ပါး): သူတပါးဥစ္စာဖြစ်ခြင်း၊ ထိုဥစ္စာကို မိမိဥစ္စာဖြစ်အောင် စိတ်ညွတ်ခြင်း။
- ဗျာပါဒ (၂ ပါး): သူတပါးသတ္တဝါဖြစ်ခြင်း၊ ထိုသတ္တဝါ ပျက်စီးအောင် ကြံစည်ခြင်း။
- မိစ္ဆာဒိဋ္ဌိ (၂ ပါး): ဝတ္ထု၏ ဖောက်ပြန်သော အခြင်းအရာရှိခြင်း၊ ထိုဖောက်ပြန်သည့်အတိုင်း ယူခြင်း (နတ္ထိက၊ အဟေတုက၊ အကိရိယ အယူများမှသာ ကမ္မပထမြောက်သည်)။
အကျိုးပေးနှင့် နိဂုံး
[ပြင်ဆင်ရန်]အကုသလကမ္မပထတရားတို့သည် သတ္တဝါတို့အား သေလွန်သည့်အခါ အပါယ်လေးဘုံသို့ ရောက်စေပြီး၊ လူ့ဘဝ သို့မဟုတ် နတ်ဘုံတွင် ပြန်လည်ဖြစ်တည်သည့်တိုင်အောင် ဆိုးကျိုး (ဝိပါက်) များကို ဆက်လက်ခံစားရစေသည်။ ဤတရားတို့သည် မဂ်ဖိုလ်နိဗ္ဗာန်ကို တားမြစ်တတ်သော "ပလိဗောဓ" သဘောရှိပြီး သံသရာဝဋ်အတွင်း၌သာ ယှဉ်စေတတ်သည်။ [၄]
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]
ဝီကီရင်းမြစ်ရှိ သစ္စပါရဂူကျမ်း နှင့်ပတ်သက်သမျှများ
ကိုးကား
[ပြင်ဆင်ရန်]- ↑ အကုသလကမ္မပထ (ပု) [အကုသလကမ္မ + ပထ။ အကုသလာနိ စ တာနိ ပထာ စ ဒုဂ္ဂတိယာတိ အကုသလကမ္မပထာ။ ပဋိသံ၊ဋ္ဌ၊၂၊၃၃။] အကုသိုလ်ကံတည်းဟူသော (ဒုဂ္ဂတိသို့) ရောက်ကြောင်းတရား၊ အကုသိုလ်ကံလည်းဖြစ်၊ ဒုဂ္ဂတိသို့ ရောက်ကြောင်းလည်း ဖြစ်သောတရား၊ ဒုဂ္ဂတိလမ်းကြောင်း ဖြစ်သော အကုသိုလ်ကံ။ ဒသ အကုသလကမ္မပထာ။ ဒီ၊၃၊၂၂၃။ ကမ္မာနေဝ သုဂတိဒုဂ္ဂတီနံ ပထဘူတတ္တာ ကမ္မပထာ နာမ။ ဒီ၊ဋ္ဌ၊၃၊၂၃၀။ အကုသလကမ္မပထာတိ အကုသလကမ္မဘာဝေန စေဝ ဒုဂ္ဂတီနဉ္စ ပထဘာဝေန။ ဝိသုဒ္ဓိ၊၂၊၃၂၅။
- ↑ (ဆင်ထဲဆရာတော်ကြီး။ ဆင်ထဲသင်္ဂြိုဟ်အကောက်နှင့် ကမ္မဘေဒဝိနိစ္ဆယကျမ်း၊ စာ ၁၉၁)
- ↑ မူလပဏ္ဏာသ။ ပါဠိ။ ၃၆၀။ အဋ္ဌကထာ။ ၂၃၄။ နိဒါနဝဂ္ဂသံယုတ်၊ ပါဠိ။ ၃၇၇။ အဋ္ဌကထာ။ ၁၃၃။
- ↑ သစ္စပါရဂူကျမ်း၊ ရွှေသိမ်တော်တောရဆရာတော်