အကီရာ ကူရိုဆာဝါ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အကီရာ ကူရိုဆာဝါ
Akirakurosawa-onthesetof7samurai-1953-page88.jpg
၁၉၅၃ခု "ဆာမူရိုင်း ခုနှစ်ယောက်"ရိုက်ကွင်းမှ အကီရာ ကူရိုဆာဝါ
မွေးဖွား (1910-03-23)မတ် ၂၃၊ ၁၉၁၀
ရှီနာဂါဝါ၊ တိုကျို၊ ဂျပန်
ကွယ်လွန် စက်တင်ဘာ ၆၊ ၁၉၉၈(1998-09-06) (အသက် ၈၈)
ဆေတာဂါယာ၊ တိုကျို၊ ဂျပန်
သေဆုံးရခြင်း အကြောင်းရင်း လေဖြတ်
အလုပ်အကိုင် ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ ထုတ်လုပ်သူ၊ တည်းဖြတ်သူ
တက်ကြွလှုပ်ရှားနှစ်များ ၁၉၃၆-၁၉၉၃
အိမ်ထောင်ဖက်(များ) ယိုကို ယာဂူချီ
သားသမီး ကာဇူကို ကူရိုဆာဝါ
ဟီဆာအို ကူရိုဆာဝါဝ
မိဘ(များ) အီဆာမူ ကူရိုဆာဝါ
ရှီမား ကူရိုဆာဝါ
ဆွေမျိုးသားချင်း ယု ကူရိုဆာဝါ (အဆိုတော်၊ မြေးမ)၊ တာကာယူကီ ကေတို (သရုပ်ဆောင်၊ မြေး)

အကီရာ ကူရိုဆာဝါ (黒澤 明[note ၁] ကူရိုဆာဝါ အကီရာ?, ၁၉၁၀၊ မတ် ၂၃ – ၁၉၉၈၊ စက်တင်ဘာ ၆) သည် ဂျပန်လူမျိုး ရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်သည်။ရုပ်ရှင်သမိုင်းတွင် အရေးပါ၍ လွှမ်းမိုးနိုင်သော ရုပ်ရှင်ဖန်တီးသူများအနက်မှ တစ်ဦးအဖြစ် သတ်မှတ်ကြသည်။ လုပ်သက် ၅၇နှစ်အတွင်း ရုပ်ရှင်ပေါင်း ၃၀ ဖန်တီးခဲ့သည်။[note ၂]

ကူရိုဆာဝါသည် ဂျပန်ရုပ်ရှင်လောကကို ၁၉၃၆ခုနှစ်တွင် ပန်းချီဆရာအဖြစ်ဖြင့် စတင်ဝင်ရောက်သည်။ ရုပ်ရှင်အတော်များများတွင် ဇာတ်ညွှန်းဆရာ၊ လက်ထောက် ဒါရိုက်တာအဖြစ်ပါဝင်ပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၃ ခုနှစ်တွင်မှ ပထမဆုံး ဒါရိုက်တာအဖြစ်ဖြင့် နာမည်ကျော် အက်ရှင်ကား "ဆန်ရှီရို ဆူဂါတာ" (ဝါ) ဂျူဒိုဆာဂါကို ရိုက်ကူးခွင့်ရခဲ့သည်။ စစ်အပြီးတွင် ဝေဖန်ရေးအရ အောင်မြင်သော "ငမူးတမန်တော်" (၁၉၄၈)ကိုရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားတွင် နာမည်မကြီးသေးသော သရုပ်ဆောင် "တိုရှီရို မီဖူနီ"နှင့် စတင်လက်တွဲခဲ့ပြီး ၎င်းနှင့်အတူ ရုပ်ရှင် ၁၅ကားခန့် လက်တွဲခဲ့လေသည်။ သူ့ဇနီး ယိုကို ယာဂူချီ သည်လည်း သူ့ရုပ်ရှင်များမှ တစ်ကားတွင် သရုပ်ဆောင်မင်းသမီးဖြစ်သည်။

၁၉၅၀ ဩဂုတ်လတွင် တိုကျို၌ပြသခဲ့သောရာရှိုမွန်" ဇာတ်ကားသည် ၁၉၅၁ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့တွင် ဗင်းနစ် ရုပ်ရှင်ပွဲတော်မှ ရွှေခြင်္သေ့ဆုကို အံ့အားသင့်ဖွယ် ဆွတ်ခူးခဲ့ပြီး ထိုဇာတ်ကားကို မြောက်အမေရိကနှင့် ဥရောပတို့တွင် တောက်လျှောက်ဖြန့်ချိခဲ့ရသည်။ ထိုဇာတ်ကား၏ ဝေဖန်ရေးအရအပြင် ငွေကြေးအရပါအောင်မြင်မှုသည် အနောက်တိုင်းမှ ရုပ်ရှင်ဈေးကွက်အား ဂျပန်ရုပ်ရှင်လောက၏ ထုတ်ကုန်များအပေါ် ပထမဆုံးအကြိမ်အဖြစ် စိတ်ဝင်စားလာစေသည့်အပြင် ဂျပန်ရုပ်ရှင်ထုတ်လုပ်သူများကို နိုင်ငံတကာမှ အသိအမှတ်ပြုမှုများ စတင်ရရှိလာစေသည်။ ၁၉၅၀မှ ၁၉၆၀နှစ်စအကြားတွင် ကူရိုဆာဝါသည် တစ်နှစ်လျင် ရုပ်ရှင်တစ်ကားသာ ရိုက်ကူးခဲ့သည်။ ၎င်းတို့မှ အထူးအသိအမှတ်ပြုခံရသောကားများမှာ "အီကီရူ" (၁၉၅၂)၊ "ဆာမူရိုင်း ခုနှစ်ယောက်" (၁၉၅၄)နှင့် "ယိုဂျင်ဘို" (၁၉၆၁)တို့ဖြစ်သည်။ ၁၉၆၀ နှစ်လည်မှစ၍ သူသည် ထုတ်လုပ်နှုန်းနှေးလာသော်လည်း နှောင်းပိုင်းလက်ရာများ (အထူးသဖြင့် သူ၏ နောက်ဆုံး အကောင်းဆုံးဖန်တီးမှုများဖြစ်သည့် "ကာဂီမူရှာ" (၁၉၈၀)နှင့် "ရန်" (၁၉၈၅))တို့သည် ဆုများဆွတ်ခူးခဲ့သေးသည်။

၁၉၉၀ တွင် သူသည် တစ်သက်တာအနုပညာရှင်ဆုအဖြစ် အကယ်ဒမီဆုကို လက်ခံရယူခဲ့သည်။[၂][၃] ကွယ်လွန်ပြီးနောက် သူ့အား "စီအမ်အမ်"နှင့် "အေးရှန်းဝိခ်"မဂ္ဂဇင်းမှ "အနုပညာ၊ စာပေနှင့် ယဉ်ကျေးမှု" အမျိုးအစားတွင် "ရာစုနှစ်၏ အာရှသား"အဖြစ် သတ်မှတ်ခဲ့ပြီး လွန်လေသောနှစ်တစ်ရာအတွင်းတွင် အာရှ၏ကောင်းခြင်းကို ဖြန့်ဖြူးခဲ့သော ပုဂ္ဂိုလ်ငါးဦးအနက်မှ တစ်ဦးအဖြစ် ထည့်သွင်းခဲ့ကြသည်။[၄]

အတ္ထုပ္ပတ္တိအကျဉ်း[ပြင်ဆင်ရန်]

ငယ်ဘဝ (၁၉၁၀–၃၅)[ပြင်ဆင်ရန်]

ကူရိုဆာဝါကို ၁၉၁၀ခုနှစ်၊ မတ်လ ၂၃ ရက်တွင် တိုကျို၊ အိုမိုရီခရိုင် အိုအိမာချီတွင် မွေးဖွားသည်။ သူ၏အဖေ အီဆာမူသည် အကီတာစီရင်စုရှိ ဆာမူရိုင်းမျိုးရိုးမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး တပ်မတော် ကာယပညာကောလိပ်၏ အလယ်တန်းပညာရေးကျောင်း ဒါရိုက်တာတစ်ဦးဖြစ်သည်။ သူ၏အမေရှီမာမှာ အိုဆာကာမှ ကုန်သည်မိသားစုမှဖြစ်သည်။ အတန်အသင့်ချမ်းသာသော ထိုမိသားစုတွင် အကီရာသည် အဌမမြောက်နှင့် အငယ်ဆုံးရင်သွေးဖြစ်သည်။ သူမွေးချိန်တွင် အရွယ်ရောက်ပြီး သားချင်းနှစ်ယောက်ရှိ၍ တစ်ယောက်မှာ ကွယ်လွန်ပြီးဖြစ်သည်။ ကူရိုဆာဝါမှာ အစ်မသုံးယောက်၊ အစ်ကိုတစ်ယောက်နှင့်အတူသာ ကလေးဘဝကို ဖြတ်သန်းရသည်။[၅][၆]

ကာယပညာကို မြင့်တင်သောအားဖြင့် အီဆာမူသည် အနောက်တိုင်း ထုံးစံများကို လက်သင့်ခံတတ်ပြီး ပြဇာတ်ရုပ်ရှင်တို့သည် ပညာရေးကိုတဖက်တလမ်းက အထောက်အကူပြုသည်ဟု အမြင်ရှိသူဖြစ်သည်။ သူ့ကလေးများကို ရုပ်ရှင်ကြည့်ရန် တိုက်တွန်းလေ့ရှိသည်။ အကီရာလေးသည် သူ့ဘဝ၏ ပထမဆုံးရုပ်ရှင်ကို အသက်ခြောက်နှစ်အရွယ်တွင် စကြည့်ဖူးသည်။[၇] အထူးအရေးပါသော မှတ်သားဖွယ်ရာ လွှမ်းမိုးမှုတစ်ခုမှာ သူ၏မူလတန်းဆရာ မစ္စတာ တာချီကာဝါဖြစ်သည်။ ထိုဆရာ၏ လမ်းဟောင်းမလိုက်၊ တိုးတက်တီထွင်သော သင်ကြားမှုများသည် သူ၏တပည့်များအား ပထမတွင် ပုံဆွဲခြင်းကို မြတ်နိုးစေ၍ နောင်တွင် ပညာရေးကို စိတ်ပါဝင်စားမှုရှိစေသည်။[၈] ထိုဆရာထံတွင် ကျောင်းသားများသည် လက်ရေးလှနှင့် ကန်ဒိုဓါးပညာကိုပါ သင်ယူကြရသည်။[၉]

အခြားကလေးဘဝ လွှမ်းမိုးမှုတစ်ခုမှာ အကီရာထက် လေးနှစ်ကြီးသော အစ်ကိုဖြစ်သူ ဟေဂို ကူရိုဆာဝါဖြစ်သည်။ ၁၉၂၃ ကန်တိုငလျင်ကြီးအပြီးတွင် တိုကျိုသည် အကြီးအကျယ်ပျက်စီးသွားရာ ထိုအပျက်အစီးပုံများကို ၁၃နှစ်အရွယ်ညီဖြစ်သူ အကီရာအားပြသရန် သူက တိုကျိုသို့ခေါ်သွားသည်။ ညီဖြစ်သူက လူသေကောင်အလောင်းများ၊ တိရစ္ဆာန် အသေကောင်များကို ကြည့်ရမှာကြောက်၍ ငြင်းဆန်သော် သူကတားမြစ်၍ အကြောက်တရားကိုရင်ဆိုင်ကာ ကြည့်ရှုရန် တိုက်တွန်းသည်။ ထိုဖြစ်ရပ်သည် နှောင်းပိုင်းကူရိုဆာဝါ၏ အနုပညာသည်ဘဝတွင် သက်ရောက်ခဲ့ပြီး ဒါရိုက်တာအနေဖြင့် အနိဌာရုံကိစ္စများကို ဖော်ပြတင်ဆက်ရန် အမြဲချီတုံချတုံ တုံဆိုင်းလေ့မရှိခြင်းဖြစ်စေသည်ဟု အချို့ကဆိုသည်။[၁၀][၁၁]

ဟေဂိုသည် ပညာရေးတွင် ထူးချွန်သော်လည်း တိုကျိုအထက်တန်းကျောင်းဝင်ခွင့် မရခဲ့ပေ။ ထို့နောက်တွင် သူသည် မိသားစုနှင့်ဖယ်ကျဉ်ကာ သူစိတ်ဝင်စားရာ နိုင်ငံရပ်ခြားစာပေများတွင်သာ စိတ်နှစ်ထားတော့သည်။[၆] ၁၉၂၀နှောင်းပိုင်းတွင် ဟေဂိုသည် တိုကျိုရှိ နိုင်ငံခြားကားပြသော ရုပ်ရှင်ရုံများ၌ အသံတိတ်ရုပ်ရှင်များတွင် နောက်ခံစကားပြောရသူ ဘန်ရှီတစ်ယောက်ဖြစ်လာပြီး အလျင်အမြန်နာမည်ရလာသည်။ ထိုအချိန်တွင် အကီရာမှာ ပန်းချီဆရာတစ်ယောက် ဖြစ်လာရန် အားထုတ်နေပြီး[၁၂] သူ့အစ်ကိုနှင့်အတူ နေထိုင်လျက်ရှိသည်။ ညီအစ်ကိုနှစ်ယောက် ခွဲမရတတွဲတွဲဖြစ်နေသည်။[၁၃] ဟေဂိုကြောင့် အကီရာသည် ရုပ်ရှင်များကိုသာမက၊ ပြဇာတ်များ၊ ဆပ်ကပ်များကိုပါ နှစ်ချိုက်လာသည်။[၁၄] ထိုကာလတွင် သူ့ပန်းချီကားများကို လက်ဝဲပစ္စည်းမဲ့အနုပညာရှင်များ အဖွဲ့ချုပ်တွင် ပြသနေပြီဖြစ်သည်။ သို့ရာတွင် ပန်းချီဖြင့် သက်မွေးရပ်တည်ရသည်မှာ ခက်ခဲလာပြီး ပစ္စည်းမဲ့လှုပ်ရှားမှုများကို "မပြည့်ဝနိုင်သော နိုင်ငံရေးစံများကို ကင်းဗတ်စပေါ်တိုက်ရိုက်တင်နေခြင်း" သာဖြစ်ကြောင်း သူလေ့လာမိခဲ့ရာမှ ပန်းချီဆွဲရန် စိတ်ထက်သန်မှု ပျောက်ဆုံးခဲ့သည်။[၁၅]

၁၉၃၀တွင် အသံထွက်ဆေးရောင်စုံရုပ်ရှင်များ ထုတ်လုပ်မှုတိုးတက်လာခြင်းနှင့်အတူ ဟေဂိုကဲ့သို့ အသံတိတ်ရုပ်ရှင်နောက်က စကားပြောသူများ အလုပ်ပြုတ်လာကြသည်။ အကီရာလည်း သူ့မိဘများနှင့်အတူ ပြန်နေရသည်။ ၁၉၃၃ ဂျူလိုင်တွင် ဟေဂိုသည် မိမိကိုယ်ကို အဆုံးစီရင်သွားသည်။[၁၆] လေးလသာခြားပြီး အကီရာ၏ အစ်ကိုအကြီးဆုံးသည်လည်း ဆုံးပါးပြန်ရာ အသက် ၂၃နှစ်အရွယ် အကီရာသည် တစ်ဦးတည်းအသက်ရှင်ကျန်သေးသော သားအဖြစ် အစ်မသုံးယောက်နှင့်အတူ ကျန်ရစ်သည်။[၁၃][၁၆]


အလုပ်သင် ဒါရိုက်တာဘဝ (၁၉၃၅–၄၁)[ပြင်ဆင်ရန်]

၁၉၃၅ တွင် ရုပ်ရှင်စတူဒီယိုအသစ်ဖြစ်သော Photo Chemical Laboratories (P.C.L ဟုလူသိများပြီး နောက်ပိုင်းတွင် တိုဟိုစတူဒီယိုဖြစ်သွား)သည် လက်ထောက်ဒါရိုက်တာရာထူးအတွက် ကြေငြာခဲ့သည်။ အစောပိုင်းတွင် ရုပ်ရှင်လောက၌ အသက်မွေးရန် အရိပ်အယောင်ပင်မပြခဲ့သော အကီရာသည် အလုပ်ဝင်လျောက်ခဲ့သည်။ အလုက်လျှောက်သူများကို ဂျပန်ရုပ်ရှင်များတွင် အခြေခံလိုအပ်ချက်များနှင့် ၎င်းတို့ကိုမည်သို့မည်ပုံ ကျော်ဖြတ်မည်ကို အက်ဆေးတစ်ပုဒ်ရေးခိုင်းရာ ကူရိုဆာဝါ၏ အတွန့်တက်ချက်တစ်ဝက်အမြင်ပါသော အက်ဆေးမှာ အကယ်၍ လိုအပ်ချက်များသည် အခြေခံဟုဆိုလျင် ၎င်းတို့ကို ပြင်ရန်မရှိပေဟူ၍ဖြစ်သည်။ ကူရိုဆာဝါ၏အက်ဆေးကြောင့် လူတွေ့စာမေးပွဲအခေါ်ခံရပြီး မေးသူများတွင် တစ်ဦးအပါဖြစ်သည့် ဒါရိုက်တာ ကာဂျီရို ယာမာမိုတိုက သဘောကျပြီး ကုမ္ပဏီအား ကူရိုဆာဝါကိုငှားရန် တိုက်တွန်းခဲ့သည်။ အသက် ၂၅နှစ်အရွယ် ကူရိုဆာဝါသည် P.C.L သို့ ၁၉၃၆ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အလုပ်ဝင်သည်။[၁၇][၁၈]

လက်ထောက်ဒါရိုက်တာအဖြစ် လုပ်သက်ငါးနှစ်အတွင်းတွင် ကူရိုဆာဝါသည် ဒါရိုက်တာအများအပြားနှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့ရသော်လည်း သူ၏တိုးတက်မှုအတွက် အဓိကအရေးပါသူမှာ ကာဂျီရို ယာမာမိုတိုဖြစ်သည်။ လက်ထောက်ဘဝရိုက်သမျှ ၂၄ကားတွင် ၁၇ကားမှာ ယာမာမိုတိုနှင့်ဖြစ်သည်။ အများစုမှာ ဟာသကားများဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင် ကီနီချီ အီနိုမိုတိုနှင့်ဖြစ်သည်။[၁၉] ယာမာမိုတိုသည် ကူရိုဆာဝါ၏ ပါရမီကို ပြုစုပျိုးထောင်၍ တစ်နှစ်အကြာတွင် တတိယလက်ထောက်ဘဝမှ အကြီးဆုံး လက်ထောက်အဖြစ်ရာထူးတိုးပေးခဲ့သည်။[၂၀] ကူရိုဆာဝါ၏ တာဝန်များမှာ စတိတ်စင်ဆောက်သည်မှ ရုပ်ရှင်ရိုက်ကွင်းရှာဖွေခြင်း၊ ဇာတ်ညွှန်းအချောပြန်ရေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အလင်းအမှောင်၊ အသံဖမ်း၊ တည်းဖြတ်အထိအပြင် ဒုတိယဒါရိုက်တာအနေဖြင့်ရိုက်ကူးရသည်ထိပါ များပြားလှသည်။[၂၁]

ကူရိုဆာဝါအား ယာမာမိုတိုမှ ပေးသော အကြံကောင်းတစ်ခုမှာ ဒါရိုက်တာကောင်းတစ်ယောက်ဟူသည် ဇာတ်ညွှန်းရေးကောင်းရမည်ဟူ၍ဖြစ်သည်။[၂၂] နောက်ပိုင်းတွင် ကူရိုဆာဝါသည် လက်ထောက်ဒါရိုက်တာလုပ်ခြင်းထက် ဇာတ်ညွှန်းရေးခြင်းမှရသည့် ဝင်ငွေကပိုများနေသည်ကို သိလာသည်။[၂၃] သူ၏ကိုယ်ပိုင် ရုပ်ရှင်များအားလုံးတွင် ကူရိုဆာဝါသည် ဇာတ်ညွှန်းတွဲဖက်ရေးသားခဲ့သည်။ ဆက်ဆူအို ယာမာမိုတိုကဲ့သို့ အခြား ဒါရိုက်တာများရိုက်ရန်အတွက်လည်း ဇာတ်ညွှန်းများရေးပေးလေ့ရှိသည်။[၂၄][၂၅]

စစ်အတွင်းရုပ်ရှင်များနှင့် အိမ်ထောင်သည်ဘဝ(၁၉၄၂–၄၄)[ပြင်ဆင်ရန်]

"မြင်း"ရုပ်ရှင်ကို ၁၉၄၁တွင် ထုတ်လုပ်ပြီး နှစ်နှစ်အတွင်းတွင် ကူရိုဆာဝါသည် သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးရန် ဇာတ်တစ်ပုဒ်ကိုရှာဖွေတော့သည်။ ဂျပန်တို့ ပုလဲဆိပ်ကမ်းကို ဝင်ရောက်တိုက်ခိုက်ပြီး တစ်နှစ်အကြာ ၁၉၄၂ခုနှစ်တွင် ဝတ္ထုရေးဆရာ ဆူနီယို တိုမိတာသည် သူ၏ ဂျူဒိုဝတ္ထု "ဆန်ရှီရို ဆူဂါတာ"ကို ထုတ်ဝေသည်။ ကူရိုဆာဝါသည် စာအုပ်ထုတ်ဝေသည့်နေ့မှာပင် တစ်အုပ်ဝယ်လာ၍ တစ်ထိုင်တည်းဖတ်ကာ ချက်ချင်းပင် တိုဟိုအားရုပ်ရှင်ရိုက်ရန် မူပိုင်ဝယ်ခိုင်းတော့သည်။ ကူရိုဆာဝါ၏ ချက်ချင်းလုပ်ဆောင်မှုသည် မှန်သွားသည်။ အဘယ်ကြောင့်ဆိုသော် နောက်သုံးရက်ခန့်အကြာတွင် အခြားဂျပန်ကုမ္ပဏီသုံးခုကလည်း လာရောက်ကမ်းလှန်းကြသောကြောင့်ဖြစ်သည်။ ကူရိုဆာဝါသည် ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးမည့် သူ၏ရုပ်ရှင်အတွက် ပြင်ဆင်ရတော့သည်။[၂၆][၂၇]

"ဆန်ရှီရို ဆူဂါတာ"ရိုက်ကူးခြင်းကို ၁၉၄၂ခု ဒီဇင်ဘာလတွင် ယိုကိုဟားမား၌ စတင်သည်။ ရိုက်ကူးစဉ် ချောမွေ့အစဉ်ပြေခဲ့သော်လည်း ရိုက်ကူးမှုအပြီး ရုပ်ရှင်တစ်ခုလုံးကို ဆင်ဆာတင်သောအခါ အခက်ကြုံရလေသည်။ ဆင်ဆာဌာနက ဤလက်ရာသည် အလွန် "ဗြိတိသျှ-အမေရိကန်" ဆန်လွန်းသည်ဟုဆိုရာ ဒါရိုက်တာ ယာဆူဂျီရို အိုဇုက ကြားဝင်ခဲ့ရပြီး လုံးဝရပ်တည်ကာကွယ်ပေးခဲ့သဖြင့် ၁၉၄၃ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရုပ်ရှင်ကို ဖြန့်ချိခွင့်ပြုသည်။ (ကူရိုဆာဝါ အသက် သုံးဆယ့်သုံးဝန်းကျင်တွင်ဖြစ်သည်။) ထိုရုပ်ရှင်သည် ဝေဖန်ရေးအရရော ဝင်ငွေအရပါ အောင်မြင်မှုရရှိခဲ့လေသည်။ သို့သော်လည်း ဆင်ဆာဌာနသည် နောက်ပိုင်းတွင် အချို့အခန်းများကို ပြန်လည် တည်းဖြတ်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၈မိနစ်စာအခန်းတစ်ချို့ကို ဖြတ်တောက်ခဲ့သည်။ ထိုဖြတ်ခဲ့သောအခန်းများမှာ ယခုအခါ ပျောက်ဆုံးသွားပြီဟု ယူဆကြသည်။ [၂၈][၂၉]

၁၉၄၄တွင် မှတ်တမ်းရုပ်ရှင်အပိုင်းပုံစံဖြင့် စစ်အတွင်း အမျိုးသမီး စက်ရုံလုပ်သားများအကြောင်း ဝါဒဖြန့်ရုပ်ရှင် "အလှဆုံး"ကို ရိုက်ကူးသည်။ သရုပ်ဆောင်မင်းသမီးများထံမှ သဘာဝကျသော သရုပ်ဆောင်မှုများရစေရန် ဒါရိုက်တာသည် ၎င်းတို့အား ရိုက်ကူးစဉ်အတွင်း စက်ရုံမှာပင်နေကာ၊ စက်ရုံကအစာကိုသာ စားစေသည်။ အချင်းချင်း ဇာတ်ကောင်အမည်များဖြင့်သာ ခေါ်ဝေါ်စေသည်။ နောက်ပိုင်းတွင်လည်း ထိုသို့မကြာခဏပြုလေ့ရှိသည်။[၃၀][၃၁]

ရိုက်ကူးနေစဉ်တွင် အလုပ်သမားခေါင်းဆောင်အဖြစ် သရုပ်ဆောင်သည့် မင်းသမီး ယိုကို ယာဂူချီကို လုပ်ဖော်ကိုင်ဖက်များက ခေါင်းဆောင်တင်၍ သူတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဒါရိုက်တာထံတင်ပြစေသည်။ သူမနှင့် ကူရိုဆာဝါမှာ ဓမ္မာသောက၊ ရှားစေးနှင့်မျက်စောင်းကဲ့သို့ ဖြစ်လာ၍ ဤသို့ မကြာခဏငြင်းခုံကြရာက ပိုမိုနီးစပ်လာသည်။ ၁၉၄၅ခု မေလ ၂၁ ရက် ယာဂူချီကိုယ်ဝန်နှစ်လရှိချိန်တွင် သူတို့နှစ်ဦးလက်ထပ်သည်။ သူမသည် မင်းသမီးအဖြစ်ဆက်လက်လုပ်ကိုင်ခဲ့သည်။ သူမကွယ်လွန်သည့် ၁၉၈၅ ခုထိ လင်မယားပျော်ရွှင်စွာ အတူနေထိုင်ကြသည်။[၃၂][၃၃] သားသမီးနှစ်ဦးထွန်းကားရာ ၁၉၄၅ ဒီဇင်ဘာ ၂၀တွင် သား ဟီဆာအိုကိုဖွားမြင်သည်။ သူသည် သူ့အဖေ၏နောက်ပိုင်းအလုပ်များတွင် ထုတ်လုပ်သူလုပ်ခဲ့သည်။ ၁၉၅၄ ဧပြီ ၂၉တွင် သမီး ကာဇူကို ကိုဖွားမြင်သည်။ သူမမှာ အဝတ်အစား ဒီဇိုင်နာဖြစ်လာသည်။[၃၄]

လက်ထက်ပြီးများမကြာမှီ ကူရိုဆာဝါအား စတူဒီယိုမှ သူ၏ဆန္ဒနှင့် ဆန့်ကျင့်၍ အောင်မြင်ခဲ့သောရုပ်ရှင်၏ အဆက်ကို အတင်းအကျပ်ရိုက်ကူးရန် ဖိအားပေးခဲ့ရာ ၁၉၄၅ ခုတွင် "ဆန်ရှီရို ဆူဂါတာ အပိုင်းသုံး" ထွက်လာသည်။ ဤရုပ်ရှင်ကို သူ၏အညံ့ဆုံးလက်ရာ အဖြစ်မှတ်ယူကြသည်။[၃၅][၃၆][၃၇][၃၈][၃၉]

ကူရိုဆာဝါသည် ဆင်ဆာ အလွယ်တကူ ကင်းလွတ်နိုင်သည့်အပြင် ရိုက်ကူးထုတ်လုပ်ရာတွင် ကုန်ကျစရိတ်နည်းစေမည့် ဇာတ်ညွှန်းမျိုးရေးရန် ဆုံးဖြတ်ခဲ့သည်။ လက်ထောက်ဘဝကပင် လက်တွဲဖူးသော ဟာသသရုပ်ဆောင် အီနိုကင်နှင့် ကာဘူကီပြဇာတ် "ကန်ဂျင်ချို"ကို အခြေခံ၍ "ကျားမြီးဆွဲကိုကိုများ"ကို ရိုက်ကူးရာ ၁၉၄၅ခု စက်တင်ဘာတွင် ပြီးသည်။ ထိုအချိန်တွင် ဂျပန်လက်နက်ချလိုက်ရ၍ စစ်ကြီးပြီးပြီဖြစ်သည်။ အမေရိကန်ဆင်ဆာအဖွဲ့သစ်သည် ထိုရုပ်ရှင်အား လွန်လေပြီးသော ကံကြွေးချစံနစ်အား ဖော်ပြသည်ဟုဆိုကာ ပြသခွင့်ပိတ်လိုက်သည်။ (၁၉၅၂ မတိုင်ခင်ထိပင်)[၄၀][၄၁]

ပထမပိုင်း စစ်ပြီးလက်ရာများ (၁၉၄၆–၅၀)[ပြင်ဆင်ရန်]

၁၉၃၃ခု တာကီဂါဝါဖြစ်ရပ်နှင့် ဟော့ဆူမီ အိုဇာကီစစ်အတွင်း သူလျိုမှုတို့ကို အခြေခံ၍ ၁၉၄၆ တွင် "တို့လူငယ်တွက် နောင်တမဲ့"ရုပ်ရှင်ကို ရိုက်ကူးသည်။[၄၂][၄၃][၄၄][၄၅]

စစ်အပြီး ပျက်ဆီးနေသောတိုကျိုမြို့ကြီးတွင် အားလပ်ရက်တစ်ရက်၌ မိမိတို့ကိုယ်ကို ပျော်ရွှင်အောင်ကြိုးစားရရှာသော စုံတွဲတစ်တွဲ၏ အချစ်ဇာတ်လမ်းဖြစ်သည့် "တစ်ခုသော သာယာဖွယ် တနင်္ဂနွေနေ့"ရုပ်ရှင်ကို ၁၉၄၇ ဂျူလိုင်တွင်ပြသသည်။[၄၆][၄၇] ထိုနှစ်မှာပင် ကူရိုဆာဝါ၏ ဇာတ်ညွှန်းကို ဒါရိုက်တာ ဆန်ကီချီ တာနိဂူချီရိုက်ကူးသော "နှင်းငွေ့တန်း"ရုပ်ရှင်လည်း ထွက်ရှိသည်။[၄၈]

File:Drunken-Angel-1a.jpg
ကူရိုဆာဝါ၏ ထိုးဖောက်သော ရုပ်ရှင်အဖြစ်မှတ်ယူကြသည့် "ငမူး တမန်တော်" (၁၉၄၈)ရိုက်ကွင်းတွင် တွေ့ရသော သရုပ်ဆောင် မီဖူနီ

"ငမူး တမန်တော်" ကို ဒါရိုက်တာကြီး၏ ပထမဆုံး အဓိကလက်ရာအဖြစ် မှတ်ယူကြသည်။[၄၉] အမေရိကန်ဆင်ဆာအဖွဲ့၏ အကြိမ်ကြိမ် ပြန်ရေးရန် ဖိအားပေးခြင်းခံရသော အခြားဇာတ်ညွှန်းများကဲ့သို့ပင် ဤဇာတ်ညွှန်းသည်လည်း အကြိမ်ကြိမ်ပြန်ရေးရသော်လည်း ကူရိုဆာဝါက ဤရုပ်ရှင်သည် သူ့အနေနှင့် ပထမဆုံး သူ့ကိုယ်သူ လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ခဲ့သည်ဟု ခံစားရခဲ့သည်။ ထိုရုပ်ရှင်ကို တိုကျိုတွင် ၁၉၄၈ခု ဧပြီလတွင် ပြသခဲ့ပြီး ကီနီမာ ဂျွန်ပို ဝေဖန်ရေးစာရင်းတွင် ထိုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်အဖြစ် ရွေးချယ်ခံရသည်။[၅၀][၅၁][၅၂][၅၃]

ကူရိုဆာဝါ၊ ထုတ်လုပ်သူ ဆော်ဂျီရို မိုတိုကီနှင့် နောက်ပါ ဒါရိုက်တာများ၊ သူငယ်ချင်းများဖြစ်သော ကာဂျီရို ယာမာမိုတို၊ မီကီအို နာရူဆီနှင့် ဆန်ကီချီ တာနိဂူချီတို့သည် လွပ်လပ်သော သီးခြားထုတ်လုပ်ရေးတစ်ခုအဖြစ် ရုပ်ရှင်အနုပညာအဖွဲ့ချုပ် (အီဂါ ဂေဂျတ်ဆု ကျိုကိုင်)ကို တည်ထောင်ကြသည်။ ထိုအဖွဲ့ချုပ်အတွက် ပထမဆုံးလက်ရာအဖြစ် ဒေအီစတူဒီယိုအတွက် ရုပ်ရှင်ကို ကာဇူအို ကီကူတာ၏ ခေတ်ပြိုင် ပြဇာတ်ကို ကူရိုဆာဝါက ပြောင်းလည်းကာ တာနိဂူချီနှင့်အတူ ရုပ်ရှင်အဖြစ်မှီငြမ်း၍ မီဖူနီသရုပ်ဆောင်သော "ငြိမ်သက်စီးချင်း"ကို ရိုက်ကူးခဲ့သည်။ ၁၉၄၉ခုနှစ်တွင် ဖြန့်ချိသည်။[၅၄][၅၅][၅၆][၅၇]

၁၉၄၉အတွက် သူ၏ ဒုတိယမြောက်ရုပ်ရှင်အဖြစ် ရုပ်ရှင်အနုပညာအဖွဲချုပ်မှပင် စုံထောက်ကားတစ်ကားဖြစ်သော "လေလွင့်ခွေး"ရုပ်ရှင်ကို ဖြန့်ချိခဲ့သည်။ (ဂျပန်၌ ထိုအမျိုးအစားတွင် ပထမဆုံးရုပ်ရှင်ဖြစ်သည်။)[၅၈][၅၉][၆၀][၆၁][၆၂]

နိုင်ငံတကာကအသိအမှတ်ပြုခြင်း (၁၉၅၀–၅၈)[ပြင်ဆင်ရန်]

၁၉၅၀ ဂျူလိုင်လ ၇ ရက်တွင် "ရာရှိုမွန်"ကို စရိုက်သည်။ ဩဂုတ် ၂၅ တွင် တိုကျို တော်ဝင်ရုံတွင် ရုံတင်သည်။ ထိုနေ့မှာပင် နိုင်ငံအနှံ့တပြိုင်နက်ဖြန့်ချိသည်။ ဝေဖန်ရေးအရအောင်မြင်သော်လည်း ဝင်ငွေသိပ်မကောင်းခဲ့ပေ။ [၆၃][၆၄][၆၅]

ကူရိုဆာဝါ၏ ရှိုချိကူအတွက် နောက်ထပ်ရုပ်ရှင်မှာ သူအသည်းစွဲ စာရေးဆရာ ဖျိုဒေါ် ဒေါ်တိုယက်(ဗ)စကီး၏ ဝတ္ထုကို မှီး၍ ရိုက်သော "သောက်ရူး" (၁၉၅၁)ဖြစ်သည်။ ထိုရုပ်ရှင်သည် ငွေကြေးအရ အတန်အသင့်အောင်မြင်သည်ဟု ဆိုနိုင်သော်လည်း ဝေဖန်ရေးဘက်မှ အဆိုးမြင်ဝေဖန်ခံရသည်။ ယနေ့ထိ သူ၏လက်ရာများအနက် အညံ့ဆုံးအဖြစ် သတ်မှတ်ထားကြသည်။[၆၆][၆၇][၆၈][၆၉]

ထိုစဉ်မှာပင် ဂျပန်အခြေစိုက် အီတလီရုပ်ရှင်ကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်ဖြစ်သူ ဂူလီယာနာ စတျာမီဂီယိုလီ၏ တိုက်တွန်းမှုကြောင့် ဒေအီသည် ကူရိုတာဝါပင် မသိလိုက်ရဘဲ "ရာရှိုမွန်"ကို ဗင်းနစ် ရုပ်ရှင်ပွဲတော်သို့ တင်လိုက်သည်။ ဂျပန်၏ ဆယ်စုနှစ်တစ်ခုစာ နောက်ကျနေသော ရိုးရာရုပ်ရှင်များကို သတိမပြုမိကြရာက "ရာရှိုမွန်"သည် နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်းတစ်ခုလုံးကို အံအားသင့်စေခဲ့ပြီး ၁၉၅၁ စက်တင်ဘာ ၁၀ တွင် ပွဲတော်၏ အမြင့်ဆုံးဆုဖြစ်သည့် ရွှေခြင်္သေ့ဆုကို ရရှိခဲ့သည်။[၇၀]

ဒေအီသည် ထိုရုပ်ရှင်ကို စာတန်းထိုး၍ လော့(စ)န်းဂျလိ(စ)တွင်ပြသခဲ့ရာ RKO Pictures မှ "ရာရှိုမွန်"ရုပ်ရှင်ကို အမေရိကန်တွင် ဖြန့်ချိခွင့်မူပိုင်ကို ဝယ်ယူခဲ့သည်။ ဤရုပ်ရှင်သည် အမေရိကန်ဈေးကွက်သို့တင်ပို့သော ပထမဆုံးစာတန်းထိုး ဂျပန်ရုပ်ရှင်ဖြစ်သည်။ "ရာရှိုမွန်"သည် ကော်လံစား အက်(ဒ)ဝက်(ဒ) ဆူလီဗန်ကဲ့သို့ ဝေဖန်ရေးဆရာဆီမှပင် အကောင်းမြင်သုံးသပ်ချက်များကိုရရှိပြီး ဝေဖန်ရေးအရအောင်မြင်ခဲ့သည့်အပြင် ဝင်ငွေအများအပြားလည်း ရရှိခဲ့သည်။ (နယူးယောက်ရုံတစ်ခုတည်းမှပင် ထိုစဉ်ကမကြားစဖူး စံချိန်တင်ဖြစ်သည့် ပထမသုံးပတ်အတွင်း ဒေါ်လာ ၃၅,၀၀၀ ရရှိခဲ့သည်။)[၇၁] ဤရုပ်ရှင်ကို အခြားဖြန့်ချိသူများမှ ပြင်သစ်၊ အနောက်ဂျာမဏီ၊ ဒိန်းမတ်၊ ဆွီဒင်နှင့် ဖင်လန်တို့တွင် ဖြန့်ချိခဲ့သည်။[၇၂]

သူ၏ ရုတ်တရက် နိုင်ငံတကာအောင်မြင်မှုများက သူ့အလုပ်အားမြင့်တင်ပေးသကဲ့သို့ဖြစ်ပြီး မူလမိခင်စတူဒီယို တိုဟိုနှင့် ပြန်လည်လက်တွဲကာ (တိုဟိုသည် သူ၏ရုပ်ရှင် ၁၁ ကားကို ဆက်လက်ထုတ်လုပ်ခဲ့သည်။) နောက်ထပ်ရုပ်ရှင်အသစ် "အီကီရူ"ကို ရိုက်ကူးရန်ပြင်တော့သည်။ ဇာတ်ညွှန်းအတွက် ကူရိုဆာဝါသည် ဟာရှီမိုတိုနှင့် စာရေးဆရာ ဟေဒီအို အိုဂူနီ (ရှေ့ဆက်၍ ကူရိုဆာဝါနှင့် ရုပ်ရှင် ၁၂ ကားတွင် လက်တွဲခဲ့)တို့ကို ခေါ်ယူခဲ့သည်။အီကီရူ"ကို ၁၉၅၂ခု အောက်တိုဘာလတွင် ပြသခဲ့ပြီး ကူရိုဆာဝါအတွက် ဒုတိယမြောက် ကီနီမာ ဂျွန်ပို အကောင်းဆုံးရုပ်ရှင်ဆုကို ဆွှတ်ခူးခဲ့သည်။ ဝင်ငွေအရလည်း အောင်မြင်ခဲ့သည်။[၇၃][၇၄][၇၅]

၁၉၅၂ ဒီဇင်ဘာတွင် ကူရိုဆာဝါသည် "အီကီရူ"တွင် သူနှင့်လက်တွဲခဲ့သော ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ကိုခေါ်၍ အင်းတစ်ခုတွင် လေးဆယ့်ငါးရက်နေထိုင်ကာ သူ၏ နောက်ရုပ်ရှင် "ဆာမူရိုင်း ခုနှစ်ယောက်"အတွက် ဇာတ်ညွှန်းကို ရေးသားခဲ့သည်။[၇၆]

မထုတ်လုပ်မှီ သုံးလကြိုတင်ပြင်ဆင်၍ တစ်လခန့် လေ့ကျင့်ဇာတ်တိုက်သည်။ တစ်နှစ်နီးပါးလောက်အတွင်း ၁၄၈ရက်ခွဲ၍ အချိန်ယူကာ ရိုက်ကူးသည်။ ငွေရေးကြေးရေးပြဿနာအပြင် ကူရိုဆာဝါ့ကျန်းမာရေးအခြေအနေမကောင်းသည်နှင့်လည်း ကြုံရသည်။ နောက်ဆုံးတွင်တော့ ဤရုပ်ရှင်ကို မူလရုံတင်မည့်ရက်ထက် နှစ်ဝက်ခန့်နောက်ကျပြီး ၁၉၅၄ ဧပြီတွင် ရုံတင်နိုင်ခဲ့သည်။ မူလရည်မှန်းထားသော ကုန်ကျစရိတ်ထက် သုံးဆပိုမို၍ ကုန်ကျခဲ့ပြီး ထိုစဉ်က ဂျပန်တွင် ထုတ်လုပ်မှုကုန်ကျစရိတ် အများဆုံးရုပ်ရှင် ဖြစ်ခဲ့သည်။ ဤရုပ်ရှင်သည် ပေါက်သွားခဲ့သည်။ ကုန်ကျသမျှ ချက်ချင်းပြန်ရသည်ထိ ဝင်ငွေကောင်းခဲ့သည်။ အချိန်နှင့်အမျှ ရုံတင်ပြသရာကအပြင် မတည်းဖြတ်ထားသောမူကို အိမ်ကြည့်ဗီဒီယိုအဖြစ်ပါ ဖြန့်ချိခဲ့၍ ဤရုပ်ရှင်အပေါ် လူကြိုက်နှုန်းမြင့်မားလာခဲ့သည်။ အချို့က သမိုင်းတလျောက် အကောင်းဆုံး ဂျပန်ရုပ်ရှင်ဟူ၍ပင် ဆိုကြသည်။ ၁၉၇၉ တွင် ဂျပန်ရုပ်ရှင်ဝေဖန်ရေးဆရာများကလည်း သမိုင်းတလျောက် အကောင်းဆုံးဂျပန်ရုပ်ရှင်အဖြစ် မဲပေးရွေးချယ်ခဲ့ကြသည်။[၇၆][၇၇][၇၈]

၁၉၅၄ တွင် ပစိဖိတ်၌ နျူကလိယားစမ်းသပ်မှုများကြောင့် ဂျပန်တွင် ရေဒီယိုဓါတ်သတ္တိကြွ မိုးများရွာသည်။ ဤသို့ စိုးရိမ်ဖွယ်အခြေအနေတွင် ကူရိုဆာဝါ၏ နောက်ရုပ်ရှင် "အကြောက်တရားဖြင့် ငါနေရတယ်" (ဝါ) သက်ရှိတစ်ခု၏ မှတ်တမ်း အတွက် စိတ်ကူးရခဲ့ခြင်းဖြစ်သည်။ ထုတ်လုပ်ရေးတွင် ပြီးခဲ့သောရုပ်ရှင်ထက် အဆင်ပြေချောမွေ့ခဲ့သော်လည်း ရိုက်ကူးမှုပြီးရန် ရက်အနည်းငယ်အလိုတွင် ကူရိုဆာဝါ၏ ပူးပေါင်းဆောင်ရွက်သူ၊ နောက်ခံဂီတဖန်တီးသူ၊ သူငယ်ချင်းဖြစ်သူ ဖူမီယို ဟာယာဆာကာကွယ်လွန်သွားသည်။ ထို့ကြောင့် ယခုရုပ်ရှင်အတွက် နောက်ခံတေးဂီတကို ဟာယာဆာကာ၏ တပည့်ဖြစ်သူ မာဆာရူ ဆေတိုက အဆုံးသတ်ပေးရသည်။ ဆေတိုသည် ကူရိုဆာဝါနှင့် နောက်ထပ် ရုပ်ရှင် ၈ကား လက်တွဲခဲ့သည်။ ဤရုပ်ရှင်ကို ၁၉၅၅ နိုဝင်ဘာတွင် ရုံတင်သည်။[၇၉][၈၀][၈၁]

ကူရိုဆာဝါ၏ ပရောဂျက်အသစ်ဖြစ်သော "သွေးပုလ္လင်"ရုပ်ရှင်သည် ဝီလီယံ ရှိတ်စပီးယား၏ ပြဇာတ်ဖြစ်သော "မက္ကဘတ်"ကို ဝေဝေဆာဆာမှီငြမ်းပြုထားပြီး "ဆာမူရိုင်း ခုနှစ်ယောက်"ကားကဲ့သို့ပင် ဆန်ဂိုကူးခေတ်တွင် ဇာတ်အိမ်တည်ထားသည်။ ၁၉၅၆ တွင်ရိုက်ကူး၍ ၁၉၅၇ ဇန်နဝါရီတွင် ရုံတင်သည်။[၈၂][၈၃][၈၄][၈၅]

"ဆာမူရိုင်း ခုနှစ်ယောက်"နောက်ပိုင်းထွက်ရှိသည့် ကူရိုဆာဝါ၏ ရုပ်ရှင်သုံးကားလုံးသည် ဆာမူရိုင်းကားကဲ့သို့ ပရိတ်သတ်ကို မဆွဲဆောင်နိုင်ခဲ့ပေ။ ထို့အတွက် နောက်ထုတ်လုပ်မှုတွင် ပို၍ပေါ့ပါးပြီး ဖျော်ဖြေမှုအသားပေးဇာတ်မျိုးရွေးရန် သူသတိပြုခဲ့သည်။ ရလဒ်အဖြစ် အက်ရှင်-ဒရာမာ-စွန့်စားခန်း-ဟာသ ရသပေါင်းစုံသည့် ရုပ်ရှင်အဖြစ် အလယ်ခေတ် မင်းသမီးတစ်ပါးအကြောင်း "လျို့ဝှက်ခံတပ်"ရုပ်ရှင် ကိုရိုက်ကူးသည်။ ၁၉၅၈ ဒီဇင်ဘာလ တွင် ရုံတင်သည်။ "လျို့ဝှက်ခံတပ်"သည် ဝင်ငွေအမြောက်အများရခဲ့ပြီး ဝေဖန်ရေးဆရာများ၏ နွေးထွေးစွာကြိုဆိုခြင်းကို ခံရသည်။ ယခုအခါ ဤရုပ်ရှင်ကို လူကြိုက်များသည်မှန်သော်လည်း ကူရိုဆာဝါ၏ အားကုန်မထုတ်ဘဲရိုက်သော ရုပ်ရှင်အဖြစ် မှတ်ယူကြသည်။ သို့သော်လည်း ဤရုပ်ရှင်သည် အဓိကကျ ဩဇာရှိသော လွှမ်းမိုးမှုများမှတစ်ခုဖြစ်ဆဲပင်။[၈၆][၈၇][၈၈]

ကုမ္ပဏီတစ်ခု မွေးဖွားခြင်းနှင့် ခေတ်တစ်ခုကုန်ဆုံးခြင်း (၁၉၅၉–၆၅)[ပြင်ဆင်ရန်]

"ရာရှိုမွန်"မှ အစပြု၍ ကူရိုဆာဝါသည် ဝင်ငွေအတော်ကောင်းလာသည်။ တိုဟိုသည် ဤသည်ကို သတိထားမိ၍ ကူရိုဆာဝါအား သူ့ရုပ်ရှင်များတွင် ငွေကြေးအကူအညီထည့်ဝင်ရန် အကြံပေးသည်။ ဤနည်းအားဖြင့် စတူဒီယိုအနေနှင့်လည်း ဆုံးရှူံးနိုင်စွမ်းနည်းပါးပြီး သူ့အနေနှင့်လည်း ပူးတွဲထုတ်လုပ်သူအနေဖြင့် ပို၍အနုပညာအရ လွပ်လပ်စွာ ဖန်တီးနိုင်မည်ဖြစ်သည်။ ကူရိုဆာဝါကလည်း စတူဒီယို၏ အကြံပေးချက်ကို သဘောတူ၍ ၁၉၅၉ ဧပြီတွင် တိုဟိုက ရှယ်ယာအများစုပါဝင်သော ကူရိုဆာဝါ ထုတ်လုပ်ရေး ကုမ္ပဏီကို တည်ထောင်လိုက်သည်။[၈၉]

ပထမဆုံးအဖြစ် ကူရိုဆာဝါ၏ တူတော်စပ်သူ မိုက် အီနိုအူ ရေးသော ဇာတ်ညွှန်းဖြင့် "လူဆိုးဆိုတာ အေးဆေးအိပ်ရတယ်"ကို ရိုက်ကူးသည်။၁၉၆၀ စက်တင်ဘာလ တွင် ရုံတင်သည်။[၉၀][၉၁][၉၂][၉၃]

"ယိုဂျင်ဘို"(သက်တော်စောင့်)ရုပ်ရှင်သည် ကူရိုဆာဝါ ထုတ်လုပ်ရေး၏ ဒုတိယရုပ်ရှင်ဖြစ်ပြီး သခင်မရှိသော ဆာမူရိုင်း ဆန်ဂျူရိုအကြောင်းဖြစ်သည်။ ၁၉၆၁ ဧပြီ တွင် ရုံတင်၍ ဝေဖန်ရေးအရရော ငွေကြေးအရပါ သောက်သောက်လဲ အောင်မြင်မှုရသည်။ ဆာဂျီယို လီယွန်နီရိုက်ကူးသည့် A Fistful of Dollars ကောင်းဘွိုင်ကားသည် "ယိုဂျင်ဘို"ကို အခန်းတစ်ခုချင်းစီ အသေးစိတ် ခွင့်မတောင်းဘဲ ခိုးချထားခြင်းဖြစ်သည်။[၉၄][၉၅][၉၆]

"ယိုဂျင်ဘို"အောင်မြင်မှုကြောင့် တိုဟိုက ကူရိုဆာဝါအား ဇာတ်အဆက်များဆက်ရိုက်ရန် ဖိအားပေးသည်။ ကူရိုဆာဝါသည် "ယိုဂျင်ဘို"မတိုင်မှီက ရေးခဲ့သော ဇာတ်ညွှန်းတစ်ခုကိုပြင်၍ "ဆန်ဂျူရို"ကို ထည့်သွင်းရေးသားရသည်။ ၁၉၆၂ ဇန်နဝါရီတွင် ရုံတင်ရာ "ယိုဂျင်ဘို"ထက် ဝင်ငွေ ပိုမိုရရှိခဲ့သည်။[၉၇][၉၈][၉၉]

ကူရိုဆာဝါသည် အမေရိကန် စာရေးဆရာနှင့် ဇာတ်လမ်းရေးသူ အီဗန်ဟန်တာက အဒ် မက်ဘိန်းကလောင်ဖြင့်ရေးသားသော ၈၇ နယ်မြေအမည်ရှိ မှုခင်းဝတ္ထုစီးရီးထဲမှ "ဘုရင်မင်းမြတ်အတွက် ပြန်ပေးငွေ"ကို ရုပ်ရှင်ရိုက်ကူးခွင့် ဝယ်ယူရန် တိုဟိုကို တိုက်တွန်းခဲ့သည်။ ၁၉၆၂ နှစ်ဝက်တွင် စတင်ရိုက်ကူး၍ ၁၉၆၃ မတ်လတွင် "အနိမ့်အမြင့်"ဟူသော အမည်ဖြင့် ရုံတင်ရာ ဝေဖန်ရေးအရအောင်မြင်သည့်အပြင် ကူရိုဆာဝါ၏အရင် ရုပ်ရှင်များထက် ဝင်ငွေစံချိန်တင် ပိုမိုရရှိကာ ထိုနှစ်အတွက် ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့သည်။သို့ရာတွင် ဂျပန်၌ ထိုနှစ်အတွင်း မြင့်တက်လာသည့် ပြန်ပေးမှုများကြောင့် အပြစ်မကင်းစကားဆိုခံရသည်။ (သူကိုယ်တိုင်၏ သမီးဖြစ်သူ ကာဇူကိုလည်း ပြန်ပေးဆွဲခံရ၏။)[၁၀၀][၁၀၁][၁၀၂][၁၀၃]

ကူရိုဆာဝါသည် ရှူဂိုရို ယာမာမိုတို၏ ဝတ္ထုတိုစုစည်းမှုနှင့် ဒေါ်တိုယတ်(ဗ)စကီး၏ "အစော်ကားခံရသူနှင့် နာကျင်ရသူ"ဝတ္ထုတိုတို့ကို ပေါင်းစုဖွဲ့စည်းပြီး "မှုတ်ဆိတ်နီ"ရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။[၁၀၄] ၁၉၆၅ ဧပြီ တွင်ရုံတင်သည်။ ဝင်ငွေစံချိန်တင်ပြန်သည်။ ကူရိုဆာဝါ့လက်ရာများတွင် ယနေ့အထိ ဂျပန်လူထုအသည်းစွဲအဖြစ်ဆုံး ရုပ်ရှင်ဖြစ်သည်။[၁၀၅][၁၀၆][၁၀၇][၁၀၈]

ဤရုပ်ရှင်သည် ဖန်တီးသူအား ခေတ်တစ်ခုပြီးဆုံးပြီဟု အသိပေးလိုက်သည်။ ဒါရိုက်တာကြီးသည် ရုပ်ရှင်ဖြန့်ချိသည်ကာလမှာပင် ဝေဖန်ရေးဆရာ ဒေါ်နယ် ရစ်ချီအား တစ်ခုသော စက်ဝိုင်းသည် လည်ပတ်ခြင်းအဆုံးသတ်ပြီဖြစ်ကြောင်းနှင့် သူ၏အနာဂတ်ရုပ်ရှင်များနှင့် ဖန်တီးမှုနည်းနာများမှာ မတူကွဲပြားခြားနားလာတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။[၁၀၉] သူ့ခန့်မှန်းမှုမှာ တိကျမှန်ကန်ခဲ့သည်။ ၁၉၅၀ပြည့်နှစ်များတွင် အလျင်အမြန်တိုးတက်လာသော ရုပ်မြင်သံကြားသည် များပြားလှသော ဂျပန်ရုပ်ရှင်အမာခံများ၏ အပန်းဖြေချိန်ကို သိမ်းပိုက်လိုက်လေသည်။ ထိုအတူ ကုမ္ပဏီ၏ ဝင်ငွေမှာလည်း ကျဆင်းလာပြီး ကူရိုဆာဝါမှာလည်း ကုန်ကျစရိတ်များပြားမည်မျိုးကို စွန့်စားလိုစိတ်ကျဆင်းလာသည်။[၁၁၀]

မှုတ်ဆိတ်နီ"သည် ကူရိုဆာဝါ့အနုပညာသည်ဘဝ၏ အလယ်မှတ်တစ်ခုကဲ့သို့ဖြစ်သည်။ ရုပ်ရှင်လောကတွင် အစောပိုင်း ၂၉နှစ်၌ (လက်ထောက်ဒါရိုက်တာအဖြစ် ငါးနှစ်ပါ ပါသည်။) သူသည် ရုပ်ရှင်ကားပေါင်း ၂၃ကား ရိုက်ကူးခဲ့သည်။ ကျန်သည့် ၂၈ နှစ်တွင်မူ၊ များပြားရှုပ်ထွေးသော အကြောင်းပြချက်များဖြင့် ခုနှစ်ကားသာရိုက်ကူးနိုင်ခဲ့သည်။ "မှုတ်ဆိတ်နီ"သည် မီဖူနီ နောက်ဆုံးသရုပ်ဆောင်သော သူ၏ရုပ်ရှင်ဖြစ်သည်။ သရုပ်ဆောင် ယု ဖူဂျီကီက ကူရိုဆာဝါ၏နှလုံးသားကို မီဖူနီက သရုပ်ဆောင်ပုံဖော်သည်ဟုဆိုသည်။[၁၁၁] ဒေါ်နယ်ရစ်ချီက သူတို့နှစ်ဦးအကြား အပြန်အလှန် အပေးအယူတည့်မှုသည် ပြိုင်ဘက်ကင်းသော နားလည်မှုဖြစ်သည်ဟု ဖော်ပြခဲ့သည်။[၁၁၂]

ဟောလိဝုဒ် လမ်းလွဲ (၁၉၆၆–၆၈)[ပြင်ဆင်ရန်]

၁၉၆၆ တွင် တိုဟိုနှင့် စာချုပ်သက်တမ်းကုန်သော် ၅၆နှစ်ရှိပြီဖြစ်သည့် ဒါရိုက်တာကြီးသည် အပြောင်းအလဲတစ်ခုဖြစ်ရန် အပြင်းအထန် စဉ်းစားတော့သည်။ ပြည်တွင်းရုပ်ရှင်လောက၏ အခက်ကြုံနေသော အခြေအနေကို လေ့လာတွေ့ရှိရသည့်အပြင် ပြည်ပမှများစွာသော ကမ်းလှမ်းမှုများကို ရရှိလာသည့်အတွက် ယခင်ကမဖြစ်ပေါ်ဖူးသည့် ဂျပန်ပြည်ပြင်ပတွင် အလုပ်လုပ်ရန်စိတ်ကူးတို့ ဖြစ်ပေါ်လာတော့သည်။[၁၁၃]

သူ၏ ပထမဆုံးနိုင်ငံခြားအလုပ်အဖြစ် ကူရိုဆာဝါသည် လိုက်(ဖ)မဂ္ဂဇင်းမှ ဇာတ်လမ်းတစ်ပုဒ်ကို ရွေးချယ်ခဲ့သည်။အမ်ဘက်ဆီရုပ်ရှင်အတွက် အဂ်လိပ်ဘာသာဖြင့်ရိုက်ကူးသည့် "ထွက်ပြေး ရထား"သည် သူ၏ပထမဆုံး ဆေးရောင်စုံရုပ်ရှင်ဖြစ်လာမည်ဖြစ်သည်။ သို့ရာတွင် ဘာသာစကားကွဲပြားမှုက အဓိကအဟန့်အတားဖြစ်လာပြီး ၁၉၆၆ ဆောင်းဦးတွင် စတင်ရိုက်ကူးရန်သတ်မှတ်ထားသည့် ရုပ်ရှင်အတွက် အဂ်လိပ်မူဇာတ်ညွှန်းသည် အချိန်မီ မပြီးခဲ့ပေ။ ဆီးနှင်းများလိုအပ်သည့် ရိုက်ကွင်းအတွက် ၁၉၆၇ ဆောင်းဦးကို ရွေ့ရသည်။ ၁၉၆၈တွင် ဆက်မရိုက်ဖြစ်တော့ပေ။ နှစ်နှစ်ဆယ်နီးပါးကြာပြီးနောက်တွင်မှ ဟောလိဝုဒ်အတွက် အခြားနိုင်ငံခြားဒါရိုက်တာတစ်ဦးဖြစ်သူ အန်ဒရေ ကွန်ချယ်လော့စကီးက ကူရိုဆာဝါ၏ဇာတ်ညွှန်းမှ များစွာခြားနားသော ဇာတ်ညွှန်းအသစ်ဖြင့် ဤရုပ်ရှင်ကို ပြီးဆုံးအောင် ရိုက်ကူးခဲ့သည်။[၁၁၄]

ကူရိုဆာဝါမှာ ထိုအချိန်တွင် ပို၍မျှော်မှန်းဖွယ်ကောင်းသော အခြားဟောလိဝုဒ်အလုပ်တစ်ခုဖြစ်သည့် "နှစ်ဆယ်ရာစု မြေခွေး"နှင့် ကူရိုဆာဝါ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်သော "တိုရာ! တိုရာ! တိုရာ!"ရုပ်ရှင်တွင် ပါဝင်လေသည်။ ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ခြင်းအပေါ် အမေရိကန်ဘက်မှအပြင် ဂျပန်ဘက်မှအမြင်ပါ ပုံဖော်မည့် ထိုဇာတ်ကားတွင် ဂျပန်အခြမ်းကို ကူရိုဆာဝါက ရိုက်ကူး၍ အမေရိကန်အခြမ်းကို အဂ်လိပ်စကားပြော ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ရိုက်ကူးမည်ဖြစ်သည်။ သူသည် ဇာတ်ညွှန်းအတွက် ရူဇို ကီကူရှီးမား၊ ဟေဒေအို အိုဂူနီတို့နှင့်အတူ လပေါင်းများစွာ ပြင်ဆင်ခဲ့သည်။ သို့ရာတွင် သိပ်မကြာခင်မှာပင် အလုပ်ပျက်ပြန်သည်။ ကူရိုဆာဝါ၏ နည်းစနစ်ကို နားမလည်နိုင်သော အမေရိကန် ထုတ်လုပ်သူများက ကူရိုဆာဝါ့နေရာတွင် အခြားဂျပန်ဒါရိုက်တာနှစ်ဦးနှင့် အစားထိုးလိုက်သည်။[၁၁၅]

၁၉၇၀ စက်တင်ဘာတွင် "တိုရာ! တိုရာ! တိုရာ!"ထွက်လာပြီး ဒေါ်နယ်ရစ်ချီက ကူရိုဆာဝါ့ဘဝတွင် မသက်မသာအဖြစ်ရဆုံး ဗျူဟာဖြစ်ခဲ့ရသည်ဟုဆိုသည်။ သူမရိုက်ကူးလိုက်ရသော ထိုရုပ်ရှင်အတွက် သူ့ခမျာ အိပ်မက်ဆိုးမက်သည်အထိ နှစ်များစွာ အချိန်ပေးခဲ့ရသည်။ (သူနှင့် သူ့ဇာတ်ညွှန်းဆရာများရေးသည့် ဇာတ်ညွှန်းကို အသုံးပြုခဲ့သော်လည်း သူတို့၏အမည်ကိုလည်း ရုပ်ရှင်တွင် ဖော်ပြဂုဏ်ပြုခြင်းမခံရပေ။) နှစ်ပေါင်းများစွာ သူနှင့်လက်တွဲလာခဲ့သော ရူဇိုမှာ စိတ်ကောက်သွားပြီး သူနှင့် ဆက်လက် အလုပ်တွဲမလုပ်တော့ပေ။ သူ၏ အလွန်မူဆွဲကိုင်မှုမှာ မေးခွန်းထုတ်စရာဖြစ်လာသည်။ အဆိုးဆုံးမှာ ဂျပန်ရုပ်ရှင်လောကအပြင် သူကိုယ်တိုင်ကပါ သူသည် နောက်ထပ်ရုပ်ရှင်များ ထပ်မရိုက်ရတော့မည်ကို သိရှိလာတော့သည်။[၁၁၆][၁၁၇]

ခက်ခဲသော ဆယ်စုနှစ်တစ်ခု (၁၉၆၉–၇၇)[ပြင်ဆင်ရန်]

"တိုရာ! တိုရာ! တိုရာ!"ကြောင့် သူ့ဂုဏ်သတင်းမှာ ကြီးစွာ ဒုက္ခဖြစ်ရ၍ ကူရိုဆာဝါသည် ရုပ်ရှင်ကောင်းတစ်ကား ဖန်တီးပြနိုင်ဖို့ လိုအပ်လာသည်။ သူ့အားကူညီရန် သူငယ်ချင်းများဖြစ်သည့် ကိုင်ဆူကီ ကီနိုရှီတာ၊ မာဆာကီ ကိုဘာယာရှီနှင့် ကွန် အီချီကာဝါစသော နာမည်ကျော်ဒါရိုက်တာများနှင့် ပူးပေါင်း၍ ကူရိုဆာဝါသည် ၁၉၆၉ ဇူလိုင်လတွင် "သူရဲကောင်းလေးဖော်"(ယွန်ကီ နို ကိုင်)ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်သည်။ အစီအစဉ်မှာ ဒါရိုက်တာလေးယောက်တို့သည် ရုပ်ရှင်တစ်ကားစီဖန်တီးကြဖို့ ဖြစ်သော်လည်း အခြားဒါရိုက်တာသုံးယောက်က ကူရိုဆာဝါ့အနေဖြင့် ရုပ်ရှင်တစ်ကားအောင်မြင်အောင် ဖန်တီးပြီး ရုပ်ရှင်လောကသို့ တစ်ကျော့ပြန်လာနိုင်စေရန် စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အကူအညီပေးကြခြင်းဖြစ်သည်။[၁၁၈][၁၁၉]

ပထမဆုံးရုပ်ရှင်အဖြစ် ရှီဂိုရီ ယာမာမိုတို၏ဖန်တီးမှုတစ်ခုအပေါ်မှီငြမ်း၍ "ဒိုဒေဆုကာဒန်"ကို ရိုက်ကူးရန်ဖြစ်သည်။ ရုပ်ရှင်ကို ကိုးပါတ်အတွင်း အမြန်ရိုက်ကာ ကူရိုဆာဝါသည် သူ့အနေဖြင့် သတ်မှတ်ထားသော ကုန်ကျစရိတ်အကန့်အသတ်အတွင်းတွင် မြန်မြန်ဆန်ဆန်နှင့် အကျိုးရှိရှိရိုက်ကူးနိုင်စွမ်းရှိသေးကြောင်း သက်သေပြရန်ကြိုးစားသည်။ ဤရုပ်ရှင်ကို ဂျပန်တွင် ၁၉၇၀ အောက်တိုဘာလတွင် ဖြန့်ချိသည်။ ဝေဖန်ရေးအရ အတန်အသင့်သာ ချီးကျူးခံရသော်လည်း ပရိသတ်များအနေဖြင့် ယခင်လက်ရာများနှင့် မတူထူးခြားမှုကို ကြည့်ရှုရလေသည်။ ရုပ်ရှင်မှာ အရှုံးပေါ်ခဲ့ပြီး သူတို့ထုတ်လုပ်ရေးမှာလည်း ရေစုန်မျှောရပြန်သည်။[၁၂၀]

နောက်ထပ် အလုပ်ဆက်လုပ်ရန် ရင်းနှီးငွေမရှာနိုင်တော့သည့်အပြင် ကျန်းမာရေးကလည်း သိသိသာသာဆိုးရွားလာခဲ့ရာ ကူရိုဆာဝါသည် ကျဆုံးခန်းသို့ ရောက်ရန်သေချာလာတော့သည်။ ၁၉၇၁ ဒီဇင်ဘာ ၂၂ တွင် သူသည် သူ၏လက်ကောက်ဝတ်နှင့် လည်မျိုကို အကြိမ်ကြိမ်လှီးဖြတ်၍ သေကြောင်းကြံသည်။ သို့ရာတွင် မအောင်မြင်ခဲ့ပဲ ကျန်းမာရေးအခြအနေ ပြန်ကောင်းလာပြန်သည်။ ဒါရိုက်တာကြီးသည် ပြည်တွင်းတွင်သာ မှီခိုနေထိုင်ရသော ဘဝသို့ရောက်သွားပြီး အခြားရုပ်ရှင်တစ်ခု ထပ်မံဖန်တီးပြနိုင်ရန် မသေချာတော့ပေ။[၁၂၁]

၁၉၇၃ အစောပိုင်းတွင် ဆိုဗီယက်စတူဒီယိုတစ်ခုဖြစ်သော " မော.(စ)ဖလင်"မှ ဒါရိုက်တာကြီးအား သူတို့နှင့် အလုပ်တွဲလုပ်ရန် ကမ်းလှန်းလာသည်။ ကူရိုဆာဝါက ရုရှားရှာဖွေလေ့လာရေးသမား ဗလာဒီမာ အာဆညက်(ဗ)၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် "ဒါဆူ အူဇေလာ"ကို ရိုက်ကူးလိုသည်ဟု ဆန္ဒပြုခဲ့သည်။ ထိုစာအုပ်မှာ သဘာဝတရားနှင့် ပျော်မွေ့နေသော ဂို(လ)ဒီ မုဆိုးတစ်ယောက်၏ ဘဝအကြောင်းဖြစ်ပြီး ချဲ့ထွင်ကျူးကျော်လာသော လူမှုအဖွဲ့အစည်းကြောင့် သဘာဝတရားနှင့်အတူ ပျက်ဆီးခြင်းသို့ရောက်ရပုံဖြစ်၍ ၁၉၃၀ ဝန်းကျင်ကပင် သူရိုက်ချင်နေသော ဇာတ်မျိုးဖြစ်၏။ ၁၉၇၃ ဒီဇင်ဘာတွင် ၆၃ နှစ်ရှိပြီဖြစ်သော ဒါရိုက်တာကြီးသည် အနီးဆုံးကူညီသူလေးယောက်နှင့်အတူ ဆိုဗီယက်ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်။ ၁၉၇၄ မေလတွင် ဆိုက်ဘေးရီးယား၌ ရိုက်ကူးခြင်းစတင်သည်။ ၁၉၇၅ ဧပြီတွင် ရိုက်ကူးခြင်းပြီး၍ ဇွန်လတွင် ပင်ပန်းကာအိမ်လွမ်းနေပီဖြစ်သော ကူရိုဆာဝါသည် ဂျပန်သို့ပြန်လေသည်။ ၁၉၇၅ ဩဂုတ်လ ၂ရက်တွင် "ဒါဆူ အူဇေလာ"ကို ဂျပန်တွင် ပထမဆုံးရုံတင်ပြသသည်။ ဝင်ငွေကောင်းသည်။ ဂျပန်ဝေဖန်ရေးသမားများဆီမှ အသံမထွက်သော်လည်း ကမ္ဘာကမူ ကောင်းစွာချီးကျူးကြ၍ "နဝမအကြိမ်မြောက် မော်စကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်"တွင် ရွှေတံဆိပ်ဆု ချီးမြင့်ခံရသည်။[၁၂၂] ထို့ပြင် "အကောင်းဆုံး နိုင်ငံရပ်ခြားစကားပြောရုပ်ရှင် အကယ်ဒမီဆု"ကိုလည်း ရရှိခဲ့သည်။[၁၂၃][၁၂၄]

ရုပ်မြင်သံကြားအတွက် ပရောဂျက်များ ကမ်းလှန်းမှုများရှိသော်လည်း သူက ရုပ်ရှင်လောကမှလွဲ၍ မလုပ်လိုပေ။ သို့သော်လည်း အရက်သေစာ သောက်ခဲလှသော ဒါရိုက်တာကြီးသည် "ဆန်တိုရီ ဝီစကီ"၏ ရုပ်မြင်သံကြားကြော်ငြာများတွင် ပါဝင်ဖို့ သဘောတူခဲ့သေးသည်။

မော်ကွန်းတွင်မည့် ရုပ်ရှင်နှစ်ကား (၁၉၇၈–၈၆)[ပြင်ဆင်ရန်]

ကူရိုဆာဝါ၏ "လျို့ဝှက်ခံတပ်"ရုပ်ရှင်၏ လွှမ်းမိုးမှုဖြင့် အမေရိကန်ဒါရိုက်တာ ဂျော့လူးကပ်(စ)ရိုက်ကူးသော သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား "ကြယ်တာရာ စစ်ပွဲများ(ရုပ်ရှင်)"သည် ၁၉၇၇တွင် အကြီးအကျယ်အောင်မြင်ခဲ့သည်။ ဂျော့ကဲ့သို့ အခြားဟောလိဝုဒ်ဒါရိုက်တာလက်သစ်များသည် ကူရိုဆာဝါအား စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြရာ ဒါရိုက်တာအိုကြီးသည် ရုပ်ရှင်ထပ်မံရိုက်ကူးရန် ငွေကြေးအထောက်အပံ့မရှိသည်ကို အလန့်တကြားတွေ့ရှိလိုက်ရသည်။ သူတို့နှစ်ဦးသည် ၁၉၇၈ ဇူလိုင်တွင် ဆန်ဖရန်စစ္စကို၌ တွေ့ဆုံကြ၍ ကူရိုဆာဝါဖန်တီးလိုသည့်ရုပ်ရှင် "ကာဂီမူရှာ"အတွက် လိုအပ်မည့် ငွေကြေးအထောက်အပံ့ကိစ္စကို ဆွေးနွေးကြသည်။ ကူရိုဆာဝါ၏ ဇာတ်ညွှန်းနှင့် ရိုက်ကွင်းပုံကြမ်းများက ဂျော့ကို ဘဝင်ခိုက်စေခဲ့ပြီး ဂျော့သည် သူ၏လက်ရှိ အောင်မြင်မှုအရှိန်အဝါကိုသုံး၍ လွန်ခဲ့သော ဆယ်နှစ်ခန့်က ကူရိုဆာဝါအားအလုပ်ထုတ်ခဲ့သော "နှစ်ဆယ်ရာစု မြေခွေး"ကုမ္ပဏီကို ကူရိုဆာဝါ၏ "ကာဂီမူရှာ"အား ထုတ်လုပ်ပေးရန် အကျပ်ကိုင်တော့သည်။ ထို့နောက် အဖော်အဖြစ် ကူရိုဆာဝါ၏ ပရိတ်သတ်တစ်ဦးပင်ဖြစ်သော ဖရန်စစ် ဖို့(ဒ) ကော်ပိုလာကိုပါ ပူးတွဲထုတ်လုပ်သူအဖြစ် စည်းရုံးခဲ့သည်။[၁၂၅]

ကူရိုဆာဝါသည် တက်ကြွသော စိတ်သစ်လူသစ်ဘဝဖြင့် ဧပြီလတွင် ရိုက်ကူးရေးစသည်။ သတ်မှတ်ကာလထက် အပါတ်အနည်းငယ်နောက်ကျပြီးမှ ၁၉၈၀ ဧပြီတွင် ဂျပန်၌ စတင်ရုံတင်သည်။ ဂျပန်တွင် အလျင်အမြန် အကြီးအကျယ် ပေါက်သွားသည်။ ပြည်ပတွင်လည်း ဝေဖန်ရေးအရရော ဝင်ငွေအရပါ အောင်မြင်ပြီး မေလတွင်ကျင်းပသော "၁၉၈၀ ကိန်း ရုပ်ရှင်ပွဲတော်"တွင် "ပ(လ)မီ ဒီအော"ဆု ရရှိခဲ့သည်။ ကူရိုဆာဝါသည် ကျန်တစ်နှစ်လုံးကို အမေရိကနှင့် ဥရောပတွင် "ကာဂီမူရှာ"ရုပ်ရှင်အား ကြော်ငြာရင်း၊ ဆုများနှင့် ချီးကျူးဂုဏ်ပြုခြင်းများကို လက်ခံရင်း၊ရုပ်ရှင်ဇာတ်ကွက်များအတွက် သူရေးဆွဲခဲ့သောပုံများကို အနုပညာလက်ရာအဖြစ် ပြပွဲပြုလုပ်ပြသခြင်းဖြင့် ကုန်ဆုံးစေသည်။[၁၂၆][၁၂၇]

File:Ran storyboards.jpg
"ရန်"ရုပ်ရှင်မှ "တတိယရဲတိုက်"ဇာတ်ဝင်ခန်းအတွက် ကူရိုဆာဝါရေးဆွဲထားသောပုံတစ်ပုံ။ ကူရိုဆာဝါသည် ရိုက်ကွင်းတည်ဆောက်ရန်နှင့် ရိုက်ကူးရာတွင် သူ့အလုပ်သမားများ အထောက်အကူဖြစ်စေရန် ထိုကဲ့သို့ ပုံများရေးဆွဲ အသုံးပြုလေ့ရှိသည်။

"ကာဂီမူရှာ"နှင့်အတူ နိုင်ငံတကာအောင်မြင်မှုရရှိခဲ့ခြင်းကြောင့် ကူရိုဆာဝါသည် နောက်ရုပ်ရှင်အဖြစ် "ရန်"ကို ရိုက်ကူးရန်ပြင်သည်။ ဝီလီယံ ရှိတ်စပီးယား၏ ပြဇာတ်ဖြစ်သော "လီယာ မင်းကြီး"အား အခြေခံ၍ ဇာတ်ညွှန်းရေးသည်။ ဂျပန်စတူဒီယိုများအနေဖြင့် နိုင်ငံအတွင်း သမိုင်းတလျောက် ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဖြစ်လာမည့်အပေါ် စိုးရိမ်ကြသည့်အလျောက် နိုင်ငံရပ်ခြားမှ ငွေကြေးအထောက်အပံ့လိုအပ်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ ပြင်သစ်ထုတ်လုပ်သူ ဆာဂျီ ဆေ(လ)ဘာမန် ကကူညီခဲ့သည်။ ၁၉၈၃ ဒီဇင်ဘာမတိုင်မီထိ ရိုက်ကူးရေးမစတင်နိုင်ခဲ့ဘဲ တစ်နှစ်ခန့်ကြာခဲ့သည်။[၁၂၈]

၁၉၈၅ ဇန်နဝါရီတွင် "ရန်"ကို ရိုက်ကူးနေရင်းမှ ကူရိုဆာဝါ၏ဇနီးသည် နေထိုင်မကောင်းဖြစ်၍ ရိုက်ကူးရေးခေတ္တနားရသည်။ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် သူမကွယ်လွန်သွားသည်။ ကူရိုဆာဝါလည်းရုပ်ရှင်ကို အဆုံးသတ်အောင်ရိုက်ကူး၍ မေလ ၃၁ရက် တိုကျိုရုပ်ရှင်ပွဲတော်တွင် စတင်ရုံတင်နိုင်ခဲ့ပြီး နောက်တစ်ရက်တွင် ကမ္ဘာအနှံ့ဖြန့်ချိခဲ့သည်။ ဤရုပ်ရှင်သည်လည်း "ကာဂီမူရှာ"ကဲ့သို့ပင် ဂျပန်တွင် ဝင်ငွေအတန်အသင့်သာရရှိသော်လည်း နိုင်ငံတကာတွင် အောင်မြင်ခဲ့သည်။[၁၂၉]

"ကာဂီမူရှာ"နှင့် "ရန်"နှစ်ကားလုံးကို ကူရိုဆာဝါ၏ အကောင်းဆုံးလက်ရာများအဖြစ် သတ်မှတ်ကြသည်။ [၁၃၀][၁၃၁]


နောက်ဆုံးလက်ရာများနှင့် နောက်ဆုံးနှစ်များ (၁၉၈၇–၉၈)[ပြင်ဆင်ရန်]

သူ၏ နောက်ရုပ်ရှင်အတွက် ကူရိုဆာဝါသည် သူယခင်ကရိုက်ကူးခဲ့သမျှသော ရုပ်ရှင်များနှင့် လုံးဝကွဲပြားသည့် အကြောင်းအရာတစ်ခုကိုရွေးချယ်ခဲ့သည်။ "ငမူးတမန်တော်"နှင့် "ကာဂီမူရှာ"ရုပ်ရှင်များကဲ့သို့ သူ၏အချို့ရုပ်ရှင်များတွင် ဇာတ်ကောင်များ၏ အိပ်မက်ဖြစ်စဉ်အကျဉ်းများ ထည့်ဖူးသော်လည်း ယခုရိုက်ကူးမည့် "အိပ်မက်များ"ရုပ်ရှင်သည် ဒါရိုက်တာ၏ ကိုယ်ပိုင် အိပ်မက်များအပေါ်တွင်သာ လုံးလုံးအခြေခံသည်။ သိသာထင်ရှားသည်မှာ ဤရုပ်ရှင်အတွက် ဇာတ်ညွှန်းကို နှစ်လေးဆယ်အတွင်း ပထမဆုံးအနေဖြင့် တစ်ဦးတည်း ရေးသားခဲ့ခြင်းဖြစ်သည်။ ယခင်ရုပ်ရှင်များထက် ခန့်မှန်းကုန်ကျငွေနည်းသော်လည်း ဂျပန်စတူဒီယိုများက ဒါရိုက်တာကြီးဘက်၌ရှိမနေချေ။ ထို့ကြောင့် ကူရိုဆာဝါသည် အခြားထင်ရှားသော သူ့ပရိတ်သတ်တစ်ဦးဖြစ်သည့် စတီဗင် စပီး(လ)ဘတ်အား "ဝါနာ ဘရာသား"ကုမ္ပဏီထံ ရုပ်ရှင်အတွက် နိုင်ငံတကာမူပိုင်ခွင့်ကို ဝယ်ယူစေရန် အကူအညီတောင်းသည်။ ရှစ်လထက်ပို၍ အချိန်ယူရိုက်ကူးပြီးနောက် ၁၉၉၀ မေလတွင် "အိပ်မက်များ"ကို ကိန်း၌ ရုံတင်သည်။[၁၃၂]

ကူရိုဆာဝါသည် သမရိုးကျဇာတ်တစ်ခုဖြစ်သော "Rhapsody in August"ကို ရိုက်ကူးရန်ပြင်သည်။ ဒုတိယကမ္ဘာစစ်အပြီး နျူကလီးယားဗုံးဒဏ်ကြောင့် ပျက်ဆီးခဲ့ရသော နာဂါဆာကီ၏ အနာတရများကို ပြန်လည်တူးဆွထားသော ဇာတ်ဖြစ်သည်။ ဇာတ်လမ်းကို ကီယိုကီ မူရာတာ၏ ဝတ္ထုတစ်ပုဒ်ကို မှီငြမ်းခြင်းဖြစ်သော်လည်း နာဂါဆာကီကိုဗုံးကြဲခြင်း အကိုးအကားများမှာမူ ဒါရိုက်တာ၏ ကိုယ်ပိုင်ဖြစ်သည်။ ဤရုပ်ရှင်မှာ ကူရိုဆာဝါ့ဘဝတစ်လျောက် အမေရိကန်ရုပ်ရှင်ကြယ်ပွင့် တစ်ဦးပါဝင်သော တစ်ခုတည်းသောရုပ်ရှင်ဖြစ်သည်။ ရစ်ချတ် ဂီရီက သူရဲကောင်းအိုတစ်ဦး၏ တူနေရာမှ မထင်မရှားပါဝင်ထားခြင်းဖြစ်သည်။ ၁၉၉၁ နှစ်စတွင် ရိုက်ကူးရေးစ၍ ထိုနှစ် မေလ ၂၅ တွင် ရုံတင်ရာ အဆိုးဝါးဆုံးဝေဖန်ခံရသည်။ အထူးသဖြင့် အမေရိကတွင် ဒါရိုက်တာအား အမေရိကန်ဆန့်ကျင်ရေးပြင်းပြမှုများသူဟု စွပ်စွဲကြသည်။[၁၃၃][၁၃၄]

ကမာကူရရှိ အကီရာ ကူရိုဆာဝါ၏ အုတ်ဂူ

ကူရိုဆာဝါသည် အချိန်မဆိုင်းဘဲ နောက်တစ်ကားအဖြစ် "မာဒါဒါယို"ကို ရိုက်ကူးရန်ပြင်သည်။ "ဟာယကင် အူချီဒါ"၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအားအခြေခံ၍ ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးကာလမှ ဂျာမန်တို့၏ ဂျပန်လူမျိုး ပရော်ဖက်ဆာတစ်ဦးအကြောင်း ဖြစ်သည်။ ၁၉၉၂ ဖေဖော်ဝါရီတွင် ရိုက်ကူးရေးစ၍ စက်တင်ဘာတွင် ပြီးသည်။ ၁၉၉၃ ဧပြီ ၁၇ တွင် ဖြန့်ချိသည်။ ပြီးခဲ့သေ။ ရုပ်ရှင်နှစ်ကားထက် ပိုမိုဆိုးဝါးသော ဝေဖန်မှုကြုံရသည်။[၁၃၅]

သို့သော်လည်း ကူရိုဆာဝါမှာ ဆက်လက်ဖန်တီးရန်ကြိုးစားဆဲဖြစ်သည်။ ၁၉၉၃ တွင် "ပင်လယ်ကြီးက ကြည့်နေတယ်"ရုပ်ရှင်နှင့် ၁၉၉၅ တွင် "မိုးရွာသွန်းပြီးနောက်"ရုပ်ရှင်တို့၏ မူရင်းဇာတ်ညွှန်းများကို ရေးပေးခဲ့သည်။ ၁၉၉၅ တွင် နောက်ဆုံးလုပ်လက်စ အလုပ်ကို လက်စသတ်နေရင်း ကူရိုဆာဝါသည် ချော်လဲ၍ ကျောရိုးကျိုးသွားသည်။ ထိုမတော်တဆမှုပြီးနောက် သူသည် တစ်သက်လုံး ဘီးတပ်ကုလားထိုင်ဖြင့် နေထိုင်သွားရသည်။[၁၃၆] သူ၏ အစဉ်သဖြင့်ရှိခဲ့သော ရုပ်ရှင်ရိုက်ကူးနေရင်း ရိုက်ကွင်းမှာပင် သေဆုံးသွားလိုသော ဆန္ဒသည်[၁၃၄][၁၃၇]—မပြည့်ဝခဲ့ပေ။

မတော်တဆမှုအပြီးတွင် ကူရိုဆာဝါ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့သည်။ သူ၏ စိတ်ဆန္ဒအဟုန်တို့မှာ ရှင်သန်ထက်မြက်ဆဲဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ လက်မြောက်အရှုံးပေးရချေပြီ။ သူ့ဘဝ၏ နောက်ဆုံးနှစ်ဝက်တွင် အိမ်ရှိ အိပ်ရာထဲ၌သာ သီချင်းများနားထောင်ရင်း၊ ရုပ်မြင်သံကြားကြည့်ရင်း အချိန်ကုန်ရလေသည်။ အသက် ၈၈ နှစ်အရွယ် ၁၉၉၈ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် အကီရာ ကူရိုဆာဝါသည် လေဖြတ်၍ ကွယ်လွန်လေသည်။[၁၃၈] သားသမီးနှစ်ယောက်၊ မြေးလေးယောက် ကျန်ရစ်သည်။[၁၃၉][၁၄၀]

ကွယ်လွန်ပြီးနောက်[ပြင်ဆင်ရန်]

ကူရိုဆာဝါ ကွယ်လွန်ပြီးသည့်နောက်မှ သူ၏ ရုပ်ရှင်အဖြစ် မရိုက်ကူးရသေးသော ဇာတ်ညွှန်းများကို ရုက်ရှင်ရိုက်ကူးကြလေရာ ၁၉၉၈ တွင် ဒါရိုက်တာ "တာကာရှီ ကိုအိဇုမိ"ရိုက်ကူးသော "မိုးရွာသွန်းပြီးနောက်"ရုပ်ရှင်ကို ဖြန့်ချိလေသည်။[၁၄၁][၁၄၂] ထို့ပြင် ၂၀၀၂ ခုနှစ်တွင် ဒါရိုက်တာ "ကိုင် ကူမိုင်"ရိုက်ကူးသော "ပင်လယ်ကြီးက ကြည့်နေတယ်"ရုပ်ရှင် ကို ရုံတင်သည်။[၁၄၃] ယွန်ကီ နို ကိုင် (သူရဲကောင်းလေးဖော်) (ကူရိုဆာဝါ၊ ကိုင်ဆူကီ ကီနိုရှီတာ၊ မာဆာကီ ကိုဘာယာရှီ၊ ကွန် အီချီကာဝါ) မှ ဖန်တီးခဲ့သော ဇာတ်ညွှန်းတစ်ခုကို တစ်ဦးတည်းအသက်ရှင် ကျန်ရစ်သူ ကွန် အီချီကာဝါက ရိုက်ကူး၍ ၂၀၀၀ ပြည့်နှစ်တွင် ရုံတင်သည်။[၁၄၄]

မှတ်စုများ[ပြင်ဆင်ရန်]

  1. 黒沢 明 in Shinjitai.
  2. ၁၉၄၆တွင် ကူရိုဆာဝါသည် ဟိုက်ဒေအို ဆေကီဂါဝါ၊ ကာဂျီရို ယာမာမိုတိုတို့နှင့်အတူ "မနက်ဖြန်များကို ဖန်ဆင်းသူများ"ကို ရိုက်ကူးခဲ့သည်။ ထိုကာလက ကူရိုဆာဝါမှာ အခြားစာချုပ်တစ်ခုရှိနေသော်လည်း တိုဟိုစတူဒီယိုမှ သူ့အား ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ (ထိုရုပ်ရှင်ကို တစ်ပတ်အတွင်း ရိုက်ခဲ့သည်ဟု သူကဆိုသည်။) ထိုရုပ်ရှင်သည် သူ၏တစ်ခုတည်းသော အပြည့်အဝအသိအမှတ်မပြုခံရသည့်၊ ပြည်တွင်းတွင် မည်သည့်ပုံစံနှင့်မျှ မပြသခဲ့သည့် တစ်ခုတည်းသော ရုပ်ရှင်ဖြစ်သည်။ နောက်ပိုင်းတွင် ကူရိုဆာဝါက ထိုရုပ်ရှင်ကို ပစ်ပယ်ခဲ့ပြီး အခြားသူရိုက်ကူးသော ရုပ်ရှင်သုံးဆယ်စာရင်းတွင် ထည့်မရည်တွက်ခဲ့ချေ။ သို့သော်လည်း အချို့စာရင်းများတွင်မူ ထိုရုပ်ရှင်ကိုပါ ထည့်ရည်တွက်ကြလေ့ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Galbraith, pp. 65–67
  2. Academy Award Acceptance Speech Database။ Archived from the original on February 17, 2010။ June 13, 2010 တွင် ပြန်စစ်ပြီး။
  3. Akira Kurosawa Tribute with George Lucas, Steven Spielberg (November 19, 2008)။ June 28, 2010 တွင် ပြန်စစ်ပြီး။
  4. ASIANOW – Asiaweek – Asian of the Century – Kurosawa Akira – 12/10/99။ June 18, 2010 တွင် ပြန်စစ်ပြီး။
  5. Galbraith, pp. 14–15
  6. ၆.၀ ၆.၁ Kurosawa 1983, p. 17
  7. Kurosawa 1983, pp. 5–7
  8. Kurosawa 1983, pp. 12–13
  9. Galbraith, p. 16
  10. Kurosawa 1983, pp. 51–52
  11. Prince, p. 302
  12. Kurosawa 1983, pp. 70–71
  13. ၁၃.၀ ၁၃.၁ Galbraith, p. 19
  14. Kurosawa 1983, pp. 72–74, 82
  15. Kurosawa 1983, p. 77
  16. ၁၆.၀ ၁၆.၁ Kurosawa 1983, p. 84
  17. Kurosawa 1983, pp. 89–93
  18. Galbraith, p. 25
  19. Galbraith, pp. 652–658
  20. Galbraith, pp. 29–30
  21. Goodwin 1994, p. 40
  22. Kurosawa 1983, p. 103
  23. Goodwin 1994, p. 42
  24. Akira Kurosawa။ Archived from the original on July 24, 2010။ August 9, 2010 တွင် ပြန်စစ်ပြီး။
  25. Galbraith, pp. 658–707
  26. Galbraith, p. 39
  27. Kurosawa 1983, pp. 121–123
  28. Galbraith, pp. 43, 45–46
  29. Kurosawa 1983, pp. 124–128, 130–131
  30. Kurosawa 1983, pp. 132–135
  31. Galbraith, pp. 46–51
  32. Kurosawa 1983, pp. 137–139
  33. Galbraith, pp. 55–57
  34. Galbraith, pp. 64, 191
  35. Kurosawa 1983, pp. 135–137
  36. Galbraith, pp. 51–55
  37. Richie 1999, pp. 24–25
  38. Yoshimoto, p. 89
  39. Prince, pp. 55–56
  40. Galbraith, pp. 660–661
  41. Richie 2001, pp. 106
  42. Galbraith, pp. 70–79
  43. Richie 1999, p. 37
  44. Kurosawa 1983, p. 150
  45. Yoshimoto, pp. 114–134
  46. Richie 1999, pp. 43–46
  47. Galbraith, pp. 87–91
  48. Kurosawa 1983, pp. 159–161
  49. Three Early Kurosawas: Drunken Angel, Scandal, I Live in Fear။ brightlightsfilm.com။ January 23, 2015 တွင် ပြန်စစ်ပြီး။
  50. Kurosawa 1983, pp. 161–164
  51. Bock 1978, p. 169
  52. Galbraith, pp. 94–97
  53. Richie 1999, pp. 47–53
  54. Kurosawa 1983, pp. 168–169
  55. Richie 1999, pp. 54–57
  56. Galbraith, pp. 100–104
  57. Yoshimoto, pp. 140–146
  58. (2014) Class, Crime and International Film Noir: Globalizing America's Dark Art. London: Palgrave Macmillan, 162–67. ISBN 1137290137. Retrieved on January 23, 2015. 
  59. Kurosawa 1983, pp. 172–177
  60. Galbraith, pp. 108–115
  61. Richie 1999, pp. 58–64
  62. "FilmInt" (2006). Film International 4 (1–6). Sweden: Kulturrådet. Retrieved on April 28, 2012. “In addition to being a masterful precursor to the buddy cop movies and police procedurals popular today, Stray Dog is also a complex genre film that examines the plight of soldiers returning home to post-war Japan.” 
  63. Kurosawa 1983, pp. 180–187
  64. Nogami, pp. 82–99
  65. Galbraith, p. 132
  66. Galbraith, pp. 144–147
  67. Prince, pp. 135–142
  68. Yoshimoto, pp. 190–193
  69. Richie 1999, pp. 81–85
  70. Galbraith, p. 136
  71. Galbraith, pp. 137–142
  72. Rashômon (1950) – Release dates။ August 13, 2010 တွင် ပြန်စစ်ပြီး။
  73. Galbraith, pp. 155–167
  74. Richie 1999, pp. 86–96
  75. Prince, pp. 99–113
  76. ၇၆.၀ ၇၆.၁ Galbraith, pp. 170–1
  77. Mellen 2002, p. 6
  78. Richie 1999, pp. 97–108
  79. Galbraith, pp. 214–223
  80. Goodwin 1994, p. 125
  81. Prince, pp. 159–170
  82. Galbraith, pp. 230–239
  83. Richie 1999, pp. 115–124
  84. Kurosawa (WNET), bonus materials: Isuzu Yamada interview
  85. Prince, pp. 142–149
  86. Galbraith, pp. 253–264
  87. Richie 1999, pp. 134–139
  88. Star Wars, George Lucas commentary
  89. Galbraith, p. 264
  90. Richie 1999, pp. 140–146
  91. Yoshimoto, pp. 274
  92. Galbraith, pp. 286–293
  93. Prince, pp. 175–188
  94. Galbraith, pp. 301–313
  95. Yoshimoto, pp. 289–292
  96. Richie 1999, pp. 147–155
  97. Galbraith, pp. 324–329
  98. Yoshimoto, pp. 293–296
  99. Richie 1999, pp. 156–162
  100. Galbraith, pp. 341–361
  101. Richie 1999, pp. 163–170
  102. Prince, pp. 188–9
  103. Mellen 2002, p. 28
  104. Galbraith, pp. 372–374
  105. Galbraith, pp. 374–389
  106. Richie 1999, pp. 171–183
  107. Yoshimoto, pp. 332–333
  108. Prince, pp. 235–249
  109. Richie 1999, p. 183
  110. Prince, pp. 4–5
  111. Galbraith, p. 242
  112. Kurosawa (WNET), Donald Richie interview
  113. Galbraith, pp. 440–441
  114. Galbraith, pp. 440–448
  115. Galbraith, pp. 448–468
  116. Kurosawa: The Last Emperor, Donald Richie interview
  117. Galbraith, pp. 458–471
  118. Galbraith, pp. 437–474
  119. Yojimbo, DVD featurette: It Is Wonderful to Create – Crew Interview
  120. Galbraith, pp. 474–486
  121. Galbraith, pp. 487–489, 522
  122. 9th Moscow International Film Festival (1975)MIFF။ January 4, 2013 တွင် ပြန်စစ်ပြီး။
  123. Nogami, pp. 127–155
  124. Galbraith, pp. 518–522
  125. Galbraith, p. 547
  126. Galbraith, pp. 547–558
  127. Richie 1999, pp. 204–213
  128. Galbraith, pp. 569–576
  129. Galbraith, pp. 576–583
  130. Galbraith, pp. 580–586
  131. Richie1999, p. 214
  132. Galbraith, pp. 604–608
  133. Galbraith, pp. 612–618
  134. ၁၃၄.၀ ၁၃၄.၁ Weisman, Steven R.။ "Kurosawa Still Finding Unfamiliar Seas to Sail"၊ The New York Times၊ October 1, 1990။ August 29, 2010 တွင် ပြန်စစ်ပြီး 
  135. Galbraith, pp. 622–627
  136. Galbraith, pp. 636–639
  137. Kurosawa 1983, p. viii
  138. Galbraith, pp. 639–640
  139. Kurosawa grandchildren
  140. grandson by Kazuko
  141. Galbraith, pp. 641–645
  142. After the Rain (1999)။ Archived from the original on September 1, 2010။ August 19, 2010 တွင် ပြန်စစ်ပြီး။
  143. The Sea Is Watching (2002)။ Archived from the original on July 28, 2010။ August 19, 2010 တွင် ပြန်စစ်ပြီး။
  144. The samurai flick that got away။ Archived from the original on October 10, 2012။ August 19, 2010 တွင် ပြန်စစ်ပြီး။

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

  • Buchanan, Judith (2005). Shakespeare on Film. Pearson Longman. ISBN 0-582-43716-4.
  • Burch, Nöel (1979). To the Distant Observer: Form and Meaning in the Japanese Cinema. University of California Press. ISBN 0-520-03605-0. Available online at the Center for Japanese Studies, University of Michigan
  • Cowie, Peter (2010). Akira Kurosawa: Master of Cinema. Rizzoli Publications. ISBN 0-8478-3319-4.
  • Davies, Anthony (1990). Filming Shakespeare's Plays: The Adaptions of Laurence Olivier, Orson Welles, Peter Brook and Akira Kurosawa. Cambridge University Press. ISBN 0-521-39913-0.
  • Desser, David (1983). The Samurai Films of Akira Kurosawa (Studies in Cinema No. 23). UMI Research Press. ISBN 0-8357-1924-3.
  • Kurosawa, Akira (1999). Kurosawa Akira zengashū (in Japanese). Shogakukan. ISBN 4-09-699611-4. 
  • Leonard, Kendra Preston (2009). Shakespeare, Madness, and Music: Scoring Insanity in Cinematic Adaptations. Plymouth: The Scarecrow Press. ISBN 0-8108-6946-2.
  • Sorensen, Lars-Martin (2009). Censorship of Japanese Films During the U.S. Occupation of Japan: The Cases of Yasujiro Ozu and Akira Kurosawa. Edwin Mellen Press. ISBN 0-7734-4673-7.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]