ဟန်ဧကရာဇ်ဝူ
ဟန်ဧကရာဇ် ဝူ | |||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ဟန်ဧကရာဇ် နိုင်ငံတော်၏ ဧကရာဇ် | |||||||||||||||||
နန်းသက် | ကိုးရက် မတ်လ ၁၄၁ ဘီစီ – ၂၉ မတ်လ ၈၇ ဘီစီ | ||||||||||||||||
ရှေ့မင်းဆက် | ဧကရာဇ် ဂျင်း | ||||||||||||||||
နောက်မင်းဆက် | ဧကရာဇ်ကျောက် | ||||||||||||||||
မွေးဖွား | ၃၀ ဇူလိုင်၊ ၁၆၀ ဘီစီ ချန်အန်း၊ ဟန်ဧကရာဇ် နိုင်ငံတော် | ||||||||||||||||
ကွယ်လွန် | ၂၉ မတ် ၈၈ ဘီစီ ချန်အန်း, ဟန်ဧကရာဇ် နိုင်ငံတော် | ||||||||||||||||
ထာဝရ အိပ်စက်ရာ နေရာ | မြောင်လင်း၊ ကျန်းရန်၊ ရှန်းစီးနယ်၊ တရုတ်ပြည် | ||||||||||||||||
မိဖုရားခေါင်ကြီး | မိဖုရားခေါင်ကြီး ချန်းဂျောင် (陳嬌) မိဖုရားခေါင်ကြီး ဝေကျီးဖူ (衛子夫) | ||||||||||||||||
သားသမီးများ | သမီးတော် မင်းသမီး ဝေ (衛長公主) မင်းသမီး ကျူးရီ (諸邑公主) မင်းသမီး ရှီယီ (石邑公主) လျိုဂျူ, အိမ်ရှေ့စံလီ(戾太子劉據) လျိုဘို, ချန်းရီမင်းသား အဲအီ(昌邑哀王劉髆) လျိုဟုန်, ချီမင်းသား ဟွိုင် (齊懷王劉閎) လျိုဒန်, ယန်းမင်းသား လ (燕刺王劉旦) လျိုကျူး, ဂွမ်လင်းမင်းသား လီ (廣陵厲王劉胥) လျိုဖုလင်း, ဧကရာဇ် ကျောက် (昭帝劉弗陵) | ||||||||||||||||
| |||||||||||||||||
မင်းဆက် | အနောက်ပိုင်း ဟန် | ||||||||||||||||
ခမည်းတော် | ဟန်ဧကရာဇ် ဂျင်း | ||||||||||||||||
မယ်တော် | မိဖုရားကြီး ဝမ်ကျီး (王娡) |
ဟန်မင်းဆက် ဧကရာဇ် ဝူ (ဟန်ဝူတီ)သည် ဇွန်လ ၃၀ ရက်နေ့ ၁၅၆ ဘီစီတွင် မွေးဖွား၍ မတ်လ ၂၉ ရက်တွင် နတ်ရွာစံသည်။ ငယ်မည် လျိုချဲ့ ဖြစ်၍ အရပ်အခေါ် ထုန် ဖြစ်ကာ တရုတ်ပြည် ဟန်မင်းဆက်၏ ခုနစ်ဆက်မြောက် ဧကရာဇ်ဖြစ်သည်။[၂] ၁၄၁ ဘီစီမှ ၈၇ ဘီစီအထိ နိုင်ငံတော်ကို အုပ်စိုးခဲ့သည်။ ၎င်း၏ အုပ်စိုးမှုသည် ၅၄ နှစ် ရှည် ကြာခဲ့ရာ နောင်နှစ်ပေါင်း ၁၈၀၀ အကြာမှ ဧကရာဇ် ခန်းကျီးပြီးလျှင် အကြာဆုံး အုပ်စိုးမှုပင် ဖြစ်တော့သည်။ သူ၏ အုပ်စိုးမှုသည် တိုင်းပြည် နယ်နမိတ်တိုးပွားစေခြင်း၊သူ၏ အစိုးရ အုပ်ချုပ်မှုကို ပြန်လည်ဖွဲ့ စည်းစေခြင်းကြောင့် ခိုင်မာ၍ အချက်အချာကျသော ဒေသနယ်ပယ်တစ်ရပ် အဖြစ် တိုင်းပြည် ကို ဖွံ့ဖြိုးစေခြင်း အပြင် ကွန်ဖြူးရှပ်ဝါဒကို ပိုမိုထွန်းကားလာစေခြင်း ဟူ၍ တိုင်းပြည်ကြီးကို တိုးတက်စေခဲ့သည်။ သမိုင်း၊ လူမှုရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ လေ့လာချက်များတွင် ဧကရာဇ်ဝူသည် ဘာသာရေးဆိုင်ရာ ဆန်းသစ် တီထွင်မှုများ၊ကဗျာပညာရှင်များကို အားပေးချီးမြှောက်တော်မူခြင်း၊ ကိုယ်ခံပညာ ကို ဖွံဖြိုးစေခြင်း တို့ဖြင့် လူသိများသည်။ ၎င်းသည် နန်းတွင်း ဂီတ အဖွဲ့ငယ်ကို ဂုဏ်သိမ်ထည်ဝါ သော ဌာနတစ်ရပ် အဖြစ် အားပေးချီးမြှောက်တော်မူခဲ့သည်။ အာရှဥရောပ အနောက်ပိုင်းဒေသနှင့် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်း ကောင်း ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့လာမှုသည် သူ၏ လက်ထက်တွင်ပင် ဖြစ်လေသည်။ ကောက်ပဲသီးနှံ မျိုးစိတ်သစ်များ၊ အခြားသော အသစ်အဆန်းပစ္စည်းများသည် တိုင်းပြည် အတွင်းသို့ စတင် ဝင်ရောက်လာခဲ့သည်။
စစ် ဆင်နွှဲလေ့ရှိသူ တစ်ဦးအနေဖြင့် ဧကရာဇ် ဝူသည် ဟန်တရုတ်တို့ကို ကျယ်ပြောလှသည့် နယ်ပယ်တစ်ရပ်ကို ပေးစွမ်းခဲ့သည်။ မဟာနိုင်ငံတော်ကြီး၏ ဘုန်းမီးနေလ အထွတ်အထိပ်ရောက်ချိန်တွင် အနောက်တွင် ယခုခေတ် ကာဂျစ်စတန်ပြည်၊ အရှေ့တွင် ကိုရီးယားပြည်၊ တောင်ဘက်တွင် ဗီယက်နမ်ပြည် မြောက်ပိုင်း တို့သည် နိုင်ငံတော် အဝင်ဖြစ်ခဲ့သည်။ ဧကရာဇ်ဝူသည် နယ်မြေမဲ့ ရှုံးနူ လူမျိုးတို့ကို မြောက်ပိုင်း တရုတ်နိုင်ငံတော် အား အမြဲတစေ ထိပါးနှောင့်ယှက်နေခြင်းမှ အောင်မြင်စွာ တွန်းလှန်ခဲ့သည့်အပြင် ၁၃၉ ဘီစီ ၌ ခန်းဂျူ ၏ ယွဲ့ဂျီ (ယခု ဆောဒီးယား၊ ဥဇဘက်ကစ္စတန်)ကို မဟာမိတ်ဖွဲ့ ရန်အလို့ငှါ သံတမန် အဖြစ် ကျန်းချင် ကို စေလွှတ်ခဲ့သည်။ ၎င်းလုပ်ရပ်သည် အာရှအလယ်ပိုင်း သို့ နောင်အခါ ပြုမည့် ဆောင်ရွက်ရန်ရှိသည်များကို လမ်းပွင့်စေခဲ့သည်။ သမိုင်းမှတ်တမ်းတွင် ဧကရာဇ် ဝူသည် ဗုဒ္ဓဘာသာကို ဂရုပြုသည်ဟု မဖော်ပြထားသော်လည်း (မှတ်တမ်းများအရ သူသည် အောက်လမ်းပညာကို ပိုမိုစိတ်ဝင် စားသည်) နယ်နမိတ် ထိတွေ့မှုများသောကြောင့် ယဉ်ကျေးမှုချင်း ဖလှယ်လေ့ရှိသည့် အားလျော် စွာ မိုဂေါင် ဂူများထဲ၌ တွေ့ရသော နံရံဆေး ရေးပန်းချီများအရ သူသည် အာရှအရှေ့ပိုင်း ဒေသများမှ ဗုဒ္ဓ ဆင်းတုတော်များ ရရှိခဲ့သည် ဟု ဖော်ပြကြသည်။
ဧကရာဇ် ဝူသည် သူ၏ အုပ်ချုပ်ရေးကြောင့် ဟန် မင်းဆက်ကို ကမ္ဘာပေါ်တွင် အင်အားတောင့်တင်းလှသည့် တိုင်းပြည်ကြီး ဖြစ်လာစေသည့် အတွက် တရုတ်လူမျိုး သမိုင်းတွင် အကြီးမြတ်ဆုံး ဧကရာဇ်များ ထဲမှ တစ်ဦးအပါအဝင် ဖြစ်သည် ဟု ဆိုနိုင်သည်။[၃]မိုက်ကယ်လိုးဝီး သည် ဧကရာဇ်ဝူ၏ လက်ထက်တော်ကို ခေတ်အမြင်ရှိသူများ အနေမြင့်သောခေတ် ဟု ဆိုစမှတ်ပြုခဲ့သည်။[၄] ဧကရာဇ်ဝူ၏ မူဝါဒများနှင့် သူ၏ အတိုင်ပင်ခံအမတ်များသည် ရှန်းယန် ၏ အတွေးအခေါ်များကို သဘောကျနှစ်ခြိုက်ကြသူများ ဖြစ်သူများဖြစ်သည့် အားလျော်စွာ[၅] ဥပဒေ ကို နိုင်ငံတော်၏ အဓိက ကျောရိုးအဖြစ် မှတ်ယူကြသူများ ဖြစ်ကြသည်။[၆] ထိုသို့ ဗဟိုအာဏာပိုင် အချက်အချာကျ နိုင်ငံတော် အဖြစ် ထူထောင်သော်လည်း ဧကရာဇ်ဝူသည် ကွန်ဖြူးရှပ်ဝါဒများကို တိုင်းပြည်၏ တွေးခေါ်မှုနှင့် အကျင့်စာရိတ္တ ဆိုင်ရာ စံညွှန်း အဖြစ် သတ်မှတ်ခဲ့သည့် အပြင် နောင်မင်းမှုထမ်းများကို ကွန်ဖြူးရှပ်၏ စာပေများ လေ့လာစေရန်အတွက် ကျောင်းတစ်ကျောင်းကို ပင် ထူထောင်စေခဲ့သည်။ ထိုပြုပြင်ပြောင်းလဲမှုများသည် တရုတ်ပြည်ကြီးနှင့်တကွ အနီးအနား အိမ်နီးချင်း နိင်ငံများ ကို ပင် အမြဲတစေ သက်ရောက်ခဲ့သည်။ ထို့အပြင် ဧကရာဇ် ဝူသည် အောက်လမ်းပညာရပ်ဆိုင်ရာ အကြံပေးများ ခန့်အပ်မှု၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုများ အတွက်လည်း လူသိများသည်။
အမည်များ
[ပြင်ဆင်ရန်]ဧကရာဇ် ဝူ ၏ ကိုယ်ပိုင်နာမည် မှာ လျိုချဲ့ (刘彻) ဖြစ်သည်။ [၇] ဧကရာဇ် ဝူကို ခေါ်ဆိုရာတွင် သုံးသော "ဟန်" စကားလုံး (汉)သည် ဟန်မင်းဆက်ကို ခေါ်ဆိုရာတွင် အသုံးပြုသည်။ သူ၏ မိသားစု အမည်မှာ ဟန် နိုင်ငံတော်ကို ထူထောင်သည့် လျိုပန်း ၏ မိသားစု အမည် ဖြစ်သည်။ "တီ(Di)" (帝) ဆိုသည့် စကားလုံးသည် ဘွဲ့အမည် ဖြစ်ပြီး တရုတ်ပြည် နန်းတွင်း သမိုင်းတွင် "ဧကရာဇ် " ကို ဆိုလိုသည်။ "ဝူ(Wu)" သည် စာပေအနက် အရ "စစ်ဘုရင်" ဟု ဆိုနိုင်သော်လည်း ထိုအချိန်က တရုတ်ပြည် ဘာသာရေးအသိုင်းအဝိုင်းတွင် တစ်စုံတစ်ရာသော တန်ခိုးရှင် တစ်ဦးနှင့်လည်း ဆက်စပ်နေပါသည်။ "ဝူ(Wu)" နှင့် "တီ(Di)" ကို ပေါင်းလိုက်လျှင် "ဝူတီ (Wudi)" ဟူသော အမည်နာမ ထွက်လာသည်။ ထို အမည်နာမသည်ပင် ဧကရာဇ် ၏ နောင်အခါတွင်သော အမည် ဖြစ်လာကာ သမိုင်း နှင့် ဘာသာရေးဆိုင်ရာ ရည်ရွယ်ချက် (ဥပမာ အနေဖြင့် ဧကရာဇ် ၏ အုတ်ဂူတွင် ပူဇော်ပသခြင်း စသည် ) တို့အတွက် သုံးသည့် အခေါ်အဝေါ်တစ်ရပ် ဖြစ်လာသည်။
နှစ် ကာလ အမည်များ
[ပြင်ဆင်ရန်]ဟန် ဧကရာဇ် ဝူ ၏ ဆန်းသစ်သော တီထွင်မှု တစ်ရပ်မှာ ဖြစ်ပွားခဲ့သော ဖြစ်ရပ် တို့ကို အမှတ်ရစေရန် နှစ် အတော် ကြာပြီးတိုင်း စိုးစံသည့် နှစ်ကာလ အမည်ကို ပြောင်းတတ်သည့် အလေ့ဖြစ်သည်။"nth" ခုနှစ် ၏ နှစ်ကာလ အမည် (nthသည် ပုံမှန် ပြက္ခဒိန် နှစ်ကို ဆိုလိုသည်) နှင့် "နှစ်ကာလအမည်" သည် ထို နှစ်နှင့် သက်ဆိုင်သည့် သီးသန့် အမည်ဖြစ်သည်။[၈]
အစောပိုင်းနှစ်များ
[ပြင်ဆင်ရန်]လျိုချဲ့ (劉徹) သည် ဟန် ဧကရာဇ် ဝမ်း၏ သက်ရှိထင်ရှား သားသမီးတို့တွင် အကြီးဆုံးသားဖြစ်သော လျိုကျီ၏ ၁၀ ယောက်မြောက် သားဖြစ်သည်။[၇] သူ၏ မိခင်ဖြစ်သည့် ဝမ်ကျီး (王娡) သည် သာမန်အရပ်သားတစ်ဦးဖြစ်သည့် ကျင်းဝမ်ဆွန်း (金王孫) နှင့် လက်ထပ်ထိမ်းမြားခဲ့ရာ ထိုအိမ်ထောင်တွင် သမီးတစ်ဦး ရရှိခဲ့သည်။ သို့သော် သူမ၏ မိခင်ဖြစ်သည့် ကျန့်အယ် (臧兒) သည် ဧကရာဇ် ဂေါင် ၏ လက်ထက်တွင် မင်းသားတစ်ဦးဖြစ်ခဲ့သည့် ရန်မင်းသား ကျန့်ထူ (臧荼) ၏ မြေးတော်ဖြစ်သည်။ ကျန့်အယ်သည် နတ်သွားမေးခဲ့ရာ နတ်ဆရာမှ "ဝမ်ကျီးနှင့် သူမ၏ညီမတို့သည် နောင်တစ်နေ့တွင် အလွန် ဂုဏ်ပြုခံရလတ္တံ့"ဟု ဟောကိန်းထုတ်လေရာ ကျန့်အယ်သည် ထိုအချိန်က အိမ်ရှေ့စံဖြစ်နေသည့် လျိုကျီထံ သူမ၏ သမီးနှစ်ဦးလုံးကို ဆက်သရန် အကြံဖြစ်ကာ ထိုစဉ်က ဝမ်ကျီး၏ ခင်ပွန်းထံမှ အဓမ္မ ကွာရှင်းစေခဲ့သည်။ ဝမ်ကျီးသည် လျိုကျီထံ ဆက်သခံရပြီးနောက် မင်းသမီး ယန်ရှင့် (陽信公主) ၊ မင်းသမီး နန်ကုန်း (南宮公主) ၊ မင်းသမီး လုံလု တို့ကို ဖွားမြင်ခဲ့သည်။
၁၅၆ ဘီစီတွင် နတ်ရွာစံသော ဟန် ဧကရာဇ် ဝမ်း နန်းပလ္လင်တော်တွင် ဟန် ဧကရာဇ် ဂျင်းအဖြစ် လျိုကျီ နန်းတက်သောနေ့၌ ဝမ်ကျီးသည် လျိုချဲ့ကို ဖွားမြင်လေသည်။ ထိုသို့ မင်းသားတစ်ပါးကို ဖွားမြင်ခဲ့သည့် အတွက် ဝမ်ကျီးသည် မိဖုရား တစ်ပါးအဖြစ်တင်မြှောက်ခြင်းကို ခံခဲ့ရသည်။ သူမ ကိုယ်ဝန်ရှိနေစဉ်တွင် နေမင်းသည် သူမ၏ ဝမ်းတွင်းသို့ ကျဆင်းလာသည် ဟု ဆိုခဲ့သည်။၊ ဧကရာဇ် ဂျင်းသည် အတိတ်ကောင်း နမိတ်ကောင်း အဖြစ်မှတ်ယူကာ ၁၅၃ ဘီစီတွင် ထိုစဉ်က ကလေးငယ် လျိုချဲ့ ကို ကျောင်တုန်းမင်းသား (膠東王) အဖြစ် ခန့်အပ်ခဲ့သည်။ ငယ်စဉ်ကပင် သွက်လက်ထက်မြက်သည့် လျိုချဲ့ သည် ဧကရာဇ် ဂျင်း၏ သဘောကျ သားတော်တစ်ဦး ဖြစ်လေသည်။
ထင်ရှားသည့် ထီးနန်းဆက်ခံမှု
[ပြင်ဆင်ရန်]ဧကရာဇ် ဂျင်း ၏ ယခင် ဇနီး မိဖုရားခေါင်ကြီး ဘို သည် သားသမီး မရှိခဲ့ပေ။ ထို့ကြောင့် ဧကရာဇ် ဂျင်း၏ သားကြီးဩရသလည်း ဖြစ်သည့်၊သူ၏ မောင်းမတော် သခင်မ လီ၏ သားတော် လျိုရုံ သည် ဘီစီ ၁၅၃ တွင် အိမ်ရှေ့စံအဖြစ် တင်မြှောက်ခြင်းကို ခံခဲ့ရသည်။ သူမ၏ သားတော်သည် ဧကရာဇ် ဖြစ်တော့မည် ဟု ကျိန်းသေယူဆကာ သခင်မ လီသည် ပိုမိုစိတ်ကြီးဝင်လာကာ သည်းခံရိုကျိုးသည့်စိတ် ထားနည်းပါးလာပြီး ဧကရာဇ်၏ အခြား ချစ်မြတ်နိုးသည့် မောင်းမများကို မနာလိုစိတ် ကြောင့် မကြာခဏ ငြူစူဒေါသထွက်လာခဲ့သည်။ သူမ၏ ထိုသို့ မလိမ္မာ မိုက်မဲမှုသည် ထိုစဉ်က မိဖုရား ဝမ် နှင့် သားငယ် လျိုချဲ့ တို့အတွက် အခွင့်အရေး တစ်ရပ်ဖြစ်လာလေသည်။
ဧကရာဇ် ဂျင်း ၏ အစ်မတော် ဂွမ်တောင် မင်းသမီး လျိုပြောင် သည် တူတော် လျိုရုံ အား မိမိ ၏ သမီးတော် နှင့် လက်ဆက်လိုကြောင်း သခင်မ လီ ကို ကမ်းလှမ်းလာခဲ့သည်။ ထိုသို့ ကမ်းလှမ်းလာခြင်းကို သခင်မ လီသည် ဧကရာဇ် ဂျင်းအား မောင်းမတော်များ ဆက်သလေ့ရှိသည့် မင်းသမီးကြီး ၏ အပြုအမူ အပေါ် အငြှိုးထားကာ ရိုင်းပြစွာ ငြင်းပယ် ခဲ့သည်။ လွန်စွာ အရှက်ရသော မင်းသမီးကြီး သည် ဧကရာဇ်၏ အခြား မြတ်နိုးသည့် မိဖုရား ဝမ် ကို ထပ်မံ ကမ်းလှမ်းခဲ့သည်။ ဂွမ်တောင်မင်းသမီးကြီး ၏ ကမ်းလှမ်းမှုကို အခွင့်တစ်ရပ် အဖြစ် အရယူကာ မိဖုရား ဝမ်သည် လှိုက်လှိုက်လှဲလှဲ လက်ခံလိုက်ခြင်း အားဖြင့် ဂွမ်တောင်မင်းသမီးနှင့် နိုင်ငံရေး အရ မဟာမိတ် ဖွဲ့ခဲ့သည်။ သတို့သားလောင်း လျိုချဲ့သည် ထိုစဉ်က လက်ထပ်ထိမ်းမြားရန် အသက် မပြည့်သေးသော ကြောင့် ဧကရာဇ် ဂျင်း သည် အစက သဘော မတူခဲ့ပေ။ ထိုအခါ မင်းသမီး ဂွမ်တောင်သည် ဝေ့ -ဂျင်း ခေတ် သမိုင်းသိပ္ပံ ကျေးလက်ပုံပြင် ဟန်ဝူ ပုံပြင်များကို ကိုးကားပြီးနောက် ငါးနှစ်သား လျိုချဲ့ကို သူမ၏ လက်နှင့် ပွေ့ကာ "လျိုချဲ့သည် သူမ၏ သမီးတော် အားဂျောင် ကို လက်ဆက်လို ပါသလော " ဟု မေးလေသည်။ မင်းသားလေးလည်း "ငါသည် သူမနှင့် လက်ထပ်ခဲ့လျှင် သူမအတွက် ရွှေအိမ်ကြီး ဆောက်ပေးမည် "ဟု ကြွားဝါကြွေးကြော် လေသည်။ ထိုအခါ မင်းသမီးကြီးလည်း ဧကရာဇ် ဂျင်း အား သဘောတူသင့်ကြောင်း ပုံပြင် တစ်ပုဒ် ပြောပြကာ တောင်းခံရာ ဧကရာဇ် လည်း သဘောကျနှစ်ခြိုက်တော်မူကာ သဘောတူခဲ့သည်။ ၎င်းသည်ပင် တရုတ်စကားပုံ တစ်ရပ် ဖြစ်သည့် "ရွှေအိမ်တော်ထဲမှာ ဂျောင်ကို ထားသလို" ကို တွင်စေခဲ့သည်။ ယခုအခါ အနက်မှာ မယားမဖြစ်နိုင်လျှင်ပင် ဇနီးငယ် အဖြစ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။
ထိုသို့ မိဖုရား ဝမ် နှင့် လက်ထပ်၍ မဟာမိတ်ပြုခြင်း သည် ခိုင်မာလေသော အခါ မင်းသမီး ဂွမ်တောင် သည် ဧကရာဇ် ဂျင်း၏ ရှေ့တွင် သခင်မ လီ အပေါ် မကြာခဏ မကောင်းပြောခြင်းများကို စတင် လေသည်။ အစ်မတော်၏ စကားကို ယုံကြည်စပြုသော ဧကရာဇ်သည် သခင်မ လီကို စစ်ဆေးစမ်းသပ်ရန် ဆုံးဖြတ်လိုက်လေသည်။ တစ်နေ့တွင် ဧကရာဇ် သည် သခင်မ လီ အား အကယ်၍ သူ ကွယ်လွန်ခဲ့သော် သူမသည် အခြားသူ၏ သားတော် သမီးတော်ကို ရင်ဝယ်သားကဲ့သို့ မွေးစား နိုင်ပါမည်လော ဟု မေးသောအခါ သူမ၏ မလိုက်နာနိုင်ကြောင်း ရိုင်းပျစွာ ငြင်းပယ်ခြင်းကိုသာ ကြားရလေသည်။ ဧကရာဇ် ဂျင်းသည် လွန်စွာ စိတ်ဆိုးရုံသာမက အကယ်၍ လျိုရုံသာ ထီးနန်းဆက်ခံခဲ့ရ၍ သခင်မလီသည် မယ်တော်ကြီး အဖြစ် အာဏာရယူခဲ့သော် မိမိ၏ အခြား မောင်းမ တို့သည် မိဖုရားခေါင်ကြီး လွီကျီး လက်ဝယ် ခံစားရရှာသော မိဖုရား ရှီ၏ ကံကြမ္မာမျိုး ခံစားရမည်ကို စိုးရိမ်ပူပန်လေသည်။ မင်းသမီး ဂွမ်တောင် သည် မိမိ၏ သမက် လျိုချဲ့ကို သမက်ထက် မိမိ၏ မောင် ဖြစ်စေလိုသည် ဟု စတင် ပြောင်ပြောင် ချီးမြှောက်ပြီးနောက် ဧကရာဇ် ဂျင်း ကိုလည်း လျိုချဲ့သည် လျိုရုံ ထက် နန်းမွေခံ အဖြစ် ပိုမိုသင့်တော်သည် ဟု ထပ်မံသွေးဆောင်ပြန် လေသည်။ မိဖုရား ဝမ် သည် သခင်မ လီ အပေါ် နောက်ဆုံး ကောက်ရိုးမျှင် အဖြစ် ဒုက္ခ ရောက်စေရန် ရည်ရွယ်ကာ ဝန်ကြီးတစ်ဦး အား လျိုရုံသည် အိမ်ရှေ့စံ ဖြစ်သည့် အလျောက် သခင်မ လီ ကို မိဖုရားခေါင်ကြီး တင်မြှောက်သင့် ကြောင်း အဆိုကို တရားဝင် တင်သွင်းစေသည်။ သခင်မ လီ ကို မည်သည့်နည်းနှင့်မျှ မိဖုရားခေါင် ကြီး မမြှောက်အပ် ဟု ခံယူပြီး ဖြစ်သည့် ဧကရာဇ် ဂျင်းသည် ထိုအဆိုကို သိသော် အလွန် အမျက်ထွက်ရုံ သာမက သခင်မလီ သည် နန်းတွင်း မင်းမှုထမ်းတို့ နှင့် ပူးပေါင်းကြံစည် နေသည် ဟု ယုံကြည်ပေသည်။ သူသည် ထိုဝန်ကြီး၏ မျိုးရိုးတစ်ခု လုံးကို ကွပ်မျက်၍ လျိုရုံကို အိမ်ရှေ့စံ အဖြစ်မှ ဖြုတ်ချလေသည်။ ထို့နောက် လင်ဂျန်းမင်းသား အဖြစ် သမုတ်၍ ၁၅၀ ဘီစီ တွင် မင်းနေပြည်တော် ချန်အန်းမှ ပြည်နှင်ဒဏ် ပေးခဲ့သည်။ သခင်မ လီကို လည်း ဘွဲ့အမည် တို့ကို ပြန်သိမ်းယူကာ အကျယ် ချုပ် အဖြစ် ထားခဲ့သည်။ မကြာမီတွင် သခင်မလီ လည်း စိတ်ဓာတ်ကျဆင်းကာ ကွယ်လွန်ခဲ့ပေသည်။ လျိုရုံ သည်လည်း ၂ နှစ် ကြာပြီးနောက် နန်းတွင်း နတ်ကွန်းမြေ တို့ကို မတရား သိမ်းယူမှု ဖြင့် ထိန်းသိမ်းခံရလေရာ ထိုအချိန်တွင်ပင် မိမိကိုယ်ကို သေကြောင်းကြံ စည်ခြင်းဖြင့် ဘဝကို အဆုံးသတ်ခဲ့သည်။ ၁၅၁ ဘီစီတွင် မိဖုရားခေါင်ကြီး ဘို ကို နန်းချခဲ့ရာ လစ်လပ်လျက်ရှိသော မိဖုရားခေါင်ကြီး နေရာကို မိဖုရား ဝမ် အား လေးလသာ ကြာပြီးနောက် နန်းဆက်ခံစေခဲ့သည်။ ၁၄၉ဘီစီတွင် မိဖုရားခေါင်ကြီး ၏ သားကြီး ဖြစ်နေပြီဖြစ်သည့် ၇ နှစ်သား လျိုချဲ့သည် အိမ်ရှေ့စံဖြစ်လာ ပေသည်။ ၁၄၁ ဘီစီတွင် ဧကရာဇ် ဂျင်း နတ်ရွာစံ သောကြောင့် ၁၅ နှစ်သား အိမ်ရှေ့စံ လျိုချဲ့ သည် ဧကရာဇ် ဝူ အဖြစ် ထီးနန်း စိုးစံတော်မူသည်။ သူ၏ အဖွားတော် မယ်တော်ကြီး ဒိုသည် အဖွားတော် ဖြစ်လာကာ မယ်တော် သည် မယ်တော်ကြီး ဝမ် ဖြစ်လာခဲ့သည်။ သူနှင့် နိုင်ငံရေး အရ ထိမ်းမြားခြင်း ပြုသည့် သူ၏ တစ်ဝမ်းကွဲ ဖြစ်၍ ဇနီးလည်း ဖြစ်သည့် အားဂျောင် သည် မိဖုရားခေါင်ကြီး ချန်းဂျောင် ဖြစ် လာလေသည်။
အစောပိုင်းနန်းစံမှုနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှု
[ပြင်ဆင်ရန်]ဧကရာဇ်ဝူ နန်းမတက်မီ ဟန်နိုင်ငံတော်ကြီးသည် တာအို ဘာသာဝင် များ၏ စီးပွားရေး လွတ်လပ်မှု နှင့် အာဏာခွဲဝေအုပ်ချုပ်မှု ကို အဓိက ပြုသည့် ဝူဝေ(無為而治) သဘောတရားအပေါ် အခြေခံကာ လုပ်ကိုင်ဆောင်ရွက်ကြသည်။ ပြည်ပ မူဝါဒ အနေဖြင့် ထိမ်းမြားလက်ထပ်ခြင်း ဖြင့် မဟာမိတ်ပြုခြင်း ကို မြောက်အရပ်ရှိ ရှုံးနှူ တို့နှင့် ငြိမ်းချမ်းမှု ရယူစေရန် အတွက် အသုံးချသည်။ ထို မူဝါဒတို့သည် ချင်မင်းဆက် နှောင်းပိုင်း ပြည်တွင်းစစ် တွင် ယိုယွင်းခဲ့သည် စီးပွားရေးကို ပြန်လည် နာလန်ထူစေခဲ့သော်လည်း ဆိုးကျိုးများလည်း ရှိပေသည်။ ထိုသို့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒသည် ဗဟိုအာဏာပိုင် အစိုးရ၏ အာဏာကို ယုတ်လျော့စေကာ နယ်စား တို့ကို တန်ခိုးအာဏာပိုမို ရရှိစေပြီး ဧကရာဇ် ဂျင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့သည့် ပြည်နယ်ခုနှစ်ခု ပုန်ကန်ခြင်း ကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် လူတန်းစားခွဲခြားမှု စနစ်ပေါ်ပေါက်လာစေပြီး ပြည်သူပြည်သားတို့ကို အနိုင်ကျင့်ခြင်း စသည် ဖြစ်ရပ်များကို မြစ်ဖျားခံကာ ပေါ်ပေါက်လာစေခဲ့သည်။ အထက်က ဖော်ပြခဲ့သည့် ထိမ်းမြားလက်ထပ်ခြင်းဖြင့် မဟာမိတ်ပြုခြင်းသည် လည်း ဟန်နိုင်ငံတော်ကို ထိထိရောက်ရောက် ကာကွယ်ခြင်း မပြုနိုင်ခဲ့ပေ။ ရေကြည်ရာ မြက်နုရာ နယ်မြေမဲ့ လူမျိုးစု မြင်းတပ်များသည် ဧကရာဇ် ဝမ်း ၏ လက်ထက်တွင် နေပြည်တော်မှ မိုင်တစ်ရာ သာ ကွာဝေးသည့် အရပ်သို့တိုင် လာရောက်ကျူးကျော်ကြသည်။ ဧကရာဇ် ဂျင်း လက်ထက်တွင် နယ်စပ်ဒေသနေ ပြည်သူ ၁၀,၀၀၀ ခန့် ပြန်ပေးဆွဲခံရခြင်း၊ကျွန်ပြုခံရခြ င်း စသည်တို့ကို ကြုံတွေ့ရသည်။ ထင်ရှားသည့် နိုင်ငံရေးပညာရှင် များဖြစ်သည့် ဂျားရီ(賈誼) နှင့် ချောင်ကျို(晁錯)တို့သည် နိုင်ငံရေးမူဝါဒပြုပြင်ပြောင်းလဲမှု၏ အရေးကြီးပုံကို တင်ပြခဲ့ကြသော်လည်း ဧကရာဇ် ဂျင်း သာမက ဧကရာဇ် ဝမ်း ပါ ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်ရန် စိတ်အားထက်သန်မှုမရှိကြချေ။
ရှေး ဧကရာဇ် တို့နှင့် မတူညီပဲ ငယ်ရွယ်၍ စိတ်အားတက်ကြွသည့် ဧကရာဇ်ဝူသည် လက်ရှိ အခြေအနေနှင့် ကျေနပ်လိုစိတ် မရှိပေ။ နှောင်းပိုင်း ၁၄၁ ဘီစီ နန်းစံတစ်နှစ်သာ ကြာပြီးချိန်တွင် ဧကရာဇ်ဝူသည် ကွန်ဖြူးရှပ်ဝါဒီ စာပေပညာရှင်များ၏ အကြံဉာဏ်ကို ရယူကာ သမိုင်းတွင် ဂျန်းယွမ် ပြုပြင်ပြောင်းလဲမှုများ (建元新政) ဟုတွင်သည့် အမျော်အမြင်ရှိသည့် ပြုပြင်ပြောင်းလဲမှုကို စတင် အကောင်အထည်ဖော်လိုက်သည်။ ထိုပြုပြင်ပြောင်းလဲမှုများသည် အောက်ပါ မူဝါဒများ ပါဝင်သည်။
- ကွန်ဖြူးရှပ်ဝါဒကို နိုင်ငံတော်၏ အဓိက ဝါဒအဖြစ်သတ်မှတ်ခြင်း (乡儒术).ယခင်က လွတ်လပ်သော တာအိုဝါဒ အတွေးအခေါ်များကို ပိုမို အထွတ်အထိပ် ထားရှိသည်။
- မျိုးရိုးမြင့် လူတန်းစားတို့ကို မိမိတို့ အပိုင်စားရာ ဒေသသို့ အတင်းအကျပ်ပြန်စေခြင်း (令列侯就国). များပြားလှသော မျိုးရိုးမြင့် လူတန်းစားတို့သည် ချန်အန်း နေပြည်တော်တွင် နေထိုင်ရင်း နန်းတွင်းအမှုထမ်းတို့နှင့် ပေါင်းသင်းနေကြသည်။ သူတို့ သည် အပိုင်စားရာ နယ်မြေများ မှ အခွန်အခ ကောက်ခံခြင်းဖြင့် ကြွယ်ဝသော်လည်း နန်းမြို့တော်တွင် နေထိုင်ခြင်းအားဖြင့် ဗဟို အစိုးရအား ၎င်းတို့၏ နေထိုင်စရိတ်ကို ပေးချေစေသည်။ ဧကရာဇ် ဝူ၏ နည်းဥပဒေအသစ်သည် ၎င်းတို့ကို နေပြည်တော်တွင် ခိုင်လုံသည့် အကြောင်းပြချက်မရှိပဲ နေပြည်တော်တွင် နေထိုင်ခြင်းမှ တားမြစ်သောကြောင့် ဗဟိုအစိုးရသည် ဘဏ္ဍာကုန်ကျမှုကို လျှော့ချနိုင်ခဲ့သည်။
- ဗဟို အစိုးရမှ ဖွင့်လှစ်ထားခြင်း မရှိသည့် အချက်အချာဆုံမှတ် ဂိတ်များကို ဖယ်ရှားစေခြင်း (除关). ဒေသခံနယ်မြေ ခေါင်းဆောင်များသည် မိမိတို့ဒေသကို ဖြတ်သန်းသွားသည့် အဓိက လမ်းမကြီး တစ်လျှောက်တွင် အခွန်အခ ကောက်ခံရန် နှင့် လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကာ အချက်အချာ ဆုံမှတ်ဒေသများကို ထူထောင်ထားကြသည်။ ဧကရာဇ် ဝူသည် ထို ဂိတ်များကို ပိတ်ပင်စေခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်နိုင်သည့် အာဏာကို ဒေသခံ ခေါင်းဆောင်များထံမှ ဖယ်ရှားရန် နှင့် ထိုထိန်းချုပ်နိုင်သည့် အာဏာသည် ဗဟိုအစိုးရ ထံသို့ ပြန်လည် အပ်နှင်းရန် ရည်ရွယ်ခဲ့သည်။
- မျိုးရိုးမြင့် လူတန်းစား များ ကျူးလွန်သည့် ပြစ်မှုများကို တင်ပြခြင်း နှင့် တရားရင်ဆိုင်စေမှုကို အားပေးခြင်း (举谪宗室无行者). ရာဇဝတ်မှုကို ကျူးလွန်သည့် မျိုးရိုးမြင့် လူတန်းစားသည် သူကျူးလွန်သည့်ပြစ်မှုအတွက် တရားစွဲဆိုခံရခြင်း နှင့် အပြစ်ပေးခံရနိုင်ရုံသာမက သူပိုင်ဆိုင်သည့် နယ်မြေ နှင့် စည်းစိမ်ဥစ္စာတို့ကိုလည်း တိုင်းပြည်ဘဏ္ဍာအဖြစ် သိမ်းယူနိုင်သည်။
- အရည်အချင်းရှိသည့် သာမန်လူတန်းစားများကို အစိုးရထံတွင် အမှုထမ်းစေခြင်း၊ရာထူးတိုးမြှင့်ပေးခြင်း (招贤良) ၎င်းသည် မျိုးရိုးမြင့် လူတန်းစားများ ကိုင်စွဲထားသည့် အာဏာကို လျှော့ချရန် ရည်ရွယ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ထိုသို့ ဧကရာဇ် ဝူ၏ ပြုပြင်ပြောင်းလဲမှုများသည် မျိုးရိုးမြင့်လူတန်းစားများ၏ အကျိုးစီးပွားကို ထိပါးနေသည့်အလျောက် သူ၏ အဖွားတော် မယ်တော်ကြီး ဒို ၏ ပိတ်ပင်တားဆီးမှုကို ချက်ချင်းလိုလိုပင် ကြုံရသည်။ အဖွားတော်သည် ထိုအချိန်က နန်းတွင်း အာဏာကို ချုပ်ကိုင်ထားနိုင်လေရာ ပြုပြင်ပြောင်းလဲရေးသမားအများစုသည် အပြစ်ပေးခံခဲ့ရသည်။ ဧကရာဇ် ဝူ ကို အားပေးထောက်ခံသူ ဒိုယင်း (窦婴) နှင့် ကျန်းဖန်( မယ်တော်ကြီး ဝမ် နှင့် မယားပါ အစ်ကို တော်စပ်သူ) တို့သည် ရာထူးချခံကြရပြီး ဧကရာဇ် ၏ အတိုင်ပင်ခံများဖြစ်သော ဝမ်ကျန်း (王臧) နှင့် ကျောက်ဝမ်(赵绾) တို့သည် တရားစွဲဆိုခံရခြင်း နှင့် အချုပ်အနှောင်ခံရရုံသာမက များမကြာမီ အကျဉ်းထောင်အတွင်း၌ အဓမ္မ မိမိကိုယ်ကို သတ်သေကြရသည်။
ဤသို့ဖြင့် ထောက်ခံအားပေးမှု ကင်းမဲ့နေပြီဖြစ်သော ဧကရာဇ် ဝူသည် ယခုအချိန်တွင် မိမိအား ထီးနန်းကျစေရန် ကြံရွယ်သည့် အပြုအမူတို့၏ သားကောင်ဖြစ်နေပေတော့သည်။ ဥပမာအားဖြင့် ထိုစဉ်က ဧကရာဇ် ဝူ နှင့် လက်ဆက်ထိမ်းမြားထားသည့် မိဖုရားခေါင်ကြီးချန်းသည် ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ သူမသည် ဧကရာဇ် ကို မောင်းမများထားရှိခြင်းမှလည်း ပိတ်ပင်ပြန်သည်။ အကယ်၍ ဧကရာဇ်တစ်ပါးသည် ထီးနန်းဆက်ခံမည့် မျိုးဆက်မရှိခဲ့လျှင် ဧကရာဇ် ၏ အားနည်းချက်ကို ဖော်ပြနေသည့် အလျောက် ဧကရာဇ် ဝူ ၏ အတိုက်အခံများသည် ထိုသို့ သားသမီးမရှိခြင်းကို အကြောင်းပြုကာ ထီးနန်းချရန် ကြိုးစားလာကြသည်။ အတိုက်အခံများသည် ထီးနန်းကို ဧကရာဇ် ၏ ဦးရီးတော်ဖြစ်သည့် ဟွိုင်နန်၏ အရှင် ၊လျိုအန်း နှင့် အစားထိုးလိုကြသည်။ ဧကရာဇ် ၏ ဦးရီးတော်သူ ကျန်းဖန်ပင် ဧကရာဇ်ကို ထီးနန်းကျတော့မည်ဟု ထင်သောကြောင့် စွန့်ပစ်ကာ လျိုအန်းကို ချဉ်းကပ်လေသည်။ ထိုအခါ ဧကရာဇ်၏ နိုင်ငံရေးထွက်ပေါက်သည် သူ၏ အဒေါ် နှင့် ယောက္ခမ လည်း တော်စပ်သူ မင်းသမီး ဂွမ်တောင် အပေါ် သာ မူတည်နေပေသည်။ မင်းသမီး ဂွမ်တောင်သည် ထိုအခွင့်အရေးကို အရယူကာ မယ်တော်ကြီး ဒို အား ဩဇာညောင်းစေရန် အားထုတ်သည်။ ထိုမျှနှင့် မရပ်သေးပဲ သူမသည် ဧကရာဇ် ကိုယ်စား တောင်းဆိုသည် ဟု အကြောင်းပြကာ မယ်တော်ကြီးအား အခွင့် အာဏာများကို အစဉ်လိုလို တောင်းဆိုနေလေတော့သည်။
သားသမီးကင်းမဲ့နေခြင်း နှင့် မိဖုရားခေါင်ကြီး ချန်း ၏ အပြုအမူကြောင့် စိတ်ပျက်နေသော ဧကရာဇ်သည် ထိုသို့ ယောက္ခမ ၏ လောဘကြီးမှုကို သိရှိသောကြောင့် အပြင်းအထန် အမျက်ထွက်လေသည်။ သို့သော်လည်း မယ်တော်ကြီးဝမ်သည် ဧကရာဇ် ဝူ ကို ယခုအခါ မယ်တော်ကြီး ဒိုသည် ကျန်းမာရေး ချို့ယွင်းနေပြီ ဖြစ်သောကြောင့် ခဏတာ သည်းခံရန် ဖြောင်းဖြခဲ့သည်။ ဧကရာဇ်သည် နောက်နှစ် အနည်းငယ်အတွင်း အထိ နေပြည်တော် ချန်အန်းမှ ခိုးထွက်၍ အမဲလိုက်ခြင်း၊လည်ပတ်ခြင်း၊သာမန် မျိုးရိုးမြင့် သူဌေးသား တစ်ဦး အဖြစ် ဟန်ဆောင်ခြင်း စသည့် အပြုအမူများပြုမူခြင်းဖြင့် နိုင်ငံရေး၌ စိတ်ကုန်သယောင် ပြုမူခြင်းဖြင့် အပျော်အပါးလိုက်စားသူ သဖွယ်နေထိုင်ခဲ့သည်။
အာဏာ စုစည်းခြင်း
[ပြင်ဆင်ရန်]ထိုအချိန်က နန်းတွင်း ရာထူးတိုင်းလိုလိုတွင် အထက်တန်းလွှာ လူတန်းစားများသည် နေရာယူထားသည် ကို ဧကရာဇ်သည် ကောင်းစွာ သိမြင်သည့် အလျောက် ဧကရာဇ် ဝူသည် သူ၏ နည်းဗျူဟာကို ပြောင်းလဲလိုက်လေသည်။ သူသည် သာမန် လူတန်းစားအသိုင်းအဝိုင်းမှ ငယ်ရွယ်၍ မိမိကို အားပေးထောက်ခံသူ သစ္စာခံ များကို တိတ်တဆိတ် စည်းရုံးစုစည်းစေပြီး ထိုသူတို့ကို အစိုးရ ရာထူး အလယ်အဆင့်များတွင် ရာထူးသွင်းပေးခြင်းဖြင့် အစိုးရ၏ အရေးပါသော ရာထူးရာခံများတွင် သူလျှိုသဖွယ် ဝင်ရောက်စေခဲ့သည်။ ထိုသို့ ဖွဲ့စည်းပေးလိုက်သည့် အစိုးရ အမှုထမ်းများကို "အတွင်းပိုင်း ရုံးတော်" (内朝)ဟု ခေါ်တွင်စေသည်။ သူတို့သည် ဧကရာဇ်၏ အမိန့်ကိုသာ နာခံ၍ ဧကရာဇ်ထံသို့သာ တိုက်ရိုက် သတင်းပို့ကြသည်။ ထိုအခွင့်အရေးများရှိသောကြောင့် ထို အမှုထမ်းများသည် ရာထူးလက်ကိုင် ကြီးကြီးမားမားမရှိသော်လည်း အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် အမှန်တကယ် ဩဇာညောင်းကြသည်။ ထို မင်းမှုထမ်းများသည် အရှင်သခင် သုံးပါး နှင့် ဝန်ကြီး ကိုးပါး ဖြင့် ဖွဲ့စည်းထားသည့် "အပြင်ပိုင်းရုံးတော်" (外朝)ကို အတိုက်အခံပြုနိုင်သည့် အုပ်စုဖြစ်လာခဲ့သည်။ ထို့အပြင် ဧကရာဇ် ဝူသည် ကုန်းစွန်းဟုန် အစရှိသည့် အညတရ စာပေပညာရှင် များကို နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရန် ဆွဲဆောင်စည်းရုံးသည့် နိုင်ငံလုံးဆိုင်ရာ မှာတမ်းများကို ထုတ်ပြန်စေခြင်းဖြင့် ထိုစဉ်က အထက်တန်းစားများ မင်းမူနေသည့် ရာထူးအာဏာများကို ဖြိုခွင်းရန် ကြံရွယ်ခဲ့သည်။
၁၃၈ ဘီစီတွင် တောင်ပိုင်းမှ ကိုယ့်မင်းကိုယ့်ချင်း ပြည်နယ် ဖြစ်သော မင်းယွီ (ယခုခေတ် ဖုဂျမ်း) သည် အားနည်းနေပြီဖြစ်သည့် အိမ်နီးချင်းပြည်နယ် ဒုန်းဂေါ် (ယခုခေတ် ကျီဂျန်း) ကို ဝင်ရောက်ကျူးကျော်လေသည်။ ဒုန်းဂေါ် ၏ အရှင်သခင် ဖြစ်သော ကျိုကျန်းဖု (驺贞复) သည် တိုက်ပွဲတွင် ကျဆုံးသော အခါ ပျက်စီးမည့် လမ်းသို့ ဆိုက်ရောက်နေပြီဖြစ်သည့် ဒုန်ဂေါ်သည် ဟန်နန်းတွင်းမှ အကူအညီကို အသည်းအသန် တောင်းခံခဲ့သည်။ ထိုမျှ ဝေးကွာလှသော ပြည်နယ်သို့ စစ်ကူပေးသင့်ပါသလော ဟူ၍ နန်းတွင်းတွင် အပြင်းအထန် အငြင်းအခုံပြုကြပြီးနောက် ဧကရာဇ် ဝူသည် လောလောလတ်လတ် ရာထူးတိုးမြင့်ထားသည့် ရန်ကျူး (严助) ကို ဒေသခံ ခံတပ်ကို ဦးစီးရန်အတွက် ရှောင်ဇင်း အစား ခွိုင်ကျီ (ထိုအချိန်က စူးကျိုး တွင် တည်ရှိသည်) သို့ စေလွှတ်လိုက်သည်။ သို့သော်လည်း ထိုစဉ်က စစ်တပ်ကို ဦးစီး၍ လှုပ်ရှားခွင့် အာဏာကို ရယူရန် လိုအပ်သည့် ကျားတံဆိပ်တော် သည် မယ်တော်ကြီး ဒို ၏ လက်ဝယ်တွင် တည်ရှိနေသည်။ ခွိုင်ကျီ ၏ စစ်တပ်ခေါင်းဆောင်သည် ကျားတံဆိပ်တော်ကို မမြင်ရပဲ မည်သည့် အမိန့်ကို မျှ မနာခံပေ။ ဘုရင့် သံတမန် အနေဖြင့် ရောက်ရှိသော ရန်ကျူးသည် ထိုပြဿနာကို စစ်ခေါင်းဆောင်အား ကွပ်မျက်လိုက်ခြင်းဖြင့် ဖြေရှင်းသည်။ ထို့ပြင် သူသည် ခွိုင်ကျီ နယ်မြေအုပ်ချုပ်ရေးမှူးအား ဒုန်းဂေါ်သို့ ရေတပ်ကြီးကို စေလွှတ်ရန် တိုက်တွန်းခဲ့သည်။ အင်အားကြီးမားသော ဟန်တပ်မတော်ကြီး စစ်ချီလာသည့် သတင်းကို ကြားသိသော မင်းယွီတပ်သည် ကြောက်ရွံ့လာ၍ ဆုတ်ခွာကုန်ကြသည်။ ထိုအဖြစ်သည် ဧကရာဇ် ဝူ အဖို့ နိုင်ငံရေး အရ ကြီးမားသော အောင်ပွဲတစ်ရပ်ဖြစ်ရုံသာမက ဧကရာဇ် ၏ အမိန့်တော် သည် ကျားတံဆိပ်တော် ထက် သာလွန်ကြောင်း ပြနိုင်ခြင်းဖြင့် သူ၏ အဖွားတော်ထံမှ အကူအညီ လိုအပ်နေမှုကို ဖယ်ရှားနိုင်ခဲ့သည်။ ထိုသို့ ယခုအခါ စစ်တပ် အာဏာသည် ဧကရာဇ် ၏ လက်ဝယ်တွင် ရှိနေပြီ ဖြစ်သောကြောင့် ဧကရာဇ် ၏ နိုင်ငံရေးထွက်ပေါက်သည် ခိုင်မာလာပြီဖြစ်သည်။
ထိုနှစ်အတွင်းပင် ဧကရာဇ် ဝူ၏ သဘောကျခြင်းခံရသည့် မောင်းမတော် ဝေကျီးဖူ သည် ဧကရာဇ် ၏ ပထမဆုံး သားသမီးကို ကိုယ်ဝန်ရရှိလာခဲ့သည့်အတွက် ယခင်က ဧကရာဇ် အား မျိုးဆက်ပြန့်ပွားစေရန် စွမ်းဆောင်နိုင်ခြင်းမရှိ ဟူသော စွပ်စွဲချက်များကို ဖယ်ရှားနိုင်ခဲ့သည်။ ထိုသတင်း သည် ဟွိုင်နန် အရှင် လျိုအန်း ထံသို့ ရောက်သောအခါ လျိုအန်းသည် မယုံကြည်နိုင်လောက်သည့် အထိ ဖြစ်ခဲ့ရုံသာမက ဧကရာဇ်သည် သားသမီးမရှိသေး ဟု ဆိုသူတိုင်းကို ဆုလာဘ်များချပေးသည် ဟု ဆိုသည်။
၁၃၅ ဘီစီတွင် မယ်တော်ကြီး ဒို ကွယ်လွန်ခြင်းဖြင့် ဧကရာဇ် ၏ ပြုပြင်ပြောင်းလဲရေးအတွက် နောက်ဆုံးအဟန့်အတားသည် ပျောက်ကွယ်ခဲ့ပေသည်။
နိုင်ငံတော် ချဲ့ထွင်ခြင်း
[ပြင်ဆင်ရန်]တောင်ပိုင်းကို အောင်နိုင်ခြင်း
[ပြင်ဆင်ရန်]၁၃၅ ဘီစီတွင် မယ်တော်ကြီး ဒို ကွယ်လွန်ပြီးနောက် ဧကရာဇ် ဝူသည် အစိုးရအာဏာကို အပြည့်အဝ ရယူနိုင်ခဲ့သည်။ မယ်တော်ကြီး ဝမ် နှင့် ဦးရီးတော် ကျန်းဖန် တို့သည် အာဏာ အထိုက်အလျောက် ကိုင်စွဲထားနိုင်သေးသော်လည်း ဧကရာဇ် ၏ အပြုအမူများကိုမူ ချုပ်ချယ်နိုင်သည့် စွမ်းအားမရှိခဲ့ပေ။ ဧကရာဇ် ဝူသည် နယ်မြေချဲ့ထွင်ရေးကို အဓိက ထားသည့် စစ်ဆင်ရေးများကို စတင်ခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် သူ၏ နိုင်ငံတော် အစပိုင်းတွင် နိုင်ငံတော်ကို ပျက်စီးလုနီးနီး ဖြစ်စေခဲ့သည်။ နယ်စပ်ဒေသကို ကျူးကျော်သည်ကို တုံ့ပြန်သည့် အနေဖြင့် တပ်ဖွဲ့များကို စေလွတ်ခြင်းဖြင့် ဧကရာဇ် ဝူသည် အရပ်မျက်နှာ အားလုံးလိုလို (ပင်လယ်ဒေသမှလွဲ၍) ကို စစ်တပ်စေလွှတ်ကာ နယ်မြေချဲ့ထွင်ခဲ့သည်။ [၈]
မင်းယွီကို အောင်နိုင်ခြင်း
[ပြင်ဆင်ရန်]မင်းယွီကို ၁၃၈ ဘီစီတွင် အောင်မြင်စွာ လှည့်ကွက် ဆင်နိုင်ခဲ့ပြီသည် နှင့် ဧကရာဇ် သည် ဒန်းဂန်း လူမျိုး များကို ယန်ဇီးမြစ် နှင့် ဟွိုင် ကြား ဒေသတွင် အခြေချစေခဲ့သည်။ ၁၃၅ ဘီစီတွင် မင်းယွီသည် နန်ယွဲ့ သခင် ကျောက်မို ၏ နန်းတက်ခါစံ အတွေ့အကြုံကင်းမဲ့နေခြင်းကို အခွင့်ကောင်းယူခဲ့သည်။ ထို့နောက် မင်းယွီသည် သူ၏ အနောက်တောင် အိမ်နီးချင်း နိုင်ငံဖြစ်သော နန်ယွဲ့ကို ကျူးကျော်လေရာ ကျောက်မိုသည် ဟန်နန်းတွင်းမှ အကူအညီကို တောင်းခံလေတော့သည်။
ဧကရာဇ် ဝူသည် ကြည်းရေ နှစ်သွယ်သော တပ်မကြီးကို ဝမ်ဟွေး (王恢) နှင့် ဟန်အန်းကော (韩安国) ကို ဦးဆောင်စေကာ မင်းယွီအန္တရာယ်ကို ဖြေရှင်းစေခဲ့သည်။ ဟန်နိုင်ငံတော်၏ ဝင်ရောက်စွက်ဖက်မည်ကို စိုးရိမ်ကြောက်ရွံ့သောကြောင့် မင်းယွီ မင်းကြီး ရင်း ၏ ညီငယ် လျိုယုရှန်းသည် အခြားသော မင်းယွီ ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ပုန်ကန်ပြီး မိမိ အစ်ကို အား လှံ နှင့် သတ်ပြီး အပိုင်းပိုင်းဖြတ်စေကာ ခေါင်းပြတ်ကို ဝမ်ဟွေးထံ ဆက်သသည်။ ထို စစ်ပွဲ အပြီးတွင် မင်းယွီသည် တစ်နိုင်ံငံ နှစ်မင်း ဖြစ်သွားသည်။ မင်းယွီကို ဟန် ရုပ်သေး ဘုရင် ကျိုချို (驺丑)က အုပ်စိုး၍ ဒုန်ယွီကို လျိုယုရှန်(东越)က အုပ်စိုးလေသည်။
၁၁၁ ဘီစီတွင် ဟန် နန်ယွဲ့ စစ်ပွဲ အပြီးတွင် ဟန်စစ်တပ် ဆုတ်ခွါပြီးနောက် ဟန်အစိုးရသည် ဒုန်ယွီကို စစ်ရေးအရ အရေးယူရန် အဆုံးအဖြတ်ရယူခဲ့သည်။ ဘုရင် လျိုယုရှန် အုပ်စိုးသော ဒုန်ယွီသည် နန်ယွဲ့ကို စစ်ချီသည့် အချိန်တွင် အကူအညီပေးရန် သဘောတူညီခဲ့သော်လည်း ဒုန်ယွီစစ်တပ်သည် နန်ယွဲ့သို့ ရောက်မလာပဲ ရာသီဥတုကို အကြောင်းပြကာ နှောင့်နှေးနေခဲ့သည်။ ထို့ပြင် နန်ယွဲ့သို့ သတင်းအချက်အလက်များ တိတ်တဆိတ် ပို့ပေးနေခဲ့သည်။ စစ်သူကြီး ရန်ပု (杨仆) ၏ အကြံဉာဏ်ကို နာယူခြင်းမရှိပဲ ဧကရာဇ် ဝူသည် စစ်ရေးအရ အရေးမယူခဲ့ပေ။ ထို့ကြောင့် ဟန်စစ်တပ်သည် နယ်စပ်ဒေသခံတပ်များကို အရေးကြုံလျှင် ပြင်ဆင်ထားရန် မှာကြားသည်မှ အပ ဒုန်ယွီကို တိုက်ခိုက်ခြင်း မပြုပဲ ဟန်နိုင်ငံတော်သို့ ပြန်လည် ဆုတ်ခွာခဲ့သည်။ ဘုရင် ယုရှန်သည် ထိုသတင်းကို ကြားလျှင် စိတ်ကြီးဝင်ကာ ဟန်ကို ပုံကန်ခြင်း၊ မိမိကိုယ်ကို ဧကရာဇ် ဘွဲ့ ခံယူခြင်း နှင့် သူ၏ "ဟန်ကို အနိုင်ယူသည့် စစ်သူကြီးများ"(吞汉将军) ကို ဟန်နိုင်ငံတော် ၏ ပိုင်နက်ဒေသများကို ကျူးကျော်စေသည်။ အမျက်ကြီးစွာထွက်သော ဧကရာဇ် ဝူသည် စစ်သူကြီး ဟန်ယွဲ့ (韩说)၊ရန်ပု ၊ ဝမ်ဝမ်ရှု (王温舒)နှင့် ယွဲ့မျိုးရိုး နယ်စား နှစ်ဦး တို့ ဦးဆောင်သည့် စစ်တပ်ကြီးကို စေလွှတ်ခဲ့သည်။ ဟန်စစ်တပ်သည် ပုန်ကန်မှုကို နှိမ်နင်းလေသည်။ ဒုန်ယွီ နိုင်ံငံသည် ဘုရင် ယုရှန်၏ အညံ့ခံရန် ငြင်းဆန်မှုကြောင့် ကွဲပြိုလုနီး ဖြစ်လာလေသည်။ ဒုန်ယွီစစ်တပ်မှ ခေါင်းဆောင်များသည် သစ္စာဖောက်ဖျက်ပြီး သူတို့၏ အရှင်သခင်ကို အာခံကြကုန်သည်။ တစ်ချိန်ထဲမှာပင် အခြား မင်းယွီနယ်မှ ဘုရင် ကျိုကျုကု (驺居股)သည် အခြား ဒုန်ယွီခေါင်းဆောင်များနှင့် ပူးပေါင်းကာ ဘုရင် ယုရှန်ကို သတ်၍ ဟန်စစ်တပ်ထံ လက်နက်ချခဲ့သည်။ မင်းယွီ နှင့် ဒုန်ယွီ နှစ်နယ်လုံးသည် ဟန်နိုင်ငံတော် ၏ အုပ်ချုပ်မှု အောက်သို့ လုံးလုံး ကျရောက်သွားလေသည်။
နန်ယွဲ့ကို အောင်နိုင်ခြင်း
[ပြင်ဆင်ရန်]၁၃၅ ဘီစီတွင် မင်းယွီသည် နန်ယွဲ့ကို တိုက်ခိုက်သောအခါ နန်ယွဲ့သည် မိမိကိုယ်ကို ကာကွယ်နိုင်သည့် အင်အားရှိသော်လည်း ဟန်နိုင်ငံတော်ကို အကူအညီတောင်းခံခဲ့သည်။ ထိုအပြုအမူသည် ဧကရာဇ် ဝူကို အလွန်ပင် နှစ်ခြိုက်စေခဲ့သည်။ ဧကရာဇ်သည် သူ၏ အဓိက အကြံပေးဖြစ်သည့် ဆွေမျိုးလည်းဖြစ်၍ ဟွိုင်နန်မင်းသားလည်း ဖြစ်သူ လျိုအန်း ၏ ကန့်ကွက်မှုကို ဂရုမပြုပဲ မင်းယွီကို တိုက်ရန် စစ်တပ်ကို စေလွှတ်ခဲ့သည်။ ကြီးမားသော ဟန်စစ်တပ်ကို ကြောက်ရွံ့သော မင်းယွီ ခေါင်းဆောင်များသည် မင်းယွီ ဘုရင် လျိုယင်း(骆郢)ကို လုပ်ကြံကာ ငြိမ်းချမ်းရေး ရယူလိုက်ကြသည်။[ကိုးကားချက်လိုသည်] ဧကရာဇ်သည် မင်းယွီတွင် လုံခြုံစိတ်ချမှုရှိစေရန် လျိုယင်း ၏ ညီ လျိုယုရှန်း(雒余善) နှင့် ခေါင်းဆောင် ကျိုချို (驺丑)တို့ကို တစ်နိုင်ငံ နှစ်မင်း အနေဖြင့် ခန့်ထားခဲ့သည်။[ကိုးကားချက်လိုသည်]
အစက နန်ယွဲ့ကို ကာကွယ်သည့် အနေဖြင့် စစ်ချီခဲ့သော်လည်း နန်ယွဲ့တစ်နယ်လုံး (ယခုခေတ် ဂွမ်ဒုန် ၊ဂွန်ကျီး၊ဗီယက်နမ် မြောက်ပိုင်း တို့ ပါဝင်) သည် ဟန် လက်အောက်သို့ ကျရောက်ကာ ဟန်နိုင်ငံတော် ၏ နယ်ပယ်ထဲသို့ ၁၁၁ ဘီစီတွင် သွတ်သွင်းခြင်းခံခဲ့ရသည်။
မြောက်ပိုင်း မြက်ခင်းလွင်ပြင်ဒေသသို့ စစ်ဆင်နွှဲခြင်း
[ပြင်ဆင်ရန်]စစ်ရေးအရ တင်းမာမှုသည် တရုတ်ပြည် နှင့် မြောက်ပိုင်း "အရိုင်းအစိုင်း" တို့အကြား ကြာရှည်နေပြီဖြစ်သည်။ အကြောင်းမှာ ပို၍ ဆင်းရဲသော်လည်း တစ်မျိုးသားလုံး စစ်တပ်အသွင် ရှိသည့် မြင်းစီးကာ ရေကြည်ရာ မြက်နုရာ လှည့်လည်ကြသည့် လူမျိုးများ အကြားတွင် မြေဩဇာကြွယ်ဝ၍ စိုက်ပျိုးရေးထွန်းကားသော နယ်မြေတို့သည် အလွန်ပင် ဆွဲဆောင်မှု ရှိသည့် သားကောင်များဖြစ်ကြသည်။ ချင်နိုင်ငံတော်၏ မြောက်ပိုင်းသို့ နယ်မြေချဲ့မှုသည် ရှုံးနူတို့အတွက် အန္တရာယ်တစ်ရပ်ဖြစ်သည့်အားလျော်စွာ ရှုံးနူတို့၏ ကွဲပြားခြားနားသော လူမျိုးစုတို့သည် မဟာမိတ်အဖွဲ့အဖြစ် ပေါင်းစည်းလိုက်ကြသည်။[၉] ချူ နှင့် ဟန် ယှဉ်ပြိုင်မှု အဆုံးတွင် ဟန် ဧကရာဇ် ဂေါင် သည် ဟန် ၏ အားနည်းနေသေးသည့် အဖြစ်ကို ကောင်းစွာ သတိပြုမိသည်။ ထို့ကြောင့် သူသည် လက်ထပ်ခြင်းဖြင့် မဟာမိတ်ခြင်း (သို့မဟုတ်) ဟီချင်း ကိုလည်း နိုင်ငံတော်ကို အားမွေး၍ "ပြန်လည် ထူထောင်နိုင်စေ"(休养生息) ရန် ရည်ရွယ်ကာ ပြဋ္ဌာန်းစေခဲ့သည်။ ထိုသို့ မကြာခဏ နှိမ့်ချခံရခြင်း နှင့် လက်ဆောင်ပဏ္ဏာမကြာခဏ ဆက်သရခြင်း တို့ဖြင့် ရှုံးနူတို့ကို ဆက်ဆံခဲ့သော်လည်း ဟန်နိုင်ငံတော် ၏ နယ်စပ်ဒေသတို့သည် နောက်ထပ် နှစ်ခုနစ်ဆယ်မျှ ရှုံးနူတို့၏ မကြာခဏ ကျူးကျော်မှုကို ခံခဲ့ရသည်။ ဧကရာဇ် ၏ အဓိက အတားအဆီးဖြစ်သော အဖွားတော် မယ်တော်ကြီး ဒို ကွယ်လွန်သည့်နောက် ဧကရာဇ် ဝူသည် ဟန်တရုတ် ၏ အပြည့်အဝစစ်ခင်းနိုင်သည့် အခြေအနေကို ပြန်လည် ရောက်ရှိပြီ ဟု ဆုံးဖြတ်လိုက်လေသည်။
သူသည် ရှုံးနူတို့နှင့် ငြိမ်းချမ်းရေး မူဝါဒကို ဟန်စစ်သား ၃၀၀,၀၀၀ ၏ ရှုံးနူစစ်သည် ၃၀,၀၀၀ ကို ချုံခိုတိုက်ခိုက်သော်လည်း မအောင်မြင်ခဲ့သော ၁၃၃ ဘီစီတွင် ဖြစ်ပွားသည့် မာရီစစ်ပွဲ နှင့်အတူ အဆုံးသတ်လိုက်သည်။ မည်သည့်ဖက်မှ အသေအပျောက်ဖြစ်ပွားခြင်းမရှိသော်လည်း ရှုံးနူသည် ဟန်၏ နယ်စပ်ဒေသများကို တိုက်ခိုက်သည့် အကြိမ်ရေတိုးမြှင့် ခြင်းဖြင့် တုံ့ပြန်သည်။ ထိုအခါ ဟန်နန်းတွင်း မှ အများစုသည် ရှုံးနူ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် အကြံကို စွန့်လွှတ်ရလေသည်။
မာရီ စစ်ဆင်ရေး ရှုံးနိမ့်ခြင်းသည် ဧကရာဇ် ဝူကို ဟန် စစ်တပ်၏ အစဉ်အလာ ပိုမိုခုခံသည့် ပုံစံ ရထားလုံး - ခြေလျင်စစ်သည် စစ်ဆင်ခြင်း မှ ပို၍ သွက်လက်ပြီး တိုက်စစ်ဆင်သည့် မြင်းစီးစစ်သည် နှင့် မြင်းစီးစစ်သည် စစ်ဆင်ခြင်းသို့ ပြောင်းလဲရန် တောင်းဆိုစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်သည် သူ၏ နန်းတွင်းသက်တော်စောင့်တပ်ကို တိုးချဲ့ခြင်း ၊ သက်တော်စောင့်တပ်မှ အရာရှိများကို လေ့ကျင့်ပေးခြင်း တို့ ပြုလုပ်ခဲ့သည်။
ဝေချင်း (ဧကရာဇ် ဝူ၏ အချစ်ဆုံး မောင်းမတော် ဝေ ၏ အစ်ကို) နှင့် ဝေချင်း ၏ တူ ၊ ဟိုချူဘင်း ၏ စွမ်းရည်ကြောင့် ၁၂၇ နှင့် ၁၁၉ ဘီစီ အကြားတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများတွင် ရှုံးနိမ့်ခဲ့သော ရှုံးနူတို့သည် အော်ဒို သဲကန္တာရ နှင့် ချီလီယန်တောင်တန်းများ တို့မှ မောင်းထုတ်ခြင်းခံခဲ့ရသည်။[၁၀][၁၁] ထိုသို့ နယ်မြေသိမ်းပိုက်နိုင်မှုများကြောင့် ဟန်မင်းဆက်သည် မြောက်ပိုင်းပိုးထည်လမ်းမကြီး ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြင့် အာရှအလယ်ပိုင်းဒေသ နှင့် တိုက်ရိုက် ကုန်သွယ်ခွင့်ရခဲ့ပေသည်။ ၎င်းသည် အာရှ အလယ်ပိုင်းဒေသများမှ ကျော်ကြားလှသည့် ဖာဂါနာမြင်း(ယခုခေတ် အာခဲ-တီကီမြင်းမျိုး တို့၏ ဘိုးဘေး) ပါဝင်သည့် အရည်အသွေးမြင့် မြင်းမျိုးများကို တင်သွင်းနိုင်ခြင်းဖြင့် ဟန်စစ်တပ်ကို အင်အားတောင့်တင်းစေခဲ့သည်။ ဧကရာဇ် သည် ထိုနည်းဗျူဟာကျ ပိုးထည်လမ်းမကြီးကို နယ်ပယ်ငါးခု တည်ထောင်စေခြင်း နှင့် ဟီကျီလမ်းမကြီး၏ နယ်စပ်တစ်လျှောက်တွင် တံတိုင်းကြီးများတည်ဆောက်စေခြင်း ၊ ထိုနေရာကို တရုတ်အမြဲတမ်းစစ်သည် ၇၀၀,၀၀၀ ဖြင့် အုပ်ချုပ်စေခြင်းဖြင့် အင်အားဖြည့်တင်းခဲ့သည်။[၁၂]
မိုဘေတိုက်ပွဲ (၁၁၉ ဘီစီ)တွင် ဟန်စစ်သည် တို့သည် ဂိုဘီသဲကန္တာရ ၏ မြောက်ပိုင်းဒေသများကို ကျူးကျော်သည် ကို တွေ့ရသည်။ [၁၃] စစ်သူကြီး နှစ်ဦးသည် စစ်ဦးကို ခန်ဂိုင်းတောင်တန်းများ သို့ ဦးတည်လိုက်ခြင်းဖြင့် ချန်ယုကို ဂိုဘီသဲကန္တာရ ၏ မြောက်ဘက်သို့ ထွက်ပြေးစေခဲ့သည်။ [၁၄][၁၅] နောက်ပိုင်းတွင် ချန်ယုသည် ဂိုဘီသဲကန္တာရ ၏ အပြင်ဘက်သို့ ထွက်ပြေးခဲ့သည်။
တကွဲတပြားဖြစ်နေပြီဖြစ်သော ရှုံးနူတို့သည် ဟန်၏ နောက်ထပ်တိုက်ခိုက်မှုကို ကြောက်ရွံ့ကြသည့် အားလျော်စွာ ပို၍ ဝေးကွာသော ဆိုက်ဘေးရီးယန်း ဒေသများသို့ ဆုတ်ခွါခဲ့ကြသည်။ ထိုဒေသများတွင် ပြင်းထန်သော ရာသီဥတုဒဏ်ကြောင့် ရိက္ခာများဆုံးရှုံးပျက်စီးလေရာ ရှုံးနူတို့သည် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားခဲ့ရသည်။ ထိုတိုက်ပွဲသည် ဟန်၏ စစ်မြင်းများ ၈၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးစေခဲ့သည့်အတွက် ဟန် အတွက်လည်း မသက်သာလှပါ။ စစ်စားရိတ်သည် ဗဟို ဟန်အုပ်ချုပ်ရေးအစိုးရကို အခွန်အသစ်များ တိုးတက်ကောက်ခံစေခြင်း ဖြင့် သာမန် ဆင်းရဲသားများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း နှင့် နိုင်ငံလူဦးရေ သည် အခွန်ပေးဆောင်ရမည်ကို ရှောင်လွှဲရန် အတွက် ထွက်ပြေးတိမ်းရှောင်ကြသော လူထုကြောင့် သိသိသာသာ ကျဆင်းခဲ့သည်။
ကိုရီးယား ကျွန်းဆွယ်သို့ ကျူးကျော်ခြင်း
[ပြင်ဆင်ရန်]ဧကရာဇ် ဝူသည် ကိုရီးယားကျွန်းဆွယ် ကို ကျူးကျော်ခဲ့ပြီး ကန်ဟိုင်းနယ်မြေ ကို ထူထောင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုနယ်မြေကို ၁၂၆ ဘီစီတွင် စွန့်လွှတ်ခဲ့သည်။ ထိုအချိန်က ထူထောင်ခဲ့သော စစ်ကိုလိုနီတို့သည် ၄ ရာစု သို့တိုင် ကျန်ရှိခဲ့ပြီး ကောင်းစွာ ကြာရှည်ခံခဲ့သော ရှေးသင်္ဂြိုဟ်ခြင်းဆိုင်ရာ အသုံးအဆောင်အများအပြားကို ချန်ထားခဲ့သည်။[၈]
သံတမန်ဆက်သွယ်ရေး နှင့် စူးစမ်းလေ့လာရေး
[ပြင်ဆင်ရန်]ဧကရာဇ် ဝူသည် ကျန်းချင်ကို ယခုခေတ် ဂန်စု ဒေသတစ်ခွင်မှ ရှုံးနူတို့၏ တိုက်ထုတ်ခြင်းကို ခံလိုက်ရသည့် ယွီကျီ နိုင်ငံ နှင့် တွေ့ဆုံရန် တာဝန်ပေးလိုက်သည့်အချိန်မှ စ၍ ကျီးယုတွင် လေ့လာရှာဖွေမှုသည် ၁၃၉ ဘီစီတွင် ပထမဆုံးအကြိမ်အနေဖြင့် စတင်ခဲ့သည်။ ကျန်းချင်၏ တာဝန်သည် ယွီကျီနိုင်ငံကို သူတို့၏ ဘိုးဘွားပိုင်နယ်မြေကို ဟန်နိုင်ငံတော်၏ စစ်ရေးအကူအညီနှင့်အတူ ဘိုးဘွားပိုင်နယ်မြေသို့ ပြန်လည် နေထိုင်ကြရန် ဆွဲဆောင်မက်လုံးပေးဖို့ ဖြစ်သည်။ ယွီကျီ စစ်တပ်သည် ရှုံးနူတို့ကို စစ်တိုက်စေရန် ရည်ရွယ်၍ ဤသို့ ပြုခြင်းဖြစ်သည်။ သို့သော်လည်း ကျန်းချင်သည် သဲကန္တာရဒေသသို့ ရောက်သောအခါ ရှုံးနူတို့၏ ဖမ်းဆီးခြင်းကို ချက်ခြင်းလိုလိုပင် ခံရသည်။ သို့သော်လည်း ၁၂၉ ဘီစီတွင် ပြန်လည်လွတ်မြောက်လာကာ ထိုအချိန်က စမာခန်သို့ ပြန်လည်နေရာချ၍ နေထိုင်နေကြသည့် ယွီကျီတို့ထံ အရောက်သွားနိုင်ခဲ့သည်။ ယွီကျီသည် ကျန်းချင်၏ မက်လုံးပေးမှုကို ငြင်းဆန်ခဲ့သော်လည်း ထိုဒေသတစ်ခွင်မှ နိုင်ငံငယ်လေးများဖြစ်သော တယွမ် ၊ ကိုကန်း ၊ ခန်းဂျူ တို့နှင့် သံတမန် ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သည်။ ကျန်းသည် ရှုံးနူတို့၏ ဒုတိယအကြိမ် အချိန်အနည်းငယ် ဖမ်းဆီးခံခဲ့ရသော်လည်း ၁၂၆ ဘီစီတွင် နေပြည်တော် ချန်အန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ ဧကရာဇ် ဝူထံ အကြောင်းပြန်နိုင်ခဲ့သည်။ ဟွမ်ကျီးမင်းသားသည် ဂန်စုဒေသကို ဆက်သကာ အညံ့ခံလာသောအခါ ကျီးယုသို့ လမ်းကြောင်းသည် ရှင်းလင်းသွားခဲ့ပြီး ဟန်နိုင်ငံတော် နှင့် ကျီးယု နိုင်ငံငယ်များအကြား အမြဲတမ်းသံတမန် ဆက်သွယ်ရေးသည် ပို၍ တိုးတက်လာခဲ့သည်။
အနောက်တောင်ဘက်သို့ ဦးတည်သော အစီအစဉ်သည် ထိုအချိန်က အနိုင်ယူထားခါစဖြစ်သော စိတ်မချရသေးသည့် နယ်မြေ ဖြစ်သည့် နန်ယွဲ့ကို ရည်ရွယ်သည်။ ထိုအစီအစဉ်သည် အနောက်တောင်ဘက်ဒေသရှိ လူမျိုးစု နိုင်ငံငယ်များကို လက်အောက်ခံအဖြစ် သိမ်းသွင်းရန် ဖြစ်သည်။ ထိုအချိန်က ရီလန် (ယခုခေတ် ကျွန်ရိ ၊ ဂွီကျိုး) နိုင်ငံသည် အနောက်တောင်ဘက်ရှိ လူမျိုးစု နိုင်ငံငယ်များအကြားတွင် အကြီးဆုံး ဖြစ်သည်။ ထိုအစီအစဉ် ချခြင်းသည် နန်ယွဲ့နယ်မြေအား အနောက်ဘက်မှ ခြိမ်းခြောက်ထားနိုင်သည့် စစ်နည်းဗျူဟာ တစ်ခုကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်သည်။ ဟန်သံတမန် တန်မန် (唐蒙) သည် ထိုနိုင်ငံငယ်လေးများကို လက်ဆောင်များပေးခြင်းဖြင့် လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။ ဧကရာဇ်သည် ဂျမ်းဝေ (犍为 ၊ယခုခေတ် ရီဘင်း ၊စီချွမ်) နယ်မြေကို တည်ထောင်ကာ ထိုလူမျိုးစုများကို အုပ်ချုပ်စေသည်။ နောက်ပိုင်းတွင် ဒေသခံ ပုန်ကန်မှုများကို မထိန်းချုပ်နိုင်သောအခါ စွန့်လွှတ်လိုက်သည်။ နောက်ပိုင်းတွင် ကျန်းချင်သည် အနောက်ဘက်ဒေသမှ ပြန်လည် ရောက်ရှိလာသောအခါ သူ၏ အစီရင်ခံစာတွင် သံတမန်များသည် အနောက်တောင်ဘက်နိုင်ငံငယ်များကို ဖြတ်ကျော်ပြီးနောက် ရှန်ဒု ( အိန္ဒိယ) နှင့် အန်းကျီ (ပါရှား) သို့ အလွယ်တကူ ရောက်ရှိနိုင်သည် ဟု ဆိုခဲ့သည်။ ထိုအစီရင်ခံစာကြောင့် အားတက်သော ဧကရာဇ်ဝူသည် ရီလန် နှင့် တျန့် (ယခုခေတ် အရှေ့ဘက် ယူနန် ) အညံ့ခံရန် သံတမန်များကို စေလွှတ်၍ ဆွဲဆောင်စေပြန်သည်။
ဘာသာရေး
[ပြင်ဆင်ရန်]ဟန်မင်းဆက်ကို ထူထောင်သူဖြစ်သည့် ဟန် ဂေါင်ဇူ သည် ယခင် ကျင့်ပြည်နယ် တစ်ခွင်မှ စုန်းပညာရှင်များကို သူ၏ နိုင်ငံတော်အတွက် တရားဝင်ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်ထားခဲ့သည်။[၁၆]ဧကရာဇ်ဝူသည် သူ၏စုန်းပညာ အကြံပေးများ မိန့်ဆိုသည့် တန်ခိုးရှင်ထိုက်ရီ(သို့မဟုတ်၊ ဒုန်ဟွမ်ထိုက်ရီ)[၁၇]ကို ကိုးကွယ်သည်။ ထိုတန်ခိုးရှင်( နှင့် ကံကြမ္မာနတ်သခင် ရှီမင်း ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ)သည် သူ၏ ရှေ့တော်မှောက်သို့ ကြွရောက်လာဖူးသည့် အတွေ့အကြုံရှိသည်။ [၁၈]ဧကရာဇ်သည် ထိုသို့ အဖူးမြော်ခံရန် ရည်ရွယ်ချက်ဖြင့် ၁၁၈ ဘီစီတွင် သူ၏ ဂန်ချွမ်နန်းဆောင်ရင်ပြင် (ယခုခေတ် ရှန်ယန် ၊ ရှားကျီး) တွင် "ဘဝ အိမ်တော်" (ရှိကုန်း)ကျောင်းဆောင်ကို တည်ဆောက်စေသည့်အထိဖြစ်သည်။[၁၉]ဧကရာဇ်ဝူကိုယ်တိုင် ကျင်းပစေခဲ့သည့် ဘာသာရေးပွဲတော်တစ်ခုသည် အညတရစွန့်လွှတ်ပွဲ [၁၇]ဖြစ်ပြီး "အညတရစွန့်လွှတ်ပွဲ" အတွက် သုံးစွဲရမည့် ဆယ့်ကိုးပုဒ်သော သီချင်းတို့သည် ထိုဘာသာရေးပွဲတော်တို့အတွက် ရေးသားထားခြင်းဖြစ်၍ ဧကရာဇ် ဝူ၏ အုပ်စိုးချိန်တွင် ထုတ်ဝေခဲ့သည်။[၂၀]
ထိုအချိန်သည်ပင် ဧကရာဇ်ဝူသည် ထာဝရရှင်သန်ခြင်း နှင့်ပတ်သက်၍ ဆန္ဒပြင်းပြမှုစတင်ချိန်လည်းဖြစ်သည်။ သူသည် အကယ်၍ သင့်လျော်မှန်ကန်သည့် အမယ်များကိုသာ ရှာဖွေတွေ့ရှိခဲ့လျှင် ထာဝရရှင်သန်မှုကို ပေးစွမ်းနိုင်သည့် နတ်ဆေးကို ဖော်စပ်နိုင်သည်ဟု ကြွေးကြော်သည့် မှော်ပညာရှင်များနှင့် ပူးပေါင်းနှီးနှောမှုပြုသည်။ သို့သော်လည်း သူသည် မှော်ပညာကို အခြားသော ရည်ရွယ်ချက်များအတွက် သုံးလျှင်မူ တင်းကြပ်စွာ တားမြစ်ခြင်းပြုသည်။ ဥပမာအားဖြင့် ၁၃၀ ဘီစီတွင် မိဖုရားခေါင်ကြီး ချန်း သည် စုန်းမများကို အမိန့်ပေး၍ မိဖုရား ဝေ ကို ကျိန်စာတိုက်စေပြီး ဧကရာဇ်ဝူ၏ မေတ္တာကို ပြန်လည်ရယူရန် ကြိုးစားသည်ကို တွေ့လျှင် သူသည် သူမကို နန်းချကာ စုန်းမတို့ကို ကွပ်မျက်စေသည်။
တရားမျှတမှုကင်းမဲ့လာခြင်း
[ပြင်ဆင်ရန်]ဤ အပိုင်းသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (March 2013) |
တစ်ချိန်ထဲလိုလိုပင် အနာဂတ်တွင် ဖြစ်လေ့ရှိသည့်အတိုင်း ဧကရာဇ် ဝူသည် အပြစ်ပေးရာတွင် ရက်စက်ကြမ်းကြုတ်စွာ အပြစ်ပေးလေ့ရှိသည့် မင်းမှုထမ်းများကို စတင်ယုံကြည်အားကိုးလာခဲ့သည်။ သူယုံကြည်သည်မှာ ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုသည်သာ တိုင်းပြည် လူ့အဖွဲ့အစည်းကို ထိန်းသိမ်းရန် အထိရောက်ဆုံးနည်းလမ်းဖြစ်သည် ဟု ဖြစ်သည်။ ဥပမာအားဖြင့် ထိုကဲ့သို့သော စရိုက်ရှိသည့် ရိကျုန်း (义纵)သည် ဒင်းကျင်းနယ်မြေ (ယခုခေတ် ဟောဟော့ ၊ အတွင်းပိုင်း မွန်ဂိုလီးယား)၏ အုပ်ချုပ်ရေးမှူးဖြစ်လာသည်။ သူသည် အကျဉ်းသား ၂၀၀ ခန့်ကို သေဒဏ်ထိုက်သည့် ပြစ်မှုမျိုးကို မကျူးလွန်ခဲ့သော်လည်း ကွပ်မျက်စေသည်။ ထို့ပြင် ထိုအကျဉ်းသားတို့ထံ ဝင်ထွက်သွားလာမိသည့် သူများကိုလည်း ကွပ်မျက်စေသည်။ ၁၂၂ဘီစီတွင် ဟွိုင်နန် မင်းသား လျိုအန်း (ယခင်က ဧကရာဇ် ဝူ၏ လူယုံတော် အကြံပေး နှင့် နန်းတွင်း အရှုပ်အထွေးများနှင့် ဆက်စပ်နေသူ ) နှင့် သူ၏ ညီတော် ဟန်ရှန်းမင်းသား လျိုစီ (刘赐)တို့သည် တိုင်းပြည်သစ္စာဖောက်မှုနှင့် စွပ်စွဲခံရသည်။ သူတို့သည် ကိုယ်ကိုယ့်ကို သတ်သေကြရသည်။ သူတို့ မိသားစု နှင့် များစွာသော ပူးပေါင်းကြံစည်သူများသည်လည်း ကွပ်မျက်ခံရသည်။
နာမည်ကျော်ကြားသည့် မှားယွင်းစွာကွပ်မျက်မှုသည် ၁၁၇ဘီစီတွင် ပေါ်ပေါက်ခဲ့သည်။ ဖြစ်စဉ်မှာ လယ်ယာစိုက်ပျိုးရေးဝန် ရန်ယိ (颜异) သည် ရာဇဝတ်မှု ကျူးလွန်သည်ဟု မှားယွင်းစွာ စွပ်စွဲခံရသည်။ အမှန်မှာ သူသည် မင်းသားနှင့် နယ်စားများမှ လွဲ၍ ကျန်သူများကို နှစ်ဆသော လက်ဆောင်ပဏ္ဏာဆက်စေရန် အစီအစဉ်ကို ဆန့်ကျင်ခဲ့သည့်အတွက် ဧကရာဇ်ကို ဆန့်ကျင်ရာကျနေခဲ့ပြီး ပစ်မှတ်ထားစွပ်စွဲခံရသည်။ ရန်သည် ဧကရာဇ်၏ "ဂုဏ်အသရေကို ပျက်ပြားစေမှု" အတွက် ကွပ်မျက်ခံခဲ့ရပြီး ထိုအဖြစ်သည် မင်းမှုထမ်းအားလုံးတို့ကို ဧကရာဇ်အား ကြောက်ရွံ့စေပြီး မြှောက်ပင့်ဖားယားစေခဲ့သည်။
နှောင်းပိုင်းနယ်မြေတိုးချဲ့မှုများ ၊ အသက်အရွယ်ကြီးမြင့်လာခြင်း နှင့် သံသယလွန်ကဲမှုဖြစ်လာခြင်း
[ပြင်ဆင်ရန်]၁၁၃ ဘီစီမှ စတင်၍ ဧကရာဇ်ဝူသည် သူ၏ အာဏာကို အလွဲသုံးစားပြုလုပ်မည့် လက္ခဏာများကို ပြုလုပ်လာသည်။ သူသည် အစပိုင်းတွင် အနီးအနားရှိ ချန်အန်းသို့ လည်ပတ်ခြင်းဖြင့် နယ်မြေများသို့ မကြာခဏ ခရီးထွက်လည်ပတ်ခြင်းများ ပြုလုပ်လာလေသည်။ နှောင်းပိုင်းတွင် ပို၍ ဝေးကွာသော အရပ်များသို့လည်း လမ်းတစ်လျှောက်လုံးတွင် နတ်ဒေဝါပေါင်းစုံကို ဝတ်ပြုရင်း ခရီးထွက်ခြင်းများ ပြုလုပ်ခဲ့သည်။ သူသည် ထာဝရရှင်သန်ခြင်း ကို ရှာဖွေလိုစိတ်ထပ်မံပေါ်ပေါက်၍လည်း ဖြစ်နိုင်သည်။ သူ့ထံပါးတွင် သူကြီးကျယ်စွာ ချီးမြှောက်ထားသော မှော်ပညာရှင်များလည်း ရှိသည်။ တစ်ချိန်က သူသည် ထိုမှော်ဆရာတစ်ဦးကို နယ်စားအဖြစ် ချီးမြှောက်ပြီး သမီးတော်တစ်ပါးနှင့်ပင် လက်ဆက်စေခဲ့သည်။ နောင်တွင် ထိုမှော်ဆရာ လွမ်တ သည် လူလိမ်တစ်ယောက်အဖြစ် ဖော်ထုတ်ခံရပြီး ကွပ်မျက်ခံလိုက်ရသည်။ ဧကရာဇ် ဝူ၏ ခရီးစဉ်တို့သည် တို့င်းပြည် ဘဏ္ဍာတိုက်တွင် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်စေပြီး သူကြွရောက်ခဲ့သည့် ဒေသတို့မှ ဒေသခံများကို အခက်အခဲများဖြစ်စေခဲ့သည်။ နှစ်ကြိမ်တိုင်တိုင် နယ်မြေအုပ်ချုပ်ရေးမှူးတို့သည် ဧကရာဇ်၏ နောက်လိုက်ဗိုလ်ပါတို့အတွက် ထောက်ပံ့မှုမပေးနိုင်သောကြောင့် နောက်ပိုင်းတွင် ကိုယ့်ကိုယ်ကို သတ်သေခြင်းခံရသည်။
၁၁၂ဘီစီတွင် နန်ယွဲ့ (ယခုခေတ် ဂွမ်ဒုံ)၊ ဂွမ်ကျီး နှင့် မြောက်ပိုင်းဗီယက်နမ်တွင် အရေးတော်ပေါ်ခဲ့သည့်အတွက် စစ်ရေးဖြင့် ကြားဝင်ဖြေရှင်းခဲ့သည်။ ထိုအချိန်က မင်းကြီး ကျောက်ကျင်း နှင့် မယ်တော်ကြီး ဂျူ (樛太后)(ကျောက်ကျင်း၏ ဖခင် မင်းကြီး ကျောက်ယင်းချီသည် ဟန် ကိုယ်စားလှယ်အဖြစ် အမှုထမ်းစဉ်ကာလက လက်ထပ်ခဲ့သော အမျိုးသမီး) တို့သည် ဟန် နှင့် ပူးပေါင်းလိုကြသည်။ သို့သော်လည်း တိုင်းပြည်၏ ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်ရေးကို ထိန်းသိမ်းလိုသော အမတ်ချုပ်ကြီး လူဂျား (吕嘉) သည် ဟန်နှင့် ပူးပေါင်းမည့် အဆိုကို လုံးဝဆန့်ကျင်သည်။ ဧကရာဇ်ဝူသည် ဟန်ချင်းချူ (韩千秋) နှင့် မယ်တော်ကြီး ဂျူ၏ မောင် ဂျူလီ (樛乐) တို့ ဦးဆောင်သည့် စစ်သည် ၂၀၀၀ ကို မင်းကြီး နှင့် မယ်တော်ကြီး ဂျူတို့အား ကူညီရန် စေလွှတ်သောအခါ လူဂျားသည် ပုန်ကန်ထကြွပြီး မင်းကြီး နှင့် မယ်တော်ကြီးကို ကွပ်မျက်လိုက်သည်။ လူဂျားသည် ကျောက်ယင်းချီ၏ အခြားသားတစ်ဦးဖြစ်သူ ကျောက်ဂျန်းဒီကို နန်းတင်၍ ဟန်ချင်းချူ နှင့် ဂျူလီတို့ ဦးဆောင်လာသည့် ဟန်တပ်ဖွဲ့တို့ကို ဖျက်ဆီးခဲ့သည်။ လပေါင်းများစွာကြာလျှင် ဧကရာဇ်သည် နန်ယွဲ့သို့ ငါးကြိမ် ခရီးရှည် ထိုးဖောက်တိုက်စစ်ဆင်ခဲ့သည်။ ၁၁၁ ဘီစီတွင် ဟန်စစ်တပ်သည် နန်ယွဲ့မြို့တော် ဖန်းယုကို သိမ်းပိုက်ပြီး နန်ယွဲ့နယ်မြေတစ်ခုလုံးကို ဟန်၏ လက်အောက်သို့ ထည့်သွင်း၍ နယ်မြေဆယ်ခုအဖြစ် ပိုင်းခြားသတ်မှတ်ကာ အုပ်ချုပ်ခဲ့သည်။
ထိုနှစ်တွင်ပင် မင်းယွီ (ယခုခေတ် ဖူကျမ်း) ကို ပူးတွဲအုပ်စိုးသည့် မင်း လျိုယုရှန်းသည် သူ၏ တိုင်းပြည်အပေါ် ဟန် ၏ တိုက်ခိုက်လာမည့် ဘေးကို စိုးရိမ်၍ ကြိုတင်စစ်ဆင်ပြီး ယခင် နန်ယွဲ့ နှင့် အခြားဟန် နယ်မြေများမှ မြို့အတော်များများကို သိမ်းယူနိုင်ခဲ့သည်။ ၁၁၀ ဘီစီတွင် ဟန် ၏ စစ်ရေးဆိုင်ရာ ဖိအားပေးမှုများကြောင့် လျိုယုရှန်းနှင့် ပူးတွဲအုပ်စိုးသည့် မင်းယွီ၏ အခြားဘုရင်တစ်ပါးဖြစ်သူ လျိုဂျုကု (骆居古) သည် လျိုယုရှန်းကို လုပ်ကြံကာ ဟန်ပြည်ထောင်သို့ အညံ့ခံခဲ့သည်။ သို့သော်လည်း ဧကရာဇ် ဝူသည် မင်းယွီ၏ ယခင်နယ်မြေကို နယ်မြေအသစ်များအဖြစ် မပိုင်းခြားပဲ ထိုပြည်သူများကို ယန်ဇီး နှင့် ဟွိုင် မြစ်ကြားဒေသများသို့ ပြောင်းရွှေ့နေထိုင်စေခဲ့သည်။
ထိုအချိန်သည်ပင် တိုင်းပြည်၏ ဘဏ္ဍာတိုက်ကို ကုန်ခမ်းစေသည့် ဧကရာဇ်ဝူ ပြုလုပ်နေသည့် ခရီးရှည်များကြောင့် ကုန်ကျခဲ့ရသည့် စရိတ်စကများကို ကာမိစေရန် အတွက် သူ၏ စိုက်ပျိုးရေးဝန်ကြီး စန်းဟုန်ယန် သည် နောင်အနာဂတ် မင်းဆက်များ အတုယူအပ်သည့် အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်ခဲ့သည်။ ဆားနှင့်သံကို နိုင်ငံတော်မှ အဓိက ထိန်းချုပ်ခြင်း ဖြစ်သည်။ နိုင်ငံတော် ဘဏ္ဍာတိုက်သည် လူသုံးကုန်ပစ္စည်းတို့ကို ဈေးကျနေစဉ် ဝယ်ယူပြီး ကုန်ဈေးနှုန်းပြန်တက်လာသောအခါ အမြတ်ဖြင့် ပြန်လည်ရောင်းချသည်။ သို့ဖြင့် တစ်ချိန်တည်းတွင် ငွေကြေးမတည်မငြိမ်ဖြစ်မှု အကြီးအကျယ်မဖြစ်စေရန် သတိထား၍ တိုင်းပြည် ဘဏ္ဍာငွေကို ပြန်လည်ဖြည့်သွင်းနိုင်သည်။
၁၀၉ ဘီစီတွင် ဧကရာဇ်ဝူသည် ထပ်မံ၍ နောက်ထပ်နယ်မြေချဲ့ထွင်သည့် စစ်ဆင်ရေးကို ဆင်နွှဲပြန်သည်။ အစောပိုင်း နှစ်တစ်ရာမပြည့်သေးမီကာလက ဝီမန်ဟု အမည်ရှိသည့် တရုတ်စစ်သူကြီးတစ်ဦးသည် ဂိုဂျိုဆွန်း၏ ထီးနန်းကို သိမ်းယူကာ ဟန်၏ ပဏ္ဏာဆက် နယ်မြေဖြစ်လာသည့် ဝီမန်ဂျိုဆွန်းကို ဝမ်ဂွန်း-ဆွန်း(ယခုခေတ် ဖျောင်းယန်း)တွင် တည်ထောင်ခဲ့သည်။ ဝီမန်၏ မြေးဖြစ်သူ မင်းကြီး အူဂျော်သည် ကျင့်ပြည်နယ် ၏ သံတမန်များကို ဟန်တိုင်းပြည်သို့သွားရာလမ်းတွင် တည်ရှိသည့် မိမိ၏ နယ်မြေများကို ကျော်ဖြတ်ခွင့်ကို ငြင်းပယ်ခဲ့သည့်အခါ ဧကရာဇ်ဝူသည် တမန်တော် ရှီဟီ (涉何) ကို ဝမ်ဂွန်းသို့ မင်းကြီး အူဂျော်နှင့် နယ်မြေဖြတ်သန်းခွင့်နှင့် ပတ်သက်၍ ဆွေးနွေးရန် စေလွှတ်လိုက်သည်။ သို့သော် မင်းကြီး အူဂျော်သည် ငြင်းပယ်ခဲ့ပြီး စစ်သူကြီးတစ်ဦးကို ဟန်နယ်မြေသို့ သံတမန် ရှီ၏ အကာအကွယ်အဖြစ် အဖော်ပြုစေလွှတ်လိုက်သည်။ ဟန်ပြည်ထောင်၏ နယ်နိမိတ်နှင့် နီးကပ်လာသောအခါ ရှီဟီသည် ထိုစစ်သူကြီးကို လုပ်ကြံသတ်ဖြတ်ပြီး ဧကရာဇ်အား သူသည် ဂျိုဆွန်းကို တိုက်ပွဲတွင် အနိုင်ယူပြီးကြောင်း လီဆယ်လျှောက်တင်သည်။ သူ၏ လှည့်ဖြားမှုကို သတိမမူမိသော ဧကရာဇ်သည် ရှီဟီကို လျိုဒုန်းနယ်မြေ (ယခုခေတ် လျောင်နင်း အလယ်ပိုင်း) ၏ စစ်ရေးအကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ အမျက်တော်ရှသည့် မင်းကြီး အူဂျော်သည် လျိုဒုန်းကို ကျူးကျော်ကာ ရှီဟီကို ကွပ်မျက်ခဲ့သည်။ ထိုကျူးကျော်မှုကို တုံ့ပြန်သည့် အနေဖြင့် ဧကရာဇ်ဝူသည် ကုန်း၊ ရေ စစ်ကြောင်းနှစ်ကြောင်းဖြင့် ဂျိုဆွန်းကို ချီတက်စေသည်။ အစောပိုင်းတွင် ဂျိုဆွန်းသည် လက်အောက်ခံနယ်မြေအဖြစ် နေလိုကြောင်း တောင်းဆိုသော်လည်း ဂျိုဆွန်း၏ အိမ်ရှေ့စံသည် ဧကရာဇ်ဝူအား လက်ဆောင်ပဏ္ဏာဆက်ရန် ချန်အန်းသို့ သွားရာတွင် ဂျိုဆွန်းတပ်ဖွဲ့က လိုက်ပါမည်ကို ဟန်စစ်တပ်မှ ငြင်းပယ်ရာမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားသွားလေသည်။ ဟန်ပြည်ထောင်သည် ၁၀၈ ဘီစီတွင် ဂျိုဆွန်း နယ်မြေကို သိမ်းပိုက်လိုက်ပြီး နယ်မြေ ၄ ခုကို ဖွဲ့စည်းခဲ့သည်။
၁၀၉ ဘီစီတွင်လည်း ဧကရာဇ်ဝူသည် တျန့်ပြည်ထောင် (ယခုခေတ် ယူနန် ပြည် အရှေ့ပိုင်း)သို့ တပ်ဖွဲ့ တစ်ဖွဲ့ကို စေလွှတ်သည်။ တျန့်၏ မင်းကြီးသည် ဟန်သို့ လက်နက်ချ အညံ့ခံသောအခါ တျန့်သည် ဟန်၏ နယ်မြေသို့ သွတ်သွင်းခံရပြီး တျန့်၏ မင်းကြီးကိုလည်း နဂိုရှိရင်းစွဲ အတိုင်း တျန့်ကို အုပ်ချုပ်စေခဲ့သည်။ ဧကရာဇ်ဝူသည် တျန့် နှင့် အနီးအနား တစ်ခွင်ရှိ ပြည်ထောင်များကို နယ်မြေ ၅ ခု အဖြစ် ဖွဲ့စည်းခဲ့သည်။
၁၀၈ ဘီစီတွင် ဧကရာဇ် ဝူသည် ကျီးယုကို စစ်ချီရန် စစ်သူကြီးကျောက်ပိုနု(涉何)ကို စေလွှတ်ခဲ့သည်။ သူသည် တာလာမာခန်သဲကန္တာရ နှင့် ချယ်ရှီ(ယခုခေတ် တာပန် ၊ စင်းကျန်း) ၏ အရှေ့မြောက်နယ်နိမိတ်တွင်ရှိသည့် လော့လန်း)မြေပေါ်မှ တိုင်းပြည်ငယ်များကို လက်နက်ချ အညံ့ခံစေခဲ့သည်။ ၁၀၅ ဘီစီတွင် ဧကရာဇ်ဝူသည် ဆွေမျိုးအလှမ်းဝေးသော မိသားစုမှ မင်းသမီးတစ်ပါးကို ဝူစွန်း(အစ်စကော မြစ်ဝှမ်း)ဘုရင်ဖြစ်သူ ကွန်းမို (昆莫)ထံသို့ လက်ထပ်ထိမ်းမြား၍ မဟာမိတ်ဖွဲ့ရန် ရည်ရွယ်ပြီး စေလွှတ်ခဲ့ရာ သူမသည် ကွန်းမို၏ မြေးတော်ဖြစ်၍ ထီးနန်းဆက်ခံသူလည်း ဖြစ်သည့် ချင်ချူ (芩娶)နှင့် လက်ဆက်ခဲ့သောကြောင့် ဟန် နှင့် ဝူစွန်းအကြား ခိုင်မာသော မဟာမိတ်ဆက်ဆံရေးတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့သည်။ များပြားလှသော ကျီးယုတိုင်းပြည်များသည်လည်း ဟန်ပြည်ထောင်နှင့် မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် အားထုတ်ခဲ့ကြသည်။ ၁၀၄ ဘီစီတွင် အနီးအနားရှိ တယွမ်ပြည်ထောင်(ကော့ကန်း)သို့ ဆိုးရွားလှသည့် စစ်ခင်းမှုဖြစ်ပေါ်ခဲ့သည်။ တယွမ်သည် ၎င်း၏ အကောင်းဆုံး မြင်းတို့ကို ပေးအပ်ရန် ဧကရာဇ်ဝူ၏ အမိန့်ကို ငြင်းဆန်ရုံသာမက ဧကရာဇ်၏ သံတမန်တို့ကိုပါ တယွမ်ဘုရင်ကို စော်ကားသောကြောင့် ကွပ်မျက်စေခဲ့သည်။ ဧကရာဇ်ဝူသည် သူ၏ အချစ်ခင်ဆုံး မောင်းမတော် မိဖုရား လီ၏ မောင်ဖြစ်သူ လီကွမ်လီကို တယွမ်သို့ စစ်ချီရာတွင် ဦးဆောင်စေရန် တာဝန်ပေးခဲ့သည်။ ၁၀၃ ဘီစီတွင် လီကွမ်လီ၏ ၂၆,၀၀၀သော စစ်သည် (၂၀,၀၀၀ သည် တရုတ် နှင့် ၆,၀၀၀သည် မျိုးနွယ်စုမြင်းသည်တော်) များ,[၂၁]သည် စားနပ်ရိက္ခာမလုံလောက်သည့် အဖြစ်ကြောင့် မျက်နှာပျက်စရာကောင်းလောက်သည့် ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်။ သို့သော် ၁၀၂ ဘီစီတွင် သူ၏ ထပ်မံစုစည်းထားသည့် အင်အား ၆၀,၀၀၀သော စစ်တပ်ဖြင့် ,[၂၂] တယွမ်မြို့တော်ကို ဝန်းရံကာ ရေလမ်းကြောင်းဖြတ်တောက်ခြင်းဖြင့် မြို့တော်ကို အပျက်အစီးကြီးမားလှသည့် စီးနင်းချေမှုန်းမှုကို ပြုကာ တယွမ်ကို ၎င်းတို့ မြတ်နိုးလှသည့် မြင်း ၃,၀၀၀ကို ပေးခြင်းဖြင့် လက်နက်ချစေခဲ့သည်။[၂၂]ဤသို့ ဟန်၏ အောင်ပွဲသည် ကျီးယုတိုင်းပြည်များကို ပို၍ ငြိမ်ဝပ်ပိပြားစေခဲ့သည်။
ဧကရာဇ်ဝူသည် ရှုံးနူတို့ကို အညံ့ခံစေလို၍ နည်းလမ်းအမျိုးမျိုးကြိုးစားခဲ့သော်လည်း သူ၏ လက်ထက်တွင် ငြိမ်းချမ်းရေးညှိနှိုင်းမှုများသာ ဖြစ်ခဲ့ပြီး သူ၏ လက်ထက်တွင် ဘယ်သောအခါကမှ အမှန်တကယ် အညံ့ခံခြင်းမျိုး မရှိခဲ့ပေ။ ၁၀၃ ဘီစီတွင် ချန်ယုအာသည် ကျောက်ပိုနုကို ဝန်းရံပြီး သူ၏ စစ်တပ်တစ်တပ်လုံးကို ဖမ်းဆီးခဲ့ခြင်းဖြင့် ၎င်းသည် ဝေချင်းနှင့် ဟိုချူဘင်းတို့ ချန်ယုတို့ကို မိခါနီးဆဲဆဲ ၁၁၉ ဘီစီမှ အခြေအနေအပြီးတွင် ပထမဆုံး ရှုံးနူတို့ဖက်မှ အောင်ပွဲဖြစ်ခဲ့သည်။ သို့သော် ၁၀၂ ဘီစီတွင် ဟန်၏ တယွမ်အပေါ် အောင်ပွဲကို တွေ့မြင်ကြားသိရသောအခါ ရှူံးနူတို့သည် ဟန်၏ စစ်မြားဦးလှည့်လာမည်ကို သတိမူမိသောကြောင့် ငြိမ်းချမ်းရေးကို ကမ်းလှမ်းလာကြသည်။ သို့ရာတွင် ဟန်ဖက်မှ လက်ထောက် သံတမန် ကျန်းရှန်း (张胜) သည် ချန်ယုချီးဒိဟို (且鞮侯)ကို လုပ်ကြံရန် ကြံစည်ခဲ့ကြောင်း တွေ့ရှိရသောအခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားသည်။ ထိုစဉ်က သံတမန်ဖြစ်သည့် နောက်ပိုင်းတွင် နာမည်ကျော်မည့် စုဝူ သည် ဆယ်စုနှစ် ၂ ခုမျှ အကျဉ်းစံခဲ့ရသည်။ ၉၉ ဘီစီတွင် ဧကရာဇ် ဝူသည် ရှုံးနူတို့ကို ချေမှုန်းရန် ရည်ရွယ်၍ စစ်ဆင်ရေးတစ်ခုဆင်နွှဲပြန်သည်။ သို့ရာတွင် စစ်ကြောင်းနှစ်ကြောင်းလုံး ရှုံးနိမ့်ပြန်သည်။ လီကွမ်လီ၏ စစ်ကြောင်းသည် ထောင်ချောက်မိသွားသော်လည်း အလွတ်ရုန်း ဆုတ်ခွာနိုင်ခဲ့သည်။ လီကွမ်၏ မြေးဖြစ်သည့် လီလင်းမှာမူ ရှုံးနူတို့၏ ဝန်းရံခံရမှု နှင့် ရှုံးနူစစ်သည်များအကြား များပြားလှသည့် ဆုံးရှုံးမှုတို့ကြောင့် နောက်ဆုံးတွင် အညံ့ခံခဲ့သည်။ တစ်နှစ်ကြာပြီးနောက် လီလင်းသည် ရှုံးနူစစ်သည်တို့ကို လေ့ကျင့်ပေးနေသည် ဟူသည့် မမှန်ကန်သော သတင်းတစ်ပုဒ်ကြောင့် ဧကရာဇ်ဝူသည် လီ၏ မျိုးရိုးတစ်ခုလုံးကို ကွပ်မျက်စေသည်။ လီ၏ မိတ်ဆွေဖြစ်သူ နာမည်ကျော် သမိုင်းပညာရှင် စီးမာချင်း (ဧကရာဇ်ဝူသည် သူ့အပေါ် သူ၏ စာအုပ်ဖြစ်သည့် ရှီကျီတွင် ဧကရာဇ် ဆန္ဒရှိသလို သူ နှင့် သူ၏ ခမည်းတော် ဧကရာဇ်ဂျင်း တို့ကို မြှောက်ပင့်ထားသင့်သလောက် မြှောက်ပင့်ထားမှုမရှိဟု ထင်သောကြောင့် ရန်ငြိုးအာဃာတထားခဲ့ပြီး ဖြစ်သည်) သည် လီ၏ အပြုအမူတို့ကို ကာကွယ်ပြောကြားပေးသောကြောင့် သင်းကွပ်ပစ်ခြင်း ခံရသည်။
၁၀၆ ဘီစီတွင် နယ်မြေများကို ပိုမိုကောင်းမွန်စွာဖြင့် စုစည်းအုပ်ချုပ်နိုင်ရန်အတွက် ဧကရာဇ် ဝူသည် ဧကရာဇ် နိုင်ငံတော်ကို နယ်ပယ် ၁၃ နယ် (ကျိုး, 州) အဖြစ် ပိုင်းခြားသတ်မှတ်ခဲ့သည်။ သို့ရာတွင် မြို့စားများ သို့မဟုတ် နယ်စားများ သတ်မှတ်ခဲ့ခြင်း မရှိချေ။ ထိုအစား သူသည် တစ်နယ်စီကို ကြီးကြပ်ရေးမှူး တစ်ဦးစီထားရှိပြီး ထိုသူများသည် နယ်အတွင်းရှိ ခရိုင်များ၊ ရုံးများကို ပုံမှန် အလှည့်ကျစနစ်ဖြင့် သွားရောက်ကာ နန်းတွင်းအမိန့်တော်ကို ခံယူလျက် အကျင့်ပျက်ခြစားမှုများ နှင့် စည်းကမ်းပျက်ကွက်မှုများကို စစ်ဆေးရန် ဖြစ်ပေသည်။
၁၀၄ ဘီစီတွင် ဧကရာဇ်ဝူသည် နတ်ဘုရားများနှင့် ပိုမိုနီးကပ်စွာ နေလိုသည့် ရည်ရွယ်ချက်ဖြင့် ကြီးမားလှသော အဆောက်အဦးဖြစ်သည့် ကြီးကျယ်ခမ်းနားလှသည့် ဂျန်ကျန်းနန်းတော် (建章宮) ကို ဆောက်လုပ်စေခဲ့သည်။ သူသည် ရှောင်ဟီမှ ဧကရာဇ် ဂေါင်လက်ထက်တွင် တည်ဆောက်ခဲ့သည့် ဧကရာဇ် အဆက်ဆက် စံမြန်းရာ ဝေ့ယန်းနန်းတော်ထက် ဂျန်ကျန်းနန်းတော်တွင်သာ တစ်ကိုယ်တည်း စံမြန်းနေခဲ့သည်။
၁၀၀ ဘီစီတွင် အခွန်အကောက်ထူပြောမှုနှင့် စစ်ပွဲအလီလီ ဆင်နွှဲမှုများ၊ အလွန်အကျွံ သုံးစွဲမှုများကြောင့် တိုးပွားလာသည့် စစ်ရေးဝန်ထုပ်ဝန်ပိုးများ ကြောင့် ပုန်ကန်ထကြွမှုများ သည် နိုင်ငံအဝှမ်း ပေါ်ပေါက်လာခဲ့သည်။ ဧကရာဇ်သည် ထိုပုန်ကန်မှုများကို နှိမ်နင်းရန် အမိန့်တော်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်တော်တွင် အသက်နှင့် ရင်း၍ ပုန်ကန်မှုကို နှိမ်နင်းရန် ကြီးကြပ်ရေးမှူးများအား အမိန့်တော်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ထိုအမိန့်သည် ပုန်ကန်မှုများကို ဖိနှိပ်ရန် မဖြစ်နိုင်သည့် အခြေအနေများကြောင့် ဆေးမဖြစ်ပဲ ဘေးသာ ဖြစ်ခဲ့သည်။ မင်းမှုထမ်းတို့သည် ပုန်ကန်မှုများကို ဖုံးကွယ်ရန်သာ ကြိုးပမ်းကြလေသည်။ ငွေတုထုတ်သူများကိုလည်း သူသည် ကွပ်မျက်ခဲ့သည်။[၂၃]
၉၆ ဘီစီတွင် စုန်းအတတ်ကို နှိမ်နင်းသုတ်သင်မှုများ စတင်ခဲ့သည်။ သေးငယ်သော တုတ်ချောင်းများ ကိုင်တွယ်ထားသည့် ရုပ်သေးရုပ်များ နှင့် အကောင်အထည်သေချာမမြင်ရသော လုပ်ကြံမည့်သူကို မြင်တွေ့ရခြင်း (စိတ်ကယောင်ချောက်ချားဖြစ်နေဟန်တူ) များပါဝင်သော အိပ်မက်ဆိုးကို မက်ခဲ့သည့် အတွက် စိတ်အာရုံများ ထုံထိုင်းနေသည့် ဧကရာဇ်ဝူသည် ရုန့်ရင်းကြမ်းကြုတ်လှသည့် အပြစ်ဒဏ်များကို ချကာ အပြင်းအထန်စစ်ဆေးမှုများပြုလုပ်စေသည်။ များပြားလှသော လူတို့၊ အများစုဖြစ်သော ရာထူးကြီး မင်းမှုထမ်းများသည် အများအားဖြင့် သူတို့၏ မိသားစုများအပါအဝင် စုန်းပညာဖြင့် ပြုစားသည်ဟု စွပ်စွဲခံရကာ ကွပ်မျက်ခံရသည်။ ပထမဆုံး တရားရင်ဆိုင်ရသူမှာ မိဖုရားခေါင်ကြီး ဝေကျီးဖူ ၏ ခဲအိုဖြစ်သူ ကုန်းစွန်းဟီ (公孫賀, ထိုအချိန်က အမတ်ချုပ်ကြီး ဖြစ်သူ) နှင့် သူ၏ သား ကုန်းစွန်း ကျင်းရှန်း (公孫敬聲, သူသည်လည်း နန်းတွင်းမင်းမှုထမ်းဖြစ်သော်လည်း အကျင့်ပျက်ခြစားမှုဖြင့် ထိန်းသိမ်းခံထားရသူဖြစ်နေ) တို့ဖြစ်ပြီး ထိုအဖြစ်သည် အလျင်အမြန်ပင် သူတို့၏ တစ်မိသားစုလုံး ကွပ်မျက်ခံရသည့် အထိ ဖြစ်သွားခဲ့သည်။ ထိုအဖြစ်တွင် တစ်နွယ်ငင် တစ်စင်ပါခဲ့သူများမှာ အိမ်ရှေ့စံမင်းသား ဂျူ ၏ အစ်မတော် မင်းသမီးများဖြစ်သည့် မင်းသမီး ရန်ရှီ (陽石公主, သူမသည် ကုန်းစွန်းဂျင်းရှန်းနှင့် မေတ္တာမျှနေကြသည်ဟု ဆိုကြသည်) နှင့် မင်းသမီး ကျူးရီ (諸邑公主) တို့ နှစ်ဦးအပြင် အိမ်ရှေ့စံ၏ အစ်ကိုတစ်ဝမ်းကွဲ ဝေခန်း (衛伉, ထိုအချိန်တွင် ကွယ်လွန်ခဲ့ပြီး ဖြစ်သည့် [[စစ်သူကြီး ဝေချင်း] ၏ သားကြီး) တို့ဖြစ်သည်။ သူတို့သည် စုန်းအတတ်နှင့် ပတ်သက်၍ စွပ်စွဲခံရကြကာ ၉၁ ဘီစီတွင် ကွပ်မျက်ခံကြရသည်။ ထိုစုန်းပညာနှင့် ပတ်သက်ပြီး ဖိနှိပ်စုံစမ်းမှုတို့သည် နောင်အခါ ထီးနန်းအရိုက်အရာ ဆက်ခံမှု ပဋိပက္ခတို့နှင့် ရောထွေးကုန်ပြီး တိုင်းပြည်ကို အထိနာစေသော ကပ်ဘေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။
အိမ်ရှေ့စံဂျူ ပုန်ကန်ခြားနားခြင်း
[ပြင်ဆင်ရန်]၉၄ ဘီစီတွင် ဧကရာဇ် ဝူ၏ အချစ်ဆုံး မောင်းမတော် သခင်မ ကော်ရီ (မိဖုရား ကျောက်)မှ သူ၏ အငယ်ဆုံး သားတော် လျိုဖုလင်း ကို ဖွားမြင်သည်။ ဧကရာဇ်သည် သက်တော်ကြီးရင့်ချိန် (အသက် ၆၂ နှစ် ရှိနေပြီ ဖြစ်) မှ သားတော်မွေးဖွားခဲ့ခြင်း နှင့် မိဖုရားကျောက်မှ သားတော်လေးကို ၁၄ လတာ ကိုယ်ဝန်ဆောင်ခဲ့ရ (ဒဏ္ဍာရီလာ ဧကရာဇ် ယောင် နှင့် အတူတူပင်]] သည်ဟု ရည်ရွယ်ချက်ရှိရှိဖြင့် ဆိုခဲ့သောကြောင့် အလွန် ဝမ်းသာခဲ့ပြီး မိဖုရား ကျောက်၏ နန်းတော် မုခ်ဝကို "ယောင်၏ မယ်တော် မုခ်ဦး" ဟု အမည်ပေးခဲ့သည်။ ထိုသို့ ပြုခြင်းသည် ဧကရာဇ်အနေဖြင့် မိဖုရားကျောက်နှင့် မင်းသား ဖုလင်းတို့ကို သဘောကျသဖြင့် လျိုဖုလင်းကို အိမ်ရှေ့စံအဖြစ် တင်မြှောက်လိုသည်ဟူသော အယူအဆကို ဖြစ်ပေါ်စေခဲ့သည်။ ထိုသို့ ပြုလုပ်ရန် ရည်ရွယ်သည်ဟု သက်သေခိုင်ခိုင်မာမာ ပြနိုင်ခြင်း မရှိသော်လည်း ထိုကောလဟာလသည်ပင် နောင်နှစ်အနည်းငယ်အတွင်း အိမ်ရှေ့စံမင်းသား ဂျူနှင့် မိဖုရားခေါင်ကြီး ဝေတို့ကို အကောက်ကြံမှုများဖြစ်ပေါ်စေခဲ့သည်။
ယခုအချိန်အထိ ဧကရာဇ် နှင့် သူ၏ သားတော် အိမ်ရှေ့စံ တို့အကြားတွင် ဧကရာဇ် ဖက်မှ သူ့သားတော်ကို ရည်မှန်းချက်သိပ်မကြီးဟု ထင်မှတ်သည်မှ လွဲ၍ ဆက်ဆံရေးသည် အနည်းငယ် တင်းမာနေသော်လည်း ဖော်ဖော်ရွေရွေ နွေးထွေးသော ဆက်ဆံရေးမျိုးဖြစ်သေးသည်။ ဧကရာဇ်သည် တဖြည်းဖြည်း သက်တော်ကြီးရင့်လာသည်နှင့်အမျှ အိမ်ရှေ့စံ မင်းသား ဂျူ၏ မိခင် မိဖုရားခေါင်ကြီး ဝေကျီးဖူအပေါ် ချစ်ခင်တွယ်တာနေမှုတဖြည်းဖြည်း လျော့နည်းလာသော်လည်း လေးလေးစားစားဆက်ဆံနေသေးသည်။ နေပြည်တော်မှ ထွက်ခွာသည့်အခါ မျိုးတွင် ဧကရာဇ်သည် အခွင့်အာဏာကို အိမ်ရှေ့စံမင်းသား ဂျူကို လွှဲအပ်လေ့ရှိသည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် နှစ်ဦးသားအကြား တိုင်းပြည် မူဝါဒအပေါ် သဘောကွဲပြားမှုများ စတင်ဖြစ်လာလေသည်။ မင်းသားဂျူသည် ပျော့ပြောင်းလွယ်ကူသော တိုင်းပြည်မူဝါဒကို ကျင့်သုံးလိုပြီး ဧကရာဇ် ၏ အကြံပေးများမှာမူ (ရက်စက်ကြမ်းကြုတ်သူများ နှင့် အချို့မှာ အကျင့်ပျက်ခြစားနေကြသည့် မင်းမှုထမ်းများ) ဆန့်ကျင်ဖက် ကြမ်းတမ်းခက်ထန်စွာ ကိုင်တွယ်ရေးကို တောင်းဆိုကြသည်။ ၁၀၆ ဘီစီတွင် ကွယ်လွန်သည့် ဝေချင်း နှင့် ကုန်းစွန်းဟီ၏ ကွပ်မျက်ခံရမှု နောက်ပိုင်းတွင် မင်းသား ဂျူတွင် နန်းတွင်း၌ အင်အားကောင်းသည့် နိုင်ငံရေးမဟာမိတ်သည် မရှိတော့ချေ။ အခြားသော မင်းမှုထမ်းတို့သည်လည်း မင်းသားအပေါ် လူတကာကြားတွင် ရှုံ့ချခြင်း နှင့် အကောက်ကြံခြင်းများ ပြုလုပ်လာကြသည်။ ထိုအချိန်တွင် ဧကရာဇ် ဝူသည်လည်း ငယ်ရွယ်သည့် မောင်းမတော်များကြားတွင် အချိန်ကို ကုန်လွန်နေခြင်းသောကြောင့် မင်းသား ဂျူ (သို့မဟုတ်) မိဖုရားခေါင်ကြီး ဝေတို့နှင့် ဆက်ဆံရေးအလွန်ကျဲလာနေတော့သည်။
မင်းသား ဂျူ အပေါ် အကောက်ကြံသူများတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ် သိပ်မကြာသေးမီက ခန့်ထားခံရသူ ကျန်းချုန် (江充) ပါဝင်သည်။ သူ နှင့် မင်းသား ဂျူသည် သူ၏ လက်ထောက်တပည့်ဖြစ်သူက နန်းတွင်း အခွင့်အာဏာကို အလွဲသုံးစားလုပ်မိသည့်အတွက် မင်းသားက အချုပ်ချခဲ့သည့်ကိစ္စတစ်ခုကြောင့် ထိပ်တိုက်တွေ့ခဲ့ကြဖူးသည်။ အခြားသူတစ်ဦးမှာ ယခင်က မင်းသားကို မကြာခဏ စွပ်စွဲမှုများ ပြုလုပ်လေ့ရှိသည့် နန်းတွင်းအပျိုတော်ဆောင် မိန်းမစိုးချုပ် စုဝမ် (蘇文) ဖြစ်သည်။ သူကမူ မင်းသား ဂျူသည် ဧကရာဇ် ၏ နာမကျန်းဖြစ်မှုအပေါ် ဝမ်းသားနေသည်ဟု တစ်မျိုး၊ မင်းသား ဂျူသည် ဧကရာဇ် ၏ ကိုယ်လုပ်တော် တစ်ဦးနှင့် ဖောက်ပြန်နေသည် ဟူ၍ တစ်မျိုး စွပ်စွဲ ပြောဆိုလေသည်။
ကျန်း နှင့် အခြားသူတို့သည် ဟန်နန်းတွင်းမှ အရေးပါသည့် ပုဂ္ဂိုလ်များအပေါ် စုန်းအတတ်နှင့် ပတ်သက်ပြီး စွပ်စွဲပြောဆိုမှုများ ပြုလုပ်ကြသည်။ ကျန်း နှင့် စုတို့သည် မင်းသား ဂျူကိုလည်း စုန်းအတတ်ကို နာမည်ခံကာ အကောက်ကြံကြရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ကန်ချွမ် နန်းတော်တွင် နန်းစံနေသည့် ဧကရာဇ်ထံမှ စုန်းအတတ်၊ အပင်းပစ္စည်းတို့ကို ရှာရန် ခွင့်ပြုချက်ရယူပြီး ကျန်းသည် နန်းဆောင်ရှိသမျှကို ရှာဖွေလေသည်။ မဆင်မခြင် တူးဆွသောကြောင့် နန်းဆောင်များကို ပျက်စီးစေသော်လည်း ကျန်းသည် မင်းသား ဂျူ နှင့် မိဖုရားခေါင်ကြီး ဝေ စံရာ နန်းတော်တွင် ထူးဆန်းလှသော စာများရေးသားထားသည့် အဝတ်စများ နှင့် စုန်းအတတ်ဆိုင်ရာ အရုပ်များကို တိတ်တဆိတ် ထည့်ထားလိုက်သည်။ ထို့နောက် သူသည် ထိုနေရာတွင် ပစ္စည်းများတွေ့ကြောင်း ကြေညာလိုက်သည်။ မင်းသားဂျူသည် အလွန်တရာ အံ့ဩရုံသာမက အကောက်ကြံခံရပြီဟုလည်း သိလိုက်လေသည်။ မင်းသား ၏ ဆရာ ဖြစ်သူ ရှီဒဲ (石德) သည် ချင် မင်းဆက်မှ ရင်းဖုဆု ၏ အဖြစ်ကို ဖော်ပြကာ ဧကရာဇ်သည် ကွယ်လွန်ပြီး ဖြစ်နိုင်ကြောင်း ဖြစ်နိုင်ချေတစ်ခုကို တင်ပြလေပြီး မင်းသားဂျူသည် ရန်သူအပေါင်းကို ချေမှုန်းရန် ထကြွသင့်ပါကြောင်း တောင်းဆိုလေသည်။ သို့ရာတွင် မင်းသား ဂျူသည် အစကနဦးတွင် မိမိ၏ ဖခင်ရှေ့၌ မိမိ၏ အပြစ်ကင်းမဲ့ပုံကို ကာကွယ်ပြောကြားလိုသောကြောင့် ကန်ချွမ်နန်းတော်သို့ အပြေးသွားပြီး ပြောဆိုရန် စဉ်းစားမိပြီး တုံ့ဆိုင်းနေသေးသည်။ သို့သော် ကျန်း ၏ စေတမန်တို့သည် ကြို၍ သွားနှင့်ပြီ ဆိုသည်ကို သိသောအခါ မင်းသား ဂျူသည် ရှီ၏ တောင်းဆိုချက်ကို လိုက်နာရန် ဆုံးဖြတ်လိုက်လေတော့သည်။
မင်းသား ဂျူသည် ကျန်း နှင့် အပေါင်းအပါများအား ထောင်ချောက်ဆင်၍ ချုပ်နှောင်ရန် ဧကရာဇ် ထံမှ စေလွှတ်လိုက်သည့် သံတမန် တစ်ဦးအဖြစ် မိမိ၏ လူတစ်ယောက်ကို အသွင်ယူစေသည်။ သို့ရာတွင် စုဝမ်သည် လွတ်မြောက်သွားခဲ့သည်။ သို့သော် မင်းသား ဂျူသည် ကျန်းကို မိမိ၏ ဖခင်နှင့် ဆက်ဆံရေးပျက်ပြားအောင်ပြုသည်ဟု စွပ်စွဲကာ ကိုယ်တိုင် ကွပ်မျက်လိုက်သည်။ သူ၏ မယ်တော် မိဖုရားခေါင်ကြီး ၏ အကူအညီဖြင့် သူသည် သူ၏ ကိုယ်ရံတော်များ၊ ပြည်သူများ နှင့် အကျဉ်းသားများကို မိမိကို ကာကွယ်စေရန် ရည်ရွယ်ချက်ဖြင့် စစ်မှုထမ်းစေသည်။
စုဝမ်သည် ကန်ချွမ်နန်းတော်သို့ ထွက်ပြေးလေပြီး မင်းသားဂျူကို ပုန်ကန်မှုဖြင့် စွဲချက်တင်လေသည်။ ဧကရာဇ် ဝူသည် ထိုအချိန်တွင် မင်းသားဂျူသည် မိမိကို ဒေါသထွက်နေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ကာ စုဝမ်၏ စွဲချက်ကို မယုံကြည်သေးသဖြင့် ချန်အန်းသို့ သံတမန်စေလွှတ်ကာ မင်းသားဂျူကို ဆင့်ခေါ်စေသည်။ တမန်တော်သည် ချန်အန်းသို့ မသွားရဲပဲ လမ်းခုလတ်မှ ပြန်လှည့်လာပြီး မင်းသားဂျူသည် ပုန်ကန်နေပြီ ဖြစ်ကြောင်း မှားယွင်းစွာ တင်ပြခဲ့သည်။ အမျက်ထွက်သောကြောင့် ဧကရာဇ်သည် မိမိ၏ တူတော် အမတ်ချုပ်ကြီး လျိုချူမြောင့် (刘屈犛)အား ပုန်ကန်မှုကို နှိမ်နင်းရန် အမိန့်တော်ချမှတ်လိုက်လေသည်။
နှစ်ဖက်စလုံးမှ တပ်အသီးသီးသည် ချန်အန်း ၏ လမ်းများအကြားတွင် ငါးရက်တာမျှ တိုက်ပွဲဆင်နွှဲခဲ့ကြသည်။ သို့သော် မင်းသား ဂျူ၌ ဧကရာဇ်၏ အမိန့်အာဏာမရှိကြောင်း သိရှိလာကြသည့်အခါ လျိုချူမြောင့်၏ တပ်ဖွဲ့များသည် တဖြည်းဖြည်း အသာစီးရလာခဲ့သည်။ မင်းသားဂျူသည် တိုက်ပွဲရှုံးနိမ့်ပြီးနောက် နေပြည်တော်မှ မိမိ၏ သားနှစ်ဦးနှင့် ကိုယ်ရံတော်တပ်သားအချို့ ဝန်းရံကာ ထွက်ပြေးခဲ့ရသည်။ သူ၏ မြေးတစ်ယောက်ဖြစ်သည့် တစ်လသားပင် မပြည့်သေးသည့် လျိုဘင်းရီမှာ ချန်လှပ်ခံရပြီး အကျဉ်းထောင်ထဲသို့ ပစ်ထားခံရသည်။ ကျန်သည့် မိသားစုဝင်များမှာ အသတ်ခံကြရသည်။ သူ၏ မယ်တော် မိဖုရားခေါင်ကြီး ဝေသည် ဧကရာဇ်မှ နန်းချရန် ရည်ရွယ်၍ အမှုထမ်းများ စေလွှတ်သောအခါ မိမိကိုယ်ကို သတ်သေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များသည် လျော်ကန်သင့်မြတ်သည့် ကဗ္ဗျည်းတိုင်ပင် စိုက်ထူခြင်းမခံရပဲ ကွင်းပြင်များတွင် လက်လွတ်စပယ် မြှုပ်နှံကြခြင်းကို ခံခဲ့ရသည်။ မင်းသားဂျူကို အားပေးထောက်ခံသူများမှာ ရက်စက်စွာ နှိမ်နင်းခံရပြီး အိမ်ရှေ့စံကို ကူညီကြသည့် ပြည်သူများမှာ အကျဉ်းခံကြရသည်။ မင်းသား ဂျူ ထွက်ပြေးသည့်အခါ မတားမြစ်ခဲ့သည့် မြို့တော် ဂိတ်တံခါး အရာရှိ ကျန်းရန် (田仁) နှင့် ပုန်ကန်မှုကို နှိမ်နင်းသည့်အခါ တက်တက်ကြွကြွ မပါဝင်ပဲ နေခဲ့သည့် တပ်မှူးကြီး ရန်အန်း (任安) တို့ပင် တရားခံတို့ကို သနားကရုဏာသက်နေသည်ဟု စွပ်စွဲခံရကာ ကွပ်မျက်ခံရသည်။
ဧကရာဇ်သည် အမျက်မစဲသေးပဲ မင်းသား ဂျူကို ဆက်လက် ရှာဖွေရန် အမိန့်ပေးခဲ့သည်။ မင်းမှုထမ်းငယ်တစ်ဦးဖြစ်သည့် လင်းဟူမြောင့် (令狐茂)က အသက်ရင်း၍ မင်းသား ဂျူကိုယ်စား ကာကွယ်ပြောဆိုပေးသည့်အခါမှ ဧကရာဇ်သည် ဒေါသမီးများ စတင်ငြိမ်းသွားလေသည်။ သို့သော်လည်း သူသည် မင်းသားဂျူကို ခွင့်လွှတ်ကြောင်း အမိန့်စာထုတ်ပြန်ရန် စောင့်ဆိုင်းနေခဲ့သည်။
မင်းသား ဂျူ သည် ဟု ခရိုင် (湖縣 ၊ ယခုခေတ် စန်းမန်းရှား ၊ ဟီနန်)သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဆင်းရဲသား မိသားစုတစ်ခုတွင် ခိုလှုံနေခဲ့သည်။ စိတ်ကောင်းစေတနာ အပြည့်ဖြင့် ဧည့်ဝတ်ကျေပွန်လှသော မိသားစုသည် များပြားလှသော သူ၏ လူများကို ကျွေးမွေးပြုစုရာတွင် အခက်အခဲရှိမည်ကို သိမြင်သည့်အတွက် မင်းသား သည် အနီးအနားတွင် နေထိုင်သည့် သူငယ်ချင်း တစ်ဦးထံမှ အကူအညီတောင်းခံခဲ့သည်။ သို့သော် ထိုသို့ပြုလိုက်ခြင်းသည် သူတို့၏ ပုန်းခိုနေရာကို ဖော်ပြလိုက်သလို ဖြစ်သွားသည့်အတွက် သူသည် ဆုလာဘ်ကို မျှော်ကိုးနေကြသည့် ဒေသခံ မင်းမှုထမ်းများ၏ လိုက်ပါဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ လူအများ၏ ဝန်းရံမှုကို ခံရပြီး လွတ်လမ်းရှာမတွေ့သောအခါ မင်းသားသည် မိမိကိုယ်ကို ဆွဲကြိုးချ၍ သတ်သေခဲ့ရှာသည်။ သူ၏ သားနှစ်ဦးနှင့် အိမ်ရှင်မိသားစုသည်လည်း အစိုးရစစ်သည်များ ခြံဝင်းထဲသို့ ချိုးဖျက်ဝင်ရောက်ကာ အားလုံးကို သတ်လိုက်သည့်အတွက် မင်းသားကို တမလွန်ဘဝတွင် အဖော်ပြုလိုက်ပါသွားခဲ့သည်။ ထို ချေမှုန်းမှုတွင် ခေါင်းဆောင်သည့် ဒေသခံမင်းမှုထမ်းများ ဖြစ်သည့် ကျန်းဖုချန်း (張富昌) နှင့် လီရှို (李寿)တို့သည် အချိန်မဆိုင်းပဲ မင်းသား၏ အလောင်းတော်ကို ဧကရာဇ် ထံမှ ဆုလာဘ် ရယူနိုင်ရန် ချန်အန်းသို့ သယ်သွားခဲ့သည်။ သူ၏ သားတော်၏ သေဆုံးခြင်းကို ကြားရသည့်အတွက် ဧကရာဇ် ဝူသည် အလွန်ဝမ်းနည်းခဲ့သော်လည်း သူ၏ ကတိကို မဖျက်သာပဲ အမှုထမ်းများကို ဆုလာဘ်တော်များ ချမှတ်ခဲ့သည်။
၁၂၄ ဘီစီတွင် ဧကရာဇ်သည် နန်းတွင်း တက္ကသိုလ်ကို တည်ထောင်ရန် အမိန့်ချမှတ်ခဲ့သည်။ ထိုနေရာတွင် စာပေကျမ်းဂန်နှံ့စပ်သူများ က တိုင်းပြည်အတွက် အရေးပါသည့် ကျမ်း၅ကျမ်းကို သင်ကြားပေးမည် ဖြစ်သည်။ ဧကရာဇ် ဝူသည် ဒေသကြီးများ နှင့် ခရိုင်များတွင် ဒေသခံ အများပြည်သူ ကျောင်းများ ဖွင့်လှစ်စေရန်ကိုလည်း အမိန့်တော်ချမှတ်ခဲ့လေသည်။[၂၄]
နှောင်းပိုင်းနန်းစံခြင်း နှင့် ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]ကျန်းချုန် နှင့် မင်းသား ဂျူ နှစ်ဦးလုံး ကွယ်လွန်ပြီးနောက်တွင်ပင် စုန်းပြုစုခြင်းဆိုင်ရာ အရှုပ်အထွေးများ ထပ်မံ ဖြစ်ပေါ်နေသေးသည်။ နောက်ဆုံး အနေဖြင့် လူသိများသည့် သားကောင်မှာ မောင်းမတော်လီ၏ မောင်ဖြစ်ပြီး တယွမ် နှင့် ရှုံးနှုတို့အပေါ် သူ၏ စွမ်းရည် နည်းပါးသေးသည့်အတွက် မလိုအပ်သည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်သည်က လွဲ၍ အောင်ပွဲများ ဆင်နွှဲခဲ့သည့် စစ်သူကြီး လီကွမ်လီ ဖြစ်ပေသည်။ ၉၀ ဘီစီတွင် လီသည် ရှုံးနှုတို့ကို စစ်ပွဲဆင်နွှဲရန် တာဝန်ကျနေချိန်တွင် ကော်ရန်း ဟုခေါ်သည့် မိန်းမစိုး တစ်ယောက်က လီသည် သူ၏ နိုင်ငံရေး မဟာမိတ် ဖြစ်သည့် အမတ်ချုပ် လျိုချူမြောင့် နှင့် ပူးပေါင်းကာ ဧကရာဇ် ဝူအား ပြုစားရန် ကြံစည်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လျို နှင့် သူ၏ မိသားစုသည် ချက်ချင်းပင် ဖမ်းဆီးခံရပြီး နောက်အတော်ကြာကြာတွင် ကွပ်မျက်ခံရသည်။ လီ၏ မိသားစုသည်လည်း အကျယ်ချုပ်ကျခံခဲ့ရသည်။ ထိုသတင်းကို ကြားသောအခါ လီသည် ရှုံးနူမြေတွင် ခြေကုပ်ယူရန် ကြံရွယ်၍ ရှုံးနူတို့ကို ချေမှုန်းအနိုင်ယူရန် အန္တရာယ်များပြားလှသည့် နည်းဗျူဟာများကို အသုံးပြုခဲ့သည်။ သို့သော် သူ၏ အကြီးတန်း မင်းမှုထမ်းများမှ ပုန်ကန်သောကြောင့် ထိုရည်ရွယ်ချက် ပျက်ပြားခဲ့ရသည်။ သူသည် ရှုံးနူတို့ထံ ခိုလှုံခဲ့ပြီး နောက်ပိုင်းတွင် ဧကရာဇ်သည် သူ၏ မျိုးရိုးတစ်ခုလုံးကို သုတ်သင်ဖယ်ရှားခဲ့သည်။ လီ ကိုယ်တိုင်လည်း ရှုံးနူတွင် ယခင် ဟန်သစ္စာဖောက်များအကြား အချင်းချင်း အကောက်ကြံ အနိုင်ယူကြသည့် အချိန်တွင် ကျဆုံးခဲ့သည်။ အထူးသဖြင့် သူ့အပေါ် ချန်ယု၏ မျက်နှာသာပေးမှုကို အလွန် အမင်း မနာလိုသည့် ဝေလု (衛律)ဆိုသူကြောင့် ဖြစ်သည်။
ထိုအချိန်တွင်မူ ဧကရာဇ် ဝူသည် စုန်းအတတ်ဆိုင်ရာ စွပ်စွဲပြောဆိုမှုများ အထူးသဖြင့် အိမ်ရှေ့စံ ပုန်ကန်မှု နှင့် သက်ဆိုင်သည့် စွပ်စွဲမှုများသည် မဟုတ်မမှန် ပြောဆိုမှုများ ဖြစ်သည်ကို သတိပြုမိခဲ့သည်။ ၉၂ ဘီစီတွင် ထိုအချိန်က ဧကရာဇ် ဂေါင် ၏ ဝတ်ပြုကျောင်းတော်တွင် ဦးစီးမှူးဖြစ်သူ ကျန်းချင်းချူ က သူသည် အိပ်မက်ထဲတွင် ဧကရာဇ် ဂေါင်မှ မင်းသားဂျူသည် အလွန်ဆုံး ကျာပွတ်ဖြင့် ရိုက်ပြီး အပြစ်ပေးရန် လိုကြောင်း၊ မသတ်ထိုက်ကြောင်း အိပ်မက်ပေးလာသည် ဟု တင်ပြလာခဲ့သည်။ ဧကရာဇ် ဝူသည် သူ၏ သား မည်သို့မည်ပုံ ပုန်ကန်သည့်အထိ ဖြစ်ခဲ့ရသည်ကို မြင်လာခဲ့သည်။ သူသည် စုဝမ်ကို မီးလောင်တိုက်သွင်းစေ၍ ကျန်းချုန်၏ မိသားစုကို ကွပ်မျက်စေသည်။ သူသည် ကျန်းချင်းချူကို အမတ်ချုပ်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် မင်းသား ဂျူကို အလွန် လွမ်းဆွတ်သည်ဟု ဆိုခဲ့သော်လည်း (သူသည် ဝမ်းနည်းပူဆွေးမှု နှင့် နောင်တရမှုတို့၏ သက်သေအနေဖြင့် သူ၏ သားတော်အတွက် နန်းတော်တစ်ဆောင် နှင့် ယဇ်ပုလ္လင်တစ်ခုပင် တည်ဆောက်ခဲ့သည်) ထိုစဉ်က သူ၏ မြေးတော် လျိုဘင်းရီ အကျဉ်းခန်းတွင် ကလေးငယ်လေးအနေဖြင့် အကျဉ်းစံနေရသည်ကို အမှားပြင်ဆင်၍ ကယ်တင်ခဲ့ခြင်း မရှိချေ။
နိုင်ငံရေး အခြေအနေ ပြောင်းလဲခဲ့ခြင်းနှင့် အတူ ဧကရာဇ် ဝူသည် သူ၏ ယခင် နိုင်ငံ နည်းဥပဒေ ဆိုင်ရာ လွဲမှားချက်များကို တစ်နိုင်ငံလုံးမှ ပြည်သူများအား ဝန်ချတောင်းပန်ခဲ့သည်။ ထိုဖြစ်ရပ်သည် သမိုင်းတွင် လွန်းတိုင် အမှားပြင်ဆင်ချက် အမိန့်ထုတ်ပြန်ခြင်း (輪台悔詔)ဟု တွင်သည်။ သူ ခန့်အပ်ခဲ့သည့် အမတ်ချုပ်ကြီး ကျန်းသည် စစ်သည်တို့ကို အနားပေးပြီး ပြည်သူတို့အပေါ် ကာလရှည်ကြာ ဖိစီးခဲ့သည့် ဝန်ထုပ်ဝန်ပိုးများကို လျှော့ချစေရန် ပို၍ စိတ်အားထက်သန်ခဲ့သည်။ ကျန်းချင်းချူသည် စီမံခန့်ခွဲရေး အဖွဲ့တွင် များစွာသော စိုက်ပျိုးရေးပညာရှင်များကို အရေးပါသော အဖွဲ့ဝင်များ ဖြစ်လာစေခြင်းဖြင့် စိုက်ပျိုးရေးကို အားပေးခဲ့သည်။ စစ်နှင့် နယ်ပယ်ချဲ့ထွင်ရေး တို့သည် ယေဘုယျအားဖြင့် ရပ်စဲခဲ့သည်။ ထိုမူများနှင့် အကြံအစည်တို့သည် မင်းသားဂျူမှ များစွာ အားပေးခဲ့သည့် အချက်များ ဖြစ်သော်လည်း ထိုအရာတို့သည် သူကွယ်လွန်ပြီးနောက် နှစ်ပေါင်းကြာမှ အကောင်အထည်ပေါ်ခဲ့သည်။
၈၈ ဘီစီတွင် ဧကရာဇ် ဝူသည် အလွန် နာမကျန်းဖြစ်လာလေသည်။ မင်းသား ဂျူ သေဆုံးခဲ့ပြီးသည့်အတွက် နောက်ခံအရိုက်အရာဆက်ခံမည့်သူ သတ်သတ်မှတ်မှတ် မရှိတော့ချေ။ ယန်း မင်းသား လျိုဒန် သည် လက်ရှိတွင် အကြီးဆုံး သား ဖြစ်သည်။ သို့ရာတွင် သူ နှင့် သူ၏ ညီတော် ဂွမ်လင်းမင်းသား လျိုကျူးတို့သည် ဥပဒေကို လေးစားလိုက်နာလိုကြသူများ မဟုတ်၍ ဧကရာဇ်သည် သူတို့ နှစ်ယောက်လုံးကို မသင့်တော်ဟု သတ်မှတ်ထားသည်။ အသင့်တော်ဆုံး တစ်ဦးတည်းသောသူသည် ထိုအချိန်က ၆ နှစ်သာ ရှိသေးသည့် သူ၏ အငယ်ဆုံး သားတော် လျိုဖုလင်းသာ ဖြစ်သည် ဟု ဆု့းဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် အရည်အချင်းရှိသည့် ရင်ခွင်ပိုက် အုပ်ချုပ်မည့်သူအဖြစ် စွမ်းဆောင်ရည်ရှိသလို သစ္စာရှိသည်ဟု သူထင်သည့် ဟိုဂွမ်ကို ရွေးချယ်ကာ သူ့အား ဖုလင်းကို အုပ်ထိန်းစောင့်ရှောက်စေခဲ့သည်။ သူသည် မင်းသား ဖုလင်း၏ မယ်တော် မိဖုရား ကျောက် ကို ယခင် မိဖုရားခေါင်ကြီး လွီကျီးကဲ့သို့ ထိန်းချုပ်ကွပ်ကဲ၍ မရနိုင်သည့် သူမျိုး ဖြစ်လာမည် စိုး၍ ကွပ်မျက်စေခဲ့သည်။ ဟိုဂွမ်၏ တောင်းဆိုချက်အရ သူသည် ရှုံးနူလူမျိုး အမှုထမ်း ဂျင်းမိဒိ နှင့် စစ်သူကြီး ရှန့်ကွမ်းကျီးတို့ကို တွဲဖက်အုပ်ထိန်းသူများအဖြစ် ခန့်အပ်ခဲ့သည်။ သူသည် မင်းသား ဖုလင်းကို အိမ်ရှေ့စံ ခန့်အပ်ပြီး သိပ်မကြာမီ ၈၇ ဘီစီတွင် ကွယ်လွန်ခဲ့သည်။ မင်းသား ဖုလင်းသည် ဧကရာဇ် ကျောက် အဖြစ် နောင် ၁၃ နှစ်တိုင်တိုင် ထီးနန်းစိုးစံခဲ့သည်။
ဧကရာဇ် ဝူသည် မိဖုရားခေါင်ကြီး ဝေကျီးဖူ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည့်အချိန်မှ စ၍ မည်သူ့ကိုမှ မိဖုရားခေါင်အဖြစ် ထပ်မံမတင်မြှောက်တော့သည့် အပြင် သူ၏ ဂူဗိမာန်တွင် မည်သူနှင့် တွဲ၍ ထားရမည်ဟုလည်း ညွှန်ကြားခဲ့ခြင်း မရှိသည့်အတွက် ဟိုဂွမ်သည် သခင်မလီနှင့် တွဲဖက်စေခဲ့သည်။ သူတို့သည် တရုတ်ပြည်ပိရမစ်များ ဟု ကျော်ကြားသည်တွင် အကျော်ကြားဆုံး မြောင်လင်း တောင်ကုန်းတွင် မြှုပ်နှံခဲ့သည်။ ဟိုဂွမ်သည် လှပသည့် အမျိုးသမီး ၅၀၀ ခန့်ကို ကွယ်လွန်ပြီး ဧကရာဇ်ကို အဖော်ပြုစေခဲ့သည်။ [၂၅] ကျေးလက်ဒဏ္ဍာရီအရ သူတို့ထဲမှ ၂၀၀ သည် ဂူစောင့်များနှင့် လိင်ဆက်ဆံမှုပြုသောကြောင့် ကွပ်မျက်ခံရသည် ဟု ဆိုသည်။ ဟိုဂွမ်၏ မိသားစုသည် နောင်တွင် အသတ်ခံရပြီး ဧကရာဇ်၏ အုတ်ဂူသည် ချီမေတို့၏ လုယက်ခြင်းကို ခံခဲ့ရသည်။
နှောင်းလူတို့အတွက် အမွေအနှစ်များ
[ပြင်ဆင်ရန်]သမိုင်းပညာရှင်များသည် ဧကရာဇ် ဝူကို အမြင်အမျိုးမျိုးဖြင့် ရှုမြင်သုံးသပ်ကြသည်။ သူ၏ ဘဝ နှင့်ပတ်သက်၍လည်း ဝိရောဓိဖြစ်စရာများ သေချာပေါက်ရှိနေပါသည်။ သူသည် သူ၏ နန်းစံသက်တမ်းတွင် တရုတ်ပြည် ဟန်ဧကရာဇ်နိုင်ငံတော်ကို အကြမ်းဖျဉ်းအားဖြင့် ၂ဆမျှ ချဲ့ထွင်နိုင်ခဲ့သည်။ ထိုသို့ သူချဲ့ထွင်ခဲ့သည့် မြေနေရာအများသည် ယခုခေတ် တရုတ်ပြည်၏ နယ်မြေအစိတ်အပိုင်းများ ဖြစ်နေသည်။ သူသည် ကွန်ဖြူးရှပ်ဝါဒကို တရားဝင် အားပေးသလို ချင်ရှီဟွမ် ကဲ့သို့ပင် တိုင်းပြည်ကို အုပ်ချုပ်ရန်အတွက် သူကိုယ်တိုင် ဆုပေးဒဏ်ပေး ဥပဒေ စနစ်ကို ကိုယ်တော်တိုင် ကျင့်သုံးခဲ့သည်။
ဧကရာဇ် ဝူသည် အသုံးအဖြုန်း ကြီး၍ အယူသည်းသည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် သူ၏ မူဝါဒတို့သည် ပြည်သူတို့ကို ဝန်ထုပ်ဝန်ပိုးတစ်ရပ်ဖြစ်လာစေခဲ့သည်။ ထို့ကြောင့် သူသည် မကြာခဏ ချင်ရှီဟွမ် နှင့် အနှိုင်းယှဉ်ခံရသည်။[၂၆]တာဝန်ထမ်းဆောင်ရာတွင် မအောင်မြင်မှုနှင့် သစ္စာမဲ့မှုအတွက် ပြစ်ဒဏ်များမှာ မကြာခဏဆိုသလို အလွန်အကဲ ရက်စက်ကြမ်းကြုတ်လှသည်။ သူ၏ ဖခင် ဟန် ဧကရာဇ် ဂျင်းသည် ပြည်နယ်ခုနှစ်ခု ပုန်ကန်ခြင်း အဖြစ်တွင် ပါဝင်သည့် သူ အများအပြားကို သေဒဏ်မှ ကယ်လွှတ်ခဲ့ပြီး သူ၏ အုတ်ဂူတည်ဆောက်ခြင်း အလုပ်တချို့လုပ်ဆောင်စေခဲ့သည်။ [၂၇] ဧကရာဇ်ဝူသည် လျိုအန်း အရေးအခင်း၊ ဟန်ရှန်း[၂၈] နှင့် သူ၏ စုန်းအတတ် နှိမ်နင်းမှု နှင့် မင်းသားဂျူ ပုန်ကန်မှု အဖြစ်များတွင် လူအများအပြားနှင့် သူတို့ မိသားစုများကို သတ်ဖြတ်ခဲ့သည်။[၂၉]
သူသည် သူ၏ ဇနီးများဖက်မှ ဆွေမျိုးများကို ရှုံးနူတို့ကို တိုက်ခိုက်ရာတွင် အသုံးချခဲ့ပြီး အချို့သည် နာမည်ကျော်ကြား၍ အောင်မြင်သည့် စစ်သူကြီးများ ဖြစ်လာခဲ့သည်။
သူသည် သူ၏ နောက်ဆုံး မိဖုရားကြီးကို သတ်သေရသည့်အဖြစ်မျိုး ရောက်အောင် တွန်းပို့ခဲ့သည်။ ဧကရာဇ် ဝူခန့်အပ်ခဲ့သည့် အမတ်ချုပ်ကြီး ၁၂ ယောက်တွင် ၃ ယောက်သည် အသတ်ခံရပြီး ၂ ယောက်သည် ရာထူးလက်ကိုင်ရထားချိန်တွင် အသတ်ခံရ၍ ၁ ဦးသည် ရာထူးမှ အနားယူချိန်တွင် အသတ်ခံရသည်။ သူသည် အထူးထောင်များ(詔獄)ကို ဖန်တီးခဲ့ပြီး လူ ၂၀၀,၀၀၀ မျှကို ထိုထောင်များတွင် အကျဉ်းချခဲ့သည်။[၃၀]
ဧကရာဇ် ဝူ၏ နိုင်ငံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် ဧကရာဇ် တို့၏ ဩဇာအာဏာကို အမတ်ချုပ်တို့၏ အာဏာအထက်၌ မြဲမြံခိုင်မာစွာ တည်ရှိစေခဲ့သည်။ ရှန်းရှ ရာထူး( နန်းတွင်း စာရေးတော်) တို့သည် စာရွက်စာတမ်းစီမံခန့်ခွဲသည့်အရာလေးမှ တိုးတက်ကာ ဧကရာဇ်၏ အနီးကပ် အကြံပေးအဖြစ် တိုးတက်သွားခဲ့သည်။ ထိုအရာသည် မင်းဆက်တိုင်းတွင် တည်မြဲနေခဲ့သည်။
၁၄၀ ဘီစီတွင် ဧကရာဇ်ဝူသည် လူငယ်စာပေပညာရှင် ၁၀၀ ကျော်ကို နန်းတွင်း စာမေးပွဲ စစ်ဆေးခဲ့သည်။ အမှုထမ်းတို့မှ ထောက်ခံခြင်း ခံရသော်လည်း စာပေပညာရှင်အများစုသည် နောက်ခံအသိုင်းအဝန်း မရှိသည့် သာမန် လူတန်းစားများသာ ဖြစ်ပေသည်။ ထို အဖြစ်အပျက်သည်ပင် နောင်မင်းဆက်တို့ဝယ် ကွန်ဖြူးရှပ်ဝါဒကို တရားဝင် နန်းတွင်း ဝါဒအနေဖြင့် တရားဝင်စတင်တည်ထောင်သည့် အချိန်အဖြစ် တရုတ်သမိုင်းတွင် အမည်တွင်ကျန်ခဲ့သည်။ အဘယ်ကြောင့်ဆျိသော် လူငယ် ကွန်ဖြူးရှပ် စာပေပညာရှင် တစ်ယောက်ဖြစ်သည့် တုန်းကျုန်းရှုသည် ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးရန် အားပေးထောက်ခံသည့် အကောင်းဆုံး အက်ဆေးတစ်ပုဒ်ကို တင်ပြခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုအဖြစ်တွင် ထိုအချိန်က ငယ်ရွယ်သေးသည့် ဧကရာဇ် ဝူ ကိုယ်တိုင် တကယ် ဆုံးဖြတ်ခဲ့သည်လား။ သို့မဟုတ် ကိုယ်တိုင်က ကွန်ဖြူးရှပ်ဝါဒီ တစ်ဦးဖြစ်သည့် အမတ်ချုပ်ကြီး ဝေ့ဝမ်(衛綰) မှ အကောင်အထည်ဖော်ခဲ့သည်လား။ ရှင်းရှင်းလင်းလင်း မသိရပေ။ သို့သော် စာမေးပွဲတွင် အမှတ်မြင့်မားစွာဖြင့် အောင်မြင်ခဲ့သည့် အခြားသော လူငယ်များ (တုန်းကျုန်းရှု မပါပေ)သည် နောင်တွင် ဧကရာဇ် ဝူ၏ အားထားရသည့် အကြံပေးများ ဖြစ်လာသည်ကို ကြည့်ခြင်းဖြင့် ဧကရာဇ်ဝူသည် အထက်ပါ ကွန်ဖြူးရှပ်ဝါဒ ကို တရားဝင် ကြေညာသည့် အဖြစ်တွင် အနည်းဆုံး ကိုယ်တိုင် အမှန်တကယ် ပါဝင်ပတ်သက်ခဲ့မည် ဖြစ်သည်။[၃၁]
၁၃၆ ဘီစီတွင် ဧကရာဇ်ဝူသည် နန်းတွင်းတက္ကသိုလ်ကို တည်ထောင်ခဲ့သည်။ ထိုတက္ကသိုလ်သည် စာပေပညာရှင်များကို ဟန် နိုင်ငံတော်အတွက် လိုအပ်သော မင်းမှုထမ်းများအဖြစ် မွေးထုတ်စေသည့် နေရာပင် ဖြစ်လေတော့သည်။[၃၂]
ကဗျာစာပေ
[ပြင်ဆင်ရန်]ဟန်ခေတ် ကဗျာ၏ များပြားလှသော အရေးပါသည့် အင်္ဂါရပ်တို့သည် ဧကရာဇ်ဝူ နှင့် သူ၏ နန်းတွင်း တို့နှင့် သက်ဆိုင်နေပါသည်။ သူကိုယ်တိုင်မှာလည်း ကဗျာစာပေ၌ စိတ်ဝင်စားရုံမကာ ကဗျာဆရာတို့ကို ထောက်ပံ့အားပေးခဲ့သည်။ သူကိုယ်တိုင်မှာလည်း စာပေမြတ်နိုးသူ ဖြစ်ရုံမက အရေအတွက် တစ်ခုသော ကဗျာတို့သည် သူ့ဆီမှ ထွက်လာသည်။[၃၃] ကွဲကာကွေကွင်းရသော အချစ်ကဗျာအနေဖြင့် သူနှင့် စပ်ဆိုင်သည်ဟု ဆိုသည့် အချိ့သော ကဗျာအစိတ်အပိုင်းတို့သည် သေချာရေးဖွဲ့ထားသည်ဟု ဆိုနိုင်သော်လည်း ကဗျာဆရာကိုမူ သေချာမပြောနိုင်ပေ။[၃၃]အောက်ပါ လက်ရာသည် သူ၏ ချစ်ရသော မောင်းမတော်ဖြစ်သည့် လီဖုရန် ကွယ်လွန်သည်တွင် ဖွဲ့ဆိုထားခြင်းဖြစ်သည်။[၃၄]
The sound of her silk skirt has stopped.
On the marble pavement dust grows.
Her empty room is cold and still.
Fallen leaves are piled against the doors.
How can I bring my aching heart to rest?
ဧကရာဇ်သည် ယခင် ချူပြည်ထောင် တည်ရှိရာနေရာမှ ချူ ကဗျာဖွဲ့ပုံ နှင့် ဟန်ပန် ဖြစ်သည့် ချူစိုင် ဟုခေါ်သော ကဗျာပုံစံကို ပြန်လည်ထူထောင်ရန် နန်းစံကာလ အစောပိုင်းတွင် သူနှင့် ဆွေမျိုးတော်သူ လျိုအန်း နှင့် တစ်စိတ်တစ်ပိုင်းသက်ဆိုင်သည့် အကြောင်းကြောင့် အားပေးခဲ့သည်။[၃၆]အချို့သော ချူ ဟန်ပန်တို့သည် နောက်ပိုင်း၌ချူစိုင် တွင် ပေါင်းစည်းဖော်ပြခြင်းခံရသည်။
ချူစိုင် အမျိုးအစား ကဗျာများ၏ မူလဘူတကို ချူ စုန်းပညာ နှင့် ဆက်စပ်၍ ရသည်။ ဟန် ဝူတီသည် ထို ကဗျာ အမျိုးအစားကို နန်းစံစဉ်အစောပိုင်းကာလ တွင် သာမကပဲ နန်းစံနှစ်နှောင်းပိုင်း ကာလများတွင်လည်း ဆက်လက်အားပေးခဲ့သည်။
ဧကရာဇ် ဝူ သည် ကဗျာဆရာများ နှင့် တေးဂီတပညာရှင်များကို အခမ်းအနားပွဲများတွင် သံစဉ်စာသား ရေးသားရန် နှင့် တေးသီချင်း သီကျူးရန် ခန့်အပ်ထားခဲ့ပြီး အကဆရာများ နှင့် စုန်းပညာရှင်များကိုလည်း ထိုအတိုင်းပင် ကကွက်များ စီစဉ်ခန့်ခွဲရန် နှင့် အခမ်းအနား အပြင်အဆင် လိုက်လျောညီထွေစွာ ရှိစေရန် စီစဉ်ရာတွင် ထောက်ခံအားပေးခဲ့သည်။ သူသည် များပြားလှသော သီချင်းသည်များ၊ ဂီတပညာရှင်များ နှင့် အကသမားများ မီးတိုင် ထောင်ပေါင်းများစွာ နှင့် ထွန်းလင်းလှသည့် အလင်းရောင်အောက်ဝယ် ကပြတင်ဆက်သည့် ခမ်းနားထည်ဝါလှသော ပူဇော်ပွဲ ဖျော်ဖြေမှုများကို အတော်နှစ်ခြိုက်သည်။[၃၇]
ဟန်ခေတ် ကဗျာ ၏ ဖု ကဗျာဟန် သည် ဧကရာဇ် ဝူ၏ နန်းစံချိန်ဝယ် သူ့ထံခစားနေသည့် ကဗျာဆရာ နှင့် မင်းမှုထမ်း စီးမာကျန်းရုမှ စတင်ရုပ်လုံးပေါ်လာခဲ့သည်။ သို့ရာတွင် စီးမာသည် ချူစိုင် ဟန်ကို ပိုမို စိတ်ဝင်စားနေသည့်အလျောက် ဖု ဟန်ကို သိပ်မလိုက်စားခဲ့ပေ။ဧကရာဇ်၏ စိတ်ဝင်စားမှု သည်လည်း အခြားသော စာပေကဏ္ဍများသို့ ပြောင်းသွားလေသည်။[၃၆]
ဧကရာဇ်၏ ကဗျာစာပေကို အကျိုးပြုခဲ့မှုတွင် တစ်ခုမှာ နန်းတွင်းဂီတ အဖွဲ့ငယ် (ယွဲ့ဖု)ကို စနစ်တကျ စတင်ဖွဲ့စည်းကာ ဧကရာဇ်၏ အုပ်ချုပ်ရေးအဖွဲ့တို့တွင် ဂီတနှင့် ကဗျာဆိုင်ရာ ကဏ္ဍကို တာဝန်ယူရသည့် အဖွဲ့အဖြစ် မြှင့်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို အဖွဲ့သည် ဧကရာဇ် ၏ နန်းစံသက်တစ်လျှောက်တွင် များစွာ ဂုဏ်တင့်ခဲ့သည်။[၃၈] ဧကရာဇ်သည် ထိုအဖွဲ့ကို ဘီစီ ၁၂၀ တွင် တည်ထောင်သည်ဟု အများက ပြောကြသည်။[၃၉] သို့ရာတွင် ထိုအဖွဲ့သည် အစကတည်းက ရှိနေပြီးသား ဖြစ်ပြီး ဧကရာဇ် ဝူ လက်ထက်မှသာ ထိုအဖွဲ့ကို အစိုးရ အဖွဲ့ အဖြစ် အဆင့်မြှင့်ကာ တာဝန် နှင့် အခွင့်အရေးကို မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် ထိုအဖွဲ့သည် ယခုမှ တည်ထောင်သည် ဟု ထင်စရာ ဖြစ်ခဲ့ခြင်း ဖြစ်သည် ဟု ယူဆနိုင်သည်။ ထိုအဖွဲ့အစည်းကို တရားဝင် ပေးအပ်ထားသည့် တာဝန်များမှာ နေရာအမျိုးမျိုးမှ ကျော်ကြားပြီး ရေပန်းစားသော သီချင်းတို့ကို စုဆောင်း၊ လိုက်ဖက်အောင် ပြင်ဆင်ပြီး ပြန်လည် တင်ဆက်ခြင်း နှင့် အသစ်ဖန်တီးခြင်း တို့ဖြစ်သည်။ [၄၀] ဧကရာဇ် ဝူ ၏ ဂီတ အဖွဲ့သည် ပြည်တွင်းမှ ကျေးလက်သံစဉ် နှင့် ဂီတတို့ကိုသာ စုဆောင်းခြင်းမဟုတ်ပဲ အာရှအလယ်ပိုင်းမှ တေးသံများကိုလည်း လိုက်ဖက်ထွေလျော်အောင် သံစဉ်ထည့်သွင်းခြင်း၊ ရှိပြီးသား မူရင်းသံစဉ်များနှင့် လိုက်ဖက်ညီစေခြင်း၊ သံစဉ်စာသားများ ဖွဲ့စည်းစေခြင်း အစရှိသည်တို့ကို ပြုလုပ်ခဲ့သည်။[၄၁]မည်သို့ပင်ဖြစ်စေ၊ ဧကရာဇ်သည် ဂီတအဖွဲ့ကို သူ၏ ဘာသာရေး ပြုပြင်ပြောင်းလဲမှုများ တွင် အရေးပါသော ကဏ္ဍမှ ပါဝင်စေခဲ့ပြီး စီးမာကျန်းရုကို ကဗျာရေးဖွဲ့ရန် အထူး တာဝန်ပေး ခိုင်းစေခဲ့သည်။[၄၂] ထို့ကြောင့်ပင် ဂီတအဖွဲ့၏ တခြား ဟန် များနှင့် မတူ၊ တစ်မူထူးသော ဟန်ပန် နှင့် ရေးဖွဲ့သီကုံးပုံကြောင့် ထို ကဗျာ ဟန်ကို "ဂီတအဖွဲ့" ဟန် ၊ သို့မဟုတ်၊ ယွဲ့ဖု ဟု ခေါ်တွင်လေသည်။ (နောင်အခါ ၎င်းဟန်ကို ထပ်မံ တိုးတက်စေသောအခါ ထိုဟန် တို့ကို "ယွဲ့ဖု" အသစ်၊ သို့မဟုတ်၊ စာပေ "ရွယ်ဖု"ဟန် ဟု လည်း ညွှန်းဆိုခေါ်ဝေါ်ကြလေသည်။
သက္ကရာဇ် အမည်များ
[ပြင်ဆင်ရန်]- ကျန်းယွမ် (建元 py. jiàn yuán) ၁၄၀ ဘီစီ – ၁၃၅ ဘီစီ
- ယွမ်ကွမ် (元光 py. yuán guāng) ၁၃၄ ဘီစီ – ၁၂၀ ဘီစီ
- ယွမ်ရှုအို (元朔 py. yuán shuò) ၁၂၈ ဘီစီ – ၁၂၃ ဘီစီ
- ယွမ်ရှို (元狩 py. yuán shòu) ၁၂၂ ဘီစီ – ၁၁၇ ဘီစီ
- ယွမ်တင်း (元鼎 py. yuán dĭng) ၁၁၆ ဘီစီ – ၁၁၁ ဘီစီ
- ယွမ်ဖန်း (元封 py. yuán fēng) ၁၁၀ ဘီစီ – ၁၀၅ ဘီစီ
- တိုင်ချူ (太初 py. tài chū) ၁၀၄ ဘီစီ – ၁၀၁ ဘီစီ
- ကျန်ဟန် (天漢 py. tiān hàn) ၁၀၀ ဘီစီ – ၉၇ ဘီစီ
- တိုင်ရှီ (太始 py. tài shĭ) ၉၆ ဘီစီ – ၉၃ ဘီစီ
- ကျန်ဟီ (征和 py. zhēng hé) ၉၂ ဘီစီ – ၈၉ ဘီစီ
- ဟိုယွမ် (後元 py. hòu yuán) ၈၈ ဘီစီ – ၈၇ ဘီစီ
မိသားစု
[ပြင်ဆင်ရန်]- မိဘများ။
- လျိုကျီ၊ ဧကရာဇ် ရှောင်ဂျင်း (孝景皇帝 劉啟၊ ၁၈၈ ဘီစီ – ၁၄၁ ဘီစီ)
- မိဖုရားခေါင်ကြီး ရှောင်ဂျင်း၊ ဝမ် မိသားစု (孝景皇后 王氏၊ ၁၂၆ ဘီစီ ကွယ်လွန်)၊ ကိုယ်ပိုင်အမည်မှာ ကျီး (娡)
- မိဖုရားများ နှင့် သားသမီးများ။
- မိဖုရားခေါင်ကြီး၊ ချန်း မိသားစု (皇后 陳氏)၊ တစ်ဝမ်းကွဲ အစ်မတော် အကြီးဆုံး
- မိဖုရားခေါင်ကြီး ရှောင်ဝူစီ၊ ဝေ မိသားစု (孝武思皇后 衛氏၊ ၉၁ ဘီစီ ကွယ်လွန်)
- လျိုဂျူ၊ အိမ်ရှေ့စံမင်းသား လီ (戾皇太子 劉據၊ ၁၂၈ ဘီစီ – ၉၁ ဘီစီ)
- မင်းသမီး တန်းလီ (當利公主)
- မင်းသမီး ကျူးရီ (諸邑公主၊ ၉၁ ဘီစီ ကွယ်လွန်)
- မင်းသမီး ရန်ရှီ (陽石公主၊ ၉၁ ဘီစီ ကွယ်လွန်)
- မိဖုရားခေါင်ကြီး ရှောင်ဝူ၊ လီ မိသားစု (孝武皇后 李氏)၊ ကိုယ်ပိုင်အမည် ရန် (妍)
- လျိုဘို၊ ချန်းရီ မင်းသား အဲအီ (昌邑哀王 劉髆၊ ၈၈ ဘီစီ ကွယ်လွန်)
- မိဖုရားခေါင် မယ်တော်ကြီး, ကျောက် မိသားစု(皇太后 趙氏၊ ၁၁၃ ဘီစီ – ၈၈ ဘီစီ)
- လျိုဖုလင်း, ဧကရာဇ် ရှောင်ကျောက် (孝昭皇帝 劉弗陵၊ ၉၄ ဘီစီ – ၇၄ ဘီစီ)
- ဖုရန်, ဝမ် မိသာစု (夫人 王氏၊ ၁၂၁ ဘီစီ ကွယ်လွန်)
- လျိုဟုန်၊ ချီ မင်းသား ဟွိုင် (齊懷王 劉閎၊ ၁၂၃ ဘီစီ – ၁၁၀ ဘီစီ)
- သခင်မ တစ်ဦး, လီ မိသားစု (李氏)
- လျိုဒန်, ယန်း မင်းသား လ (燕剌王 劉旦၊ ၈၀ ဘီစီ ကွယ်လွန်)
- လျိုကျူး, ဂွမ်လင်း မင်းသား လီ (廣陵厲王 劉胥၊ ၅၄ ဘီစီ ကွယ်လွန်)
- အမည်မသိ
- မင်းသမီး အီယီ (鄂邑公主)
- မင်းသမီး ယီအန်း (夷安公主)
အနုပညာသရုပ်ဖော်မှု
[ပြင်ဆင်ရန်]ဧကရာဇ် ဝူ သည် ရှေးတရုတ်ပြည်၏ အကျော်ကြားဆုံး ဧကရာဇ်များတွင် တစ်ပါးအပါအဝင် ဖြစ်ပြီး တရုတ် ရုပ်သံ ဇာတ်လမ်းတွဲ အတော်များများတွင် ပါဝင်ကပြသရုပ်ဖော်ခြင်း ခံရသည်။ ဥပမာများမှာ -
- The Prince of Han Dynasty
- The Emperor in Han Dynasty
- Beauty's Rival in Palace
- The Virtuous Queen of Han
တို့ ဖြစ်သည်။
ဧကရာဇ် ဝူသည် ကာရိုးလ် ဝူလင်ဆင် ၏ ဝတ္ထုများ ဖြစ်သည့် Dragonkeeper နှင့် ၎င်း၏ နောက်ဆက်တွဲ ဖြစ်သည့် Garden of the Purple Dragon နှင့် Dragon Moon တို့တွင် အဓိကကျသော ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ ယခင်က ကျွန်ဖြစ်ခဲ့သူ မိန်းကလေး နှင့် သူမ ပြုစုစောင့်ရှောက်ထားသည့် နဂါးများကို ဗဟိုပြုကာ ရေးသားထားသည့် ဝတ္ထု ၃ အုပ်လုံးသည် ဧကရာဇ် ဝူ၏ အစောပိုင်း နန်းစံနှစ်များ ကာလကို နောက်ခံပြုကာ သရုပ်ဖော်ထားပြီး သူ၏ ထာဝရရှင်သန်ခြင်း အတွက် လှုပ်ရှားမှု အတော်များများကို ပါဝင် ရေးသားထားသည်။
ထပ်မံလေ့လာလိုလျှင်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ဤအမည်ကို တင်ပြသူမှာ ကျွန်းယွီဖြစ်သည်။ (148–209), Annals of Hanကို ရေးသားသူ (漢紀), အထက်ပါ အမည်ကို အခြားသူများက မဖော်ပြကြပါ။
- ↑ Pollard၊ Elizabeth (2015)။ Worlds Together Worlds Apart။ 500 Fifth Avenue, New York, N. Y. 10110: W. W. Norton & Company, Inc.။ pp. 238။ ISBN 978-0-393-91847-2။CS1 maint: location (link)
- ↑ Bo Yang's commentary in the Modern Chinese edition of Zizhi Tongjian, vol. 7, and Zhao Yi (趙翼)'s commentary included therein.
- ↑ Mark Csikszentmihalyi 2006 p.xxiv, xix Readings in Han Chinese Thought
- ↑ Creel 1970, What Is Taoism?, 115
- ↑ Creel (1953), pp. 166–171.
- ↑ ၇.၀ ၇.၁ Paludan, 36
- ↑ ၈.၀ ၈.၁ ၈.၂ Paludan, 37
- ↑ Cosmo 1999, pp. 892–893.
- ↑ Yü 1986, 390
- ↑ Cosmo 2002, 237–239.
- ↑ Paludan, 38
- ↑ Tucker 2010, p. 109
- ↑ Yü 1986, p. 390
- ↑ Cosmo 2002, p. 240.
- ↑ Hawkes, 98
- ↑ ၁၇.၀ ၁၇.၁ Hawkes, 100
- ↑ Hawkes, 42 and 97
- ↑ Hawkes, 118
- ↑ Hawkes, 119
- ↑ C. Peers, Imperial Chinese Armies: 200 BC – 589 AD, 7
- ↑ ၂၂.၀ ၂၂.၁ C. Peers, Imperial Chinese Armies: 200 BC – 589 AD, 8
- ↑ Hanshu, vol.24
- ↑ Zhengyuan၊ Fu။ Autocratic Tradition and Chinese Politics။
- ↑ 漢武故事
- ↑ Zizhi Tongjian, vol. 22.
- ↑ 院重大B类课题"东汉洛阳刑徒墓"完成结项 Archived 2011-07-07 at the Wayback Machine.
- ↑ Hanshu, vol.44
- ↑ Hanshu, vol.45
- ↑ Zhao Yi's 廿二史劄記, vol. 3
- ↑ Zizhi Tongjian, vol. 17.
- ↑ Pollard၊ Elizabeth (2015)။ Worlds Together Worlds Apart။ 500 Fifth Ave New York, NY: W.W. Norton Company Inc။ pp. 239။ ISBN 978-0-393-91847-2။CS1 maint: location (link)
- ↑ ၃၃.၀ ၃၃.၁ Rexroth, 133
- ↑ Morton၊ W. Scott (1995)။ China: "Its History and Culture"။ pp. 54။ ISBN 0-07-043424-7။
- ↑ Translation, Arthur Waley, 1918 (in One Hundred and Seventy Chinese Poems)
- ↑ ၃၆.၀ ၃၆.၁ Hawkes, 29
- ↑ Hawkes, 97
- ↑ Birrell, 5-6
- ↑ Birrell, 7
- ↑ Birrell, 6-7
- ↑ Watson, 53
- ↑ Birrell, 6
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Ban Gu. Han Shu: Biography of Han Wudi.
- Barfield၊ Thomas J. (2001)။ "The Shadow Empires: Imperial State Formation Along the Chinese-Nomad Frontier"။ Empires: Perspectives from Archaeology and History။ New York: Cambridge University Press။ ISBN 978-0-521-77020-0။CS1 maint: ref=harv (link)
- Birrell, Anne (1988). Popular Songs and Ballads of Han China. (London: Unwin Hyman). ISBN 0-04-440037-3
- Cosmo၊ Nicola Di (1999)။ "The Northern Frontier in Pre-Imperial China"။ The Cambridge History of Ancient China။ Cambridge: Cambridge University Press။ ISBN 0-521-47030-7။CS1 maint: ref=harv (link)
- Cosmo၊ Nicola Di (2002)။ Ancient China and its Enemies: The Rise of Nomadic Power in East Asian History။ Cambridge: Cambridge University Press။ ISBN 0-521-77064-5။CS1 maint: ref=harv (link)
- Hawkes, David, translator and introduction (2011 [1985]). Qu Yuan et al., The Songs of the South: An Ancient Chinese Anthology of Poems by Qu Yuan and Other Poets. London: Penguin Books. ISBN 978-0-14-044375-2
- Morton၊ W. Scott (1995)။ China: "Its History and Culture"။ ISBN 0-07-043424-7။
- Rexroth, Kenneth (1970). Love and the Turning Year: One Hundred More Poems from the Chinese. New York: New Directions.
- Paludan, Ann (1998). Chronicle of the Chinese Emperors: The Reign-by-Reign Record of the Rulers of Imperial China. New York, New York: Thames and Hudson. ISBN 0-500-05090-2
- Sima Guang. Zizhi Tongjian (Comprehensive Mirror to Aid in Government): Modern Chinese Edition edited by Bo Yang (Taipei, 1982–1989).
- Sima Qian. Shi Ji (Historical Records" or Records of the Grand Historian): Biography of Han Wudi.
- Tucker, Spencer C.; et al. (2010)။ A Global Chronology of Conflict: From the Ancient World to the Modern Middle East။ Santa Barbara: ABC-CLIO။ ISBN 978-1-85109-667-1။
- Watson, Burton (1971). CHINESE LYRICISM: Shih Poetry from the Second to the Twelfth Century. (New York: Columbia University Press). ISBN 0-231-03464-4
- Wu, John C. H. (1972). The Four Seasons of Tang Poetry. Rutland, Vermont: Charles E. Tuttle. ISBN 978-0804801973
- Yap, Joseph P. (2009). Wars With The Xiongnu, A Translation from Zizhi tongjian. AuthorHouse, Bloomington, Indiana, U.S.A. ISBN 978-1-4490-0604-4. Chapters 3–7.
- Yü၊ Ying-shih (1986)။ "Han Foreign Relations"။ The Cambridge History of China, Volume 1: The Ch'in and Han Empires, 221 B.C. - A.D. 220။ Cambridge: Cambridge University Press။ ISBN 0-521-24327-0။CS1 maint: ref=harv (link)
- Xun Yue. Han Ji: [၁]
ဟန် ဧကရာဇ် ဝူ မွေးဖွား ၁၅၆ ဘီစီ ကွယ်လွန် ၈၆ ဘီစီ
| ||
Regnal titles | ||
---|---|---|
ယခင်က ဟန် ဧကရာဇ် ဂျင်း |
တရုတ်ပြည်၏ ဧကရာဇ် အနောက်ပိုင်း ဟန် ၁၄၁ မှ ၈၇ ဘီစီအထိ |
ဆက်ခံသူ ဟန် ဧကရာဇ် ကျောက် |