ဟင်နရီ ကစ်ဆင်းဂျား
ဟင်နရီ ကစ်ဆင်းဂျား Henry Kissinger | |
|---|---|
ဟင်နရီ ကစ်ဆင်းဂျား(၂၀၀၉) | |
| ၅၆ဦးမြောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၂၂ စက်တင်ဘာ ၁၉၇၃ – ၂၀ ဇန်နဝါရီ ၁၉၇၇ | |
| သမ္မတ | |
| ယခင်လူ | ဝီလျံ ပီ. ရော်ဂျာ |
| ဆက်ခံသူ | ဆိုင်ရပ်စ် ဗက်စ |
| အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်လုံခြုံရေး အကြံပေး | |
| တာဝန်သက်တမ်း ၂၀ ဇန်နဝါရီ ၁၉၆၉ – ၃ နိုဝင်ဘာ ၁၉၇၅ | |
| သမ္မတ | |
| ယခင်လူ | ဝေါလ့် ဝစ်ထ်မန် ရိုးစတော |
| ဆက်ခံသူ | ဘရန့် စကေါက်ဖရော့ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | Heinz Alfred Kissinger မေ ၂၇၊ ၁၉၂၃ Fürthမြို့၊ ဘာဗေးရီးယားပြည်နယ်၊ဂျာမနီနိုင်ငံ |
| ကွယ်လွန် | နိုဝင်ဘာ ၂၉၊ ၂၀၂၃ (အသက် ၁၀၀) အမေရိကန်ပြည်ထောင်စု |
| နိုင်ငံရေးပါတီ | ရီပတ်ဘလီကန်ပါတီ |
| ကြင်ဖော် | Ann Fleischer (၁၉၄၉–၁၉၆၄) Nancy Kissinger (၁၉၇၄–၂၀၂၃) |
| သားသမီး | Elizabeth David |
| မိခင်ကျောင်း | ဟားဗတ် တက္ကသိုလ် (BA,MA,PhD) |
| ဆုတံဆိပ်များ | |
| လက်မှတ် | |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | en:United States Army |
| ရာထူး | |
| တပ် | 970th Counter Intelligence Corps |
| တိုက်ပွဲ/စစ်ပွဲများ | ဒုတိယကမ္ဘာစစ် |
ဟင်နရီ အဲလဖရက် ကစ်ဆင်းဂျား(အင်္ဂလိပ်: Henry Kissinger;၂၇ မေ ၁၉၂၃-၂၉ နိုဝင်ဘာ ၂၀၂၃) သည် သမ္မတ ရစ်ချတ်နစ်ဆင် နှင့် သမ္မတ ဂျရယ်ဖို့ဒ် တို့ လက်ထက်တွင် ထင်ရှားခဲ့သော အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။[၁]သူသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အမေရိကန် သံတမန် တစ်ဦးအဖြစ်လည်း ကျော်ကြားခဲ့သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ကစ်ဆင်းဂျားကို ဂျာမနီနိုင်ငံ၊ဘာဗေးရီးယားပြည်နယ်၊ ဖတ်မြို့၌ ဂျူးအမျိုးသား အထက်တန်းကျာင်း ဆရာလူဝီကစ် ဆင်းဂျားနှင့် ပေါ်လာကစ် ဆင်းဂျားတို့မှ ၁၉၂၃ ခုနှစ် မေလ ၂၅ ရက်တွင် မွေးဖွားခဲ့သည်။ မူလတန်းနှင့် အလယ်တန်း ပညာကို ဖတ်မြို့၌ပင် သင်ကြားခဲ့သည်။ ဗီဇအားဖြင့် ဉာဏ်ထက်သူ ဖြစ်သောကြောင့် အတန်းတိုင်းတွင် အမှတ်ကောင်း ရခဲ့သည်။
ကစ်ဆင်းဂျား ၁၅ နှစ်သားအရွယ် ၁၉၃၈ ခုနှစ်တွင် ဟစ်တလာ၏ နာဇီအစိုးရက ဂျူးအမျိုးသားများအား နှိပ်ကွပ်သောကြောင့် မိသားစုအားလုံး အမေရိကန်ပြည်သို့ ထွက်ပြေးလာခဲ့ကြသည်။
ပညာရေး နှင့် စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဂျော့ဝါရှင်တန် အထက်တန်းကျောင်း တွင် ဆက်လက် ပညာသင်ကြား၍ အထက်တန်းပညာ ပြီးဆုံးသောအခါ အမေရိကန် နိုင်ငံသားအဖြစ် ခံယူပြီး အမေရိကန် တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။
စစ်ကာလ တပ်မတော်တွင် တန်ပြန် သူလျှို ထောက်လှမ်းရေးတပ်သား အဖြစ်ဖြင့် ၁၉၄၃ မှ ၁၉၄၆ ခုနှစ်အထိ အမှုထမ်းခဲ့သည်။တပ်မတော်မှ ထွက်ပြီးနောက် အစိုးရပညာသင်ဆုဖြင့် ဟားဗတ်တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးပြန်သည်။
သမိုင်းဆိုင်ရာ ဒဿနဗေဒ စာတမ်းဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိပြီးနောက် မဟာဝိဇ္ဇာဘွဲ့ကိုပါ ထပ်မံရယူသည်။ ၁၉၅၄ ခုနှစ်တွင် ဒဿနဗေဒဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိပြီး ဟားဗတ်တက္ကသိုလ်တွင် ကထိက ဖြစ်လာခဲ့သည်။ နျူကလီးယား လက်နက်များနှင့် နိုင်ငံခြားရေး ပေါ်လစီ အမည်ရှိ နိုင်ငံရေး ကျမ်းတစ်စောင်ကို ၁၉၅၇ ခုနှစ်တွင် ရေးသား ထုတ်ဝေလိုက်သောအခါ တက္ကသိုလ် ကထိကလေး ကစ်ဆင်းဂျားသည် တက္ကသိုလ်ပရဝုဏ် အတွင်း၌သာမက နိုင်ငံရေးနယ်ပယ်သို့ တိုင်အောင်ပင် နာမည် ထွက်လာခဲ့သည်။ထိုမှ နောက်ပိုင်းတွင် ဟားဗတ်တက္ကသိုလ်၌ ပါမောက္ခ ဘဝဖြင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များကို ပို့ချနေရင်း သမ္မတ အိုင်ဆင်ဟောင်းဝါး၊ သမ္မတ ကနေဒီနှင့် သမ္မတဂျွန်ဆင်တို့ လက်ထက်တွင် နိုင်ငံတကာ ဆက်ဆံရေးရာ အကြံပေးပုဂ္ဂိုလ်၊ အဖြစ်လည်း အချိန်ပိုင်း တာဝန်ထမ်းဆောင် ခဲ့သည်။ ထို့ပြင် နျူးကလီးယား လက်နက်များနှင့် နိုင်ငံတကာ ဆက်ဆံရေး သုတေသနအဖွဲ့ ညွှန်ကြားရေးမှူး၊ ရော့ခ်ဖဲလား ဖောင်ဒေးရှင်း အထူး သုတေသန စီမံကိန်း ညွှန်ကြားရေးမှူး၊ တပ်ပေါင်းစုံ လက်နက်များ စနစ်သုတေသန အဖွဲ့အကြံပေး ပုဂ္ဂိုလ်၊ အမျိုး သားလုံခြုံရေး ကောင်စီ အကြံပေးပုဂ္ဂိုလ်၊ ဟားဗတ်တက္ကသိုလ် နိုင်ငံတကာရေးရာဌာန အမှုဆောင်ညွှန်ကြားရေးမှူး၊ ဟားဗတ်တက္ကသိုလ် ကာကွယ်ရေး သုတေသနဌာန ညွှန်ကြားရေးမှူး၊ ဟားဗတ်တက္ကသိုလ် အစိုးရရေးရာဌာန ပါမောက္ခ စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဘဝ
[ပြင်ဆင်ရန်]၁၉၆၉ ခုနှစ်တွင် သမ္မတနစ်ဆင်၏ အစိုးရအဖွဲ့၌ အမျိုးသား လုံခြုံရေးရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် အချိန်ပြည့် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ၁၉၇၃ ခုနှစ် အောက်တိုဘာလ တွင် နိုင်ငံခြားရေးဝန်ကြီး ရာထူးသို့ တိုးမြှင့် ခန့်ထားခြင်း ခံရသည်။
ကစ်ဆင်းဂျားသည် ၁၉၇၃ ခုနှစ်တွင် ပဲရစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလအတွင်း သမ္မတနစ်ဆင်၏ အထူးလျှို့ဝှက် ကိုယ်စားလှယ်အဖြစ်ဖြင့် မြောက်ဗီယက်နမ် အစိုးရ ကိုယ်စား လှယ် လီဒပ်သိုနှင့် ဗီယက်နမ် စစ်ရပ်စဲရေး ကိစ္စကို အကြိမ် ပေါင်း ၂ဝ ထက်မနည်း ဆွေးနွေးခွင့် ရခဲ့သောကြောင့် ကစ်ဆင်းဂျားအဖို့ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် ထူးထူးခြားခြား လူသိများလာခဲ့သည်။ ဗီယက်နမ် စစ်ရပ်စဲရေး ဆွေးနွေးပွဲတွင် စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၁၉၇၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုကို ကစ်ဆင်းဂျားနှင့် လီဒပ်သိုတို့အား ပူးတွဲ ချီးမြှင့်ခဲ့သည်။ကစ်ဆင်းဂျားသည် နိုင်ငံခြားရေးဝန်ကြီး ဘဝတွင် မှတ်မှတ်ရရ ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံတကာရေးရာ အခြား ဆောင်ရွက်ချက်များမှာ အမေရိကန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ ပုံမှန် ဆက်ဆံရေး တိုးတက် ကောင်းမွန်မှု အတွက် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ခြင်း၊ အမေရိကန်နှင့် ရုရှနိုင်ငံတို့အကြား လက်နက်ကန့်သတ်ရေး ဆွေးနွေးပွဲများတွင် အမေရိကန်အစိုးရ ကိုယ်စားလှယ်တော် အဖြစ် ဦးဆောင် ပါဝင်ခဲ့ရခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသစစ်ရပ်စဲရေး ကိစ္စတွင် ကြားဝင် ဖျန်ဖြေနိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။
သမ္မတ ဂျရယ်ဖို့ဒ် လက်ထက်တွင်လည်း ကစ်ဆင်းဂျား သည် နိုင်ငံခြားရေးဝန်ကြီး အဖြစ်ပင် ဆက်လက်၍ အမှုထမ်း ရပြန်သည်။ ၁၉၇၇ ခုနှစ် ဇန်နဝါရီလတွင် ဂျရယ်ဖို့ဒ် မဲရှုံး၍ ဂျင်မီကာတာ သမ္မတဖြစ်လာသောအခါ ကစ်ဆင်းဂျားလည်း နိုင်ငံခြားရေးဝန်ကြီး အဖြစ်မှ နုတ်ထွက်ခဲ့ရလေသည်။
စာရေးဆရာဘဝ
[ပြင်ဆင်ရန်]ကစ်ဆင်းဂျားသည် အားလပ်ချိန်များတွင် ဝါသနာ အလျောက် စာအုပ်များလည်း ရေးသားခဲ့ရာ သူရေးသားခဲ့သော စာအုပ်များအနက် နျူကလီးယား လက်နက်များနှင့် နိုင်ငံခြားရေး ပေါ်လစီ (၁၉၅၆)၊ ပြန်လည် တည်ဆောက်ထား သောကမ္ဘာ (၁၉၅၇)၊ ရွေးချယ်ရန် လိုအပ်ခြင်း (၁၉၆၁) နှင့် အန္တရာယ်ရှိသော ပူးပေါင်းမှု (၁၉၆၅) စသည်တို့မှာ ထင်ရှားကြသည်။
ကစ်ဆင်းဂျားအား နိုင်ငံတော် အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် တက္ကသိုလ်ပေါင်း များစွာတို့က အလုပ် လက်ခံပါရန် အကြိမ်ကြိမ် ကမ်းလှမ်းနေကြသော်လည်း မည်သည့်ရာထူးကိုမျှ လက်မခံသေးဘဲ အမေရိကန် ပြည်ထောင် စု၏ နိုင်ငံခြားရေးဝန်ကြီးဘဝဖြင့် တွေ့ကြုံ ဖြေရှင်းခဲ့ရသော နိုင်ငံတကာ အရေးအခင်းများနှင့် စပ်လျဉ်း၍ သူ၏ သုံးသပ် ချက်များကို စာအုပ်အဖြစ် ထုတ်ဝေလိုသောကြောင့် ကွန်ဂရက် ပိဋကတ် တိုက်တွင် အချိန်ပြည့်နီးပါး ထိုင်ကာ မှတ်စုများ ထုတ်ခဲ့သည်။[၂]
ဘဝနိဂုံး
[ပြင်ဆင်ရန်]သူသည် သူ့အသက် ၁၀၀ပြည့်လုအချိန်အထိ တက်ကြွလှုပ်ရှားခဲ့ပြီး အိမ်ဖြူတော် အစည်းအဝေးများ တက်ရောက်ခဲ့သည့်အပြင် ခေါင်းဆောင်မှု ပုံစံများဆိုင်ရာ စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့သည်။[၃] ထို့အပြင် ၂၀၂၃ခုနှစ် ခုနှစ် ဇူလိုင်လက တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ပေကျင်းမြို့ တွင် တွေ့ဆုံသည်။[၄]
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက် အရောက်တွင် အမေရိကန်နိုင်ငံ ဟတ်ဖို့ ရှိ ၎င်း၏ နေအိမ် တွင် ကွယ်လွန်သည်။ [၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရှုပ်ရှုပ်ထွေးထွေးအမွေကိုချန်ရစ်ခဲ့သူ သို့မဟုတ် ဟင်နရီကစ်ဆင်းဂျား။ Eleven Media Group (၃ ဒီဇင်ဘာ ၂၀၂၃)။ ၁၉ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
- ↑ Profiles in PowerThe World According to Kissinger။ Foreign Affairs Magazine (20 December 2022)။ 30 November 2023 တွင် ပြန်စစ်ပြီး။
- ↑ Xi Jinping meets Henry Kissinger as US seeks to defrost China ties။ BBC (20 July 2023)။ 30 November 2023 တွင် ပြန်စစ်ပြီး။
- ↑ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ကျော်ကြားခဲ့တဲ့ အမေရိကန် သံတမန်ဟောင်း နိုဘယ်ဆုရှင် ဟင်နရီ ကစ်ဆင်းဂျား အသက်၁၀၀မှာ ကွယ်လွန်။ မြန်မာ့မိုးသောက် (၃၀ နိုဝင်ဘာ ၂၀၂၃)။ ၃၀ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။