သံယောဇဉ်နှင့် ဈာန်လျှောအရှင်

ဝီကီပီးဒီးယား မှ

သံယောဇဉ်နှင့် ဈာန်လျှောအရှင် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မောင်းထောင်ရွာမှ ဦးကေသရသည် ဆုံးဆယ်မြို့တွင် ဆရာတော်အဖြစ်သို့ရောက်ပြီးနောက် မောင်းထောင်ရွာမှ ဒါယကာ၊ ဒါယကာမတို့က ပင့်သဖြင့် ကြွတော်မူလာရာ မောင်းထောင်ရွာအနီး ငါးရေဝင်ရွာမှ ရဟန်းလူထွက်ဖြစ်သူ ဦးပြူးက သမောအဌကထာလာ ပါဠိကို ရေးလှူ၏။ ဆရာတော်က ဘာသာပြန်ပေးရမည်လားဟု မေးလေလျှင် မဟုတ်ပါ ဆရာတော်သိစေရန်သာ လျှောက်ပါသည်ဟု ဖြေသည်ကို ဦးကျော်လှက သီဟိုဠ်တွင် ဈာန်ရရဟန်းတစ်ပါးက ဈာန်လျောပြီးနောက် မီးသွေးအလိမ်းလိမ်း ဖုံအလိမ်းလိမ်းကပ်ငြိကာ ဆင်းရဲနေ၏။ ဤသည်ကို မြင်ရသော ရဟန်းတို့က ရယ်မောသဖြင့် ဈာန်လျောရဟန်းက မိမိမှာ ဈာန်ရပြီးမှ ဖောက်ပြန်ဆင်းရဲရကြောင်း အရှင်ဘုရားတို့ တရားကို ကြိုးစားသင့်ကြောင့် လျှောက်သောဝတ္ထုဖြင့် ဖွဲ့ဆိုထားသည်။

သံယောဇဉ်နှင့် ဈာန်လျှောအရှင်[ပြင်ဆင်ရန်]

သီဟဠံ ဒီပံကျွန်းတွင်မှ၊ ဖန်စွန်းသည်စီဝရံနှင့် တပသီပျံဤဈာန်ကလျှောခဲ့ရင်၊ သံယောဇဉ်တွယ်တာတာကြောင့်၊ လယ်ယာမြေကျယ်စွာနှုတ်လို့၊ လောင်ပူစွာတောင်သူ၏ အလုပ်ဟာမို့၊ လူရုပ်ဟန်ရှေးအခါပဌမနှင့်၊ ဝေးပါလှ ဆွေးလျကြုံ။

ပိတုန်းရောင်ပြောင်သပိတ်ကယ်နှင့်၊ သုံးကျိပ်ခင်ထေရ်ရဟန်းတို့၊ သည်လမ်းတွင်တွေ့ဆုံကြတော့၊ လက်ခြေသက်သေပြလို့၊ မက္ကဋ မြောက်အိုရုပ်ကဲ့သို့၊ ထိပုဂ္ဂလာပဉ္ဇင်းပျိုတို့၊ ကျွန်ုပ်အရုပ်မအိုတို့ချင်က၊ ကိုယ့်ဘို့ရာကိုယ်သာပိုက်ကြ၊ မှာလိုက်လျှင်ခင်ရဟန်းတို့၊ ကျင်ကျွမ်းသည်ဘာဝနာနှင့်၊ အာဝါသံ လျှောကာကျသတဲ့၊ သမောအဌကထာတွင်၊ ဟောကာပြခဲ့၊ ဇောကဖြစ်ပုံ။

ငါးရေဝင် တကာလှော်က၊ ဆရာတော် ပုဂ္ဂိုလ်စုနှင့်၊ ပျိုနုခင်ဦးပဉ္ဇင်းငဲ့ တင်ကြဉ်းဆောင်၊ လှူမဏ္ဍပ်တွင်မှ၊ သူကပ်လှာ၊ မှတ်စရာအထူးပ၊ အဌကထာကို၊ ဘုရားတကာပြူးက၊ အလွှာကူးခဲ့ပေးရှာတုံ၊ စေတနာဟုံကြည်နူး။

သီဟိုဠ်ဤလိုတွေ့ကြသထင့်၊ ထိုနေ့တွင်ဦးပဉ္ဇင်းငဲ့ကို၊ ကိုယ်ချင်းစာနာလို့၊ ယိုယွင်းကာ၊ ဖျင်းရာမကျအောင်၊ ယဉ္စအညေနှင့်၊ နတထွေရက္ခန္တိတဲ့၊ ပါဠိဂါထာနှင့်၊ ဆရာတကာဟောပေလို့၊ အာသဝေါပင်၊ စင်မကင်းသော်လဲ၊ ပဉ္ဇင်းပျို၊ သွင်းလိုတဲ့နှလုံးနှင့်၊ ဟိုသုံးဆယ်မြို့နယ်သွားရတော့၊ ဘယ်တရားဘယ်လိုလို၊ အရွယ်ပျို၊ ငယ်ကိုသမဏိက၊ ဈာန်မလျှောခင်၊ ဉာဏ်သဘောအရင်သိပေတဲ့၊ လံကဓောတွင်၊ သံယောဇဉ်နှင့် ငြိရှာတဲ့၊ ဇောတိကိုပြူး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ သီဟဠံ = သီဟဠ၊ သီဟိုဠ်ကျွန်း။

၂။ စီဝရံ = သင်္ကန်း။

၃။ မက္ကဋ = မျောက်။

၄။ အာဝါသံ = ကျောင်းတိုက်၊ နေအိမ်။

၅။ သမဏိ = သမဏ၊ ရဟန်း။

၆။ လံကဓော = လောကဓံ။

၇။ ဇောတိ = ဇောတိရသပတ္တမြား၊ ပတ္တမြားနှင့်တူသောသူ ဟုဆိုလိုဟန်ရှိသည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။