သဲသယ်သည့် နွားပမာအလား

ဝီကီပီးဒီးယား မှ

သဲသယ်သည့် နွားပမာအလား ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

စတုရာရက္ခတရား လေးပါးတွင် ပါဝင်သဖြင့် လူတိုင်း၏ စရိုက်နှင့် လျော်သော သဗ္ဗတ္ထက၊ မရဏ သတိကမ္မဋ္ဌာန်းကို စီးဖြန်းကြရန် ဖွဲ့ဆိုထားသည့် သံချိုကဗျာ ဖြစ်သည်။

သဲသယ်သည့် နွားပမာအလား[ပြင်ဆင်ရန်]

မရပ်ကယ်မတည်နှင့်၊ ရဟတ်လည် ပမာသို့၊ သတ္တဝါ ဝေနေယျငယ်တို့၊ သေကြရန် တမန်ဆိုက်တော့၊ ခံထိုက်သူဘယ်သူဆီးနိုင်ပ၊ လူကြီးငယ်ရွယ် အလတ်နှင့် အကလေးအရွယ် ရွေးချယ်၍ မလှပ်ပြီဘု၊ ရေးလက်မှတ်ပါကြရာ။

အသက်ရှေစဉ် လက်ခြေအလုပ်ကယ်နှင့်၊ ငွေထုပ်ကိုယ်စီရှာကြ၊ ဥစ္စာမြှုပ်ခါ ဝှက်ပါလို့၊ ရုပ်ခန္ဓာပျက်ကြွေ သေရှာကြသူ၏၊ ရွှေစငွေ အထွေထွေကျန်တော့၊ အမွေခံဝေဖန်ရစ်သူက၊ ရန်ဖြစ်ကာ ကိုယ်ဘို့ခဲရှာကြ၊ ထိုနဲတူ ငါသေအုံးမည်ဟု၊ နှလုံးတွင် မထင်တဲ့သဘောရယ်နှင့်၊ မနောမှာကြည်လင်ကြပါဘိ၊ လောဘသက္ကာ။

သူခိုးဓမြတွေတို့၊ ဆိုးလှသည် တကယ်ထင်ကြတော့၊ တလတွင်တကြိမ် မတိုက်နိုင်ဘု၊ အိမ်၌ပင် တဲအုံထိုးပါလို့၊ ကုန်မျိုးစုံ ရင်းခါရောင်းသူတို့၊ တင်းတောင်းကို လိမ်ကာယူ၍၊ ချိန်ရှာသူ အဒိန္နဒါန်က၊ မဟိန္ဒာဝယံ၊ ခိုးသူကြီးသာပ၊ ထွန်စီးလူတောင်သူများငယ်တို့၊ ကျွဲ နွားကို မညှာတာ၍၊ သနားစရာ မောရှာလူတို့၊ ဂေါဏမောင် လက်ခြေညောင်းသော်လဲ၊ နေစောင်းတောင် ထွတ်မဖြုတ်ပြီဘူ့၊ လွန်ယုတ်မာ အိုလို့ မသွားပြန်တော့၊ ထိုနွားကို လဲကာရောင်းပါလို့၊ ဖဲပေါင်းစုံ ကြွေအံခတ်သူတို့၊ အလေ့တထွေ ရှေ့နေအတတ်ကယ်နှင့်၊ ငွေရတတ်ဘို့ ပိုက်ဆံရှာ၊ မြိုက်ဉာဏ်သာတဲ့ စနက်မီး။

လေးသစ္စာ လှစ်ကာဖွင့်လိုက်တော့၊ မြစ်ဂင်္ဂါ ဝါဠုသဲတွင်မှ၊ ပျံဝဲကာ တလူလူနှင့်၊ အတူတူ ဘယ်သူမှမဟုတ်ပြီဘု၊ ရုပ်ခန္ဓာဥစ္စာခဲရှာကြ၊ ဖုတ်ထဲဝယ် သဲသယ်သည့် နွားကဲ့သို့၊ လှည်းသွားလျှင် အားကုန်လို့ မရုန်းနိုင်တော့၊ သုံးဆယ်တစ်ဘုံအစွန်းတွင်မှ၊ နစ်မွန်းသည် တလည်လည်နှင့်၊ မတည်ကြည် ဂယ်ကပြေးရှာကြ၊ စက်လေးဖြာ ဩဃာသဝတွင်မှ၊ ပြောကြရန်အခါခါမို့၊ ဘာဝနာ မပြတ်ပွားပါကြ၊ မြတ်ဘုရားနော် မကြုံရလို့မို့၊ သုညတွေကမ္ဘာညံလိမ့်၊ မဟာဘဒ္ဒကံ တဆူကျန်တော့၊ သရဖူရန် အရိမေတ္တေးမတော့၊ ညစ်ကြေးနော် ဆေးလျော်သန့်လို့မို့၊ မွှေးကံ့ကော် ညှာတံဝတ်ကိုလ၊ ပန်ဆွတ်ယူ တူတူပါကြအောင်၊ လူသတ္တဝါတွေ ဗြဟ္မက စတာမို့၊ အမျိုးပုံတော်ကို နှိုးဆော်လို့ ဆွလိုက်ပေါ့၊ အကျိုးမျှော်ကာ မိုးပေါ်ကပြပါလိမ့်မယ်၊ ဖိုးကျော်လှကြီး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ လောဘသက္ကာ = အလိုရမက်ကြီးခြင်း။

၂။ မဟိန္ဒာဝယံ = ကြီးသည့်အုနုဘော်ရှိသော။

၃။ ဩဃာသဝ = ယိုစီးတတ်သောတရား။

၄။ မဟာဘဒ္ဒကံ = မြတ်သောဘဒ္ဒကမ္ဘာ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။