သေသူကို ရှင်သူတို့တရလိမ့်
သေသူကို ရှင်သူတို့တရလိမ့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]၁၂၇၉ ခုနှစ် ဂြိုဟ်အသွားအလာကို ကြည့်၍ မြန်မာလူမျိုးများ၏ အကျိုးအပြစ်တို့ကို ရေးသားဖွဲ့ဆိုထားသော ဝိဇ္ဇာရှစ်သောင်းဖွဲ့ သံချို ဖြစ်သည်။
သေသူကို ရှင်သူတို့တရလိမ့်
[ပြင်ဆင်ရန်]မျိုးမြန်မာ နွမ်းခွေကြသူတို့၊ ကိုးစရာလမ်းတွေဖြင့်ရချေပေါ့၊ ရဟန်းပရမေ ဘဂဝ ဗျာဒိတ်လာ။
အဖြစ်တွေးလိုက်တော့၊ ဧစ်ဒွေးသတ်နဝါနှင့်၊ ဂြိုဟ်ဇီဝါကောဇာချဉ်းလျှင်ဖြင့်၊ မိတ္ထီလာနယ်တွင်းမှာလ၊ လေးအင်းတိုင်အောင်ပေါ်လို့၊ ရှစ်သောင်းကျော် ဝိဇ္ဇာထွက်လိမ့်မတဲ့၊ လိုချင်သူ ဖိုခွင်သက်ကြတော့၊ အပိုမမြင်အောင် ဟိုယခင်အထက်ကယ်က၊ ကျမ်းဂန်ထွက်သိုက်အလာ။
စောသတ္တာ မြတ်ဘုရားရယ်နှင့်၊ သိကြားဂဝံပတေ့၊ ရသေ့ဈာန်ပျံပ၊ ငမှန်ကန်ဆို့တဲ့ သိုက်ကယ်တို့၊ ကိန်းဆိုက်လို့ကြုံလာ၊ သိုက်တကာစုပေါင်း။
တရားအဋ္ဌင်္ဂီနှင့်၊ ပဉ္စသီမပြတ်စွဲကြမှ၊ ကပ်ထဲတွင် အနိုင်ကျော်လိမ့်၊ တူပျော်ပျော်ဟိုဘက်နင်းမိလျှင်၊ သန့်ရှင်းစွာဗေဟီဆော်၍၊ ရွှေပြည်တော် သာယာလှသော်ကြောင့်၊ သေသူကို ရှင်သူတို့ တကြလိမ့်၊ ဓနဘာမစိုးပြီဘု၊ အဇဋာဝလာတရိုးဆီက၊ ရတနာမိုးရှစ်ကြိမ်ရွာမတဲ့၊ အငြစ်မလိမ္မာသူတို့၊ ကမ္ဘာဆူသလို ပျက်ပြိုကြပါလိမ့်၊ ဗုဒ္ဓသာသနာရောင်က၊ နေတန်ဆောင်လို ထိန်၍လျှမ်းမှာမို့၊ ရဟန်းထေရ်သံဃာနှင့်၊ ဝပဿနာဓူတင်မလပ်တဲ့ပြင်၊ အထပ်ထပ်ဘာဝနာယူလို့၊ စံရွှေဂူတခဏကြိုးရုံနှင့်၊ အမှန်နေတဆူ သမတမျိုးပေထင့်၊ တိမ်တောင်မှာ စိန်ရောင်ထိုးလိမ့်မကွယ်၊ မိုဃ်းထိရွှေကျောင်း။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ ဧစ်ဒွေးသတ်နဝါ = တထောင့်နှစ်ရာ ခုနစ်ဆယ်ကိုးခု။
၂။ ဂြိုဟ်ဇီဝါ = ကြာသပတေး။
၃။ အဋ္ဌင်္ဂီ = ရှစ်ပါးသီလ။
၄။ ပဉ္စသီ = ငါးပါးသီလ။
၅။ ဗေလီ = စည်တော်။
၆။ အဇဋာဝလာ = ထက်ကောင်းကင်။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။