မာတိကာသို့ ခုန်သွားရန်

အိန္ဒုမြစ်

ဝီကီပီးဒီးယား မှ
(သိန္ဓုမြစ် မှ ပြန်ညွှန်းထားသည်)
အိန္ဒုမြစ် (Indus River)
Sindhu
ပါကစ္စတန်နိုင်ငံ၊ Skardu ကိုဖြတ်စီးနေသော အိန္ဒုမြစ်
အိန္ဒုမြစ်ကြောင်းပြ မြေပုံ [၁]
အခြားအမည်(များ)Sindhu
Countryတရုတ်နိုင်ငံ, အိန္ဒိယနိုင်ငံ, ပါကစ္စတန်နိုင်ငံ
StateLadakh, Punjab, Khyber Pakhtunkhwa, Sindh, Gilgit-Baltistan, Tibet
CitiesLeh, Skardu, Dasu, Besham, Thakot, Swabi, Dera Ismail Khan, Sukkur, Hyderabad
အချက်အလက်များ
မြစ်ဖျားခံရာSênggê Zangbo
Tibetan Plateau
ဒုတိယ ရေရင်းမြစ်Gar Tsangpo
စီးဝင်ရာနေရာArabian Sea (primary), Rann of Kutch (secondary)
Indus River Delta (primary), Kori Creek (secondary), Pakistan, India
၀ m (၀ ft)
23°59′40″N 67°25′51″E / 23.99444°N 67.43083°E / 23.99444; 67.43083ကိုဩဒိနိတ်: 23°59′40″N 67°25′51″E / 23.99444°N 67.43083°E / 23.99444; 67.43083
အလျား၃,၁၈၀ km (၁,၉၈၀ mi) as Mapped. ၃,၂၄၉ km (၂,၀၁၉ mi) actual as mentioned in History Books.
စီးဆင်းမှု
  • တည်နေရာ:
    Arabian Sea
  • အနည်းဆုံး နှုန်း:
    ၁,၂၀၀ m3/s (၄၂,၀၀၀ cu ft/s)
  • ပျမ်းမျှ နှုန်း:
    ၆,၆၀၀ m3/s (၂၃၀,၀၀၀ cu ft/s)
  • အများဆုံး နှုန်း:
    ၅၈,၀၀၀ m3/s (၂,၀၀၀,၀၀၀ cu ft/s)
မြစ်ဝှမ်း အချက်အလက်များ
မြစ်ဝှမ်းအရွယ်၁,၁၆၅,၀၀၀ km2 (၄၅၀,၀၀၀ sq mi)
မြစ်လက်တက်များ
ပါကစ္စတန်နိုင်ငံKharmang Districtကိုဖြတ်စီးနေသော အိန္ဒုမြစ်
အိန္ဒုမြစ်

အိန္ဒုမြစ် (အင်္ဂလိပ်: Indus River) သည် ပါကစ္စတန်နိုင်ငံကို ဖြတ်သန်း စီးဆင်းသော အဓိက မြစ် တစ်စင်း ဖြစ်ပြီး တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ ကို သည်း ဖြတ်သန်း စီးဆင်းသည်။ ပါကစ္စတန်နိုင်ငံတွင် အရှည်ဆုံးမြစ် ဖြစ်သည်။

ကမ္ဘာ့မြစ်ကြီး တစ်မြစ် ဖြစ်သော အိန္ဒုမြစ်သည် ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံး မြစ်ကြီး ဖြစ်သည်။ အိန္ဒိယ ကျွန်းဆွယ်ကြီး တစ်ခုလုံး၏ အဓိက မြစ်ကြီး သုံးသွယ် အနက် တစ်ခု အပါအဝင် လည်း ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၌ တည်ရှိ၍ ထိုနိုင်ငံ၏ အသက် သွေးကြော မကြီး သဖွယ် အရေးပါလှသော မြစ်ကြီး ဖြစ်ပေသည်။

မြစ်ဖျားခံရာနှင့် စီးဆင်းရာ လမ်းကြောင်း

[ပြင်ဆင်ရန်]

အိန္ဒုမြစ်သည် တရုတ်နိုင်ငံ အနောက်ပိုင်း တိဘက် ကုန်းပြင်မြင့် ဒေသ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ မန်ဆာရိုဗာ ကန်၏ ဝန်းကျင်မှ မြစ်ဖျားခံ ပြီး ဂျမ်မူး နှင့် ကက်ရှမီးယား ပြည်နယ် လာဒက်ရှ် ဒေသကို ဖြတ်သန်း စီးဆင်းကာ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း ဒေသမှ စတင်၍ နိုင်ငံ အတွင်းသို့ ဝင်ရောက်သည်။ မြစ်၏ စုစုပေါင်း အရှည်မှာ ၁၉၈ဝ မိုင် (၃၁၈ဝ ကီလိုမီတာ) မျှ ဖြစ်ပြီး ပါကစ္စတန်နိုင်ငံတွင် အရှည်ဆုံးမြစ် ဖြစ်သည်။

အိန္ဒုမြစ်ကြီး စတင် မြစ်ဖျားခံရာ အရပ်သည် တိဗက်နိုင်ငံ အတွင်း၌ ကျရောက်၍ ဆီးနှင်းများ ဖုံးလွှမ်းရာ ဟိမဝန္တာ တောင်စဉ် တောင်တန်းများ၌ အပါအဝင် ဖြစ်သည့် ကိုင်းလာ (ကေလာသ) တောင်တန်း၏ ရေခဲမြစ် တစ်ခု အဖြစ်မှ စတင် ခဲ့သည်။ ထို မြစ်ဖျားခံရာ အရပ်သည် ပင်လယ်ရေပြင်မှ ပေ ၁၈ဝဝဝ ခန့် မြင့်၍ အိန္ဒိယနိုင်ငံ၏ ဗြဟ္မပုတ္တရ မြစ်ကြီး မြစ်ဖျားခံရာ အရပ် နှင့် အနောက်မြောက်ဘက် မိုင် ၁ဝဝ ခန့်သာ ကွာ လေသည်။

အိန္ဒု မြစ်ကြီး၏ အလျား သည် မိုင်ပေါင်း ၁၉ဝဝ ကျော် ခန့် ရှိ၍ ယင်း၏ ရေဆင်း ဒေသ အကျယ် အဝန်းသည် စတုရန်း မိုင် ၃၆ဝဝဝဝ ကျော်သည်။ တောင် ဘက် သို့ အာရေဗျ ပင်လယ် (အိန္ဒိယ သမုဒ္ဒရာ) အတွင်း စီးဆင်း ရာ၌ အိန္ဒု မြစ်ကြီး သည် ရှု မငြီးဖွယ် ရာ တင့်တယ် ခန့်ညား သော တောတောင် စိမ့်စမ်း ရှုခင်း သာများ ကိုလည်းကောင်း၊ ပူပြင်း ခြောက်သွေ့ သော သဲကန္တာရ ပိုင်း ကို လည်းကောင်း၊ စိုက်ခင်း ပျိုးခင်း တို့ဖြင့် ဝေဆာ သော ဆည်မြောင်း ဒေသများ ကိုလည်းကောင်း အဆင့်ဆင့် ဖြတ်ကျော် ခဲ့သည်။

အိန္ဒုမြစ်သည် မြစ်ဖျားပိုင်းတွင် ဟိမဝန္တာ တောင်တန်း၏ မြောက်ဘက် တောင်ခြေရင်း တစ်လျှောက် အနောက်မြောက် ယွန်းယွန်း စီးလာပြီးနောက် ကသ္မီရ ပြည်နယ် (Kashmir) ထဲသို့ ဝင်သည်။ မြစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့်ဖြင့် တိဗက် ကုန်းပြင်မြင့် ကို ဖြတ် သန်းလာ ခဲ့သော ထို မြစ်ကြီး သည် ကသ္မီရ နယ်နိမိတ်ကို ဖြတ်ကျော်ပြီးနောက်တွင် အကျယ် ၁ဝ မိုင်၊ အမြင့် ပေ ၆ဝဝဝ ခန့် ရှိသော ချောက် ကမ်းပါးကြီး တစ်ခု ကို ဖြတ်သန်း စီးဆင်း ရသည်။ ထို့နောက် ကာရာကိုရမ် တောင်တန်း နှင့် ဟိမဝန္တာ တောင်တန်း အကြား တစ်လျှောက် စကာဒူး မြို့အရောက် စီး လာပြီးလျှင် ဟာရာမော့ တောင်တန်း ကို ဖြတ်သန်း၍ ပေ ၁ဝဝဝဝ နက် သော ချောက် ကမ်းပါး ကို ဖြစ်ပေါ် စေပြီးနောက် အနောက်ဘက်သို့ မြစ်ကြောင်း ပြောင်းသည်။

ကသ္မီရပြည်နယ်၏ အရှေ့ဘက် နယ်ခြား ခရိုင် လဒက်၏ ရုံးစိုက်ရာ မြို့ ဖြစ်သော လေးမြို့၏ အောက်ဘက်တွင် ဇန်စကာ ခေါ် မြစ်လက် တက် တစ်ခု စီးဝင်သည်။ ထို့နောက် ဒရတ် မြစ် သည် လည်းကောင်း၊ ဗလစ္စတန် မြစ် သည် လည်းကောင်း စီးဝင်သည်။ ထို နေရာ၌ပင် ကာရာကိုရမ် တောင်တန်း မှ ရေခဲမြစ် တစ်မြစ် ဖြစ်သော ဂီလဂစ် မြစ် သည် အိန္ဒု မြစ် အတွင်း သို့ လကျာ်ဘက် ကမ်း မှ စီးဝင်သည်။ ထို မြစ် နှစ်မြစ် ပေါင်းဆုံ သည့် အရပ် တွင် မြေပြင် အမြင့် သည် ပေ ၄ဝဝဝ ခန့် သာ ရှိ လေ သည်။ ဟိမဝန္တာ တောင်တန်း ဒေသ မှ အိန္ဒု မြစ် အတွင်း စီးဝင် သော မြစ် လက် တက် များ အနက် ဂီလဂစ် သည် အကြီးဆုံး မြစ် ဖြစ်သည်။ အိန္ဒု မြစ် သည် ဂီလဂစ် မြစ် နှင့် ပေါင်းဆုံ၍ မိုင် ၁ဝဝ ခန့် ဆက်လက် စီးဆင်း လာပြီးနောက် အနောက် တောင်ဘက် သို့ ရုတ်တရက် မြစ်ကြောင်း ပြောင်း လိုက်သည်။ ယင်းသို့ မြစ်ကြောင်း ပြောင်း၍ မိုင် ၁၈ဝ ခန့် စီးဆင်း ခဲ့ပြီးနောက် တွင်မူ တောင်တန်း တောင်ကုန်း ဒေသကို လွန်မြောက် ကာ မြေနိမ့်ပိုင်း သို့ ဆင်းသက် လေသည်။

အတော့ မြို့ တွင် အာဖဂန် နိစတန် နိုင်ငံ မှ လာသော ကဗူး မြစ် သည် အိန္ဒု မြစ် အတွင်း သို့ ပေါင်းဆုံ စီးဝင်သည်။ ထို အရပ် တွင် မြစ် အကျယ် သည် ပေ ၈ဝဝ ခန့် သာ ရှိ၍ ရေ အနက် သည် အခါ ရာသီ ကိုလိုက်၍ ပေ ၃ဝ မှ ၆ဝ ခန့် သာ ရှိသည်။ မြေပြင် အမြင့် သည်လည်း ပေ ၉၅ဝ ခန့် မျှ သာ ရှိ၍ ရေစီး လည်း နှေး လာသည်။ ကျန် ရှိသော မိုင် ၉ဝဝ ခန့် ရှိသည့် မြစ်ကြောင်း သည် အနောက် တောင် ဘက် သို့ စီးကာ အာရေဗျ ပင်လယ် ထဲသို့ စီးဝင် လေသည်။

အတော့ မြို့ ၏ အောက်ဘက် မိုင် ၁၁ဝ ခန့် ရှိ ကာလာ ဗက် မြို့ အနီး တွင် မြစ် အကျယ် သည် ပေ ၁၄ဝဝ ခန့် ရှိ ပြန်သည်။ မြေနိမ့် မြေပြန့် ဒေသ၌ စီးဆင်း သဖြင့် မြစ်ရေ သည် ရွှံ့နှစ် ထနေ သည်။ မတ်လ တွင် တောင်တန်း ဒေသ မှ နှင်း များ ပျော်ဆင်း သဖြင့် လည်းကောင်း၊ ဇွန် နှင့် ဇူလိုင်လ များ တွင် မိုးရေ ကြောင့် လည်းကောင်း မြစ်ရေ တိုး သဖြင့် မြစ်ရေ လျှံ သည်။ မြစ်ရေ ကျ သွားသည့် အခါ နုန်းတင် မြေနု များ ကျန်ခဲ့ သဖြင့် အလွန် မြေဩဇာ ထက်သန် ကောင်းမွန် သော ကြောင့် ဂျုံ၊ စပါး၊ ဝါဂွမ်း၊ ပြောင်း စသည့် သီးနှံ များ စိုက်ပျိုး ရေး အလွန် အောင်မြင် ဖြစ်ထွန်း လေသည်။

မီသန်ကော့ မြို့ အနီး တွင် ပန်ဂျပ် ပြည်နယ် ၏ မြစ် ငါး သွယ် တို့ သည် အိန္ဒု မြစ်မကြီး အတွင်း သို့ စီးဝင် ကြသည်။ မြစ် ခြောက် သွယ် တို့ စု ပေါင်း စီးဆင်း သဖြင့် ရေလုံး ထုထည် ကြီးမား လာလေ ရာ၊ မြစ်ဆုံ ၏ အောက်ဘက် တွင် ရေနည်း သည့် ကာလ ၌ ပင် မြစ် အကျယ် သည် ပေ ၁၉၈ဝ ကျော် ရှိလေ သည်။

မြစ်ဝကျွန်းပေါ်နှင့် မြစ်ကြောင်း သွားလာရေး

[ပြင်ဆင်ရန်]

သိန္ဒုပြည်နယ် အတွင်းသို့ ရောက်လာသောအခါ မြစ်ကြောင်း သည် ကွေ့ကောက်လာသည်။ ထို ပြည်နယ် ရှိ ဟိုက်ဒရဗတ် မြို့ ၏ အောက်ဘက် တွင် မြန်မာနိုင်ငံ ၏ ဧရာဝတီ မြစ် ကဲ့သို့ မြစ်ခွဲ များစွာ ဖြစ်ပေါ် လျက် မြစ်ဝ များစွာ ဖြင့် အာရေဗျ ပင်လယ် အတွင်း သို့ စီးဝင်သည်။ မြစ်ဝများ အနက် ယာထို မြစ်ဝ သည် အရေး ပါဆုံး ဖြစ်သည်။ မြစ်ကြောင်း တစ် လျှောက် သယ်ယူ ခဲ့ သော နုန်းမြေ များ ပို့ချ သဖြင့် ဧရိယာ စတုရန်း မိုင် ၃ဝဝဝ ကျော် ရှိ၍ ကမ်းရိုးတန်း မိုင် ၁၃ဝ အလျား ရှိ သော မြေနု ကျွန်း ပေါ် သည်။ ထို မြေနု ကျွန်း ပေါ် ၏ ထိပ် သည် တတ္တာ မြို့ ဖြစ်၍ ပင်လယ် မှ မိုင် ၇ဝ ဝေးကွာ သည်။ ပင်လယ် ဒီ ရေ သည် ထို တတ္တာ မြို့ အထိ ရောက် လေသည်။

မြစ်ဝကျွန်း ပေါ် ရှိ မြစ်ကြောင်း များ မကြာခဏ ပြောင်းလဲ တတ် သဖြင့် သယ်ယူ ပို့ဆောင် ရေး နှင့် ကူးလူး သွားလာ ရေး အတွက် ရေကြောင်း လမ်းကို အဓိက ထား၍ မရ ချေ။ ကရာချိ မြို့ သည် အိန္ဒု မြစ်ဝကျွန်း ပေါ် ၏ တစ်ခု တည်း သော ပင်လယ် သင်္ဘော ဆိပ်ကမ်း မြို့ ဖြစ်၍ အရေး အပါဆုံး လည်း ဖြစ် ပေ သည်။

ခရစ် ၁၈၇၈ ခုနှစ် တွင် အိန္ဒု မြစ်ဝှမ်း (ကရာချိ-ပက်ရှဝါ) မီးရထား လမ်းကို ဆောက်လုပ် သည် မှ စ၍ သယ်ယူ ပို့ဆောင် ရေး နှင့် ကူးသန်း သွားလာ ရေး အတွက် အိန္ဒု မြစ်ကြောင်း ကို အသုံးချ နည်း သွားသည်။ ဟိုက်ဒရေ ဗတ် မှ မူလတန် အထိ သင်္ဘောများ အသွား အလာ ရှိ၍ သင်္ဘောငယ် များ ဖြင့်မူ မြစ် အထက်ပိုင်း ၌ တောင်တန်း ဒေသများ အရောက် သွားလာ နိုင်လေ သည်။

ဆည်မြောင်းနှင့် ရေသွင်း စိုက်ပျိုးရေး

[ပြင်ဆင်ရန်]

အိန္ဒု မြစ် သည် အထက်ပိုင်း ၌ ရေလုံး ကောင်း သော် လည်း အောက်ပိုင်း တွင် မိုး ပါး သော ဒေသ၊ ခြောက်သွေ့ သော သဲကန္တာရ တို့ ကို ဖြတ်သန်း လာ ခဲ့ ရ သဖြင့် လည်းကောင်း၊ ရေသွင်း စိုက်ပျိုး ရေး အတွက် ဆည်မြောင်း တူးမြောင်း သွယ်ယူ ကြ သဖြင့် လည်းကောင်း ပင်လယ် အတွင်း သို့ စီးဝင် သော ရေလုံး ထုထည် သည် ဂင်္ဂါ မြစ် လောက် ပင် မ ကောင်း လှ ချေ။

အိန္ဒု မြစ်ဝှမ်း တစ် လျှောက် ဆည် များ ဆောက် ၍ တူး မြောင်း များ သွယ် ကာ လယ်ယာ များ သို့ ရေသွင်း စိုက်ပျိုး ခြင်း ကို အကြီးအကျယ် ပြုလုပ် ကြသည်။ အိန္ဒု မြစ်မကြီး ၌ သာမ က၊ ယင်း ၏ မြစ် လက် တက် ကြီးများ ဖြစ်သော ပန်ဂျပ် ပြည်နယ် မှ ချီနဗ်၊ ဂျေလမ်၊ ရာဗီ၊ ဆပ်တလက် မြစ် တို့ မှ လည်း ရေသွယ် စိုက်ပျိုး ခြင်း ကို ပြုလုပ် ကြသည်။ အိန္ဒု မြစ်ဝှမ်း သည် ကမ္ဘာ ပေါ် ၌ ရေသွင်း စိုက်ပျိုး ရေး ကို ကြီးကြီးကျယ်ကျယ် ဆောင်ရွက် သော ဒေသ တစ်ခု ဖြစ်၍ အကြီးအကျယ် ဆုံး သည် သိန္ဒု ပြည်နယ်၊ ဆွတ်ကူ မြို့ အနီး ရှိ လွိုက် ဆည်ကြီး ဖြစ်လေ သည်။

သမိုင်းဝင် အရေးပါမှုနှင့် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု

[ပြင်ဆင်ရန်]

မြစ်ခြောက်သွယ်တို့၏ မြစ်ကြောင်း အသီးသီးတွင် အနည်အနှစ်များ အများအပြား ပါလာသဖြင့် အနည်အနှစ် ပို့ချ မှုလည်း များပြား လာသည်။ အီဂျစ်နိုင်ငံ သည် နိုင်းမြစ်ကို အကြောင်း ပြု၍ ဖြစ်ပေါ်သည့် နည်းတူ သိန္ဒုပြည်နယ် (Sindhu) သည်လည်း အိန္ဒုမြစ် မှ ပို့ချ သော နုန်းမြေ များ ဖြင့် ဖြစ်ပေါ်ခဲ့သည် ဟု ဆိုကြသည်။

ရှေးခေတ် အိန္ဒိယ စာပေများ၌ အိန္ဒုမြစ် ကို ဒဒမြစ် ဘုရင်ဒဒ ဟု တင်စား ခေါ်ဝေါ် ကြသည်။ သက္ကတဘာသာဖြင့်မူ သိန္ဒု ဟု ခေါ်ဝေါ်သည်။ အိန္ဒိယ ဟူ သော အမည် သည် လည်း အိန္ဒုမြစ် ကို အစွဲ ပြု ခေါ်ဝေါ် ခြင်း ဖြစ် သည် ဟု ဆိုကြသည်။ ယဉ်ကျေး စခေတ်က စိုက်ပျိုး ရေး သည် အဓိက လုပ်ငန်း ဖြစ် ပေ ရာ၊ စိုက်ပျိုး ရေး ဖြစ်ထွန်း သော မြစ်ဝှမ်း ဒေသ များ၌ ယဉ်ကျေးမှု တို့ စတင် ပေါက် ဖွား ခဲ့သည်။ ယဉ်ကျေးမှု ထွန်းကား သော ကမ္ဘာ့ မြစ်ဝှမ်း ကြီးများ အနက် အိန္ဒု မြစ်ဝှမ်း သည် တစ်ခု အပါအဝင် ဖြစ်သည်။ ထို မြစ် ဝှမ်း ၌ ယဉ်ကျေးမှု ထွန်းကား ချိန် သည် ခရစ် မပေါ် မီ နှစ်ပေါင်း ၃ဝဝဝ ခန့် မှ သည် ခရစ် ပေါ်ပြီး နှစ်ပေါင်း ၁၅ဝဝ ခန့် အတွင်း ဖြစ်၍ ထို ခေတ် အတွင်း ၌ ပင် အိန္ဒု မြစ်ဝှမ်း ၌ သာမ က ဆပ်တလက် မြစ်ဝှမ်း နှင့် ကာတီ အဝါး ကျွန်းဆွယ် ၌ လည်း ယဉ်ကျေးမှု ထွန်း ကား ကြောင်း အထောက် အထား များ တွေ့ရ သည်။

၁၉၂၁ ခုနှစ် မှ စ၍ အိန္ဒိယ ရှေးဟောင်းသုတေသနဌာန က သုတေသန ပြုကာ တူးဖော် ခဲ့ သဖြင့် တွေ့ရှိ ရ သော ရှေးခေတ် မြို့ဟောင်း ကြီးများ မှာ သိန္ဒုနယ် လားကားန ခရိုင် အတွင်းရှိ မောဟိန်ဇော ဒရော မြို့၊ ပန်ဂျပ်နယ် မောင်ဂိုမာရီခရိုင် အတွင်းရှိ ဟာရပ္ပ မြို့၊ ဆင်းမလား တောင်ကုန်း ခြေရင်း ရှိ ရူပါ မြို့၊ နာဗဒါ မြစ်ဝှမ်း ဒေသ ရှိ လိုသယ် မြို့ တို့ ဖြစ် ကြသည်။ ထို ဒေသ တို့ တွင် အီဂျစ် နိုင်ငံ နှင့် မက်ဆို ပိုတေးမီးယား (ယခု- အီရတ်) နိုင်ငံ တို့ ၏ ရှေးခေတ် ယဉ်ကျေးမှု နှင့် ဆင်ဆင် တူ သော ယဉ်ကျေးမှု ထွန်းကား ခဲ့ ကြောင်း ခိုင်လုံ သော အထောက်အထား များ တွေ့ရှိ ရ သည်။ တွေ့ရှိ ရ သော အထောက်အထား များ အရ အိန္ဒု မြစ်ဝှမ်း ဒေသ သည် ထို ခေတ် အခါ က ကြွယ်ဝ ဖွံ့ဖြိုး ၍ အီဂျစ်၊ မက်ဆို ပိုတေးမီးယား တို့ နှင့် ပင် ကုန်သွယ် ဆက်ဆံမှု ရှိ ခဲ့ ကြောင်း သိရ လေ သည်။

ဆို ခဲ့ သော မြို့ဟောင်း များ လောက် အရေး မပါ သော် လည်း ထို ခေတ် အတွင်း က ယဉ်ကျေးမှု ထွန်းကား ခဲ့ သော ဌာန ပေါင်း ၆ဝ ကျော် ကို လည်း တူးဖော် တွေ့ရှိ ရ သည်။ တူးဖော် တွေ့ ရှိ ရချက် များ အရ ဆို ခဲ့ သော မြို့ပြ ကြီးငယ် တို့ ကို စနစ် တကျ တည်ဆောက် ထား ကြောင်း သိရ သည်။ ကျယ်ဝန်း ပျံ့ပျူး သော လမ်း များ တစ်ဖက် တစ်ချက် တွင် အဆောင်ဆောင် အခန်းခန်း ရှိ သော နေအိမ် တိုက်တာ များ ရှိ၍ နေအိမ် တိုင်း ၌ ရေချိုး ခန်း များ လည်း ရှိသည်။ ထို့ပြင် ဝတ်ပြု ရာ ဌာနများ ကြီးမား သော စပါး ကျီ များ လည်း ရှိကြောင်း တွေ့ ရ လေ သည်။

အိန္ဒု မြစ်ဝှမ်း သား တို့တွင် စာရေး စာဖတ် စနစ်၊ အခြင် အတွယ် စနစ်၊ ရေတွက် မှတ်သား သော စနစ်များ ရှိ ကြောင်း လည်း သိရှိ ရ သည်။ အိုးခွက် လုပ်ငန်း အတော် ပင် အဆင့်အတန်း မြင့်၍ လက်သမား၊ ကျောက် ဆစ် သမား၊ ပန်းပဲ၊ ပန်းထိမ် နှင့် ဆင်စွယ် ပန်းပု ပညာရှင် တို့၏ လက်ရာ ကောင်း များ ကိုလည်း တွေ့ရသည်။ တံဆိပ် တုံး များ နှင့် အခြား အရာ ဝတ္ထု များ အရ ထိုစဉ် က ဟိန္ဒူ နတ်ဘုရား များ ကိုးကွယ်မှု ပြု ကြ သည် ဟု ယူဆ ရသည်။ အိန္ဒု မြစ်ဝှမ်း သား တို့ သည် အိမ် မွေး တိရစ္ဆာန် များ ထား ရှိ၍ ဂျုံ၊ မုယော စ သည် တို့ ကို စိုက်ပျိုး ကြ ပြီးလျှင် ဝါဂွမ်း ကို လည်း အသုံးချ တတ် ကြ လေ သည်။

ထိုသို့ လူနေမှု စနစ် အဆင့်အတန်း မြင့်မား ခဲ့ သော အိန္ဒု မြစ်ဝှမ်း သား တို့ ၏ အမျိုးအမည် ကို မ ဖော်ထုတ် နိုင် သေး သော်လည်း၊ ယင်း တို့ သည် အာရိယာန် တို့ ထက်ပင် ရှေး ဦး ကျ သော လူ့ယဉ်ကျေးမှု များ ဖြစ်ကြောင်း ကိုကား လက်ခံ နိုင်သည်။ ထို့ပြင် ထို လူမျိုး များ နှင့် ဒြာဗီးဒီးယန်း လူမျိုး၊ အာရိယန် လူမျိုး တို့ မည် ကဲ့သို့ ဆက်သွယ်မှု ရှိ ခဲ့ ကြောင်း ဖော်ထုတ် ရန် ကျန် ပေ သေး သည်။ အသေအချာ ပြော နိုင် သော အချက် တစ် ရပ် မှာမူ အိန္ဒု မြစ်ဝှမ်း ယဉ်ကျေးမှု သည် ထို ဒေသ၌ ပင် မူလ ပေါက်ဖွား ခဲ့၍ ထို ယဉ်ကျေးမှု ထွန်းကား ရာ ဒေသ သည် လည်း အတော် အတန် ကျယ်ပြန့် ခဲ့ ပေ သည်။

ထိုမျှ ဖွံ့ဖြိုး ထွန်းကား ခဲ့ သော ယဉ်ကျေးမှု သည် မည် သို့ သော အကြောင်း ကြောင့် အဆုံးသတ် ခဲ့ သည် ကိုမူ အတိအကျ မ ဖော်ထုတ် နိုင် သေး ပေ။ သဘာဝ ဘေးဆိုး တစ်ခုခု ကြောင့် သော် လည်းကောင်း၊ သတ္ထန္တရ ကပ် ဘေး ကြောင့် သော် လည်းကောင်း၊ ထို ယဉ်ကျေးမှု ပျက် သုန်း ခဲ့ ရ မည် မှာ ကား မ လွဲနိုင် သော အချက် ဖြစ်သည်။ အချို့ သော သု သေသီ တို့ အလို မှာမူ သံ ဖြင့် ပြုလုပ် သော လက်နက် များ စွဲကိုင် လျက် မြင်း များ စီး ကာ အိန္ဒု မြစ်ဝှမ်း ဒေသ သို့ ဒလကြမ်း ဝင်ရောက် တိုက်ခိုက် လာ သော အာရိယန် တို့ ကြောင့် ထို ယဉ်ကျေးမှု ကြီး ပျက်စီး ခဲ့ ရ သည် ဟု ယူဆ ကြ လေ သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)