သတ္တုတွင်းလုပ်ငန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကမ္ဘာပေါ်ရှိ သတ္တုတွင်း တူးဖော်ရာ နေရာဒေသများကို ပြသသည့် မြေပုံ (အကျယ်ချဲ့ရန် ကလစ်နှိပ်ပါ)
ကမ္ဘာပေါ်ရှိ မျက်နှာပြင် အကျယ်ဆုံးနှင့် ဒုတိယမြောက် အနက်ဆုံး ချီလီနိုင်ငံရှိ ချူကွီကာမတာ ကြေးနီသတ္တုတွင်း

သတ္တုတွင်း လုပ်ငန်းဆိုသည်မှာ အဖိုးတန် သတ္တုများနှင့် အခြားသော ဘူမိဆိုင်ရာ ပစ္စည်းများကို ကမ္ဘာ့မြေမျက်နှာပြင်ရှိ ကျောက်တုံးများ၊ သတ္တုကြောများနှင့် ကျောက်မီးသွေးကြောများမှ တူးဖော်ရယူသည့် လုပ်ငန်းဖြစ်သည်။ သတ္တုတွင်း လုပ်ငန်းဖြင့် အခြေခံသတ္တုများ၊ အဖိုးတန်သတ္တုများ၊ သံ၊ ယူရေနီယမ်၊ ကျောက်မီးသွေး၊ စိန်၊ ထုံးကျောက်၊ ကျောက်ဆား နှင့် ပြာဆား အစရှိသည်တို့ကို တူးဖော်ရယူကြသည်။ စိုက်ပျိုးမွေးမြူ၍ မရနိုင်သော သို့မဟုတ် ဓာတ်ခွဲခန်းအတွင်း ဖန်တီးယူ၍ မရနိုင်သော ပစ္စည်းများကို သတ္တုတူးဖော်ခြင်းဖြင့် ရယူကြသည်။

ခေတ်ယဉ်ကျေးမှု တည်တံ့စေသော အခြေခံလုပ်ငန်း[ပြင်ဆင်ရန်]

ရှေးအီဂျစ်တို့သည် ဘီစီ ၅ဝဝဝခန့်ကပင်သတ္တုတွင်းတူးခြင်းကို ဦးစွာလုပ်ကိုင်ခဲ့ကြသည်။ သတ္တုရိုင်းရှာဖွေရေး၊ တူးဖော်ရေး၊ ထုတ်ယူရေး ဟူ၍လုပ်ငန်းသုံးပိုင်းရှိသည်။ သတ္တုတူးဖော်ရာ၌ ကြုံရသော အခက်အခဲများ၊ သတ္တုတွင်းအလုပ်သမားများ အတွက် ကာကွယ်ရေး၊ စက်များကို မြင်းကောင်ရေအားဖြင့် ပြောဆိုသုံးနှုန်းမှု၏အစတို့ကိုပါဖော်ပြထားသည်။

သတ္တုတွင်းလုပ်ငန်း[ပြင်ဆင်ရန်]

ကမ္ဘာပေါ်တွင်တိုးတက်ကြီးပွား လျက်ရှိသောနိုင်ငံများစွာတို့၌ လယ်ယာစိုက်ပျိုးရေး ပြီးသည့် နောက် အဓိကလုပ်ငန်းမှာ သတ္တုတွင်းလုပ်ငန်းဖြစ်ကြောင်း တွေ့ရ၏။ ကျွန်ုပ်တို့သည် ခေတ်ယဉ်ကျေးမှုအဆင့်အတန်းနှင့် လျော်ညီစွာ နေထိုင်လိုလျှင် စက်ရုံကြီးအများအပြားလိုအပ်ပေ ရာ ထိုသို့လိုအပ်သော စက်ရုံကြီးများကိုတည်ဆောက်နိုင်ရန် သတ္တုတွင်းလုပ်ငန်းရှိမှဖြစ်နိုင်ပေမည်။ ထိုကြောင့် သတ္တုတွင်းလုပ်ငန်းသည် ယဉ်ကျေးမှုကိုတည်တံ့စေသော အခြေခံလုပ်ငန်းတစ်ရပ်ဟူ၍ဆိုနိုင်ပေသည်။

သတ္တုတွင်းလုပ်ငန်းကို သတ္တုရိုင်းရှာဖွေခြင်း၊ တူးဖေါ်ခြင်း၊ သတ္တုထုတ်ယူခြင်း၊ ဟူ၍သုံးမျိုးခွဲခြားနိုင်သည်။ သတ္တုတွင်းရှာဖွေ ရာ၌ တစ်ယောက်စနှစ်ယောက်စ ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ်အဖွဲ့အစည်းဖြင့်ရှာဖွေသည်ဖြစ်စေ ရှာဖွေသူတို့သည် ဝတ္တုအမျိုးမျိုးကိုသိရှိရန်လိုသည့်အပြင် သတ္တုဗေဒ၊ဘူမိဗေဒစသည့် ပညာရပ်များကိုတတ်မြောက်ကြရလေသည်။ ဤပညာရပ်များကိုတတ်မြောက်သူများပင်လျှင် တစ်ခါတစ်ရံ လချေး၊အိုင်းယန်းဆာလဖိုဒ်ကဲ့သို့သတ္တုရိုင်းများကို ရွှေဟူ၍၎င်း၊ ဂရက်ဖိုက်ကိုမော်လစ်ဒီနိုက်ဟူ၍၎င်းအထင် မှားတတ်ကြလေသည်။ မြေမျက်နှာပြင်ပေါ်ရှိ ကျောက်များ တွင်ကော့ပါး (ကြေးနီ)၊ အိုင်းယန်း(သံ)၊ မန်ဂနိ၊ မာကျူရီ(ပြဒါး)ကဲ့သို့သတ္တုအစအနများကိုတွေ့ရသော်လည်း မြေအောက်သို့တူဖေါ်ကြည့်သောအခါ မည်သည့်သတ္တုကိုမျှ မတွေ့ရဘဲ ရှိတတ်သည်။ တစ်ခါတစ်ရံသောင်ခုတ်စက်များဖြင့် ပင်လယ်ကမ်း များနှင့်မြစ်ထဲရှိသဲခုံများကိုတူးရာ မည်းနက်သောသဲများကိုရရှိသည်။ အချို့သူတို့သည်ထိုသဲမျိုးကို တွေ့ရှိ သောအခါ ရွှေသို့မဟုတ်၊ပလက်တီနမ်အမြောက်အမြား တွေ့ရှိပြီဟု ထင်မှတ်တတ်ကြ၏။

သတ္တုရိုင်းကိုရှေးအခါက လူတို့သည်ခြေကျင်ဖြစ်စေ၊ မြင်း၊ လား၊ လှေစသည်တို့ စီးနင်း၍ဖြစ်စေ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာ ရှာဖွေကြသည်။ ယခုခေတ်တွင်မူ ကားသယ်ယူပို့ဆောင်ရေး ကောင်းမွန်လာသည့်အလျောက် မော်တော်ကား၊ လေယာဉ်ပျံ စသည်ကဲ့သို့ ယာဉ်များကို အသုံးပြုလေ့ရှိသည်။

သို့သော်ယခုခေတ်တွင်မော်တော်ကားဖြင့် သတ္တုများရှာဖွေခြင်းသည် စားနပ်ရိက္ခာများကိုတင်ယူနိုင်ခြင်း၊ ဝန်များကိုသယ်ယူပို့ဆောင်နိုင်ခြင်း၊ သတ္တုရှာဖွေရာ၌သုံးသည့်စက်ငယ်များကို မော်တော်ကားစက် ဖြင့်မောင်းနှင်နိုင်ခြင်းတို့ကြောင့် ခရီးအရောက်ဆုံးဖြစ်သည်။ ဤသို့ သတ္တုအရှာထွက်သူတို့သည် ပေါက် ချွန်း၊ ဂေါ်ပြား၊ တူစူး၊ ဒိုင်းနမိုက်၊ သံဒယ်(မိုက်ခွက်)၊ ကြိတ်ဆုံ အစရှိသည်တို့ကိုယူဆောင်သွားကြရ၏။ ကြိတ်ဆုံမှာ သတ္တုရိုင်းများကိုကျိတ်ရန်ဖြစ်၍ သံဒယ်မှာ ကျိတ်ထားသော သတ္တုရိုင်းမှ ကျောက်ခဲငယ်များကို ဆေးကြောပစ်ရန်ဖြစ်သည်။ သတ္တုရိုင်းများကိုအကြမ်းအားဖြင့် စစ်ဆေးကြည့်ရန်လက်ကိုင်နှင့် မှန်ဘီလူးသည်လည်း အလွန်အသုံးဝင်၏။ အချို့သောတိုင်းပြည်များတွင် အများနှင့်သက်ဆိုင်သည့်မြေများ၌ တစ်နှစ်လျှင်အနည်းဆုံး လုပ်ငန်းမည်မျှပြီးမြောက်အောင်ပြုလုပ်ရမည်ဟု စည်းကမ်းချက် ဖြင့်သတ္တုရှာဖွေ သူတို့အား ခွင့်ပြုထားလေသည်။ အကယ်၍ထိုသို့ခွင့်ပြုထားသောမြေပေါ်တွင် အလုပ်ကိုတစ်နှစ်မျှ ရပ်ဆိုင်းထားခဲ့သော် ထိုမြေကို အခြားသူတယောက်က ဝင်ရောက်လုပ်ပိုင်ခွင့်ရှိလေသည်။

တခါတရံ သတ္တုကြောများတွင်အကြောတက်ငယ်များ ဖြာထွက်လျက်ရှိတတ်ရာ ဤအတက်ငယ်များတွင် မြေကတုတ်ကဲ့သို့ မြောင်းများဖြတ်၍ တူးပေးလျှင် သတ္တုကြောမ ကြီးကိုတွေ့ရတတ်သည်။ ဤ နည်းဖြင့်သတ္တုရှာဖွေသူတို့သည် သတ္တုတွင်းများစွာကိုတွေ့ရှိခဲ့ကြလေသည်။ တစ်ခါတစ်ရံသတ္တုအကြောတက် ငယ်သည် တောင်ကုန်းတွင်ဦးတိုက်လျက်ရှိခြင်း ကြောင့် သတ္တုရိုင်းများမှာ ရေစားပြီးပါသွား၍သတ္တုရိုင်း အရိပ်အရောင်မျှကိုသာတွေ့ရတတ်သည်။

ဤသို့တွေ့ရှိသောအခါအထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြေတွင်မြောင်းဖောက်၍ သတ္တုကြောကိုရှာဖွေယူရသည်။ သတ္တုကြောကို တွေ့ရှိသောအခါသတ္တုမည်မျှရှိကြောင်း ကိုသိရှိရန်စပ်သပ်ကြည့်ရပြန်သည်။

များသောအားဖြင့်ထိုသို့စမ်းသပ်နည်းမှာ နှစ်နည်းရှိရာ ပထမနည်းမှာ သတ်မှတ်ထားသောနယ်နိမိတ်အတွင်းရှိမြေကို တူးဖော်၍ ထိုမြေတွင် သတ္တုမည်မျှ ပါရှိသည်ကိုစစ်ဆေးသောနည်း ဖြစ်သည်။ ဒုတိယနည်းမှာ မြေတွင်းသို့နက်ရှိုင်းစွာတူးဖော်၍ မြေ၏အတွင်းသားတွင် သတ္တု မည်မျှပါရှိသည်ကိုစစ်ဆေးသော နည်းဖြစ်သည်။ ဒုတိယနည်းတွင်စိန်သွားတတ်ထားသော လွန်စက်ဖြင့် မြေထဲသို့အလွန်နက်ရှိုင်းစွာ ထိုးဖောက် ကြည့်ကြ လေသည်။ ထိုသို့စမ်းသပ်၍သတ္တုများကို တူးဖော်နိုင် လောက်အောင် များများစားစားတွေ့ရှိရသောအခါ သတ္တုတွင်းဝ အနီးအနားတွင် အဆောက်အအုံများကို သပ်ရပ်စွာဆောက် လုပ်၍သတ္တုတူးဖေါ်သောလုပ်ငန်းကိုစတင်လုပ်ကိုင်ကြလေသည်။သတ္တုတူးဖော်ရာ၌ မြေပေါ်တူးဖော်နည်းနှင့် မြေအောက်တူးဖော်နည်းဟူ၍ အဓိကနှစ်မျိုးရှိသည်။

မြေပေါ်တူးဖော်နည်းတွင်သတ္တုများကိုရေတွင်းများတူးသကဲ့သို့ တူးယူကြရ၍ များသောအားဖြင့်ဤနည်း ကို သံနှင့်ကြေးနီ တူးဖော်ရာ၌ အသုံးများသည်။ သတ္တုကြောသည်မြေအောက် ပေ၃ဝဝ ကျော်လောက်မှာ ရှိလျှင် သတ္တုရိုင်းကိုမြေပေါ်သို့ တင်ယူရသောစရိတ်မှာ အလွန်ကြီးလေးသဖြင့် မြေပေါ်တူးဖော်နည်းကို အသုံးပြုကြသည်။ ဤနည်းတွင်သတ္တုရိုင်းများကိုဒိုင်းနမိုက်ဖြင့်ဖြိုခွဲ၍ စက်ဂေါ်ပြားများဖြင့် မော်တော်ကား များပေါ်သို့တင်ဆောင်ပေးလေသည်။ သို့သော်တွင်းနက်လာသောအခါ နံရံတွင်ရှိသည့်ကျောက်တုံး များပြိုကျ၍ အလုပ်သမားများ ဒဏ်ရာရရှိတတ်သည်။ ရေဖြင့်ကျင်ယူသောနည်းမှာလည်းမြေပေါ်တူးဖော်နည်းတွင် အကျုံးဝင်သည်။ ဤနည်းကိုရွှေနှင့်ငွေကဲ့သို့သော သတ္တုများတူးဖေါ်ရာ၌ အသုံးပြုသည်။

သတ္တုရိုင်းကိုရေဖြင့်ကျင်ယူနည်းမှာ အမျိုးမျိုးရှိသော်လည်း သဘောမှာ တစ်မျိုးတည်း ဖြစ်သည်။ မြေအောက်တူးဖေါ်နည်းတွင် သတ္တုကြော၏ အထူအပါးကိုလိုက်၍ အမျိုးမျိုးတူးဖော်ယူကြသည်။ သတ္တုရိုင်းများကို တွင်းများမှ မြေပြင်ပေါ်သို့တင်ဆောင်ယူရသော စရိတ်သည် အလွန်ကြီးမားလွန်းရကား သတ္တုကိုတူးဖော်ရာ၌ စရိတ်ကျဉ်းနိုင်သမျှကျဉ်းအောင်ကြံစည်ကြရသည်။ ကျောက်ကမ်းပါးများနှင့်နီးကပ်သော တွင်းများတွင် လိုဏ်ခေါင်းများကိုဆောက်လုပ်ယူကြသည်။ အချို့သော သတ္တုရိုင်းများကိုကျောက်မီး သွေးတွင်းများမှာကဲ့သို့ ပြွန်တွင်းများဖြင့် တူးဖော်ယူကြရလေသည်။

သတ္တုတွင်းများကိုပြွန်ပုံတူးယူခြင်းမှာ လေးထောင့်ပုံတွင်တွင်း၏နံရံများထက်ပြွန်ပုံတွင်း၏ နံရံများက ခိုင်မာသောကြောင့် ဖြစ်သည်။ သို့သော် မြေမာသောအရပ်၌ တစ်ခါတစ်ရံ လေးထောင့်ပုံတွင်းများကိုတွေ့ရတတ်သည်။ သတ္တုတွင်းတူးရာ၌ တွေ့ကြုံရသည့် အခက်အခဲတစ်ခုမှာ ကျောက်လွှာတွင်ရှိသည့်အကွဲအအက်များ နှင့်သဲနုံးများမှ ရေထွက်ခြင်းပင်ဖြစ်သည်။ ထိုကြောင့် သဲနုံးများတွင်ပြွန်တွင်းများတူးလိုသောအခါ မတူးမီလပေါင်းများစွာကကြိုတင်၍တွင်းဝတစ်ဝိုက် ပေအနည်းငယ်ကွာသောနေရာများတွင် ဆားရေကို လှည့်ပတ်လျက်ရှိနေစေသည်။ နုံးထဲရှိရေသည်ခဲလောက်သည့်အခြေသို့ရောက်ရှိသည့်အခါ တူးဖော်ခြင်း စတင်တော့သည်။

ဤသို့တူးနေစဉ်တူးပြီးသော နေရာများတွင် တွင်း၏နံရံကိုမြေအောက်မီးရထားလိုဏ်ခေါင်း များမှာကဲ့သို့ အင်္ဂတေကိုင်၍ဖြစ်စေ၊ သံကွင်းများခံ၍ဖြစ်စေ ခိုင်ခံ့အောင်ပြုလုပ်ပေးလေသည်။ တစ်ခါတစ်ရံ ကျောက်ကြားမှထွက်သောရေကို ပိုက်လုံးများမြှုပ်၍ အင်္ဂတေကို ဖိအားကြီးစွာဖြင့်သွန်းလောင်းပြီးလျှင် ပိတ်ဆို့ပစ်တတ်သည်။

ပြွန်တွင်း၏အဆုံးဖက်တွင်ရေဝင်ရောက်စုရုံးနေနိုင်အောင် ကန်ကျယ်ကြီး တစ်ခုပြုလုပ်ထားရသည့်ပြင် ပြွန်တွင်းရှိ အင်္ဂတေနံရံများကို ပြိုမကျရအောင် ထောက်များဖြင့်ခိုင်ခိုင်ခံ့ခံ့ ထောက်ထားရသည်။ ပြွန်တွင်းများမှတစ်ဖန်လိုဏ်ခေါင်းများကို ဘေးတိုက် သတ္တုကြောဆီ ရောက်အောင် တူးယူပြန်သည်။

ဤသို့တူးယူသောလိုဏ်ခေါင်းများသည် ပြွန်တွင်းဖက်သို့ခပ်စောင်းစောင်းရှိသဖြင့် သတ္တု တွင်းတွင်ထွက်သမျှရေသည်ပြွန်တွင်းသို့စီးဝင်လာသည်။ ပြွန်တွင်းမှတစ်ဖန် ထိုရေကိုအားကောင်းသော ရေနွေးငွေ့စက်များဖြင့်မြေပြင်ပေါ်သို့စုတ်ထုတ်ပစ်လေသည်။များသောအားဖြင့် သတ္တုတွင်းတစ်တွင်းလျှင် ပြွန်ပေါက်နှစ်ပေါက်စီဖောက်ထားလေ့ရှိကြသည်။ ဤသို့ဖောက်ထားခြင်းမှာ သတ္တုတွင်းပြိုကျ၍ အလုပ်သမားများပိတ်မိမနေစေရန်နှင့်သတ္တုတွင်းထဲ၌ လေကောင်းလေသန့်ရရှိစေရန်ဖြစ်သည်။

သတ္တုတွင်းများတွင်အဆိပ်ငွေ့များထွက်တတ်ခြင်းကြောင့်၎င်း၊ သတ္တုတွင်းများနက်လာသောအခါ အပူအားကြီးလာသော ကြောင့်၎င်း၊ အလုပ်သမားများတာရှည်လေးမြင့်အလုပ် လုပ်နေနိုင်ရန် လေကောင်းလေသန့်မြောက်မြားစွာကိုသွင်းပေးဖို့ အရေးကြီးလေသည်။ များသောအားဖြင့် သတ္တုတွင်းများတွင် လေကောင်းလေသန့်ဝင်ရောက်စေသောနည်းမှာ ပြွန်တွင်းတစ်ဖက်မှမသန့်ရှင်းသော လေများကိုအလွန် ကြီးမားသောယပ်များဖြင့်ယပ်ပေးပြီးထုတ်ပစ်သော နည်းဖြစ်သည်။ ဤသို့ပြွန်တစ်ဖက်မှ လေကိုထုတ်ပစ်လိုက်သောအခါ အခြားပြွန်တဖက်မှလေထပ်တလဲလဲဝင်ရောက်လာသဖြင့်သတ္တုတွင်း၌ အလုပ်လုပ်လျက်ရှိသော အလုပ်သမားများအား လေကောင်းလေသန့်ကို ရရှိစေသည်။

အချို့သတ္တုတွင်း၌ အလုပ်သမားများကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် သတ္တုတွင်းရှိလိုဏ်ခေါင်းတွင် လျှပ်စစ်ဓာတ်မီးထွန်းထားလေ့ရှိကြသည်။ လျှပ်စစ်ဓာတ်မီးမရှိသောတွင်းများတွင်မူကား ဖယောင်းတိုင်မီး ကိုဖြစ်စေ၊ ခေါင်းတွင်တပ်ဆင်နိုင်သောမီးအိမ်ငယ်ကိုဖြစ်စေ၊ သတ္တုတွင်းများ ပေါက်ကွဲတောက်လောင်မှု မဖြစ်ရအောင် အထူးတလည်စီမံပြုလုပ်ထားသောမီးအိမ်ကိုဖြစ်စေအသုံးပြုကြသည်။ သတ္တုရိုင်းများကိုတူး ဖော်ရာ၌ အလုပ်တွင်ကျယ်စေရန်စက်ဖြင့်မောင်းနှင်သောကိရိယာများကို အသုံးပြုသည်။ သတ္တုရိုင်းများ ဖြတ်ယူရန်သုံးသော ကိရိယာများမှာ အမျိုးမျိုးရှိသည်။ အချို့သောဖြတ်စက်များမှာ အပြားလိုက်မြေပြင်ညီ လည်သောလွှဝိုင်းများဖြစ်သည်။ အချို့မှာ လည်နေသော သံချွန်များဖြစ်သည်။

အကယ်၍သတ္တုရိုင်းများအ လွယ်တကူတူးဖော်၍မရသောအခါ သတ္တုရိုင်းတွင်စက်လွန်ဖြင့်အပေါက်ငယ်များဖောက်၍ ထိုအပေါက် များတွင် ယမ်းဘီလူးများ မြုပ်နှံပြီးလျှင် လျှပ်စစ်ဓာတ်ဖြင့် ဖြိုခွဲယူကြသည်။ သတ္တုကိုဖြတ်ရန်စက်များနှင့် ဖောက်ရန်စက်များတွင် ဘီးများ တပ်ဆင်ထားသဖြင့် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူရွှေ့ယူနိုင်သည်။ ဤသို့ဖြိုခွဲ ပြီးသောအခါ သတ္တုရိုင်းများကို ရှေးအခါကလှည်းပေါ်တွင်တင်၍ မြင်းများဖြင့်သယ် ဆောင်ကြရလေသည်။

လူတစ်ထောင်အလုပ်လုပ်သော သတ္တုတွင်းတစ်တွင်း၌ လူ ၅ဝဝ သာလျှင်သတ္တုများကိုတူး၍ သယ်ဆောင်လျက်ရှိကြသည်။ ကျန်လူများမှာ သတ္တုတွင်း၌ ရာပေါင်းများစွာသော မြင်းတို့ကိုကြည့်ရှုခြင်း၊ လေကောင်းလေသန့်ဝင်ရောက်နိုင်အောင် စီမံပေးရခြင်း၊ ရေပိုက်များဖြင့် ရေကိုစုပ်ထုတ်ပစ်ရခြင်း၊ သတ္တုတွင်း၌လမ်းများကိုပြုစုစောင့်ရှောက်ရခြင်း၊ စက်များကိုမောင်းနှင်ရခြင်းစသော ဝေယျာဝစ္စအလုပ် များကိုဆောင်ရွက်ကြရလေသည်။

စက်ဖြင့်သတ္တုရိုင်းများကိုသယ်ယူပို့ဆောင်ကြသော တွင်းများ၌မူကား စက်ဖြင့်မောင်းနှင်သောဝန်တင်ရထားငယ်များ ဖြင့် သယ်ဆောင်ယူသွားကြပြီးလျှင် တစ်နေရာ၌စုံပုံ၍ ထိုနေရာမှတဖန် မြေပြင်ပေါ်သို့တင်ပေးသည်။ ဤစက်များကို လေဖိအားဖြင့်ဖြစ်စေ၊ လျှပ်စစ်ဓာတ်ဖြင့်ဖြစ်စေ မောင်းနှင်ကြသည်။

ရှေးအခါကသတ္တုတွင်းများတွင်အကြီးဆုံးရန်သူမှာ ရေဖြစ်သည်။ သတ္တုတွင်းများကိုတူးဖော်တိုင်း ရေမှာ အနည်းနှင့်အများ ဆိုသလို ထွက်လာစမြဲဖြစ်သည်။ ရေကိုနိုင်နိုင်နင်းနင်းထုတ်ပစ်နိုင်သရွေ့ ကာလ ပတ်လုံးသာ သတ္တုတူးဖော်ခြင်းကို လုပ်ကိုင်ကြရ၍ ရေကို မနိုင်မနင်း ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သတ္တုတူးဖော်ခြင်းလုပ်ငန်းကိုရပ်စဲကြရလေသည်။

ထိုခေတ်အခါက ရေကိုထုတ်ပစ်ရန်စက်မပေါ်သေးသဖြင့် မြင်းများဖြင့်သာ ထုတ်ပစ်ခဲ့ကြသည့်အလျောက် ခရီးမတွင်သည့်အတွက် အဖိုးတန်သော သတ္တုတွင်း များစွာ တို့မှာရေမြုပ်ကုန်လေသည်။

ရေနွေးငွေ့အင်ဂျက်စက်ပေါ်လာသောအခါ ရေစုပ်စက်များလည်း ပေါ်လာ၍ သတ္တုတွင်းလုပ်ငန်းမှာ ရှေးကထက် တွင်ကျယ်လာခဲ့သည်။ ရေနွေးငွေ့စက်ကို သုံးစွဲလာကြသောအခါစက်သည် မြင်းအကောင်ရေ မည်မျှနှင့်ညီအောင်အလုပ်လုပ်နိုင်ကြောင်း ကိုတွေ့ရှိခဲ့ကြသည်။ ထိုသို့တွေ့ရှိခဲ့သည် မှအစပြု၍ လူတို့သည်စက်များကိုမြင်းကောင်ရေအားဖြင့်ပြောဆိုသုံးစွဲခဲ့ရာ ထိုသို့သုံးစွဲသည့်အလေ့အထမှာ ယနေ့တိုင်အောင်တည်မြဲလျက် ရှိသည်။ ယခုခေတ်တွင်ရေကိုစုပ်ထုတ်ပစ်ရန်နှင့် သတ္တုရိုင်းများကိုသယ်ယူပို့ဆောင်ရန် လေဖိအားနှင့် လျှပ်စစ်ဓာတ်အားကိုအသုံးပြုကြသည်။ အချို့တွင်းများတွင် ရေအထွက်အလွန် များသောကြောင့် ရေစုပ်စက်များကို ဆယ့်နှစ်ရာသီ ခုတ်မောင်းနေရသည်။ အကယ်၍အကြောင်းတစ်ခုခုကြောင့် သတ္တုတွင်းကိုပိတ်ထားရသည်ဟုဆိုကြပါစို့။ သတ္တုတွင်းမှာ သုံးမရနိုင်လောက်အောင် ပျက်စီမသွားစေရန် ရေကိုမူ အမြဲတမ်းစုပ်ထုတ်ပစ်လျက်ရှိရပေသည်။

သတ္တုတွင်းအလုပ်ချိန်စေ့သောအခါ အလုပ်သမားများသည်မိမိတို့၏ကိရိယာများကို အလုပ်ခွင်၌ ပင်သော့ခတ်ထားခဲ့ပြီးလျှင် မီးအိမ်နှင့်အဝတ်အစားများကို သိမ်းယူ၍ ပြန်ကြလေသည်။ ထိုအခါအခြား အလုပ်သမားတစ်ဆိုင်း ရောက်လာ၍ အလုပ်ကိုဆက်လုပ်ကြ ပြန်သည်။ နေ့ရောညဉ့်ပါအလုပ်လုပ်သော သတ္တုတွင်းများတွင် အလုပ်ကိုလူလဲဖြင့်တစ်နေ့လျှင်သုံးဆိုင်းထား၍လုပ်ကိုင်ကြ လေသည်။ များသောအားဖြင့် ပထမအဆိုင်းမှာ နံနက် ရနာရီမှ ညနေ၃နာရီအထိ၎င်း၊ ဒုတိယအဆိုင်းမှာ ညနေ၃နာရီမှ ညဉ့် ၁၂နာရီအထိ၎င်း၊ တတိယအဆိုင်းမှာ ညဉ့် ၁၂နာရီမှ နံနက် ရနာရီအထိ၎င်းဖြစ်သည်။ တနင်္လာနေ့နံနက်မှ တစ်ရက်လျှင် ၂၄နာရီကျအလုပ်လုပ်လာခဲ့ကြသည်မှာ စနေနေ့နေ့လယ်ကျမှပင် သတ္တုတွင်းတူးသောလုပ်ငန်းခေတ္တရပ်နားတော့သည်၊ သို့သော်ရေစုပ်စက်များမှာ လည်မြဲလည်လျက်ရှိ သည့်ပြင် သတ္တုတွင်းတွင် သတ္တုတူးချိန်၌မလုပ်နိုင်သော လုပ်ငန်းများဖြစ်သည့်စက်များကိုပြင်ဆင်မှု၊ လိုဏ်ခေါင်းအမိုးများကိုခိုင်မာတောင့်တင်းအောင် ဖာထေးမှု၊လမ်းများကိုပြင်ဆင်မှုစသည်များကိုပြုလုပ်ကြ ရလေသည်။

သတ္တုတူးဖော်ခြင်းလုပ်ငန်းမှာ အလွန်ရှေးကျသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။ ယခုအခါကမ္ဘာပေါ်ရှိ အချို့သောအရပ်ဒေသများတွင် ရှေးအခါကသတ္တုတူးဖော်ရာ၌အသုံးပြုကြသည့်လိုဏ်ခေါင်းများ၊ ဖိုများ၊ လုံ များနှင့်အခြားအသုံးအဆောင်များကို တွေ့ရှိရတုန်းပင် ဖြစ်သည်။ အီဂျစ်လူမျိုးတို့သည်ဘီစီ ၅ဝဝဝကပင် ဆိုင်နိုင်းအရပ်မှ ကြေးနီကိုတူဖော်သုံးစွဲခဲ့ကြသဖြင့် ကမ္ဘာပေါ်တွင်သတ္တုတူးဖော်ခြင်းလုပ်ငန်းကိုပထမဆုံး လုပ်ခဲ့သည်ဟုဆိုရပေမည်။ ထိုအခါသတ္တုတွင်းတူးလုပ်ငန်းမှာ အောက်တန်းကျသည်ဟု ထင်မှတ်ကာငွေ ဝယ်ကျွန်များဖြင့်သာ တူးဖော် လုပ်ကိုင်ခဲ့ကြသည်။ ယခုခေတ်တွင်မူကား သတ္တု၏အသုံးဝင်ပုံများပြားလာ သည့်အလျောက် သတ္တုတွင်းလုပ်ငန်းသည်လည်း ကြီးကျယ်လာပြီးလျှင် စံနစ်တကျဖြစ်လာရလေသည်။ လူတို့သည် မြေထဲမှသတ္တုများကိုအသုံးပြုကြသည်မှာ အစမျှသာရှိသေး၍ နောင်အခါ၌ယခုထက်ပင် တိုးတက် သုံးစွဲလာကြမည်ဟုယုံကြည် ရသည်။ ထိုကြောင့်သတ္တုတွင်းနှင့်စပ်လျဉ်း၍ ကျွမ်းကျင်တတ်မြောက်သူများ နှင့်သတ္တုတွင်းတူးခြင်းဆိုင်ရာ အင်ဂျင်နီယာအတတ်ပညာကို သင်ကြားတတ်မြောက်ထားသူများ မှာ နောင်အခါ၌ အလွန်ကြီးပွားတိုးတက်ရန် လမ်းရှိပေသည်။[၁]

မြေအောက်မှာရှိတဲ့ သတ္တုရိုင်းသိုက်ပမာဏကို လက်တွေ့တူးပြီးမှသာ တိတိကျကျသိနိုင်ပါတယ်။ မတူးခင် တိတိကျကျ မသိနိုင်ပါဘူး။ ဒါကြောင့် သတ္တုရိုင်းသိုက်ပမာဏ ခန့်မှန်းတွက်ချက်ခြင်းလို့ပဲ ခေါ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Ore reserve estimation ပေါ့။

ဘာကြောင့်မတူးခင် တိတိကျကျမသိနိုင်သလဲ ဆိုတာ ထင်သာမြင်သာအောင် ဥပမာဆောင်ပြရရင် ဆိုကြပါစို့။ သတ္တုရိုင်းသိုက်တစ်ခုရဲ့အရွယ်က အလျား (Strike length) မီတာ (၃ဝဝ)၊ အထူ (width)၂ မီ တာ၊ သတ္တုကြောအတိုင်း မြေအောက်စိုက်ဆင်းသွားတဲ့အနက် (dip length) က မီတာ ၂ဝဝ ရှိပါတယ်။ ဒီတော့ သတ္တုရိုင်းသိုက်တစ်ခုလုံးရဲ့ထုထည်က (၃ဝဝ x၂x၂ဝဝ=၁၂ဝ,ဝဝဝ) ကုဗမီတာရှိပါတယ်။ ဒီသတ္တုရိုင်းသိုက်ရဲ့တန်ချိန်နဲ့ ပျမ်းမှျသတ္တုပါဝင်နှုန်းသိရဖို့ သတ္တုကြောရဲ့အစောင်းမျက်နှာပြင်ပေါ်မှာ မီတာ ၃ဝ ဂရပ်ကွက်ချပြီး လွန်တွင်းတူးစမ်းသပ်ပါမယ်။ BQ Size လွန်တွင်းပေါင်း ၆ဝ တူးပါမယ်။ လွန်တွင်းက ရလာမဲ့ လွန်အူဆန်တောင့်ရဲ့အချင်းက ၃၆ ဒသမ ၅ မီလီမီတာပဲရှိပါတယ်။ ဒါကြောင့် စုစုပေါင်းရလာမဲ့ သတ္တုကြောကိုဖြတ်မိတဲ့ လွန်အူဆန်နမူနာရဲ့ထုထည်က ဝ ဒသမ ၁၅ ကုဗမီတာပဲရပါမယ်။ သတ္တုရိုင်းသိုက် တစ်ခုလုံးရဲ့ထုထည်နဲ့ယှဉ်ကြည့်ရင် နမူနာရဲ့ပမာဏ အလွန်ကိုနည်းတာတွေ့ရပါမယ်။ ဒါကြောင့် မြေအောက် မှာရှိတဲ့ သတ္တုရိုင်းသိုက်ပမာဏကို လက်တွေ့တူးပြီးမှပဲ တိတိကျကျသိနိုင်တယ်လို့ ပြောတာပါ။ မတူးခင် တိတိကျကျမသိနိုင်ပါဘူး။ ဒါကြောင့် သတ္တုရိုင်းပမာဏ ခန့်မှန်းတွက်ချက်ခြင်းလို့ပဲ ခေါ်ပါတယ်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သတ္တုတွင်း စီးပွားရေးလုပ်ငန်းမှာ ဇာတ်လိုက်ဖြစ်တဲ့ သတ္တုရိုင်း သိုက်ပမာဏကိုမတူးခင်မှာ တိတိကျကျ ရာနှုန်းပြည့် မှန်ရမယ်လို့ ဘယ်ပညာရှင်ကမှ အာမ မခံနိုင်ပါဘူး။ တွေ့ရှိထားတဲ့ သတ္တုရိုင်းသိုက်ရဲ့မျက်မြင်ဘူမိဗေဒ အချက်အလက်များ၊ ဘူမိဗေဒယူဆချက်များ၊ မှန်းဆ ချက်များပေါ် အခြေခံပြီး သတ္တုရိုင်းသိုက်ပမာဏကို တွက်ချက်ခန့်မှန်းရတာ ဖြစ်ပါတယ်။

သတ္တုရိုင်းသိုက်ပမာဏယူနစ်များ[ပြင်ဆင်ရန်]

သတ္တုရိုင်းသိုက်ရဲ့ပမာဏကိုဖော်ပြရာတွင် အဓိက အားဖြင့် သတ္တုရိုင်းပမာဏနှင် သတ္တုရိုင်းသိုက်တစ်ခု လုံး၏ ပျမ်းမှျသတ္တုပါဝင်နှုန်းကိုဖော်ပြရပါတယ်။ သတ္တုရိုင်းသိုက်အမျိုးအစားပေါ်မူတည်ပြီး ဖော်ပြတဲ့ ယူနစ်ကွဲပြားမှုရှိပါတယ်။ ပင်ရင်းသိုက်လို့ခေါ်တဲ့ (Primary deposit)နဲ့ ပလေစာသိုက် (Placer deposit)အတွက် သတ္တုရိုင်းသိုက်ပမာဏကို ဖော်ပြတဲ့ ယူနစ်ချင်း တစ်နည်းဖော်ပြပုံဖော်ပြနည်းမတူပါဘူး။ ပင်ရင်းသိုက်မှာလည်း ရွှေငွေစတဲ့အဖိုးတန်သတ္တုသိုက် ရဲ့ သတ္တုရိုင်းသိုက်ပမာဏကို ဖော်ပြပုံနှင့် ကြေးနီ၊ ခဲ၊ သွပ်၊ သံ၊ ခနောက်စိမ်း စတဲ့ သတ္တုများ၊ ထုံး ကျောက်၊ ကျောက်မီးသွေး စတဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းများရဲ့ သတ္တုရိုင်းသိုက်ပမာဏဖော်ပြပုံချင်း မတူကြပါ။

ပလေစာသိုက်အတွက် သတ္တုရိုင်းသိုက်ပမာဏ ကိုဖော်ပြတဲ့အခါ တန်ချိန်အစား ထုထည်ဖြင့်ဖော်ပြပြီး သတ္တုပါဝင်နှုန်းကို တစ်ယူနစ်ကုဗမှာပါဝင်တဲ့ သတ္တုအလေးချိန်ဖြင့်ဖော်ပြပါတယ်။ ဥပမာ ရွှေနှင့် ငွေအတွက် ဂရမ်/ကုဗမီတာ (gram/cubic meter = g/m3)သို့မဟုတ် ထရွိုင်အောင်စ/ကုဗကိုက် (tron ounce/cubi yard = tr.oz/yd3)။

၁ ထရွိုင်အောင်စ/ကုဗကိုက် = ၃၁ ဒသမ ၁ဝ၃ ဂရမ်/ဝ ဒသမ ၇၆၅ ကုဗမီတာ = ၄ဝ ဒသမ ၆၈၂ ဂရမ်/ကုဗမီတာ ပင်ရင်းသိုက်၏ ရွှေ၊ ငွေ စတဲ့ အဖိုးတန်သတ္တု ပါဝင်မှုကိုဖော်ပြရာ၌ အခြားသတ္တုပါဝင်မှုကို ဖော် ပြသလို ရာခိုင်နှုန်းဖြင့်မဖော်ပြဘဲ ဂရမ်/မက်ထရစ် တန် (gram/ton = g/t) သို့မဟုတ် ထရွိုင်အောင်စ/ တန် (troy ounce/ton = tr.oz/t)ဖြင့် ဖော်ပြပါသည်။ ပင်ရင်းသိုက်ရဲ့ ခဲ၊ သွပ်၊ ကြေးနီ၊ နီကယ်၊ ခရိုမိုက် စတဲ့ သတ္တုပါဝင်နှုန်းကိုတော့ ရာခိုင်နှုန်းနဲ့ ဖော်ပြလေ့ရှိပါတယ်။

တစ်ခါ တန်ချိန်ပမာဏကိုပြောတဲ့အခါ တန်တို (Short ton) လား၊ တန်ရှည် (Long ton) လား၊ မက် ထရစ်တန် (Matric ton) လားကို ကွဲကွဲပြားပြားဖော်ပြပြောဆိုဖို့လိုပါတယ်။ တန်ချိန်သန်းချီပြီး တွက်တဲ့ ချက်တဲ့အခါ တန်တို၊ တန်ရှည်နဲ့ မက်ထရစ်တန် ခွဲခွဲ ခြားခြားမသိရင် အရှုံးအမြတ်တွက်ရာမှာ မှားသွားနိုင်ပါတယ်။

ဥပမာ - တန်ချိန်တစ်သန်းကို စဉ်းစားကြည့်ရ အောင်ပါ။ တန်တို တန်ချိန်တစ်သန်းဆိုရင် ပေါင် သန်း ၂ဝဝဝ ရှိပါတယ်။ တန်ရှည်ဆိုရင် ပေါင် သန်း ၂၂၄ဝ ရှိပါတယ်။ ဒီနှစ်ခုရဲ့ကွာခြားချက်က ပေါင် သန်း ၂၄ဝ ရှိပါတယ်။ မက်ထရစ်တန် တစ်သန်းဆိုရင် ပေါင် သန်း ၂၂ဝ၄ ဒသမ ၆ ရှိပါတယ်။

သတ္တုရိုင်းသိုက်ပမာဏနှင့်ပတ်သက်၍ သိထားသင့်သောအချက်တစ်ချက်ရှိပါတယ်။ အရေးလည်းပါ ပါတယ်။ တချို့သက်ဆိုင်ရာပညာရှင်များပင်လှျင် တစ်ခါတစ်ခါ သတိလက်လွတ်ဖြစ်ပြီး အမှားမှားအယွင်းယွင်း နားလည်မှုလွဲတတ်ပါတယ်။ ဒါက ဘာလဲဆိုတော့ တွေ့ထားတဲ့သတ္တုရိုင်းသိုက်တစ်ခုလုံးပဲဖြစ်ဖြစ်၊ လက်တွေ့တူးယူနိုင်တဲ့ သတ္တုရိုင်းသိုက် အစိတ်အပိုင်းတစ်ခုလုံးပဲဖြစ်ဖြစ်၊ အားလုံးရဲ့ပျမ်းမှျသတ္တုပါဝင်နှုန်း (Average grade) ကို သတ္တုရိုင်းသိုက်ရဲ့ ဘယ်နေရာပဲတူးတူး အဲဒီသတ္တုပါဝင်နှုန်းပဲရှိရမယ် လို့ လွဲမှားစွာ ယူဆနေခြင်းပဲဖြစ်ပါသည်။ ဥပမာ လက်တွေ့တူးယူနိုင်တဲ့ သတ္တုရိုင်းသိုက်ရဲ့ သတ္တုရိုင်း သိုက်ပမာဏကို ပျမ်းမှျရွှေ ၃ ဂရမ်/မက်ထရစ်တန် ပါဝင်တဲ့ သတ္တုရိုင်းတန်ချိန် သန်း ၂ဝ ဆိုတဲ့ အဓိပ္ပာယ်က ဘယ်နေရာတူးတူး ရွှေပါဝင်နှုန်းဟာ ၃ ဂရမ် ရှိရမယ်လို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ လက်တွေ့ တူးတဲ့အခါ ရွှေပါဝင်နှုန်း ၃ ဂရမ်/မက်ထရစ်တန် အောက်ပါတဲ့အပိုင်းရှိသလို ပိုပါတဲ့အပိုင်းလည်းရှိပါတယ်။ သို့သော် လက်တွေ့တူးယူနိုင်တဲ့သတ္တုရိုင်းသိုက် ရဲ့ သတ္တုရိုင်းသိုက်ပမာဏကိုတွက်စဉ်က အသုံးပြုခဲ့တဲ့ စီးပွားရေးအရ အရင်းပြန်ရနိုင်သည့် အနည်းဆုံးရွှေပါဝင်နှုန်း (Cut-off Grade) ထက်တော့ နည်းမပါနိုင်ပါဘူး။ (Cut-off Grade) သည် အမြဲတမ်း ပျမ်းမှျ သတ္တုပါဝင်နှုန်းထက် နည်းပါသည်။ ဒါကြောင့် ဥပမာ ပေးထားတဲ့သတ္တုရိုင်းသိုက်ကိုတူးရင် သတ္တုပါဝင်နှုန်း အနိမ့်ဆုံးဟာ (Cut-off Grade) ဖြစ်ပြီး အများဆုံး ပါဝင်မှုကတော့ ၃ ဂရမ်ကျော်ပါတယ်။ ၅ ဂရမ် ၆ ဂရမ်ပါတဲ့ နေရာတွေလည်း တွေ့ရနိုင်ပါတယ်။

သတ္တုရိုင်းသိုက်ပမာဏအမျိုးအစား[ပြင်ဆင်ရန်]

အခြေခံအားဖြင့် သတ္တုရိုင်းသိုက်ပမာဏနှစ်မျိုး နှစ်စားရှိပါတယ်။ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ သတ္တုရိုင်းပမာဏ (In-situ Reserve) နဲ့ လက်တွေ့ တူးဖော်ထုတ်ယူနိုင်တဲ့ပမာဏ (Minable Reserve) တို့ဖြစ်ပါတယ်။ In-situ Reserve ဆိုတာက သတ္တုရှာဖွေရေးလုပ်ငန်းအရ တွေ့ရှိထားတဲ့မျက်မြင်ဘူမိဗေဒအချက်အလက်များ၊ နမူနာရလဒ်များနှင့် ဘူမိဗေဒယူဆချက်များပေါ် အခြေခံပြီး ခန့်မှန်းတွက်ချက်ထားတဲ့ မြေအောက်မှာတွေ့ထားသော၊ သတ္တုရိုင်းသိုက်၏ ပမာဏဖြစ်ပါတယ်။ ဒီသတ္တုရိုင်းသိုက်ပမာဏကို ခန့် မှန်းတွက်ချက်ရာမှာ လက်တွေ့တူးယူနိုင်တယ်၊ မယူနိုင်ဘူးဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားခြင်းမပြုသလို လက်တွေ့တူးရင်လည်း ရှုံးမယ်/မြတ်မယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားခြင်းမပြုပါဘူး။ တချို့ကလည်း Geological လို့ ခေါ်ပါတယ်။

ဒုတိယတစ်မျိုးဖြစ်တဲ့ Minable Reserve ကတော့ In-situ Reserve ကိုအခြေခံပြီး တွေ့ထားတဲ့ သတ္တုရိုင်းသိုက်ကို Modifying Factors များ ထည့်သွင်းစဉ်းစားပြီး လက်တွေ့တူးဖော်ထုတ်လုပ်မယ်ဆို ရင် စီးပွားရေးအရ တွက်ခြေကိုက် မကိုက် သေချာ စိစစ်ပြီး ရရှိလာတဲ့သတ္တုရိုင်းသိုက်ပမာဏအမျိုးအစားဖြစ်ပါတယ်။ Modyfying Factors တွင် သတ္တုတူးဖော်နည်း (Mining)၊ သတ္တုကြိုချက်နည်း (Metal-lurgy)၊ စီးပွားရေးရှုထောင့် (Economic)၊ ဈေးကွက် (Marketing)၊ ဥပဒေများ (Legal)၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးပတ်ဝန်းကျင်အပေါ် ရောင်ပြန်ဟပ်မှု (Social Environmental)၊ အစိုးရအဖွဲ့အစည်း (Government) စသည့်အချက်များပါဝင်ပါတယ်။

မြန်မာနိုင်ငံတွင် သတ္တုရိုင်းသိုက်ပမာဏအဆင့်သတ်မှတ်ပုံ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် သတ္တုရိုင်းသိုက်ပမာဏကို အောက်ပါအတိုင်း အဆင့်အတန်း လေးမျိုးခွဲခြား၍ သတ်မှတ်ထားပါသည်။ 1. P4 ……….. (Potential Ore Reserve) 2. P3 ……….. (Possible Ore Reserve) 3. P2 ……….. (Probable Ore Reserve) 4. P1 ……….. (Positive Ore Reserve) P1 အဆင့်သည် အသေချာဆုံးဖြစ်ပြီး P4 အဆင့်သည် မသေချာဆုံးအဆင့်ဖြစ်ပါသည်။

P4 (Potential)အဆင့် သတ္တုရိုင်းသိုက်ပမာဏ[ပြင်ဆင်ရန်]

ဘူမိဗေဒလေ့လာစုံစမ်းချက်နှင့်ယူဆချက်များကို လုံးဝအခြေခံခြင်းဖြင့် တွက်ချက်ရရှိသော သတ္တုရိုင်းသိုက်ပမာဏကို (P4) အဆင့် သတ္တုရိုင်းသိုက်ပမာဏဟု သတ်မှတ်နိုင်သည်။ ဤအဆင့်၌ အကျုံးဝင်သော သတ္တုရိုင်းများမှာ 'အလားအလာ'ရှိသော သတ္တုရိုင်းများသာဖြစ်၍ ခန့်မှန်းခြေတန်ချိန်သာဖော်ပြခြင်းပြုနိုင်သည်။ အရည်အသွေးကို ဖော်ပြခြင်းမပြုနိုင်ပါ။ (P4) အဆင့်သည် ရှာဖွေတိုင်းထွာရေး ဆက်လက်လုပ်ရန်အတွက် အခြေခံဖြစ်သည်။

ဤအဆင့်တွင် မြေပေါ်ဘူမိဗေဒတိုင်းတာလေ့ လာစမ်းသပ်မှုများနှင့် ဘူမိရူပဗေဒနှင့် ဘူမိဓာတုဗေဒရှာဖွေရေးလုပ်ငန်းများ ပြုလုပ်ရပါမည်။ ယင်းအပြင် မြေမျက်နှာပြင်မှ Chip သို့မဟုတ် Pick နမူနာများ ရယူပြီးစီးရပါမည်။

P3 (Possible)အဆင့် သတ္တုရိုင်းသိုက်ပမာဏ[ပြင်ဆင်ရန်]

အထက်ပါ ၃ ရပ်အနက် ၁ ရပ်ကိုသာ တိုင်းတာမှုပြုလုပ်နိုင်ခြင်း၊ သတ္တုအချို့နမူနာကိုသာ ကောက်ယူနိုင်ခြင်းကြောင့် သတ္တုရိုင်းသိုက်ပမာဏတွက်ချက်ရန် ဘူမိဗေဒလေ့လာချက်နှင့် ယူဆချက်များကို မှီငြမ်းအခြေခံလှျင် ထိုသတ္တုရိုင်းသိုက်ပမာဏ ကို P2 အဆင့် သတ္တုရိုင်းသိုက်ပမာဏဟု သတ်မှတ်နိုင်သည်။ သို့သော် သတ္တုအရည်အသွေးကို မဖော်ပြနိုင်သဖြင့် သတ္တုနမူနာများ၏ ဓာတ်ခွဲအဖြေများ (Assay Values)ကိုသာ ဖော်ပြနိုင်သည်။

P4 အဆင့်၌ တွေ့ရှိရချက်များပေါ်မူတည်၍ ရှာဖွေတိုင်းတာမှုလုပ်ငန်းကို စတင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ယင်းလုပ်ငန်းအရပ်ရပ်မှရရှိသော အချက်အလက်များပေါ်မူတည်၍ အလျား၊ အကျယ်အပြန့် အနံနှင့် အနက်တို့မှ တစ်ခုခုကိုသာ တိကျစွာ တိုင်းတာဆောင်ရွက်ပြီးစီးမည်ဖြစ်ပါသည်။

P2 (Probable)အဆင့် သတ္တုရိုင်းသိုက်ပမာဏ[ပြင်ဆင်ရန်]

အထက်ပါ ၃ ရပ်အနက် ၂ ရပ်ကိုသာ တိကျသောတိုင်းတာမှုပြုလုပ်ခြင်းနှင့် အသေးစိတ်နမူနာယူခြင်းလုပ်ငန်း တစ်စိတ်တစ်ပိုင်းသာပြုလုပ်ခြင်းဖြင့် ရရှိလာသောအချက်အလက်အချို့အပြင် ဘူမိဗေဒလေ့လာချက်နှင့် ယူဆချက်များကိုသာ အခြေခံ၍ တွက်ချက်ရရှိသော သတ္တုရိုင်းတန်ချိန်နှင့် ပျမ်းမှျသတ္တုအရည်အသွေးဖော်ပြသော သတ္တုရိုင်းတန်ချိန်ပမာဏကို P2 အဆင့်သတ္တုရိုင်းသိုက်ပမာဏဟု သတ်မှတ်နိုင်သည်။

P3 အဆင့်၌ တွေ့ရှိချက်များအပေါ်မူတည်၍ အစမ်းတွင်းများနှင့် နမူနာယူခြင်းအကွာအဝေးသည် P3 အဆင့်ထက်ပို၍ တိကျရန် နီးကပ်စွာယူရပါမည်။ ဤသို့ဆောင်ရွက်မှုပေါ်မူတည်၍ အလျား သို့မဟုတ် အကျယ်အပြန့်၊ အနံနှင့် အနက်တို့မှ ၂ ခုကို တိကျစွာဆောင်ရွက်ပြီးစီးရပါမည်။

P3 (Proved)အဆင့် သတ္တုသိုက်ပမာဏ[ပြင်ဆင်ရန်]

သတ္တုသိုက်၏ အလျား၊ အနံနှင့် အနက် စသော သုံးရပ်ကို တိကျသောတိုင်းတာမှုပြုလုပ်ခြင်းနှင့် အသေးစိတ်နမူနာယူခြင်းဖြင့် ရရှိလာသောအချက်အလက်အပြည့်အစုံကိုသာ အခြေခံ၍ တွက်ချက်ရရှိသော သတ္တုရိုင်းတန်ချိန်နှင့် ပျမ်းမှျသတ္တုအရည်အသွေးဖော်ပြသော သတ္တုရိုင်းသိုက်ပမာဏကို P1 အဆင့် သတ္တုရိုင်းပမာဏဟု သတ်မှတ်နိုင်သည်။

ဤအဆင့်တွင် P2 အဆင့်မှ တွေ့ရှိချက်များပေါ်မူတည်၍ အစမ်းတွင်းများနှင့် နမူနာယူခြင်းအကွာအဝေးသည် ပိုမို၍အသေးစိတ်ပြီး တိကျမှုရမည် ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ချက်ပေါ်မူတည်၍ အလျား သို့မဟုတ် အကျယ်အပြန့်၊ အနံနှင့် အနက်အားလုံးတို့ကို တိကျစွာတိုင်းတာတွက်ချက်ပြီးစီးရပါမည်။ ဤအဆင့်၌ တွက်ချက်ရရှိသော သတ္တုရိုင်းသိုက်ပမာဏသည် ဘူမိဗေဒနှင့် ရှာဖွေတိုင်းတာမှုအချက်အလက်များအရ ၉၅ ရာခိုင်နှုန်း တိကျမှုရှိသည်ဟု သတ်မှတ်နိုင်သည်။ အထက်တွင်ဖော်ပြခဲ့သော P1 , P2 , P3 , P4 ခွဲခြားမှုကို ထင်သာမြင်သာရှိရှိ သဘောပေါက်စေရန် အောက်တွင် ပုံနှင့်ဖော်ပြလိုက်ပါသည်။

သတ္တုရိုင်းသိုက်ပမာဏအစီရင်ခံစာ[ပြင်ဆင်ရန်]

နိုင်ငံတကာသတ္တုတွင်းစီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် သတ္တုရိုင်းသိုက် ပမာဏအစီရင်ခံစာသည် လွန်စွာအရေးပါပါတယ်။ သေချာစိစစ်ရပါတယ်။ ဘာ ကြောင့်လဲဆိုတော့ သတ္တုတွင်းစီးပွားရေးလုပ်ငန်းရဲ့ အရှုံး/အမြတ်ဟာ သတ္တုရိုင်း သိုက်ပမာဏအပေါ် အဓိကအခြေခံနေလို့ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာသတ္တုတွင်းစီးပွားရေးလုပ်ငန်းမှာတော့ သတ္တုရိုင်း သိုက်ပမာဏကို စီးပွားရေးရှုထောင့်အရပဲ အဆင့်အတန်းခွဲခြားကြပါသည်။ နိုင်ငံအလိုက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ခွဲခြားပုံချင်းမတူပါ။ သိပ်သိသိသာသာကြီးကွဲ တာမျိုးတော့လည်း မဟုတ်ပါ။ ဩစတြေးလျ (Australia)၊ ကနေဒါ (Canada)၊ တောင်အာဖရိက (South Africa)၊ ဥရောပ (Europe)၊ အမေရိက (United States of America)၊ ချီလီ (Chile)၊ ရုရှား (Russia) စတဲ့နိုင်ငံတွေမှာ သူ့စနစ်နဲ့ သူရှိကြပါတယ်။ ဒီအထဲမှာ အထင်ရှားဆုံးနဲ့ အသုံးအများဆုံးကတော့ ဩစတြေးလျနိုင်ငံ (JORC = Joint Ore Reserves Committee) က ရေးဆွဲခဲ့တဲ့ သတ္တုရှာဖွေရေးလုပ်ငန်းရလဒ်များ (Exploration Results)၊ သတ္တုရိုင်းသိုက်ပမာဏ (Mineral Resource နှင့် Ore Reserve)များနှင့်ပတ်သက်သည့် အစီရင်ခံစာများရေးသားရာတွင် လိုက်နာသင့်သည့် လမ်းညွှန်ချက်များပဲဖြစ်ပါတယ်။ Australiasian Code for Reporting of Exploration Results, Mineral Resources and Ore Reserves လို့ ခေါ်ပါတယ်။ အလွယ်တကူ 'ဂျော့ကုတ်' (JORC Code)လို့ ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။ ဒီကုတ်ရဲ့ရည်ရွယ်ချက်က စတော့ရှယ် ယာဈေးကွက်မှာ ကုမ္ပဏီ၏ရှယ်ယာကိုဝယ်မည့်သူများအနေဖြင့် သတ္တုရိုင်းသိုက်ပမာဏနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပွင့်လင်းမြင်သာမှုရှိစေရန် ဘယ်အချက်တွေပါရမယ်၊ ဘယ်လိုအရည်အချင်းနဲ့ပြည့်ဝသူက ရေးရမယ် စတဲ့လမ်းညွှန်ချက်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။ JORC Code ကို The Australian Institude of Mining and Metallurgy (The AusImm), The Australian Institude of Geoscientists (AIG), Australian Securities Exchange (ASX) နှင့် New Zeland Stock Exchange (NZX) စတဲ့ စီးပွားရေးအဖွဲ့အစည်းများကလည်း လက်ခံအတည်ပြုသုံးစွဲကြပြီး Minerals Council of Australia နှင့် Financial Services Institute of Australia တို့က အသိအမှတ်ပြုထောက်ခံပါတယ်။

၁၉၈၉ ခုနှစ်တွင် (ASX)ကလည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် (NZX) ကလည်းကောင်း JORC ကုတ်ကို ယင်းတို့၏ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့ပါသည်။ ယင်းတို့နှင့်ဆက်ဆံသော သတ္တုရှာဖွေရေးကုမ္ပဏီများနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီများသည် ယင်းတို့၏အစီရင်ခံစာများတွင် ယခင်ဥပဒေပါ အခြားအချက်အလက်များအပြင် JORC ကုတ်ပါ လမ်းညွှန်ချက်များအတိုင်းလည်း ဖော်ပြလာရပါသည်။

နိုင်ငံအသီးသီး၏ သတ္တုရိုင်းသိုက်ပမာဏ အစီရင်ခံစာလမ်းညွှန်ချက်များကို အောက်ပါစီးပွားရေးအဖွဲ့အစည်းများက အသိအမှတ်ပြုထားပါသည်။ အဓိပ္ပာယ်မှာ ယင်းနိုင်ငံများ၏ သတ္တုရိုင်းသိုက်ပမာဏ အစီရင်ခံစာလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးသားသော အစီရင်ခံစာများအပေါ် အယုံအကြည်ရှိသဖြင့် လုပ်ငန်းအတွက် လိုအပ်သောငွေကြေးကို ချေးယူလိုလှျင်လည်းကောင်း၊ စတော့ရှယ်ယာဈေးကွက်တွင် ရှယ်ယာထုတ်ရောင်းလှျင်လည်းကောင်း ထောက်ခံအတည်ပြု သည့်သဘောဖြစ်ပါသည်။ ရှယ်ယာဝယ်မည့်သူများကလည်း ယင်းအစီရင်ခံစာအပေါ် ယုံကြည်သလို ဘဏ်များကလည်း ယုံယုံကြည်ကြည်ဖြင့် ငွေထုတ်ချေးပါသည်။



ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)