သတ္တဌာန

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မြတ်စွာဘုရားသခင်သည် ဗောဓိပင်ရင်း၌ သဗ္ဗညုတရွှေဉာဏ်တော်ကိုရတော်မူပြီး နောက်ဘုရားရှင်တို့ပြုရိုးဖြစ်စဉ် ဓမ္မတာသုံးဆယ်အနက် ဓမ္မတာတစ်ခုဖြစ်သောတစ်ဌာနလျှင်ခုနစ်ရက်တာမျှ ခုနစ်ဌာနတွင်မွေ့လျော်စံပယ်တော်မူခြင်းပြုလေသည်။ ထိုခုနစ်ဌာနကိုပေါင်း၍သတ္တဌာနဟုခေါ်သည်။

ဌာနခုနှစ်ဆူကား

  1. (၁) ပလ္လက် သတ္တာဟ။
  2. (၂) အနိမ္မိသ သတ္တာဟ။
  3. (၃) ရတန စင်္ကမ သတ္တာဟ။
  4. (၄) ရတနဃရ သတ္တာဟ။
  5. (၅) အဇပါလ သတ္တာဟ။
  6. (၆) မုစလိန္ဒ သတ္တာဟနှင့်
  7. (ရ) ရာဇာယတနသတ္တာဟ

တို့ဖြစ်ကြသည်။

ပလ္လက် သတ္တာဟ မည်သည် မြတ်စွာဘုရားသည် ဗောဓိပင်၏ အရှေ့မျက်နှာလေးတောင်ကွာ အရပ်၌ ပါရမီတော်တို့ကြောင့် ပေါ်ပေါက်လှာသော ပလ္လင်ထက်၌သဗ္ဗညုတဉာဏ်တော်ကြီးကိုရကာ ဘုရားဖြစ်တော်မူသည်မှစ၍ ထက်ဝယ်ဖွဲ့ခွေနေတော်မူပြီးလျှင် ပဋိစ္စသမုပ္ပါဒဓမ္မကိုအနုလောမ၊ ပဋိလောမအားဖြင့် ဆင်ခြင် အောက်မေ့လျက် ကုဋေအသိန်းမကသော ဖလသမာပတ်ကိုဝင်စားကာသိကြား ၊သုယာမ၊ သန္တုဿိတ၊ မဟာဗြဟ္မာစသောနတ်တို့၏ပူဇော်ခြင်းကိုခုနှစ်ရက်ပတ်လုံးခံယူ စံပယ်တော်မူရာ အရပ်ဖြစ်သည်။

ပလ္လက် သတ္တာဟဆိုသည်မှာပလ္လင်ပေါ်တွင်သီတင်းသုံးလေသောခု နှစ်ရက်ဟုဆိုလိုသည်။ ဖလသမာပတ်ကိုဝင်စားသည်ဆိုရာ၌ နိဗ္ဗာန်၏ချမ်းသာပုံကိုအာရုံပြုသည်ဟုဆိုလို၏။ ဤပလ္လင်ကို လုယူ လိုသူတို့သည် မည်သည့်နည်းနှင့်မျှ လုယူ၍မအောင်မြင်နိုင်။ တစ်နည်း လုယူလိုသူများထံမှ မဆုံးရှုံးနိုင် သောပလ္လင်ဖြစ်၍ အပ္ပရာဇိတပလ္လင်ဟုခေါ်သည်။ သီရိဓမ္မာသောကမင်းသည် မဟာဗောဓိပင်နှင့် ပလ္လင်တော်ကို ဖူးမျှော်ရန် မိမိနန်းစံ ၁ဝ နှစ်၊ ၁၁ နှစ်ခန့်တွင်လာရောက်၍ ဗောဓိပင်၏အနီးတွင် မဟာ ဗောဓိစေတီကို တည်ထားတော် မူခဲ့၏။ထိုတည်ခဲ့ရင်းစေတီတော်မှာ ကာလကြာမြင့်၍ ပျက်စီးယိုယွင်း သဖြင့်ယခုတွေ့ရှိဖူးမျှော်ရသောစေတီတော်မှာ ဗုဒ္ဓအယူဝါဒီတို့ကဆက်လက်ပြုပြင်ထားသောစေတီတော်ကြီး သာဖြစ်၏။ ယခုရှိနေသောဗောဓိပင်မှာလည်းမူလပင်ရင်းမှ ဆင်းသက်ပေါက်ဖွားလာသော အဆက်အနွယ်ဝင်ဗောဓိပင် သာဖြစ်လေသည်။

အနိမ္မိသ သတ္တာဟမည်သည် ဗောဓိပင်၏အရှေ့မြောက်ယံ တစ်ဆဲ့လေးလံကွာသောအရပ်၌ မြတ်စွာဘုရားသည်ရပ်တော်မူလျက် ဗောဓိရပ်ခွင်ရွှေပလ္လင်ဝယ် သဗ္ဗညုတဉာဏ်ကိုရပေသည်တကားဟု ခုနစ်ရက်ပတ်လုံး မမှိတ်သောမျက်စိဖြင့် ကြည့်ရှုစံပယ်တော်မူရာအရပ်ဖြစ်သည်။ အနိမ္မိသ သတ္တာဟဆို သည်မှာမျက်စိမှိတ်ခြင်းမရှိသော ခုနစ်ရက်ဟုဆိုလိုသည်။ ဤသို့ မြတ်စွာဘုရားသည်ဗောဓိပင်နှင့်ပလ္လင် တော်ကိုကြည့်ရှုကာ ခုနစ်ရက်တိုင်တိုင်ရပ်တော်မူရာအရပ်ကိုအနိမ္မိသ စေတီဟုခေါ်သည်။ မြတ်စွာဘုရား ကားအထူးသုံးဆောင်တော်မူအပ်သော အရာဟူသမျှသည် ပရိဘောဂစေတီထိုက်သည်ချည်းဖြစ်၏။

ရတနစင်္ကမ သတ္တာဟမည်သည် ထိုသို့ပလ္လင်တော်ကိုစိမ့်စိမ့်မှည့်မှည့်ကြည့်ရှုတော်မူသောအခါ နတ်တို့ကဤသိဒ္ဓတ်မင်းသားဘုရားအလောင်းတော်သည် စံပျော်ဖူးသည့်ပလ္လင်ကိုမှခင်မင်တောင့်တခြင်း မပြတ်ထပ်၍ပြုအပ်သောမဂကိစ္စရှိချေသေးသည်ဟု အကြံဖြစ်သည်ကိုသိမြင်တော်မူလတ်၍ နတ်တို့၏ သံသယကိုပယ်ဖျောက်ခြင်းငှာ မြတ်စွာဘုရားသည်ကောင်းကင်သို့တစ်ယူဇနာမျှပျံတက်၍ ယမိုက်ပြာဋိဟာ ကိုပြတော်မူလျက် ကောင်းကင်မှသက်တော်မူသောအခါ ရွှေပလ္လင်နှင့်အနိမ္မိသ အကြား အတောင် ၂ဝ ရှိ သောအရပ်ကိုဗဟိုထား၍ တဖက်ငါးလံကွာဌာနတွင် အရှေ့အနောက်အတောင် ခြောက်ဆယ်ရှည်သော ရတနာစင်္ကြန်ကို ဖန်ဆင်းကာ ခုနစ်ရက်ပတ်လုံးစင်္ကြန်ကြွတော်မူရာအရပ်ဖြစ်သည်။ စင်္ကမသတ္တာဟ ဆိုသည်မှာစင်္ကြန်ကြွနေတော်မူသည့် ခုနစ်ရက်ဟုဆိုလိုသည်၊ ထိုစင်္ကြန်ကြွတော်မူရာနေရာကိုလည်း ရတနစင်္ကမစေတီဟုခေါ်၏။

ရတနဃရ သတ္တာဟမည်သည် မြတ်စွာဘုရားသည်မဟာဗောဓိပင်မှ အနောက်မြောက်အတောင် လေးဆယ်ကွာနေရာတွင်ရှိသောရတနာခုနစ်ပါးဖြင့်ခြယ်လယ်ကာ နတ်များဖန်ဆင်းအပ်သောအိမ်၌ထက်ဝယ်ဖွေဲ့ခွေနေတော်မူလျှက် ပိဋကတ်သုံးပုံကိုသုံးသပ်ဆင်ခြင်တော်မူသည်တွင် မဟာပကရဏဖြစ်သောပဋ္ဌာန်း ကျမ်းသို့ရောက်လျှင် ထက်ဝန်းကျင်ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ်သည်တဖိတ်ဖိတ်ကွန့်မြူး လျက် ခုနစ်ရက်ပတ်လုံးစံပယ်တော်မူရာအရပ်ဖြစ်သည်။ ရတနဃရ သတ္တာဟဟူသည် ရတနာအိမ်၌သီ တင်းသုံးသော်မူသော ခုနစ်ရက်ဟုဆိုလိုသည်။ ဤအဘိဓမ္မာတရားကို သုံးသပ်ဆင်ခြင်ခြင်းပြုရာအိမ်ကို ရွှေ၊ငွေစသော ရတနာခုနှစ်ပါး တို့ဖြင့် ခြယ်လှယ်ကာ နတ်များဖန်ဆင်းထားသည်ဟု သုတ္တန်ဆောင်ပုဂ္ဂိုလ်တို့က မိန့်ဆိုတော်မူကြ၏။

အဘိဓမ္မာဆောင်ပုဂ္ဂိုလ်တို့ကမူကား ရတနဃရ ဟူသည်ရွှေငွေစသောလောကီရတနာ ခုနစ်ပါးတို့ဖြင့်ခြယ်လှယ်ထားသောအိမ်မဟုတ်၊ အဘိဓမ္မာခုနစ်ကျမ်းတည်းဟူသော တရားရတနာတို့ကို သုံးသပ်ဆင်ခြင်ရာအိမ်ဖြစ်သောကြောင့်ရတနာအိမ်ခေါ်သည်ဟု မိန့်ဆိုတော်မူကြ၏။ ထိုအိမ်နေရာအရပ် ကိုလည်း ရတနဃရ စေတီဟုခေါ်လေသည်။

အဇပါလ သတ္တာဟမည်သည် မဟာဗောဓိပင်၏အရှေ့မျက်နှာ ၃၂ လံကွာတွင်ရှိသော အဇပါလ ညောင်ပင်ရင်း၌ မြတ်စွာဘုရားသည် မိမိအားဖျက်ဆီးခြင်းငှာကြံရွယ်လာရောက်ကြကုန်သော မာရ်နတ်မင်း၏၊ သမီးသုံးယောက်နှင့် အဘယ်သို့သောသူသည် ဗြာဟ္မဏမည်ပါသနည်းဟု မေးခွန်းပုစ္ဆာထုတ် လာပေသောဟုံဟုံကပုဏ္ဏားတို့အား တရားရေအေးတိုက်ကျွေးတော်မူလျက် ခုနစ်ရက်ပတ်လုံးတရား တော်တို့ကိုစိစစ်ဆင်ခြင်ခြင်း၊ နိဗ္ဗာန်၏ချမ်းသာပုံကိုအာရုံပြုခြင်းတို့ဖြင့်စံပယ်တော်မူရာ အရပ်ဖြစ်သည်။ အဇပါလ ဟူသည်ဆိတ်ကျောင်းညောင်ဟုဖြစ်သည်။ ဆိတ်ကျောင်းညောင်ဟုခေါ်သည်မှာ ဆိတ်ကျောင်း သောသူများသည် ဤညောင်ပင်အောက်တွင် လာရောက်နေထိုင်တတ်သောကြောင့်ဖြစ်၏။ အဇပါလ သတ္တာဟဟူသည်မှာ ဆိတ်ကျောင်းညောင်ပင်အောက်တွင် သီတင်းသုံးသောခုနစ်ရက်ဟုဆိုလိုသည်။ ဤညောင်ပင်ကိုကား မြတ်စွာဘုရားက အထူးသုံးဆောင်တော်မူရာနေရာမဟုတ်ဘဲ ဆိတ်ကျောင်းသား များသုံးစွဲရင်းနေရာဖြစ်၍ အဇပါလစေတီဟုမခေါ်တော့ပြီ။

မုစလိန္ဒ သတ္တာဟမည်သည် မဟာဗောဓိပင်၏အရှေ့တောင်မျက်နှာ ၅၁ လံကွာသို့မဟုတ်၊ ၂၉ လံကွာတွင်ရှိသောမုစလိန္ဒအိုင်အနီး ကျည်းပင်ကြီး၏ အရင်း၌ မြတ်စွာဘုရားသည်သီတင်းသုံးတော်မူခိုက် စကြဝဠာတခုလုံးကိုပျံ့နှံ့ကာ မိုးရေရောထွေးလေပြင်းတိုက်ခက်လျက် နေ့ရက်ကိုဖျက်ဆီးတတ်သောမိုးကြီး သည် အခါမဟုတ်ပဲ ခုနစ်ရက်တိုင်ရွာစွေသည်တွင် ကိုယ်တော်အားချမ်းအေးခြင်းစသောဘေးကို ကာကွယ်ရန်အလို့ငှာ မိမိ၏ကြီးစွာသောကိုယ်ဖြင့် ခုနစ်ဆင့်ရစ်ခွေဦးခေါင်းတော်ပေါ်၌ ပါးပျဉ်းဖြင့်အုပ်မိုး ကွယ်ကာပေးသော မုစလိန္ဒနဂါးမင်း၏ အစောင့်အရှောက်ကိုခံယူတော်မူကာ နိဗ္ဗာန်၏ချမ်းသာပုံကို အာရုံဝင်စားလျက် ခုနစ်ရက်ပတ်လုံးသီတင်းသုံးတော်မူရာ အရပ်ဖြစ်သည်။ မုစလိန္ဒနဂါးဟူသည်ကျည်းပင် အနီးရှိရေအိုင်၊ သို့မဟုတ် ရေကန်နှင့်ဆက်သွယ်လျက်ရှိသောနဂါးဘုံနေ တန်ခိုးကြီးသောနဂါးဖြစ်၏။ မုစလိန္ဒသတ္တာဟ ဟူသည် ကျည်းပင်ရင်းတွင်သီတင်းသုံးသောခုနစ်ရက်ဟုဆိုလိုသည်။ ဤကျည်းပင် ကိုလည်းမုစလိန္ဒစေတိယဟုမခေါ်တော့ချေ။

ရာဇာယတန သတ္တာဟ မည်သည် မဟာဗောဓိပင်၏တောင်မျက်နှာ အလံလေးဆယ်ကွာအရပ် တွင်ရှိသောရာဇာယတနခေါ် လင်းလွန်းပင်ရင်း၌ မြတ်စွာဘုရားသည်သမာပတ်ကိုဝင်စား၍ ခုနစ်ရက် ပတ်လုံးသီတင်းသုံးတော်မူရာအရပ်ဖြစ်သည်။ ရာဇာယတနသတ္တာဟဟူသည် လင်းလွန်းပင်ရင်းသီတင်း သုံးတော်မူသည့်ခုနစ်ရက်ဟုဆိုလိုသည်။

ဤလင်းလွန်းပင်ရင်းကိုလည်း ရာဇာယတနစေတိယဟုမခေါ် တော့ပြီ။ ပလ္လက် သတ္တာဟမှစ၍ ရာဇာယတနသတ္တာဟအထိ ခုနစ်ရက်ခုနစ်လီဖြစ်၍ ၄၉ ရက်ဖြစ်၏။ မြတ်စွာဘုရားသည်ကဆုန်လပြည့်နေ့တွင်သုဇာတာလှူဒါန်းသော ဃနာနို့ဆွမ်းကို ၄၉ လုပ်တိတိ ဘုဉ်း ပေးတော်မူခဲ့ရာ တစ်ရက်တစ်လုပ်ကျနှင့်မျှတတော်မူ၏။ရက် ၅ဝမြောက် ဖြစ်သော နေ့မှာကား စားသုံး တော်မူရန်အာဟာရလိုသည့် အတိုင်း ဥက္ကလာဇနပုဒ်မှ အရောင်းအဝယ်လာရောက်သော ဘလ္လိကနှင့်တပုဿ ခေါ် ကုန်သည်ညီနောင်တို့အား ရှေးဘဝကအမျိုးတော်သောနတ်က ညွှန်ကြားချက်အရ လင်းလွန်းပင်မှ မြတ်စွာဘုရားကြွသွားတော်မမူမီ ကုန်သည်ညီနောင်တို့ရောက်လှာကြပြီးလျှင် မုံကြွက်ကျစ် နှင့်ပျားမုံ့ဆုပ် များကိုလှူဒါန်းပြီးမှ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏။ ဟူသောစကားနှစ်ခွန်းဖြင့်သရဏဂုံတည်ဆောက်ကြကုန်၏။ သံဃာတော်မပေါ်သေးသောကြောင့် သံဃသရဏဂုံကိုမဆောက်တည်ကြရ။ သို့ဖြစ်၍ထိုညီနောင်တို့၏ သရဏဂုံကို ဒွေဝါစိကသရဏဂုံဟုခေါ်သည်။

အထက်ပါသတ္တဌာနနေရာခုနစ်ဆူ၏အကြောင်းကို သင်္ဂါယနာဝင်အဋ္ဌကထာကြီးတို့၌ဖေါ်ပြပါရှိ သော်လည်း ဌာနအသီးသီး၏အကွာအဝေးများကိုကားဖေါ်ပြထားခြင်းမရှိချေ။ ဗောဓိဝင်စာကိုယ်ဋီကာ၊ ဗောဓိဝိဘာဝနီစသော ကျမ်းငယ်တို့တွင်ကားဌာနအသီးသီး၏အကွာအဝေးတို့ကိုဖေါ်ပြ ထား၏။ သို့ရာတွင် ကျမ်းတစောင်နှင့်တစောင်တူညီခြင်းမရှိကြ ချေ။ အထက်၌ဖေါ်ပြခဲ့သောဌာနအသီးသီး၏ အကွာအဝေးများ မှာမူဇိနတ္ထပကာသနီကျမ်းစီရင်သောရွှေတောင်မြို့ ကျီးသဲလေးထပ်ကျောင်းဆရာတော်ဘုရား၏ အယူအဆ ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)