သည်းခံချက်ကောင်း

ဝီကီပီးဒီးယား မှ

သည်းခံချက်ကောင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဒီပဲယင်းမြို့ အနောက်လက်ပေါင်း တောင်ကူရွာတောင်ကျောင်း ဘုန်းတော်ကြီးဖြစ်သည့် ဦးညာဏိန္ဒအား ဒါယိကာမတစ်ယောက်သည် ပဌမပါရာဇိက အာပတ်ဖြင့် စွပ်စွဲသည်။ ဤသည်ကို သံဃာတော် ဝိနည်းများဓိုရ်များဖြင့် ရှင်းလင်းရာ မဟုတ်ကြောင်း ထင်ရှားသည်ကို ရေးဖွဲ့ထားသော သံချိုကဗျာ ဖြစ်သည်။

သည်းခံချက်ကောင်း[ပြင်ဆင်ရန်]

ကောသလာရာဇာစံတဲ့၊ နာဂရံ သာဝတိ၏၊ ဒက္ခိဏေ ဘွေစွန်က၊ ဇေတဝန်ဘုရားကျောင်းကဲ့သို့၊ မြပေါင်းတောင်ရွှေကူရွာ၏၊ မြေဘူမာတောင်အရပ်တွင်မှ၊ သုံးထပ်ဆောင်ဝိဟာရငယ်နှင့်၊ ဦးညာဏိန္ဒမြတ်အရှင်။

သတ်ဒွေးဝီသတာနှင့်၊ နှစ်ရာမှာနှစ်ဆယ်လွှန်းတဲ့၊ အစွန်းခုနှစ်ထွေထိ၊ သုံးကုဋေကျော်ကာစွန်းတဲ့၊ ရဟန်းတော် သိက္ခာပုဒ်ကယ်တို့၊ ဘုန်းမိုတပသာ၊ နှလုံးကိုယ်ပါနှုတ်ကယ်နှင့်၊ ထိန်းအုပ်ရက်ပင်။

အဘိဇ္ဈာဣဿာရှိတဲ့၊ တိတ္တိတွေတက္ကဒွန်းတို့က၊ မျက်စွန်းမာန်ရှိန်မပြေဘူး အစိန္တေဘဂဝါတို့၊ စိဉ္စမာနင့်လင်စွဲချေဟု၊ သင်နဲနာ မှာစကားကြောင့်၊ တရားတော်ဟောရာသို့ လိုက်ပါလို့၊ နှုတ်ပိုက်လွယ် ဆယ်လဖွားလုပေပ၊ ဆေးဝါးသမကူနှင့်၊ လုပ်ကျွေးသူ မွေးမြူဘို့မအပ်ပြီဘု၊ ပရိဿတ်အလယ်တွင်မှ၊ မအပ်မရာအတတ်လာလို့စွဲတော့၊ ကြပ်တဲ့စွာဤစကား၊ အခြားသူမမြင်သင့်ဘု၊ သင်နှင့်ငါသည်သာသိဟု၊ အာမိသံ မြွက်ဖော်လျင်းတော့၊ သက္ကာနံ ကြွက်ဖန်ဆင်းလို့၊ ချက်ချင်းပင်၊ ကြိုးခွေပြုတ်ပါသတဲ့၊ ရှေးအထုပ်သက်သေတင်၊ ဗုဒ္ဓဝင်ရှိဟောင်း။

ညစ်နူးစွာဇာတာမှိန်ခိုက်မို့၊ ဦးညာဏိန်ခင်တပါးငဲ့၊ ထင်မှားလေအောင်ပလင်သား ယောင်ဒကာမိက၊ ပါရာဇိကံ အာပတ်စွဲသောကြောင့်၊ ပြတ်စဲအောင် သံဃာနှင့်ရှင်းကြတော့၊ ဟုတ်လိမထင်၊ သုဒ္ဓိစင်၍လင်းသတဲ့၊ ရှင်ရင်းမြတ်ဘုရားသော်မှ၊ နတ်သားမောင်တာဝတိံက၊ မာဃဝိန် တခါတကြိမ်ဆင်းပါလို့၊ လိင်ကွင်းကို ပြတ်အောင်ခဲရှာသတဲ့၊ ပုထုဇဉ်ပေ၊ သူ့လင်လို့ မစွဲချေလှ၊ သဲခံချက်ကောင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ နဂရ = နဂရ(ပါ)၊ မြို့။

၂။ ဒက္ခိဏေ = တောင်ဘက်။

၃။ ဝိဟာရ = ကျောင်း။

၄။ တပသာ = တာပသ(ပါ)၊ ရသေ့ရဟန်း။

၅။ အဘိဇ္ဈာ = သူတပါးကောင်းစားသည်ကို မရှုစိမ့်သောစိတ်။

၆။ ဣဿာ = မနာလိုသောစိတ်။

၇။ တိတ္တိ = အယူလွဲသူ၊ အဖျက်သမား။

၈။ တက္ကဒွန်း = တိတ္တိကိုပင် တမျိုးခေါ်တွင်သောအမည်။

၉။ စိဉ္စမာ = စိဉ္စမာနအမျိုးသမီး။

၁၀။ သမကူ = သမားတို့၏ အကူအညီ။

၁၁။ အာမိသံ = အာမိန့်သံကိုပင် ဆိုလေသလောမသိ၊ အနက်ကို မဆင်ခြင်တတ်။

၁၂။ သက္ကာနံ = သိကြားမင်း။

၁၃။ မာဃဝိန် = သိကြားမင်း။

၁၄။ သဲခံ = သည်းခံ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။