မာတိကာသို့ ခုန်သွားရန်

သင်းဝင်ပင်

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် သင်းဝင်အမည်ဖြင့်ခေါ်တွင်သော သစ်ပင်မျိုးနှစ်မျိုးသုံးမျိုးမက ရှိလေသည်။ ယင်းတို့အားလုံးသည် ရုက္ခဗေဒအလိုအားဖြင့် မျိုးရင်းမျိုးခွဲအတူတူပင်ဖြစ်၍ မျိုးစိတ်အားဖြင့်သာ ခြားနားကြသည်။ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ပဲခူးရိုးမနှင့် တနင်္သာရီတိုင်း သစ်တော များတွင်အများအပြားပေါက်ရောက်သည့် သင်းဝင်ပင်မျိုးသည် ပါပီလီယိုနေးစီအီးမျိုးရင်း(Papilionaceae; ယခုအခါတွင် Fabaceae) ဝင်ဖြစ်၍ ရုက္ခဗေဒအမည်အားဖြင့် မီလက်ရှားပင်ဒျူလာ(Millettia pendula Benth.; ယခုအခါတွင် Millettia leucantha Kurz[၁])ဟုခေါ်သည်။ ကသစ်ပေါက်ပေါက်ပန်းဖြူနီတို့နှင့်လည်းမျိုးရင်းတူပင်ဖြစ်သည်။ အပင်အလတ်စားမျိုးဖြစ်၍ပေ ၇ဝ မှ ၈ဝအထိမြင့်ပြီးလျှင် ပင်စည်လုံး ပတ်ခြောက်ပေမှခုနစ်ပေအထိရှိသည်။ သင်းဝင်ပင်၏ပင်စည်သည် အပွေးချော၍ အဖြူကွက်များပေါ်နေသည်။ အညွှန့်များတွင်ပိုးမျှင်နှင့်တူသောအမွေးများရှိသည်။ အရွက်သည်စိမ်းစိုပြောင်ချော၍ အရွက်သုံးစုံငှက်မွေးပုံထွက်သည့် ရွက်ပေါင်းဖြစ်သည်။ အရွက်အညှာတုတ်သည်။

အပွင့်များသည်အဖြူရောင်ဖြစ်၍ ပဲပန်းပွင့်များကဲ့သို့ လိပ်ပြာပုံသဏ္ဌာန်ရှိသည်။ အသီးတောင့် သည်ပြားပြီးလျှင် သားရေကဲ့သို့မာသည်။ အရင်းအဖျားချွန်သည်။ အတောင် မပါချေ။ အသီးတောင့်သည် အညိုရောင်ဖြစ်၍ အသီးတောင့် တစ်တောင့်လျှင် အစေ့တစေ့မှ သုံးစေ့အထိပါလေသည်။ အစေ့ကိုပျိုး၍ဖြစ်စေ၊ ကိုင်းဖြတ်၍ဖြစ်စေ အပင်ပွားစေနိုင်သည်။ အတော်အသင့်ကြီးထွားမြန်၍ အကိုင်း အခက်တို့ဝေဝေဆာဆာရှိသဖြင့် လမ်းနံဘေးတွင် အရိပ်ရရန်စိုက်ပျိုးနိုင်သည်။ မိုးများသော ဒေသ၌ သင်းဝင်ပင်တို့သည်အမြဲစိမ်းလန်းနေ၍ကြီးထွားကြသည်။ မိုးပါးသောဒေသ၌မူ နွေရာသီအခါ၌ တခါတရံအရွက် ကြွေကြလေသည်။

ထိုသင်းဝင်မျိုး၏အနှစ်သားသည် ခရမ်းရင့်ရောင်၊ သို့မဟုတ်အညိုရောင်ရှိ၍အစင်းအကြောင်း များထင်းထင်း ပေါ်လျှက်လှပသည်။ သို့သော်အိမ်ထောင်ပရိဘောဂပစ္စည်းပြုလုပ်ရန်အတွက် အနှစ်သားကြီးကြီးမားမား မရနိုင်ချေ။ သင်းဝင်သားသည် အခြားသစ်များထက် လွန်လွန်ကဲကဲ မာကျော၍ လေးလံသည်။ စိုထိုင်းဆ ၁၂ရာခိုင်နှုန်းပါ၍ ကုဗတစ်ပေလျှင် ၆၉ ပေါင်လေးသည်။ ခွဲစိတ်ဖြတ်တောက်ရန် ခက်သော်လည်း စက်ဖြင့်ပုံသွင်းရာ၌မူ ပွန်းခြင်းပဲ့ခြင်းမရှိ၍ လက်ဖြင့်အချောသတ်ရန်ပင် မလိုလှချေ။ ဖယောင်းဖြင့်ဖြစ်စေ၊ အရောင်တင်ဆီတစ်မျိုးမျိုးဖြင့်ဖြစ်စေ အရောင်တင်၍လည်း အလွန်ကောင်းသည်။ တာရှည်ခံသောသစ်သား မျိုးဖြစ်၍ အိမ်တိုင်များ၊ ထွန်ရိုးထွန်သန်များပြုလုပ်ရန်အသုံးများသည်။ တခါတရံ တံတားများကိုလည်း သင်းဝင်သားဖြင့်ပင် ဆောက်လုပ်ကြသည်။ သို့သော် သင်းဝင်သားကို အသားသေအောင် ပြုရန် မလွယ်ချေ။ အထက်ဖော်ပြပါ သင်းဝင်မျိုးနှင့်မျိုးရင်းမျိုးခွဲတူဖြစ်၍ သင်းဝင်ဖိုဟုခေါ်သော သစ်ပင်မျိုးရှိသေးသည်။ ရုက္ခဗေဒအမည်အားဖြင့်မီလက်ရှားပူဗီနာဗစ်(Millettia pubinervis Kurz)ဟုခေါ်သည်။ အပင်ငယ်မျိုးဖြစ်၍ မြန်မာနိုင်ငံသစ်တောများတွင် တွေ့ရသည်။ အထူးသဖြင့်မေမြို့၊ မြစ်ကြီးနားနယ်အတွင်း၌ပေါက်ရောက်သည်။ သင်းဝင်စပ်ဟုခေါ်သော သင်းဝင်ပင်မျိုးလည်း ရှိသေးသည်။ ပါပီလီယိုနေးစီအီးမျိုးရင်း ဝင်ပင် ဖြစ်၍ မျိုးခွဲသည်လည်း မီလက်ရှားမျိုးခွဲပင်ဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် မီလက်ရှားပါလခရာ(Millettia pulchra (Voigt) Kurz)ဟုခေါ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်း သစ်တောများ၌တွေ့ရသည်။ သင်းဝင်စပ်ကို ဆွဲသီးပင်ဟုလည်း ခေါ်ကြလေသည်။

ထို့ပြင်သင်းဝင်ဖြူဟုခေါ်ကြသောအပင်မျိုးလည်း ရှိသေးသည်။ အထက်ဖော်ပြပါသင်းဝင်ပင်မျိုး တို့နှင့်မျိုးရင်းတူဖြစ်သည်။ သို့သော် ပွန်ဂါမီယား(Pongamia)မျိုးခွဲတွင်ပါဝင်၍ ရုက္ခဗေဒအမည်မှာ ပွန်ဂါမီယား ပေနေတာ(Pongamia pinnata (L.) Pierre; ယခုအခါတွင် Millettia pinnata (L.) Panigrahi[၂]) ဟုခေါ်သည်။ ပဲခူး၊ စစ်တွေစသော ပင်လယ်ကမ်းရိုးတန်းဒေသ သစ်တောများ၌ ပေါက်ရောက်သည်။ သင်းပင်ဖြူသည်အပင်အလတ်စားမျိုးဖြစ်သည်။ အရွက်များသည် ငှက်မွေးပုံထွက်၍ ပြောင်ချောနေသည်။ သင်းဝင်ဖြူ၏ အသားသည် ဖြူရောင်ရောင်ဝါရောင်ရောင် ဖြစ်သည်။ အတော်အသင့်အသားမာ၍ တောင့်တင်း သန်မာသောသစ်သားမျိုးဖြစ်သည်။ သို့သော်ကြာရှည်မခံချေ။ ရေထဲတွင်နှစ်၍ အသားသေအောင်ပြုရသည်။ ခွဲစိတ်ဖြတ်တောက်ရန် အတော်အသင့်လွယ်ကူသည်။ ကုဗတစ်ပေလျှင် ၄၂ ပေါင်လေးသည်။ သင်းဝင်ဖြူသားကို ဆီဆုံများ ဆောက်လုပ်ရန်အတွက်လည်းကောင်း၊ လှည်းထမ်းပိုးနှင့် လှည်းဘီးများ ပြုလုပ်ရန်အတွက်လည်းကောင်း အသုံးဝင်လေသည်။ သင်းဝင်ဖြူပင်၏ အပွင့်တို့သည် အခြားသင်းဝင်ပင်၏ အပွင့်တို့ကဲ့သို့ပင် လိပ်ပြာပုံသဏ္ဌာန်၊ သို့မဟုတ်ဘဲ ပန်းကလေးများနှင့်တူသည်။ ကသစ်၊ ပေါက်တို့ကဲ့သို့ အသီးတောင့်မျိုးသီးသည်။ ဒဗ္ဗဂုဏ ပကာသနီဆေးကျမ်း အလိုအရ သင်းဝင်သီးသည် ဝမ်းကိုခိုင်စေ၏။ သလိပ်နှင့်တကွ သည်းခြေကိုနိုင်၏ ဟုဆိုသည်။ အိန္ဒိယဆေးကျမ်းများကမူ အသီးစိမ်းလတ်လတ်ဆတ်ဆတ်သည်ခံတွင်းကောင်းစေ၏။ ချုပ်စေတတ်သောသတ္တိရှိ၏။ ရေငတ်ပြေစေ၍ သလိပ်ကို ပွားစေ၏။ အသီးမှည့်သည်ခံတွင်းလိုက်စေ၏။ အပူကျစေ၏။ သည်းခြေကိုနိုင်၍ရေငတ်ပြေစေ၏ဟုဆိုသည်။

သင်းဝင်ဖြူပင်၏ အပွင့်သည် ဆီးချိုရောဂါ အတွက်ကောင်းသည်။ ကြက်ညှာချောင်းဆိုးသူများ ကိုလည်ပင်း၌ အသီးတောင့်များဆွဲထားပေးရသည်။ အစေ့ကိုပြုတ်၍ အမှုန့်ပြုပြီးလျှင် ကြက်ညှာချောင်းဆိုးရောဂါအတွက် သုံးနိုင်၏ဟု အိန္ဒိယဆေးကျမ်းများ၌ဆိုသည်။ အိန္ဒိယဆေးကျမ်းတစ်ခု၏အဆိုမှာ သင်းဝင်ဖြူအစေ့သည် အရေပြားရောဂါအတွက်ကောင်း၏။ ဤအခေါက်သည် လိပ်ခေါင်းရောဂါအတွက်ကောင်း၏။ ဤမြစ်သည် အနာစိမ်းများအတွက် ကောင်း၏ဟုပင်ဆိုလေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Millettia pendula Benth. (Plants of the World Online, Kew Science). Retrieved 2 January 2020
  2. Pongamia pinnata (L.) Pierre (Plants of the World Online, Kew Science). Retrieved 2 January 2020
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)