ပေါက် (သစ်ပင်)
Butea monosperma | |
---|---|
![]() | |
![]() | |
Top: inflorescence, bottom: leaf | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Fabales |
မျိုးရင်း: | Fabaceae |
မျိုးဇာတ်: | Phaseoleae |
မျိုးစု: | Butea |
မျိုးစိတ်: | B. monosperma
|
ဒွိနာမ | |
Butea monosperma | |
Synonyms | |
|
ပေါက်ပင်၏ ပုံသဏ္ဌာန်သည် ပင်စည်ဖြောင့်မတ်သော ရွက်ကြွေပင်ကြီးမျိုး ဖြစ်၍ ၅၀ - ၈၀ ပေအထိ မြင့်မားသည် ။ ပင်စည်တွင် အဆစ်များရှိပြီး အကိုင်းအခက်များ ကောက်ကွေး၍ ထွက်သည်။ အညွန့်နှင့်အရွက်တို့တွင် ကတ္တီပါကဲ့သို့ နူးညံ့သောအမွေးများ ရှိ၏ ။ အခေါက်မှ အနီရောင်အစေးများ ထွက်သည်။ အရွက်မှာ သုံးရွက်မြွှာပေါင်း ဖြစ်သည်။ ရွက်မြွှာများ ထိပ်ပိုင်း ၍ အရင်းကျယ်သည်။ အရွက်အပေါ်မျက်နှာပြင် သားရေကဲ့သို့ ပြောင်ချောသော်လည်း အောက်မျက်နှာပြင်တွင် အမွှေးနုကလေး များရှိ၏ ။ ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ အပွင့်သည် လိမ္မော်ရောင်ကဲ့သို့ နီကြန့်ကြန့်ရှိပြီး ကြက်တူရွေးနှုတ်သီးသဏ္ဌာန် ကွေးနေ၏ ။ တပို့တွဲ၊ တပေါင်းတွင် ပွင့်သည်။
- "တပို့တွဲ ပေါက်လဲ ငုံညှာစီ၊ ဖူးတံကချီ”ဟု စာဆိုရှိသည်။
အသီးတောင့်သည် ၆ လက်မမှ ၈ လက်မထိရှည်ပြီး အနံ ၁၁/၂ လက်မခန့် ရှိသည်။ အသီးတောင့်၏ အပေါ်ပိုင်းတွင် အစေ့တစ်စေ့ သာပါ၏ ။ အစေ့တွင် ရှည်လျားသော အတောင် ပါရှိသည်။ တန်ခူး၊ ကဆုန်လ၌ သီး၏။ ပေါက်ပင်သည် တောင်တန်းဒေသများမှအပ မြန်မာနိုင်ငံမြေပြန့်ဒေသ ချောင်းမြောင်း အင်းအိုင်ဘေးများတွင် အများဆုံး သဘာ၀အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ : အာနိသင်[ပြင်ဆင်ရန်]
မြန်မာဆေးကျမ်းများအလိုအရ ပေါက်သည် ဖန်ခါးစပ်သောအရသာ ရှိသည်။ ပူသည်၊ ဝမ်းမီးကို တောက်စေသည်။ သုက်ကို ပွားစေသည်။ ကျိုးသော အရိုးကို ဆက်စေသည်။ ဆီးရွှင်စေသည်။ အပွင့်သည် ဖန်ခါးစပ်၏၊ အေး၏၊ လေကို ပွားစေ၏ ။ သည်းခြေသလိပ် ကို နိုင်သည်။ ဆီးပူခြင်း၊ ဆီးအောင့် ခြင်းနှင့်နူနာရောဂါတို့ကို ပျောက်ကင်းစေသည်။
အသုံးပြုပုံ[ပြင်ဆင်ရန်]
- အစေး
- လတ်ဆတ်သည့် ပေါက်စေးကို လိမ်းပေးလျှင် အနာအဖုအပိမ့်များ ပျောက်ကင်းသည်။
- ပေါက်စေးကို ဝမ်းသွားပျောက်ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။
- အပွင့်
- ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံး စိမ်၍ နံနက်တွင် သကြားအနည်းငယ် ထည့်၍ သောက်လျှင် စအိုဝနာ ခြင်း ၊ ဆီးနှင့်ရော၍ သွေးပါခြင်း ၊ နှာခေါင်းသွေးယိုခြင်းတို့ကို ပျောက်ကင်းစေသည်။
- ပေါက်ပွင့်ကို ရေနှင့်ကျို၍ ချက်တွင် ခပ်နွေးနွေး အုံပေးလျှင် ဆီးချုပ်ခြင်း၊ ဆီးအိမ်ရောင်ခြင်းများ ပျောက်ကင်းသည်။
- ပေါက်ပွင့်ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက်ကဲ့သို့ ခတ်၍သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသားသန့်ရှင်းစေသည်။
- အစေ့
ပေါက်စေ့ကို သံပရာရေနှင့် ကြိတ်၍ လိမ်းပေလျှင် အတွင်းအဆံကို အခြောက်လှန်းကာ ကြိတ်၍ နံနက်ည တစ်နေ့ ၂ ကြိမ် ဆက်စားပြီး ၄ ရက်မြောက်သောအခါ ဝမ်းနုတ်ဆေး စားပါက ဝမ်းတွင်းရှိသန်ကောင်များ ကျဆင်းလာမည်။
- အရွက်
အရွက်ကို အားတိုးဆေးတွင် အသုံးပြုသည်။
- အခေါက်
အခေါက်နှင့်အစေ့ကို မြွေဆိပ်ဖြေဆေး ဖော်စပ်ရာတွင် သုံးသည်။
- ဥ
ပေါက်ဥမှုန့်ကို ပျားရည်နှင့်တေ၍စားသော် အားအင် ပြည့်ဖြိုး၍ အသက်ရှည် စေသည်။ [၃]
ပေါက်နှင့်လဲ ခွဲခြားသိရန်[ပြင်ဆင်ရန်]
ပေါက်ပင်နှင့် လဲမှို့ပင်ကို ခွဲခြားမသိတဲ့သူများလည်း ရှိသေးသည်။ (ပေါက်နှင့် ကျေး) (ပေါက်ပွင့် ခွေးမျှော်) ဆိုသော စကားပုံအရ ပေါက်ပင်က ပွင့်နေခိုက် ကြက်တူရွေးများ နားနေလျှင် နှုတ်သီးနီနီ အမွှေးအတောင် စိမ်းစိမ်း၊ ပေါက်ပွင့်ကလည်း နီနီ၊ အညှာက စိမ်းစိမ်းဖြစ်နေ၍ အမှတ်မထင် ခွဲခြားလို့ မရနိုင်ပါ။ ပေါက်ပွင့် နီနီသည် အသားတုံးနှင့် တူသောကြောင့် အပင်အောက်မှ ခွေးသည် အသားတုံး အမှတ်စား ချင်၍ မျှော်ကြည့်တတ်သည်။ လဲဆိုတာက ခေါင်းအုံး၊ မွေ့ယာများ လုပ်ရာတွင် အသုံးပြုတဲ့လဲမှို့ပင် (ခေါ်)လက်ပံပင်ကို ခေါ်သည်။ တပို့တွဲလ ရာသီအချိန်တွင် ပေါက်ပွင့်ရော၊ လဲ၊ လက်ပံပွင့်ရော ပွင့်ကြသဖြင့် ခွဲခြားသိရန် လိုသည်။ [၄]
Kolkata, West Bengal, အိန္ဒိယ တွင် တွေ့မြင်ရသော ပင်စည်။
Kolkata, West Bengal, အိန္ဒိယ တွင် တွေ့မြင်ရသော ပင်စည်။
Kolkata, West Bengal, အိန္ဒိယ တွင် တွေ့မြင်ရသော သစ်ရွက်များ။
leaf in Kolkata, West Bengal, အိန္ဒိယ.
flowers on ground in Kolkata, West Bengal, အိန္ဒိယ.
flowers in Kolkata, West Bengal, အိန္ဒိယ.
flowers in Kolkata, West Bengal, အိန္ဒိယ.
flowers in Kolkata, West Bengal, အိန္ဒိယ.
flowering tree in Kolkata, West Bengal, အိန္ဒိယ.It is a flowering-plant.
ကိုးကား[ပြင်ဆင်ရန်]
- ↑ "Butea monosperma"၊ Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)၊ 2009-10-24 တွင် ပြန်စစ်ပြီး
- ↑ Butea monosperma (Lam.) Taub.။ ThePlantList။ 11 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 November 2021 တွင် ပြန်စစ်ပြီး။
- ↑ http://arogyamonline.com/commodity/materials/?raw=54[လင့်ခ်သေ]
- ↑ ဒဂုံခင်ခင်လေး၏ ကျွန်းဦးတည့် သန်လျက်ခုံ၊ (ပကြိမ်)၁၉၇၂-ခု၊ စက်တင်ဘာလ၊ Page-30