လှုံနိဗ္ဗူအတူပါရအောင်

ဝီကီပီးဒီးယား မှ

လှုံနိဗ္ဗူအတူပါရအောင် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

တောင်တွင်းကြီးမြို့ဇာတိ မြေတိုင်းစာရေး မောင်ဖိုးခ ဆိုသူသည် မောင်းထောင်တိုက်တွင်လာ၍ အလုပ်လုပ်သည်။ မောင်ဖိုးခသည် မောင်းထောင်တွင် ပဉ္ဇင်းခံအလှူပွဲကို ကျင်းပရာ မိမိသည် တစ်ကိုယ်တည်းသမား လူပျိုကြီးဖြစ်၍ အပျိုအများအပြားလာရောက်ကာ တရားနာစေရန် ဖိတ်စာရေးပေးပါဟု တောင်းပန်သဖြင့် ဖွဲ့ဆိုထားခြင်း ဖြစ်သည်။

လှုံနိဗ္ဗူအတူပါရအောင်[ပြင်ဆင်ရန်]

ပျို့ကဗျာတီထွင်တဲ့၊ မဟာသီလဝင် ဆရာအစီအစဉ် အဆက်ကယ်နှင့်၊ ရှင်အဂ္ဂါသမာဓိငဲ့ပြင်၊ အာနိသင် အရောင်ချဉ်းပေရော့၊ တောင်တွင်းကျော်ပုဂ္ဂိုလ်တို့ ထွက်ပေတဲ့၊ ထိုချက်ကြွေတောင်ရွှေတွင်းရယ်က၊ သတင်းဂုဏ်ဖြောင့်မှန် ရိုးသူမို့၊ အစိုးပိုင်သခင်တို့မပေတဲ့၊ ဖိုးမောင်ခ ကျွန်ုပ်မှာ။

ဟောင်းအတိတ်ကယ်က၊ မောင်းမဿရွှေထောင်ကညာနှင့်၊ ရွှေတောင်ရွာသာဘုမ္မိတွင်မှ၊ ဇာတိမြေကိုယ့်ဒေသကဲ့သို့၊ အာနိသံအဘိညာဏ် စွမ်းငယ်နှင့်၊ ဂဏန်းစဉ်ကောက်ကာတွက်ရတဲ့၊ နောက်ဆက်မွန်ခွန်တော်ရေးမို့၊ ဘော်ကြေးငွေလာဘ်လာဘတို့၊ ဒါနဟုန်ကုသိုလ်လုပ်မည်ဟု၊ မယားစာသားစာမရှုတ်သူမို့၊ အားထုတ်ရက်ပါ။

မြတ်ငါးထောင်သာသနာခေတ်တွင်မှ၊ ဒါရဇ္ဇေ အမွေခံဘို့၊ ပရေသံ သူတထူးငဲ့ကို လှူဖူးမြင် ဦးပဉ္ဇင်းသို့၊ သိမ်အတွင်းမှာ ကမ္ဗဝါညတ်ကယ်နှင့်၊ သွင်းအပ်မည့် သည်လှူဒါ ကြည်ဖြူစွာဆုတောင်း။

သုံးလူ့ရှင် ဒီပင်္ကရာသို့၊ သုမေဓာဆုပတ္တနာမှန်းတော့၊ ကြာပန်းစုံ ပုဏ္ဏရိတ်ကယ်နှင့်၊ လှုံနိဗ္ဗူအတူပါရအောင်၊ သုမိတ္တာယသော်လောင်းရယ်က၊ သူ့ဘာသာဆုလာ၍ တောင်းသတဲ့၊ ရွာမောင်းရွှေထောင်ကျေးတွင်မှ၊ ခွန်ရေးတော် ကျုပ်မောင်ခငဲ့၊ မုချပင်မသေချာဘူ့၊ ဥတ္တမတပသာ ဗုဒ္ဓဘဂဝါလောင်းကဲ့သို့၊ ဆုတောင်းသူကယ်လို့ ထွက်ခဲ့ရင်၊ ပျော်မဂ္ဂင်အတူစံရအောင်၊ အလှူခံတူတန်သေးလောက်တဲ့၊ ကြံတွေးကာ ရှေးသာဓကငယ်နှင့်၊ ဘုရားအလျာကို အားသာကျမိတော့၊ တရားဓမ္မာကို ကြားနာရအောင်ပ၊ မယားပါ သားပါကြွခဲ့ကြ၊ များစွမိတ်ပေါင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မဟာသီလဝင် = မဟာသီလဝံသ။

၂။ အာနိသင် = အကျိုးကျေးဇူး။

၃။ မောင်းမိဿ = မောင်းမမဿံ၊ အမျိုးသမီးအဖော်။

၄။ ဘာဘုမ္မိ = သာယာသောမြေ။

၅။ ကိုယ့်ဒေသံ = ကိုယ့်ဒေသ၊ ကိုယ့်အရပ်။

၇။ ဒါရဇ္ဇေ = ဒါရဇ္ဇ (ပါ)၊ အမွေအနှစ်။

၈။ ပရေသံ = တပါးသူ။

၉။ ဥတ္တမတပသာ = မြတ်သောရသေ့ရဟန်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။