လောကီအမြင်ကျမ်းဗေဒင်
လောကီအမြင်ကျမ်းဗေဒင် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]သခွတ်တနယ်ရွာမှ ဗေဒင်ဆရာဦးစံညိမ်းက မိမိသည် ဇာတာဖွဲ့ခြင်းဖြင့် အသက်မွေးရသေည်၊ ဇာတာဖွဲ့ခြင်း၏ အကျိုး၊ ဇာတာမဖွဲ့ခြင်း၏ အပြစ်ကို လူတွေက မြေးကြသဖြင့် သိရှိနိုင်ရန် ဆရာကြီးက ဖြေဆိုမစပါဟု တောင်းပန်သဖြင့် ဇာတာဖွဲ့ခြင်း၏ အကျိုးကျေးဇူးကို ဖွဲ့ဆိုထားသည်။
လောကီအမြင်ကျမ်းဗေဒင်
[ပြင်ဆင်ရန်]တသိန်းကမ္ဘာနှင့်၊ ကိန်းဇယာ − သင်္ချေယျံက၊ ဆင်ချွေပန်ဿေန်ဇာတ်ထိ၊ ပြေကပ္ပိ ဥတ္တမောတွင်မှ၊ သုဒ္ဓေါဒနာ၏၊ ပုတ္တော ရတနာ ဗုဒ္ဓေါဘဂဝါ ဖြစ်လိမ့်၊ မဟာ သက္ကရာဇ်တော် ညွှန်းဆင်သခဲ့၊ ကောဏ္ဍညပုဏ္ဏကျော်။
ကြငှန်းပျံ နန်းစံလျက်ကယ်က၊ စန်းလဂ် စုံငယ်ဇာတာနှင့်၊ ဘယ်အခါ ဘယ်လိုဖြစ်မည်ဟု၊ ဂြိုဟ်ရှစ်ထွေဝေဘန်စိတ်သို့၊ စံနိဗ္ဗူယူဝင်စားအောင်ထိ၊ ဇာတာတော် ဗြဟ္မဏာ အကျော်တို့ထားခဲ့၊ အများလူဟူသရွေ့တို့၊ နားစေ့စေ့မြှော်။
အပြေပြေအရွာရွာကို၊ ကလေကဝါ ဇာတာမဖွဲ့သူနှင့်၊ ဇာတာဖွဲ့သူ လူနှစ်မျိုးမို့၊ အကျိုးခံဘယ်လိုရှိသည်ဟု၊ မသိမြင် မသင်ကြားရင်ဖြင့်၊ ထင်မှားဘွယ် နာမလည်မပေါက်ပေဘူ့၊ မှားမှောက်လို့ အယူချော်၊ သူမတော်လူပြိန်း။
သ္မီးရတနာ သားရတနာရှိသူတို့၊ ဇာတိအခြေသန္ဓေ ပွက်စဉ်က၊ နေထွက်သည် နေဝင်ချိန်နှင့်၊ ပြက္ခဒိန်ဗေဒင်ကျမ်းတို့၊ ကျင်ကျွမ်းကာ ဩဇာစူးသူတို့၊ စာတမ်းတင်ကာ ထန်းပင်ကအဖူးရယ်နှင့်၊ အထူးပင်အာရုံပြုရ၊ ဘုံဘူ့ပြေဇမ္ဗူဒိပ်မှာဖြင့်၊ ဖြူရိပ်လှုံသီဟာစံငဲ့ပြင်၊ ဒလိဒ္ဒ ပြည်သူများတို့၊ နှုန်းတန္တိ ထုံးစံမို့ထားကြ၊ ဘုရားရှင် ဘဂဝါအရဟော်၏၊ ဇာတာတော် ကမ္ဘာအပေါ်မှာ၊ ထွန်းရစ်အောင်၊ ဗြဟ္မာဏာအကျွမ်းဝင် ကောဏ္ဍညောက၊ ဖွားလာစဉ်၊ တပါးဆရာနှင့် မနှောပြီဘူ့၊ သားရတနာပင် ဘုရားအလျာဟုဟောရတယ်၊ လောကထွက်ကိန်း။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ ကိန်းဇယာ = ၄ ဂဏန်း။
၂။ သင်္ချေယျံ = အသင်္ချေဟု ရေတွက်ရသောကိန်း။
၃။ ပြေကပ္ပိ = ကပ္ပလဝတ်နေပြည်။
၄။ ဥတ္တမော = မြတ်သော။
၅။ သုဒ္ဓေါဒနာ = သုဒ္ဓေါဒနမင်းကြီး။
၆။ ပုတ္တောရတနာ = သားရတနာ။
၇။ ဗုဒ္ဓေါဘဂဝါ = မြတ်စွာဘုရား။
၈။ ဗြဟ္မဏာအကျော် = ပုဏ္ဏားဆရာအကျော်။
၉။ သီဟာစံ = သီဟာသနပလ္လင်တွင် စိုးစံရသူ။
၁၀။ ဒလိဒ္ဒံ = ဆင်းရဲသား။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။