လောကအလုံး၊ ချောအလှဆုံး

ဝီကီပီးဒီးယား မှ

လောကအလုံး၊ ချောအလှဆုံး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မြေသိမ်းဝန်ထောက်ဖြစ်သူ ဦးဘိုးသန့်သည် မိမိလည်း ဝန်ထောက်သားဖြစ်သည့်အပြင် စာစီစာကုံး ဝါသနာပါသည်။ မိမိမယားသည်လည်း ဝန်ထောက်သမီး ဖြစ်သည့်အပြင် အဆင်းရူပကာလည်းလှ၊ ပညာလည်းရှိ၊ ဗေဒင်လည်းတတ် ဆံပင်လည်းကောင်းသည်။ မိမိတို့လက်ထပ်စဉ်အခါက ရိုက်သောဓာတ်ပုံကို သီပေါမင်းနှင့် ၎င်း၏ မိဖုရားတို့ပုံဟု ပြောကာ အခြားသူတို့က ငွေ (၂၀ − ၂၅) ကျပ်ဖြင့် ရောင်းချသည်။ ထိုအကြောင်းကို သံချိုဖွဲ့ပါရန် တိုက်တွန်းသဖြင့် ရေးဖွဲ့ထားခြင်း ဖြစ်သည်။ သံချိုဖွဲ့ဆိုခဲ့ရာ ငွေ (၂၅) ကျပ် ဆုအဖြစ် ပူဇော်ခံခဲ့ရသည်။

လောကအလုံး၊ ချောအလှဆုံး[ပြင်ဆင်ရန်]

နုအလှရယ်တို့၊ တုပကာ မယှဉ်နှင့်၊ လူ့ဘဝတွင် သိကြားခွင်က ရောက်လှာသထင့်၊ ဝန်ထောက်တော်ပီတံ၏၊ ဓီတရံ ခင်ခင်လေးနှင့်၊ ယဉ်ကျေးစွာ မှင်ဆေးနှစ်ဖြာသပေကြ၊ မွေးဖမွန်ဝန်တော်ထောက်၏၊ အလားညွှန်လျှင် ပတ္တမြားအလွန်ငမောက်ကဲ့သို့၊ သားဝန်ထောက် ကော်လိပ်တော်။

မင်းကျစွာမှန်လိုဆင်တဲ့၊ ပုဂံတွင်သံပြင်ခေါ်ကြတဲ့၊ စံတပင် ပျော်ဉာဏ်အမြင်မျှော် ကျွမ်းသူမို့၊ ရှင်ရဟန်းစုံတာပသတို့၊ စာချပုံဟိုမစဲဘု၊ ထိုနဲတူ ဂန္တန္တရနှင့်၊ လမ်းတတွေကျမ်းဗေဒတို့၊ နေလမြင်ပြည်ထောင်မန်းတွင်မှ၊ အခေါင်နန်းစံညာ နေနတ်ကဲ့သို့၊ ကမ်းခတ်လို့ကျော်။

အသားမှာသခွားဝါအမှဲ့လိုမို့၊ စာဖွဲ့သူမှီအောင် မရေးနိုင်ဘူ၊ တောင်လေးလီ ရှေတထွာနှင့်၊ ကေသာမှာ ငွေတမရာပိတုန်းကဲ့သို့၊ မျက်လုံးမှာ မျက်ဖြူနဲလို့၊ မကျဲမကြောင်ဘု၊ ပုလဲရောင်စိန်ငွေသွားနှင့်၊ နှုတ်ဖျားမှာ သန္တာနီပ၊ အမရာမဒီသမ္ဘူလတို့နှင့်၊ ပါရမီစံတူမျှလောက်တဲ့၊ ဟန်ရူပအမူတော်၊ ဇမ္ဗူကျော်နယ်လုံး။

စုလျားပတ်စဉ်က၊ ကားချပ်တွင် ဓာတ်မှင်နှင့်နှိပ်လိုက်တော့၊ တိတ်တိတ်ဝယ်သူဝယ်လို့၊ ဆိတ်ကွယ်ရာ အစိတ်နှစ်ဆယ်နှင့် ရောင်းသတဲ့၊ နယ်ပေါင်းစုံ ကိုယ်စီပြောကြ၊ သီပေါစံ ချောဟန်လားနှင့်၊ မိဖုရားတွေးသူတွေးလို့၊ မထွေးသည်လို မလှပါဘူ၊ ဆိုကြကာခင်တပါးငဲ့၊ ထင်မှားထင်ယောင်နှင့်၊ သိကြားတောင်အလွှာယူလို့၊ ပတ္တမြားဂူ၊ နန္ဒမူလိုဏ်က၊ မဉ္ဇူခိုင်ပန်ဆင်ဘိရတဲ့၊ သုဇိတာ နန္ဒာမနှင့်၊ ရံခသူနိပ်အပျိုစို့ငယ်တို့၊ ကိုယ်ရို့ကိုလူကကြောပြီလို့၊ နတ်သမီးတွေအငြီးပြေပြောရှာလိမ့်မယ်၊ ချောအလှဆုံး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ပီတံ = ပီတာ (ဝါ) အဘ။

၂။ ဓိကရံ = ဓိတာ (ဝါ) သမီး။

၃။ ကောလိပ်တော် = ရုံးအရာရှိ (လိပ် − ကော်လက်တာ)။

၄။ တာသပ = ရသေ့။

၅။ ဂန္တန္တရ = အထွေထွေသောကျမ်းဂန်။

၆။ ကေသာ = ဆံပင်။

၇။ ဘမရာ = ပိတုန်း။

၈။ သုဇိတာ = သိကြားမင်း၏ မိဖုရား သုဇိတာ။

၉။ နန္ဒာမ = သိကြားမင်း၏ မိဖုရား သုနန္ဒာ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။