ကျိုင်းရုံးကြီးနယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သမိုင်း[ပြင်ဆင်ရန်]

တပင်ရွှေထီးလွန်သောအခါ ဘုရင့်နောင်သည် ဟံသာဝတီ ထီးနန်းကို ဆက်ခံ၍ အင်းဝကို တိုက်ခိုက် အောင်နိုင်ပြီးသည့် နောက်တွင် မြောက်ပိုင်း ရှမ်းပြည်ထောင်တို့ကို သိမ်းသွင်း ခဲ့ရာ မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ ဗန်းမော်၊ ကလေး၊ မိုးမိတ်၊ သီပေါ၊ သုံးဆယ် စသော စော်ဘွားတို့သည် မြန်မာမင်း၏ သစ္စာကို ခံယူကြရသည်။ ထိုနယ်တို့နှင့် အင်းဝကို တရုတ် အစိုးရက မိမိတို့လက်အောက်ခံနယ်များကဲ့သို့ ယူဆဆက်ဆံခဲ့ သဖြင့် ထိုကဲ့သို့ ဘုရင့်နောင်က တိုက်ခိုက် သိမ်းသွင်းသော အခါ တရုတ်အစိုးရနှင့် အရေးပေါ်ခဲ့လေသည်။ ထို့ကြောင့် ဘုရင့်နောင်၏တပ်များသည် ယူနန်နယ် တောင်ပိုင်းသို့ တိုင်အောင် ချဉ်းနင်းတိုက်ခိုက်ခဲ့ရာ အောင်မြင်ခဲ့လေသည်။ ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီး၏လက်နက်နိုင်ငံတော်တွင် ပါဝင်သော ရှမ်းပြည်ထောင်များမှာ အောက်ပါ အတိုင်း ဖြစ်လေသည်။ ယခုအခါ တရုတ်နယ်စပ်ဘက်သို့ ကျရောက်၍ ရှမ်း တရုတ် နယ်များဖြစ်သော ကိုင်းမား၊ စန္ဒား၊ မိုးဝန်း၊ မိုးနား၊ ဟိုသာ၊ လာသာ၊ မိုင်းမော၊ စည်ခွင်ဟူသော မြောက်ရှမ်းရှစ် ပြည်ထောင်။ ထိုနယ်များတွင် ဘုရင့်နောင်၏ မြန်မာရဲမက်များ တည်ထားခဲ့သော စေတီပုထိုးများ အထင်အရှားရှိခဲ့သည်ဟု ရာဇဝင်များ၌ ဖော်ပြသည်။ ယင်းတို့အပြင် မှန်နန်းရာဇဝင်၌ ဟံသာဝတီ ဆင်ဖြူများ ရှင်မင်း၏ လက်နက်နိုင်ငံတွင် ပါဝင်သော ပြည်များအဖြစ် အောက်ပါ ရှမ်းနယ်နှင့် ရှမ်းအနွယ် နယ်များကိုလည်း ဖော်ပြ သည်။ (၁) ဗန်းမော်၊ (၂) မိုင်းလျဉ်း၊ (၃) မိုင်းကိုင်၊ (၄) မိုင်း ပတ်၊ (၅) ရပ်စောက်၊ (၆) နောင်မွန်၊ (၇) ကျိုင်းတုံ၊ (၈) ကျိုင်းရုံး၊ (၉) ကျိုင်းသေဉ်၊ (၁ဝ) မိုင်းလုံခပင်း၊ (၁၁) ဇင်း မယ်၊ (၁၂) လင်းဇင်း၊ (၁၃) မိုင်းစံ၊ (၁၄) အကျော်၊ သို့မဟုတ် ကျော်ပုဂံ၊ (၁၅) လဝိုက်၊ (၁၆) မျက်နှာမည်း၊ (၁၇) သောက္ကတဲ၊ (၁၈) ပိဿလောက်တို့အပြင် ကလေးနှင့်ကသည်း ဟုန်း ရှမ်းစော်ဘွားတို့၏ မဏိပူရကသည်းပြည်လည်း ပါဝင် လေသည်။

အပြိုပြိုအကွဲကွဲ ဖြစ်နေသည့် မြန်မာနိုင်ငံတော်ကို အလောင်းမင်းတရားကြီးအမည်ခံ ဦးအောင်ဇေယျသည် ပြန်လည်စုစည်းခဲ့ရာ ရှမ်းပြည်နယ်ကို ပြန်လည် တိုက်ခိုက် သိမ်းသွင်းခဲ့လေသည်။ ကုန်းဘောင်ခေတ်အတွင်းမြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်က အင်းဝ ဆင်ဖြူရှင် ထိုးမှတ်သော ရွှေဘိုဘုံစံတုလွတ်ကျောင်း ကျောက်စာတွင် လက်နက်နိုင်ငံတော်ကို တိုင်း ၁၆ တိုင်း ခွဲ၍ ပြထားရာ၌ ရှမ်းနယ်နှင့်ရှမ်းအနွယ်နယ်များကို ဤသို့ ပိုင်းခြား ဖော်ပြထားလေသည်။ ၁။ တနင်္သာရီ၊ ပိဿလောက်၊ ကမန်ပိုက်၊ သောက္ကတဲ စသော ၇၉ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂျွမ်း ယိုးဒယား တို့နေရာ ဒွာရဝတီဟူသော အရုဇ္ဈပုရတိုင်း၊ (ယိုးဒယား) ၂။ ဗြဲ၊ အနန်း၊ ပရော၊ ကျိုင်းသေည်၊ လပုန်း စသော ၅၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ယွန်း လူမျိုးတို့နေရာ ဇင်းမယ်ဟူသော ဟရီဘုဉ္စတိုင်း၊ (ဇင်းမယ်) ၃။ မိုင်းမည်း၊ မိုင်းသတ်၊ မိုင်းချိုင်၊ မိုင်းပိုင်စသော ၃၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂုံလူမျိုးတို့ နေရာ ကျိုင်းတုံ ဟူသော ခေမာဝရတိုင်း၊ ၄။ မိုင်းစဲ့ (မိုင်းစံ)၊ ကျိုင်းဟွန်၊ မိုင်းယတ် စသော ၁၂ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော လူးလူမျိုးတို့နေရာ ကျိုင်းရုံး ဟူသော မဟာနဂရတိုင်း၊

မင်းတုန်းမင်းတရား နတ်ရွာစံပြီးနောက်တွင် ယခု တရုတ် နိုင်ငံအတွင်းရှိ ချေလီခေါ် ကျိုင်းရုံးကြီး နယ်၏ စော်ဘွားခန့်အပ်သည့်အရေးနှင့်စပ်လျဉ်း၍ ကျိုင်းတုံစော်ဘွားသည် စိတ်ဝမ်း ကွဲပြားကာ မြန်မာဘုရင် သီပေါမင်းအား ထောင်ထားခြားနားသည်။ ထိုအရေးတွင် မိုးနဲ၊ မိုင်းနောင်နှင့် ရပ်စောက်စော်ဘွား တို့သည် ကျိုင်းတုံစော်ဘွားနှင့် တစ်စိတ်တစ်ဝမ်းတည်းပြု၍ ပါဝင်ကူညီကြသည်။ ထိုစော်ဘွားစုတို့သည် မင်းတုန်းမင်း၏ တူတော်တစ်ပါးဖြစ်သော လင်းပင်းမင်းသားအား နန်းတင်ရန် ရည်မှန်းခဲ့ကြသည်။ နောင်အခါ မြေလတ် နယ်အချို့ကလည်း ပူးပေါင်းပါဝင်သည်။ လင်းပင်အဖွဲ့သည် မိမိတို့နှင့် စိတ်ဝမ်း မညီသော ညောင်ရွှေကျေးသီး မန်စံ၊ မိုင်းလွန်းနှင့် လဲချားနယ် များကို တိုက်ကြသည်။ မြန်မာတပ်များကလည်း ထောင်ထား ခြားနားမှုကို လိုက်လံနှိပ်ကွပ်သော်လည်း များစွာ အရေးမလှခဲ့ပေ။ ထိုအချိန်တွင် အထက်မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရက သိမ်းပိုက်လိုက်လေသည်။ သီပေါမင်းလက်ထက်တွင် ရှမ်းနယ်များအတွက် တပ်ရုံး သုံးရုံးထား၍ ခွဲခြားသတ်မှတ် အုပ်ချုပ်ရာ ထိုတပ်ရုံးများမှာ သိန္နီတပ်ရုံး၊ မိုးနဲတပ်ရုံး၊ မိုးဗြဲတပ်ရုံးဟူ၍ ဖြစ်သည်။ ထိုတပ်ရုံး သုံးရုံးပိုင်နယ်များတွင် စော်ဘွား၊ မြို့စား၊ မြို့ဝန်၊ မြို့အုပ်တို့ အပေါ် မြန်မာအရာရှိကြီး သုံးဦးထား၍ အုပ်ချုပ်စေသည်။ ထိုအရာရှိကြီးများသည် စစ်ဗိုလ်များဖြစ်စေ၊ ဝန်ကြီး၊ ဝန်မှူး၊ ဝန်ထောက်ဖြစ်စေ၊ ယင်းတို့နှင့် အဆင့်အတန်းတူ အရာရှိများ ဖြစ်စေ ခန့်ထား၍ ခန့်ထားခံရသူသည် ဆိုင်ရာတပ်ရုံးသို့ သွားရောက်နေထိုင်ရသည်။ မြန်မာလက်အောက်ခံ ရှမ်းနယ်များ အတော်ကလေးကျယ်သေးစဉ်က ကျိုင်းရုံး၊ ကျိုင်းတုံ၊ ကျိုင်း သည်ကြီး၊ မိုင်းလျဉ်းကြီးများတွင် တပ်ရုံး၊ တပ်ဦးချုပ် သီးခြား ထား၍ အုပ်ချုပ်ခဲ့သော်လည်း သီပေါမင်းလက်ထက်တွင် မဲခေါင်မြစ် အရှေ့ဘက်ကို လက်လွတ်ရုံမက သံလွင်မြစ် အနောက်ဘက် ရှမ်းနယ်များတွင် တပ်ရုံးများ မထားတော့ချေ။ မန္တလေးမြို့တည် မင်းတုန်းမင်းတရားလက်ထက်တိုင်အောင် ကျိုင်းရုံး၊ ကျိုင်းတုံ၊ ကျိုင်းချိုင်းနယ်တို့က သုံးနှစ် တစ်ကြိမ်၊ နှစ်နှစ်တစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အခွန်ပဏ္ဏာများ ဆက်သမြဲ ဆက်သခဲ့သော်လည်း သီပေါမင်း လက်ထက်တွင်မူ ဆက်သမြဲ မဆက်သတော့ချေ။ ၁၈၉၄-၄၅ ခုနှစ်တွင်လည်း ပြင်သစ်ပိုင် အင်ဒိုချိုင်းနားပြည်နှင့် နယ်နိမိတ် ပိုင်းခြားသတ်မှတ်ကာ ကျိုင်းချိုင်းနယ်အား မဲခေါင်မြစ်ကို နယ်ခြားအဖြစ် ထားပြီးလျှင် မဲခေါင်မြစ်အနောက်ဘက်ကမ်း အပိုင်းကို ကျိုင်းတုံနယ်အတွင်းသို့ သွတ်သွင်း၍ အရှေ့ဘက်ကမ်း အပိုင်းကို အင်ဒိုချိုင်းနားအတွင်းသို့ သွတ်သွင်းသည်။ ကျိုင်းတုံနယ်နှင့် တရုတ်နိုင်ငံ နယ်နိမိတ်များကို ၁၈၈၉-၉ဝ ခုနှစ်တွင် အင်္ဂလိပ်-တရုတ် နယ်နိမိတ် သတ်မှတ်ရေး ကော်မီရှင်က ပိုင်းခြားသတ်မှတ်ခဲ့လေသည်။ ဤသို့ဖြင့်မြန်မာတို့အစဉ်အဆက်ပိုင်ဆိုင်လာခဲ့သောနယ်မြေများကိုလက်လွတ်ဆုံးရှုံးခဲ့ရသည်။ (စစ်ဆောင်ပန္နား လည်းရှု) ယခုအခါတွင်တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင်ပါဝင်လျက်ရှိသည်။