ကျိုင်းရုံးကြီးနယ်
ကျိုင်းရုံးကြီးနယ် (ရှမ်း: ၵဵင်းႁုင်ႉ) သည် ရှေးယခင်ကပင် မြန်မာနိုင်ငံနှင့် အဆက်အသွယ်ရှိခဲ့သော ထင်ရှားသည့် ရှမ်းပြည်ထောင်တစ်ခု ဖြစ်သည်။ ယခုအခါတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းရှိ စစ်ဆောင်ပန္နား (Xishuangbanna) အဖြစ် တည်ရှိသည်။ မြန်မာရာဇဝင်များတွင် ကျိုင်းရုံးကြီးနယ်ကို "မဟာနဂရတိုင်း" ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။
| ကျိုင်းရုံးကြီးနယ် ၵဵင်းႁုင်ႉ မဟာနဂရတိုင်း | |
|---|---|
| မြန်မာ့အင်ပါယာ၏ သမိုင်းဝင် ရှမ်းပြည်ထောင် | |
ကျိုင်းရုံး (ကျင်းဟုန်) မြို့၏ မြန်မာ့ရိုးရာရေသဘင်ပွဲ | |
| အချုပ်အခြာအာဏာပိုင်ခဲ့သောနိုင်ငံ | မြန်မာနိုင်ငံ (ကုန်းဘောင်ခေတ်နှင့် ဟံသာဝတီခေတ်) |
| သမိုင်းဝင်တိုင်းဒေသ | မဟာနဂရတိုင်း (တရုတ်စာမျက်နှာ ၁၂ မြို့) |
| လက်ရှိတည်ရှိရာ | စစ်ဆောင်ပန္နား၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ |
| မြန်မာ့လက်အောက်ခံဖြစ်ခြင်း | အေဒီ ၁၅၅၀ ကျော် (ဘုရင့်နောင်မင်းတရားကြီးလက်ထက်) |
| ရုံးစိုက်ရာမြို့ | ကျိုင်းရုံးမြို့ (ချင်းဟုန်မြို့) |
| အစိုးရ | |
| • အုပ်ချုပ်သူအဆင့်အတန်း | စော်ဘွား |
| Demonym(s) | လူး၊ ရှမ်း |
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဘုရင့်နောင်မင်းတရားကြီးခေတ်
[ပြင်ဆင်ရန်]တပင်ရွှေထီးမင်းလွန်ပြီးနောက် ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာဝတီထီးနန်းကို ဆက်ခံကာ အင်ဝကို တိုက်ခိုက်အောင်နိုင်ခဲ့သည်။ ထို့နောက် မြောက်ပိုင်းရှမ်းပြည်ထောင်များကို သိမ်းသွင်းရာတွင် ကျိုင်းရုံးကြီးနယ်သည်လည်း ဟံသာဝတီဆင်ဖြူများရှင်၏ လက်နက်နိုင်ငံတော်အတွင်း ပါဝင်ခဲ့သည်။[၁] ထိုစဉ်က တရုတ်အစိုးရက ကျိုင်းရုံးနှင့် အင်းဝကို ၎င်းတို့၏ လက်အောက်ခံနယ်များကဲ့သို့ ယူဆခဲ့သဖြင့် ဘုရင့်နောင်၏တပ်များသည် ယူနန်နယ်တောင်ပိုင်းအထိ ချဉ်းနင်းတိုက်ခိုက်ခဲ့ရသည်။
ကုန်းဘောင်ခေတ်
[ပြင်ဆင်ရန်]အလောင်းမင်းတရားကြီးသည် အပြိုပြိုအကွဲကွဲဖြစ်နေသော မြန်မာနိုင်ငံကို ပြန်လည်စုစည်းရာတွင် ရှမ်းပြည်နယ်များကို ပြန်လည်တိုက်ခိုက်သိမ်းသွင်းခဲ့သည်။ ဆင်ဖြူရှင်မင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်တွင် ရေးထိုးခဲ့သော ရွှေဘိုဘုံစံတုလွတ်ကျောင်း ကျောက်စာ၌ လက်နက်နိုင်ငံတော်ကို တိုင်း (၁၆) တိုင်း ခွဲခြားပြသရာတွင် ကျိုင်းရုံးနယ်ကို အောက်ပါအတိုင်း ဖော်ပြထားသည်-
"မိုင်းစဲ့ (မိုင်းစံ)၊ ကျိုင်းဟွန်၊ မိုင်းယတ် စသော ၁၂ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော လူးလူမျိုးတို့နေရာ ကျိုင်းရုံး ဟူသော မဟာနဂရတိုင်း။"
နယ်မြေလက်လွှတ်ဆုံးရှုံးရခြင်း
[ပြင်ဆင်ရန်]မင်းတုန်းမင်းတရားကြီး နတ်ရွာစံပြီးနောက် သီပေါမင်းလက်ထက်တွင် ကျိုင်းရုံးစော်ဘွားခန့်အပ်သည့်အရေးနှင့် စပ်လျဉ်း၍ ကျိုင်းတုံစော်ဘွားနှင့် စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်ခဲ့သည်။ မင်းတုန်းမင်းလက်ထက်တိုင်အောင် ကျိုင်းရုံး၊ ကျိုင်းတုံနှင့် ကျိုင်းချိုင်းနယ်တို့သည် မြန်မာဘုရင်ထံ အခွန်ပဏ္ဏာများ ဆက်သမြဲရှိခဲ့သော်လည်း သီပေါမင်းလက်ထက်တွင် မငြိမ်မသက်မှုများကြောင့် အခွန်ပဏ္ဏာဆက်သခြင်း မရှိတော့ဘဲ မြန်မာတို့၏ ဩဇာအာဏာ လျော့ပါးလာခဲ့သည်။
၁၈၉၄-၉၅ ခုနှစ်တွင် ဗြိတိသျှတို့က ပြင်သစ်ပိုင် အင်ဒိုချိုင်းနားနှင့် နယ်နိမိတ်ပိုင်းခြားရာတွင်လည်းကောင်း၊ ၁၈၈၉-၉၀ ခုနှစ်တွင် အင်္ဂလိပ်-တရုတ် နယ်နိမိတ် သတ်မှတ်ရေးကော်မရှင်က ပိုင်းခြားသတ်မှတ်ရာတွင်လည်းကောင်း မြန်မာတို့ အစဉ်အဆက် ပိုင်ဆိုင်လာခဲ့သော ကျိုင်းရုံးကြီးနယ်အပါအဝင် နယ်မြေအချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။[၁]
လူမျိုးနှင့် ယဉ်ကျေးမှု
[ပြင်ဆင်ရန်]ကျိုင်းရုံးကြီးနယ်တွင် အဓိကအားဖြင့် လူးလူမျိုးများ နေထိုင်ကြသည်။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်က တည်ထားခဲ့သော စေတီပုထိုးများမှာ ထိုနယ်များတွင် အထင်အရှားရှိခဲ့ကြောင်း ရာဇဝင်များ၌ ဖော်ပြထားသည်။ ကျိုင်းရုံးနယ်သည် ရှမ်းတရုတ်နယ်များဖြစ်သော ကိုင်းမား၊ စန္ဒား၊ မိုင်းမော စသည့် မြောက်ရှမ်းရှစ်ပြည်ထောင်နှင့်လည်း နီးကပ်စွာ တည်ရှိသည်။