လုံဘန်းမြို့

ဝီကီပီးဒီးယား မှ

ချင်းပြည်နယ်ဖလမ်းမြို့နှင့် ၁၉ မိုင် အကွာ မဏိပူရမြစ်၏ အရှေ့ဘက်ကမ်းတွင် လုံဘန်း(လွမ်ဘန်း)မြို့တည်ရှိသည်။ မြို့နယ်ခွဲရုံးစိုက်မြို့ဖြစ်၏။

လုံဘန်းမြို့၏ ပတ်ဝန်းကျင်သည် သီးပင်စိုက်ခင်းပျိုးခင်းများနှင့် အမြဲစိုပြည်လျက်ရှိ၏။ မြို့၏ အရှေ့ဘက်သုံးမိုင်အကွာတွင် အိမ်ခြေ ၁၂ဝ ခန့်ရှိသော ခေါလိုင်ရွာရှိသည်။ မြို့၏ အနောက်ဘက်တစ်မိုင်ခန့်အကွာတွင် ပါရသဲရွာတည်ရှိ၍ ထိုရွာတွင်အိမ်ခြေ ၈ဝ ကျော်ရှိသည်။ လုံဘန်းမြို့နှင့် တီးတိန်မြို့များသို့ ကားကြီးကားငယ်တို့ဖြင့် သွားလာနိုင်သော မော်တော် ကားလမ်းရှိသည်။ ကလေးမြို့သည် လုံဘန်းမြို့နှင့် ၅၅ မိုင် ဝေးကွာသည်။ သီးစားပင်များကို လုံဘန်းမြို့ရှိ အိမ်တိုင်းလိုလိုတွင် စိုက်ပျိုးထား လေ့ရှိကြသည်။ ထိုသီးစားပင်များတွင် လိမ္မော်ပင်များပါဝင်သည်။ ရာသီအ လိုက် စိုက်ပျိုးရသောအခြားရွက်စားပင်နှင့် သီးစားပင်များကိုလည်း စိုက်ပျိုး ကြသည်။

မြို့နေ လူများတွင် အစိုးရအရာထမ်း၊ အမှုထမ်းအနည်းငယ်နှင့် အငြိမ်းစားစစ်ဗိုလ် အနည်းငယ်တို့လည်းပါဝင်သည်။ လုံဘန်းမြို့သည် မော်တော်ကားလမ်းပေါ်တွင် တည်ရှိသည့်အပြင် သီးနှံပင်များကိုလည်း စိုက် ပျိုးကြသဖြင့် အရောင်းအဝယ်အထိုက်အလျောက်ရှိသည်။ ကြက်ဥ၊ လိမ္မော်သီး၊ ကော်ဖီ၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို ရောင်းချကြ သည်။

လုံဘန်းမြို့တွင် ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကပင် မူလတန်း ကျောင်း ရှိခဲ့လေသည်။ ထိုမူလတန်းကျောင်းသည် ပထမတွင် ကိုယ်ပိုင် ကျောင်းဖြစ်ခဲ့သော်လည်း နောင်တွင် အစိုးရအသိအမှတ်ပြုသော မူလတန်း ကျောင်း ဖြစ်လာခဲ့သည်။ စစ်ပြီးခေတ်ဖြစ်သော ၁၉၄၆ ခုနှစ်တွင် ကိုယ် ပိုင်အလယ်တန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီးလျှင် ၁၉၄၉ ခုနှစ်တွင် ထို ကျောင်းကို အစိုးရကအသိအမှတ် ပြုခဲ့လေသည်။ ထို့နောက်တွင် ပညာကို အားပေးလိုသူများထံမှ အလှူငွေများကို ကောက်ခံကာ ရရှိသည့်အလှူငွေ နှစ် သောင်းကိုမတည်ပြီးလျှင် နှစ်ထပ်ကျောင်းနှင့် ကျောင်းအိပ်ကျောင်းစားများ အတွက် အဆောင်များကိုပါ ဆောက်လုပ်နိုင်ခဲ့လေသည်။ ယခုအခါတွင် ထို ကျောင်းကို အထက်တန်းကျောင်းဖြစ်ရန် ကြိုးပမ်းလျက်ရှိ၏။ ထို့ပြင် ၁၉၅၆ ခုနှစ်မှစ၍ စိန်ဂျွန်းအမည်ရှိ ဗရင်ဂျီသာသနာပြုကျောင်း တစ် ကျောင်းလည်းရှိခဲ့သေးသည်။ ထိုကျောင်းတွင် အသက်ခြောက်နှစ် မပြည့် သေးသောကလေးများကို လက်ခံ၍သင်ကြားပေးခဲ့သည်။ လုံဘန်းမြို့တွင် အစိုးရဆေးပေးဌာန တစ်ခုအပြင် ဗရင်ဂျီသာသာ သနာပြု ဆေးပေးဌာန တစ်ခုကိုလည်း ဖွင့်လှစ်ထားရှိခဲ့သေးသည်။ လုံဘန်းမြို့၏ အပူချိန်မှာ ၅ဝ ဒီဂရီနှင့် ၁ဝဝ ဒီဂရီအတွင်းတွင် ရှိသဖြင့် အပူအအေး မျှတသည်ဟုဆိုနိုင်ပေသည်။ မိုးရေချိန်မှာ လက်မ ၂ဝ နှင့် ၄ဝ ကြားတွင် ရှိလေသည်။

လုံဘန်းမြို့ဟူသည်မှာ ချင်းဘာသာစကားဖြင့် အချမ်းလုံသည့်မြို့ အဓိပ္ပာယ်ရသည်ဟု ဆိုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)