လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေး သိပ္ပံကျောင်း
| ဆောင်ပုဒ် | လက်တင်: Rerum cognoscere causas |
|---|---|
အင်္ဂလိပ် ဆောင်ပုဒ် | To understand the causes of things |
| အမျိုးအစား | အများနှင့်ဆိုင်သော သုတေသနတက္ကသိုလ် |
| တည်ထောင် | ၁၈၉၅ |
| ပံ့ပိုးမှု | £276.1 million (2025)[၁] |
| ဘတ်ဂျက် | £548.2 million (2024/25)[၁] |
| နာယက | Susan Liautaud[၂] |
| အဓိပတိ | Anne, Princess Royal |
| President and Vice-Chancellor | Larry Kramer |
| တည်နေရာ | , 51°30′50″N 0°07′00″W / 51.51389°N 0.11667°Wကိုဩဒိနိတ်: 51°30′50″N 0°07′00″W / 51.51389°N 0.11667°W |
| Newspaper | The Beaver |
| အထိမ်းအမှတ် အရောင် | ခရမ်း၊ အနက်နှင့် ရွှေရောင်[၃] |
| လာဘ်ကောင် | ဘီဗာဖျံ |
| ဝဘ်ဆိုဒ် | lse.ac.uk |
![]() | |
လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ တက္ကသိုလ် (London School of Economics and Political Science) သို့မဟုတ် လူသိများသော အမည်ဖြင့် LSE သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် တည်ရှိသည့် အစိုးရသုတေသနတက္ကသိုလ်တစ်ခုဖြစ်ပြီး လန်ဒန်တက္ကသိုလ် (University of London) ၏ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ ဤကျောင်းသည် လူမှုသိပ္ပံဘာသာရပ်များကို အထူးပြုသင်ကြားပေးပါသည်။
LSE ကို ၁၈၉၅ ခုနှစ်တွင် Fabian Society အဖွဲ့ဝင်များဖြစ်ကြသော Sidney Webb၊ Beatrice Webb၊ Graham Wallas နှင့် George Bernard Shaw တို့က တည်ထောင်ခဲ့ခြင်းဖြစ်သည်။ [၄]၁၉၀၀ ပြည့်နှစ်တွင် လန်ဒန်တက္ကသိုလ်သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ၁၉၀၁ ခုနှစ်တွင် ပထမဆုံးသော ဘွဲ့နှင်းသဘင်အစီအစဉ်များကို စတင်ခဲ့သည်။ ၂၀၀၈ ခုနှစ်မှစ၍ LSE သည် မိမိတို့ဘာသာ ဘွဲ့များပေးအပ်ခွင့်ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်လက်အောက်၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။[၅]
LSE သည် လန်ဒန်မြို့လယ်ရှိ Camden နှင့် Westminster နယ်မြေများအတွင်း၊ သမိုင်းဝင် Clare Market ဟု လူသိများသော နေရာအနီးတွင် တည်ရှိသည်။ ၂၀၂၃-၂၄ ပညာသင်နှစ် စာရင်းများအရ ကျောင်းသားဦးရေ ၁၃,၀၀၀ အောက်ရှိပြီး အများစုမှာ ဘွဲ့လွန်ကျောင်းသားများ ဖြစ်ကြသည်။ ထို့ပြင် ကျောင်းသား စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်မှာ ဗြိတိန်နိုင်ငံပြင်ပမှ လာရောက်ကြသူများ ဖြစ်သည်။ ဤတက္ကသိုလ်သည် ယူကေရှိ တက္ကသိုလ်များထဲတွင် ဆဋ္ဌမမြောက် ရန်ပုံငွေအများဆုံးရှိသော ကျောင်းဖြစ်ပြီး ၂၀၂၄-၂၅ ခုနှစ်တွင် ဝင်ငွေပေါင် ၅၄၈.၂ သန်းရှိခဲ့ရာ ထိုအထဲမှ ပေါင် ၃၉.၂ သန်းမှာ သုတေသနထောက်ပံ့ကြေးများ ဖြစ်သည်။
LSE သည် Russell Group၊ ဓမ္မသဟာယတက္ကသိုလ်များအဖွဲ့ (ACU) နှင့် ဥရောပတက္ကသိုလ်များအသင်းတို့၏ အဖွဲ့ဝင်ဖြစ်ပြီး အင်္ဂလန်အရှေ့တောင်ပိုင်းရှိ "ရွှေတြိဂံ" (Golden Triangle) သုတေသနတက္ကသိုလ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရသည်။ LSE Library ဟု လူသိများသော "ဗြိတိသျှ နိုင်ငံရေးနှင့် စီးပွားရေးသိပ္ပံ စာကြည့်တိုက်" သည် ကမ္ဘာပေါ်တွင် စီးပွားရေးနှင့် လူမှုသိပ္ပံဆိုင်ရာ အကြီးဆုံးစာကြည့်တိုက်များထဲမှ တစ်ခုဖြစ်သည်။
၁၉၉၀ ခုနှစ်မှစ၍ LSE သည် ဝန်ကြီးချုပ် သို့မဟုတ် သမ္မတ ၂၄ ဦးကို ပညာသင်ကြားပေးခဲ့ရာ ယူကေရှိ တက္ကသိုလ်များထဲတွင် ဒုတိယအများဆုံးဖြစ်သည်။ ၁၈၉၅ ခုနှစ် စတင်တည်ထောင်ချိန်မှစ၍ ကမ္ဘာ့ခေါင်းဆောင် ၄၀ ကျော်၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ ၂ ဦးနှင့် နိုဘယ်လ်ဆုရှင် ၂၁ ဦးတို့သည် LSE တွင် ပညာသင်ကြားခြင်း သို့မဟုတ် စာပေပို့ချခြင်းများ ပြုလုပ်ခဲ့ကြသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]LSE ကို ၁၈၉၅ မှာ ဖေဘီယန် ဆိုဆိုက်ရတီ (Fabian Society) အဖွဲ့ဝင်တွေက ထူထောင်ခဲ့ပြီး အဲဒီနှစ် အောက်တိုဘာလမှာ ဝက်ဘ်မင်စတာမြို့၊ အဒဲလ်ဖီရှိ၊ ဂျွန် ၉ လမ်း၊ အခန်းမှာ LSE ရဲ့ သင်ကြားမှုတွေကို စတင်ပါတယ်။ ၁၉၀ဝ မှာတော့ လန်ဒန် တက္ကသိုလ်နဲ့ ပူးတွဲခဲ့ပြီး ၎င်းရဲ့ စီးပွားရေး မဟာဌာန ဖြစ်လာပါတယ်။ ပထမဆုံး ဘွဲ့ရကျောင်းသားတွေကို ၁၉၀၂ မှာ မွေးထုတ်နိုင်ခဲ့ပါတယ်။
ကျောင်းသားတွေ တိုးပွားများပြားလာတာကြောင့် အဒဲလ်ဖီကနေ ကလယ်ယာ မားကက်အနီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းကတော့ ကိန်းဘရစ်ဂျ် တက္ကသိုလ်ဆီ ယာယီ ရွှေ့ပြောင်းခဲ့ရပါသေးတယ်။
ပညာရေး
[ပြင်ဆင်ရန်]၁၉၃၀ ဝန်းကျင်က LSE နဲ့ ကိန်းဘရစ်ဂျ် တက္ကသိုလ်အကြား စီးပွားရေးဆိုင်ရာ အခြေအတင် ငြင်းခုံမှုတွေဟာ ပညာရှင်တွေအကြား လူသိများပါတယ်။
လန်ဒန် စီးပွားရေးကျောင်းလို့ အမည်တပ်ထားပေမယ့် ဥပဒေကနေ လူမှု သိပ္ပံဘာသာရပ်တွေအထိ သင်ကြားတဲ့ ဌာန ၂၆ ခုရှိပြီး သင်္ချာ၊ စာရင်းအင်း၊ မီဒီယာ၊ ပထဝီ၊ ပြည်သူ့ရေးရာ စတာတွေလည်း သင်ပါတယ်။
LSE ဟာ လန်ဒန်မြို့ ဗဟိုမှာ တည်ရှိပြီး ကျောင်းသားကျောင်းသူ ၁ သောင်းကျော်နဲ့ ဝန်ထမ်း ၃ ထောင်ကျော် ရှိပါတယ်။ နိုင်ငံပေါင်း ၁၅၀ က ကျောင်းသားတွေ ပညာလာရောက်သင်ကြားကြလို့ ကျောင်းသားကျောင်းသူ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ နိုင်ငံခြား ကျောင်းသားတွေ ဖြစ်ပြီး ဗြိတိသျှ တက္ကသိုလ်တွေအနက် ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်ပါတယ်။ LSE ရဲ့ ကျောင်းသား ထက်ဝက်ဟာ ဘွဲ့လွန်ကျောင်းသားတွေ ဖြစ်ပါတယ်။
အဆင့်
[ပြင်ဆင်ရန်]၂၀၁၆ ခုနှစ် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ LSE ဟာ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၈ ခုထဲမှာ ပါဝင်ပါတယ်။
LSE နဲ့ မြောက်ကိုရီးယား
[ပြင်ဆင်ရန်]၂၀၁၃ ခုနှစ်မှာ LSE ရဲ့ ရှေးအကျဆုံး ကျောင်းသားအဖွဲ့အစည်းဖြစ်တဲ့ ဂရင်မ်ရှော နိုင်ငံတကာ ဆက်ဆံရေး အဖွဲ့အစည်းဟာ BBC နဲ့တွဲပြီး ဝေဖန်ခံရတဲ့ အစီအစဉ်တခု ပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ပါမောက္ခဟန်ဆောင်ထားတဲ့ BBC သတင်းထောက်တို့ဟာ မြောက်ကိုရီးယားကို ပညာရေးဖျော်ဖြေမှု ခရီးစဉ် (Edutainment Trip) အဖြစ် သွားရောက်ကာ ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ သတင်းရိုက်ကူးမှု တခုဖြစ်တယ်ဆိုတာကိုသာ မြောက်ကိုရီးယား အာဏာရှင်တွေ သိသွားရင် ကျောင်းသားတွေ အသက်အန္တရာယ် ရှိတယ်ဆိုပြီး ဝေဖန်မှု ခံခဲ့ရပါတယ်။
LSE နဲ့ လစ်ဗျား
[ပြင်ဆင်ရန်]၂၀၁၁ ခုနှစ်မှာ လစ်ဗျား အာဏာရှင် မူအမ္မာ ကဒါဖီရဲ့ သား ဆာအစ် အယ်လ် အစ္စလမ် ဂဒါဖီကို Ph.D ဘွဲ့ ပေးခဲ့တာနဲ့ ပတ်သက်ပြီးလို့လည်း ပြဿနာ ပေါ်ဖူးပါတယ်။ LSE ဟာ ကဒါဖီ မိသားစုဆီက ပေါင် ၁ ဒသမ ၅ သန်းလက်ခံပြီး ဂဒါဖီရဲ့သားကို Ph.D ပေးခဲ့တာ ဖြစ်လို့ LSE ရဲ့ ညွှန်ကြားရေးမှူး ဆာ ဟောင်းဝပ် ဒေဗီးစ်ဟာ ဝေဖန်ခံရပြီး နုတ်ထွက်သွားခဲ့ရပါတယ်။ LSE ရဲ့ ညွှန်ကြားရေးမှူး ရာထူးဟာ တခြားတက္ကသိုလ်တွေရဲ့ ဒုတိယ အဓိပတိရာထူးနဲ့ ညီမျှပါတယ်။
ပညာရေး
[ပြင်ဆင်ရန်]LSE ဟာ တခြား ဗြိတိသျှ တက္ကသိုလ်တွေနဲ့ မတူဘဲ စာသင်နှစ်ကို သုံးပိုင်းခွဲထားပါတယ်။ အောက်တိုဘာလကနေ ဒီဇင်ဘာလလယ်ကို တစ်ပိုင်း၊ ဇန်နဝါရီလလယ်ကနေ မတ်လကုန်အထိကို တစ်ပိုင်း၊ နွေရာသီပိုင်းကို ဧပြီလနှောင်းပိုင်းကနေ ဂျွန်လလယ်အထိ ပိုင်းထားပါတယ်။
ကမ္ဘာတလွှားက အင်စတီကျူးရှင်းတချို့ကို LSE က သူ့ရဲ့ ကျောင်းလိုဂိုကို သုံးခွင့်ပေးထားပြီး စီးပွားရေးနဲ့ လူမှုသိပ္ပံ ဒီပလိုမာဘွဲ့တွေ ပေးခွင့်ပြုထားပါတယ်။ တချို့ကို ဖော်ပြရရင် အိန္ဒိယက ရပ်ဆဲလ် စကွဲ နိုင်ငံတကာ ကောလိပ်နဲ့ အိန္ဒိယ စီးပွားရေးနဲ့ ဘဏ္ဍာရေး ကျောင်း၊ စင်ကာပူက Singapore Institute of Management နဲ့ စတန်စဖီးလ် ကောလိပ်၊ သီရိလင်္ကာက Royal Institute of Colombo တို့ ဖြစ်ပါတယ်။
LSE ကျောင်းဝင်ခွင့်ကတော့ ခက်ခဲပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဘွဲ့ကြိုတန်းအတွက် ၁ သောင်း ၇ ထောင် လျှောက်ထားကြရာမှာ ၁၅၀ဝ ကိုပဲ လက်ခံခဲ့ပါတယ်။ ဘွဲ့လွန်တန်းတွေအတွက် ဝင်ခွင့် စံသတ်မှတ်ချက်တွေကလည်း မြင့်ပါတယ်။ ရိုးရိုးမဟာဘွဲ့တခု အတွက်တောင် ဝင်ခွင့်က UK ဂုဏ်ထူးတန်း First Class သို့မဟုတ် Upper Second Class ဖြစ်ဖို့ လိုပါတယ်။ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု ဘွဲ့တွေအတွက် ဆိုရင် ဝင်ခွင့်ရသူ အတော် နည်းပါတယ်။
LSE က လူမှုသိပ္ပံ ဘာသာရပ်တွေအတွက်ကိုပဲ အထူးပြုတဲ့ ထူးခြားတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ LSE မှာ M.Sc ပရိုဂရမ် ၁၄၀၊ MPA နဲ့ LLM ပရိုဂရမ် ၅ ခု၊ B.Sc ပရိုဂရမ် ၃၀၊ LLB ပရိုဂရမ် ၁ ခု၊ B.A ပရိုဂရမ် ၄ ခုနဲ့ Ph.D ပရိုဂရမ် ၃၅ ခု ရှိပါတယ်။ စီပွားရေးသမိုင်းကို သင်ကြားပြီး B.Sc ဘွဲ့ပေးတာ ဗြိတိသျှမှာတော့ LSE တခုပဲ ရှိပါတယ်။
LSE မှာ သုတေသန စင်တာ ၃၀၊ ဌာန ၁၉ ခုနဲ့ ဘာသာစကား ဌာန ၁ ခုရှိပါတယ်။ LSE ဟာ တခြားတက္ကသိုလ်တွေနဲ့ မတူဘဲ နှစ်စဉ် ဂုဏ်ထူးဆောင်ဘွဲ့ ပေးလေ့မရှိပါဘူး။ LSE ရဲ့ တက္ကသိုလ်သက်တမ်း ၁၁၃ နှစ်အတွင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ၁၀ ခုပဲ ပေးဖူးပါတယ်။ အဲဒီထဲက တဦးကတော့ နယ်လ်ဆင် မင်ဒဲလား ဖြစ်ပါတယ်။
စာကြည့်တိုက်
[ပြင်ဆင်ရန်]LSE ရဲ့ အဓိက စာကြည့်တိုက် ဖြစ်တဲ့ နိုင်ငံရေးနှင့် စီးပွားရေး သိပံ ဗြိတိသျှ စာကြည့်တိုက်ဟာ လီယွန်နယ် ရော်ဘင် အဆောက်အဦးမှာ တည်ရှိပြီး ပုံနှိပ်စာအုပ် ၄ သန်းကျော်၊ အွန်လိုင်းဂျာန် ၆ သောင်းကျော်နဲ့ အီးဘုတ် ၂ သောင်း ၉ ထောင်ကျော် ရှိပါတယ်။ ဒီစာကြည့်တုက်ကို ၁၈၉၆ မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လူမှုရေးနဲ့ နိုင်ငံရေး သိပ္ပံစာကြည့်တိုက် ဖြစ်ပြီးတော့ ယူနိုက်တက် ကင်းဒမ်းနဲ့ ဓနသဟာယ နိုင်ငံတွေရဲ့ အမျိုးသား လူမှုသိပံ စာကြည့်တိုက်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် LSE ဟာ လန်ဒန် မက်ထရို ပိုလီတန် တက္ကသိုလ်ကနေပြီးတော့ အမျိုးသမီးရေးရာ စာကြည့်တိုက်ကိုလည်း ဝယ်ယူခဲ့ပါတယ်။ ဝတ္ထုနဲ့ အထွေအထွေစာအုပ်တွေရှိတဲ့ ရှော စာကြည့်တိုက်၊ မနုဿဗေဒ ဆိုင်ရာ စာအုပ်တွေရှိတဲ့ ဆယ်လစ်ဂမန် စာကြည့်တိုက်၊ လူမှု စိတ်ပညာ စာအုပ်များရှိတဲ့ ဟင်မယ်ဝိတ် စာကြည့်တိုက်၊ စာရင်းအင်း စာအုပ်တွေရှိတဲ့ လီဗာဟောလ်မီ စာကြည့်တိုက် စတာတွေလည်း ရှိပါတယ်။
LSE ရဲ့ လူထုဟောပြောပွဲ အစီအစဉ်ကလည်း နာမည်ကျော်ပါတယ်။ အဲဒီမှာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ လာဟောပြောကြပြီး LSE ကျောင်းရဲ့ ဝက်ဘ်ဆိုဒ်ကနေ Live ပြလေ့ ရှိပါတယ်။ လာရောက် ဟောပြောဖူးသူတွေက ကိုဖီ အာနန်၊ တိုနီ ဘလဲ၊ လီရှန်လွန်း၊ အင်ဂျလီနာ ဂျိုလီ၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ပါတယ်။
ထင်ရှားကျော်ကြားသူများ
[ပြင်ဆင်ရန်]LSE ဟာ နိုင်ငံပေါင်း ၁၉၀ က ကျောင်းသားပေါင်း ၁ သိန်း ၆ သောင်းကျော် မွေးထုတ်ပြီးပါပြီ။ နိုဘယ်ဆုရရှိသူ ၁၆ ဦးရှိပြီး ဂျော့ဂျ် ဘားနတ် ရှော၊ ဘာထရန် ရပ်ဆဲလ်၊ အမတယာ ဆင်း၊ ပေါလ်ခရပ်မန်း စသူတွေ ပါပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ကလီမန့် အက်တလီဟာ ၁၉၁၂ ကနေ ၁၉၂၃ အထိ LSE မှာ စာပေ ပို့ချဖူးပါတယ်။ နိုင်ငံတကာ ခေါင်းဆောင် ၄၅ ဦးဟာ LSE မှာ ပညာသင်ဖူးပြီး ဘရာဇီး ကာကွယ်ရေးဝန်ကြီး အာမိုရင်၊ ကိုစတာရီကာ သမ္မတ အော်စကာ အရီးယစ်၊ ဂျပန် ဝန်ကြီးချုက် တာရို အာဆို၊ ဒိန်းမတ် ဘုရင်မ ဒုတိယမြောက် မာဂရက်၊ အိန္ဒိယ သမ္မတ နာရာယာနန် စသူတွေ ပါပါတယ်။ ပူလစ်ဇာဆုရသူလည်း ၇ ဦး ရှိပါတယ်။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "LSE Financial Statement 24/25". - ↑ Council။ London School of Economics။ 2 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2022 တွင် ပြန်စစ်ပြီး။
- ↑ Woolen Scarf with Crest Embroidery။ LSE Students' Union။ 16 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2017 တွင် ပြန်စစ်ပြီး။
- ↑ Beginnings : LSE : The Founders။ London School of Economics။ 12 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 January 2016 တွင် ပြန်စစ်ပြီး။
- ↑ Liautaud၊ Susan။ Chair's Blog: Summer Term 2022။ 25 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 December 2022 တွင် ပြန်စစ်ပြီး။
