လက်ထပ်ခြင်း

Wikipedia မှ
(လက်ထပ်ထိမ်းမြားခြင်း မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ထိမ်းမြားမင်္ဂလာ လက်ထပ်ခြင်း

လက်ထပ်ခြင်း သည် လူမှုရေးဘာသာရေးအယူစွဲမှု သို့မဟုတ် တရားဥပဒေ အတိုင်း လူပုဂ္ဂိုလ်များ အတူတကွ ပေါင်းသင်းနေထိုင်ရန် ပေါင်းစပ်ခြင်းဖြစ်သည်။ ၄င်းပေါင်းစပ်မှုကို ထိမ်းမြားခြင်း ဟုလည်းခေါ်ပြီး အစပိုင်းကို မင်္ဂလာဆောင်ပွဲ များဖြင့် အသိအမှတ်ပြုလေ့ရှိသည်။ လက်ထပ်ထားသူကို အိမ်ထောင်ကျပြီးသူ ဟု လူမှုရေး အဆင့်တစ်ရပ် တိုးမြှင့်သည်။ လက်ထပ်ခြင်းသည် ရိုးရာယဉ်ကျေးမှု အသီးသီး အပေါ်တွင် မူတည်၍ အမျိုးမျိုး အဖုံဖုံ ကွဲပြားခြားနားလေ့ ရှိသော်လည်း ပုံမှန်အားဖြင့် လူသားတို့ အကြား နီးစပ်စွာ ပေါင်းသင်းခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ပေါင်းသင်းဆက်ဆံခြင်း တစ်မျိုးပင် ဖြစ်သည်။ ထိုသို့ ပေါင်းစည်းခြင်းကို လက်ထပ်မင်္ဂလာပွဲ ကျင်းပခြင်းဖြင့် တရားဝင် ကြေငြာလေ့ ရှိကြသည်။ ရိုးရာယဉ်ကျေးမှု အများစုတွင် လက်ထပ်ထိမ်းမြားခြင်း အတွက် လူနှစ်ဦးကိုသာလျှင် ခွင့်ပြုသော်လည်း အချို့သော ရိုးရာယဉ်ကျေးမှုများတွင် အိမ်ထောင်ဖက် အများအပြား ရှိခြင်းကို ခွင့်ပြုကြပြီး အချို့သော ရိုးရာ ယဉ်ကျေးမှုများတွင် လိင်တူခြင်း ပေါင်းသင်းခြင်းကို ခွင့်ပြုကြသည်။ ရှေးရိုးစွဲလွန်း သော (ကွန်ဆာဗေးတစ် ဖြစ်သော) ရိုးရာ ယဉ်ကျေးမှုများတွင် လက်ထပ်ခြင်းသည် လိင်ပိုင်းဆိုင်ရာ ပေါင်းသင်းဆက်ဆံမှု မပြုခင် မဖြစ်မနေ လုပ်ဆောင်ရမည့် ဝတ္တရားတစ်ခုပင် ဖြစ်သည်။

လက်ထပ်ခြင်းသည် လူပုဂ္ဂိုလ် ဆက်ဆံမှု ပေါင်းစည်းခြင်းဖြစ်ပြီး အစိုးရ သို့ ဘာသာရေး မှ အသိအမှတ်ပြုကာ အများအားဖြင့် အနေနီးစပ်ပြီး လိင်ဆက်ဆံခြင်း ပြုနိုင်သည်။ လက်ထပ်ခြင်း ယဉ်ကျေးမှုသည် လက်ထပ်ခြင်း ဥပဒေအရ အစိုးရ အဖွဲ့အစည်းများမှ တရားဝင်ဖြစ်သည်။ ထိုသူတို့၏ ဘာသာရေးအရ သို့မဟုတ် ယေဘုယျအားဖြင့် လူမှုရေး အရ လက်ထပ်ခြင်းကို အစိုးရမှ အသိအမှတ်ပြုလျှင် ထိုသူတို့၏ လူမှုရေး အဆင့်အတန်း မှာ တိုးမြှင့်သွားသည်။

လူတို့သည် အကြောင်းကြောင်းများကြောင့် လက်ထပ်ကြသော်လည်း များသောအားဖြင့် တရားဝင်ရန်၊ လူမှုရေး ဂုဏ်၊ မိသားစု တည်ထောင်ခြင်းကြောင့် စီးပွားရေး တည်ငြမ်းမှု၊ သားမွေးခြင်း၊ တရားဝင် လိင်ဆက်ဆံလိုခြင်း၊ အချစ်ကို လူပုံအလည် ချပြလိုခြင်း နှင့် နိုင်ငံသား ရယူလိုခြင်း စသည့် အကြောင်းများကြောင့်ဖြစ်သည်။

လက်ထပ်ခြင်း သည် ပုံစံများ စွာ ရှိသည်။ ဥပမာ ယောက်ျား တစ်ယောက် နှင့် မိန်းမ တစ်ယောက်တို့ ပေါင်းစည်းသော လိင်ကွဲ တစ်လင်တစ်မယား လက်ထပ်ခြင်း၊ တစ်ယောက်သောသူက အိမ်ထောင်ဖက် တစ်ယောက် ထက်ပို၍ အိမ်ထောင်ပို (polygamy) လက်ထပ်ခြင်း နှင့် လိင်တူ လက်ထပ်ခြင်း တို့ဟု၍ ရှိသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ တွင်

အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။

ဟု ဆိုသည်။

အိမ်ထောင်ဖက် ရွေးချယ်ခြင်း[ပြင်​ဆင်​ရန်​]

အိမ်ထောင်ဖက် ရွေးချယ်ခြင်းတွင် အတွဲသည် ပိုးပမ်းမှု သို့မဟုတ် အတွဲ၏ မိဘများ သို့ တာဝန်ရှိသူများ က ပေးစားခြင်း တို့ ပါဝင်သည်။


လူတို့သည် အကြောင်းအမျိုးမျိုးဖြင့် လက်ထပ်ထိမ်းမြားလေ့ ရှိကြသည်။ ဥပဒေကြောင်းအရ၊ လူမှုရေးအရ၊ လိင်ပိုင်ဆိုင်းရာ လိုအပ်ချက်အရ၊ စိတ်ခံစားမှုအရ၊ စီးပွားရေးအရ၊ စိတ်ဝိဉာဉ်ဆိုင်ရာ လိုအပ်ချက်အရ၊ ဘာသာရေး အရ စသည်ဖြင့် အကြောင်းအမျိုးမျိုးဖြင့် လက်ထပ်လေ့ ရှိကြသည်။ ထို့အတွက်ကြောင့် လူကြီးမိဘများမှ စီစဉ်ပေးသော လက်ထပ်ထိမ်းမြားခြင်း၊ မိသားစု၏ လိုအပ်ချက်အရ လက်ထပ် ထိမ်းမြားခြင်း၊ ဥပဒေကြောင်းအရ မိသားစု အဖြစ် သတ်မှတ်ရန် လက်ထပ်ထိမ်းမြားခြင်း၊ ကလေးသူငယ်များကို ဥပဒေကြောင်းအရ အကာအကွယ်ပေးရန် လက်ထပ်ထိမ်းမြားခြင်း၊ တစ်ဦးနှင့်တစ်ဦး သစ္စာထားမှုကို လူသိရှင်ကြား ကြေငြာရန် လက်ထပ်ထိမ်းမြားခြင်း စသည်ဖြင့် အမျိုးမျိုးသော အကြောင်းအချက်များ ပါဝင်နိုင်သည်။ လက်ထပ်ထိမ်းမြားခြင်းဖြင့် ပါဝင်ပတ်သက်နေသော သူများအား ဥပဒေအကြောင်းအရ ဖြစ်စေ လူ့ကျင့်ဝတ်အရ ဖြစ်စေ ဝတ္တရားများ ရှိလာစေသည်။ အချို့သော ရိုးရာ ယဉ်ကျေးမှုများတွင် ကွာရှင်းပြတ်စဲခြင်း အားဖြင့် လက်ထပ်ထိမ်းမြားခြင်းကို ပျက်ပြယ်စေနိုင်သည်။

ထုံးစံအားဖြင့် ပေးစားခြင်း ပင်လျှင် အတွဲကိုယ်၌က နောက်ဆုံး ဆုံးဖြတ်ကြသော်လည်း မိဘများသည် မိရိုးဖလာကြောင့်ဖြစ်စေ တစ်ခါတစ်ရံ အထူးအကြောင်း အချက် (ဥပမာ အတင်အသ ကောင်း၍) တို့ကြောင့်ဖြစ်စေ မိဘများက ဇွတ်ပေးစားတတ်ကြသည်။ တစ်ခါတစ်ရံ မိဘပေးစားခြင်းသည် အလွန် လူသက်သာသောကြောင့် မိဘစကား နားမထောင်ချင်စေကာမူ ပေးစားခြင်းကို လိုလိုလားလား လက်ခံကြသည်။ ဇွတ်ပေးစားခြင်း သည် အနည်းငယ်သော လူအဖွဲ့အစည်းများတွင်သာ တွေ့ရတတ်ပြီး ပေးစားခြင်း ကိုလက်ခံသောသူကပင် ဇွတ်ပေးစားခြင်း ကိုပြစ်တင် ဝေဖန်သည်။

လက်ထပ်ခြင်း အခမ်းအနား[ပြင်​ဆင်​ရန်​]


လက်ထပ်ခြင်းသည် အများအားဖြင့် မင်္ဂလာဆောင်ပွဲ သို့မဟုတ် လက်ထပ်ခြင်း အခန်းအနား ဖြင့် အရေးတယူ ပြုကြသည်။ အခမ်းအနားကို ဘာသာရေး ဆရာများကဖြစ်စေ အစိုးရ အသိအမှတ်ပြု ပုဂ္ဂိုလ်ကဖြစ်စေ၊ ဒေသ အသိအမှတ်ပြု ပွဲဆရာ ကဖြစ်စေ ဘောင်ဝင်အောင် ကျင်းပသည်။ ဥရောပ နှင့် လက်တင် အမေရိက နိုင်ငံများတွင် မည်သည့် ဘာသာရေး ပွဲမဆို လူမှုရေးပွဲ နှင့် ခွဲခြား၍ ကျင်းပရမည်ဟု ဆိုသည်။ အချို့နိုင်ငံများတွင် - ဥပမာ ဘယ်လ်ဂျီယမ်ဘူလ်ဂေးရီးယားနယ်သာလန် နှင့် တူရကီ - တို့တွင် ဘာသာရေး ပွဲများကို လူမှုရေးပွဲ ကျင်ပပြီးမှသာ ကျင်းပခွင့်ရှိသည်။

မြန်မာ့ ဓလေ့[ပြင်​ဆင်​ရန်​]


မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။

အာဝါဟ၊ ဝိဝါဟ[ပြင်​ဆင်​ရန်​]

အာဝါဟ၊ ဝိဝါဟ ဆိုသည်မှာ မင်္ဂလာအခမ်းအနား ကျင်းပရာ နေရာကို လိုက်ပြီး ခေါ်ဝေါ်တာဖြစ်သည်။

  • အာဝါဟ - ယောက်ျားလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း၊
  • ဝိဝါဟ - မိန်းကလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း လို့အဓိပ္ပါယ်ရသည်။

စုလျှားရစ်ပတ်[ပြင်​ဆင်​ရန်​]

စုလျှားရစ်ပတ် လက်ထပ်ထိမ်းမြားခြင်း ဆိုသော စကားလုံးမှာ စုလျှား ပုဝါနဲ့ရစ်ပတ် ထိမ်းမြားခြင်း၊ သတို့သမီးသတို့သား ညာလက်နှစ်ဖက်ကို ထပ်ပြီး လက်ထပ်ထိမ်းခြားခြင်းကို ပေါင်းစပ်ပြီးတော့ ခေါ်တာဖြစ်သည်။ ပန်းကုံးစွပ်ခြင်း၊ မင်္ဂလာလက်စွပ်လဲခြင်းများသည် မြန်မာမှု ထိမ်းမြားခြင်းပုံစံကို ခေတ်မှီအောင်ဖြည့်စွက်ထားသော သဘောရှိပါသည်။ ပန်းကုံးစွပ်ခြင်းမှာ မြန်မာ့ယဉ်ကျေးမှု ဆိုသည်ထက် အိန္ဒိယဆန်သော ယဉ်ကျေးမှုဟု သတ်မှတ်လိုက သတ်မှတ်နိုင်ပေသည်။

မင်္ဂလာလက်ထပ်စာချုပ်[ပြင်​ဆင်​ရန်​]

ခုခေတ်တွင် မင်္ဂလာဧည့်ခံပွဲ အခမ်းအနားမပြုလုပ်ခင် ကြိုတင်ပြီး နှစ်ဦးသဘောတူ မင်္ဂလာလက်ထပ်စာချုပ် ချုပ်ဆိုထားတတ်ကြသည်။ ထို့ကြောင့် ဥပဒေအရ တရားဝင် လင်ခန်းမယားခန်းမြောက်နေပေသည်။ မင်္ဂလာမောင်နှံလောင်း လက်မှတ်ထိုးထားတဲ့ စာချုပ်ကို မော်ကွန်းမှတ်တမ်း တင်ပေးထားတတ်ကြသည်။

မော်ကွန်းတင်နိုင်သော တရားရေးဆိုင်ရာ ပုဂ္ဂိုလ်များမှာ-

  1. ဒုတိယမြို့နယ်တရားသူကြီး နှင့်အထက်တရားသူကြီးများ၊
  2. ဒုတိယမြို့နယ်ဥပဒေအရာရှိနှင့်အထက် ဥပဒေအရာရှိကြီးများ၊
  3. ရှေ့နေချုပ်ရုံး ဒုတိယ ဦးစီးမှုးနှင့် အထက်အရာရှိကြီးများ ဖြစ်သည်။

လက်ထပ်စာချုပ်ပါ လိုအပ်ချက်များ[ပြင်​ဆင်​ရန်​]

  1. သတိုးသား၏ အသက်
  2. သတိုးသမီး၏ အသက်
  3. လွတ်လပ်သော သဘောတူညီချက်
  4. နှစ်ဦးစလုံးသည် စိတ်ပေါ့သွပ်သူများမဖြစ်စေရ။
  5. သတိုးသမီးမှာ မပြတ်ဆဲသော တရားဝင်လင်ယောက်ျားမရှိစေရ။
  6. ပေါင်းသင်းစပ်ယှက်မှု ရှိရန်မလို။[၁]

အသက်[ပြင်​ဆင်​ရန်​]

လက်ထပ်ထိမ်းမြားရာတွင် သတို့သား၏ အသက်ကို အတိအကျ ကန့်သတ်ထားတာ မရှိပါ။ ကျန်းမားရေးအရ အရွယ်ရောက်ပြည့်စုံလျှင် မိဘသဘောတူညီချက်မလိုပဲ လက်ထပ်ထိမ်းမြားခွင့် ရှိသည်။ သတို့သမီးအတွက်တွင်မူ ကန့်သတ်ချက်ရှိသည်။ အသက် ၁၅ နှစ်ထက် မငယ်ရပါ။ သတို့သမီး ၁၅ နှစ်နဲ့ ၂၀ နှစ်ကြားမှာ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရှိမှ၊ လက်ထပ်ထိမ်းမြားမှု အထမြောက်သည်။ မိဘကန့်ကွက်ရင် မရပါ။ တချို့က ၁၈ နှစ်ပြည့်ပြီးတာနှင့် မိဘခွင့်ပြုချက်မလိုတော့ဘူးလို့ ထင်ကြပါသည်၊ ဥပဒေကြောင်းအရ အသက် ၂၀ ပြည့်မှ မလိုအပ်ခြင်း ဖြစ်သည်။ (တစ်ခုလပ်တစ်လင်ကွာနှင့် မုဆိုးမများမှလွဲလျင် အသက် (၂၀) မပြည့်သေးသော မိန်းကလေးတစ်ယောက်ဖြစ်ပါမူ မိဘအုပ်ထိန်းသူ၏ သဘောတူညီချက် ရယူရပေမည်။ မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို မရလျှင် ၏ထိမ်းမြား ခြင်းမမြောက်။ သို့သော် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ကို နောက်မှရရှိလျှင် ရရှိသည့်နေ့ရက်မှစ၍ ထိမ်းမြားခြင်းမြောက်သည်။) [၂]

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက် ထိမ်းမြား လက်ထပ်ခြင်း တမျိုးမျိုးပြုလုပ်ခြင်း၊ ဧည့်ခံအခမ်းအနားပြုလုပ်ခြင်းကို လူမှုရေးအရ ပြုလုပ်တယ်လို့ပဲ သဘောထားပါသည်။ လင်မယားအရာမြောက်ဖို့ တရားဝင်မလိုအပ်ပါ။ စာချုပ်ချုပ်ဆိုခြင်း၊ ထိမ်းမြားခြင်း အခမ်းအနား မပြုလုပ်ဘူးဆိုလျှင် တရားဝင်လင်မယားဖြစ်ကြောင်း သက်သေပြနိုင်ရမယ်လို့ ဆိုပါသည်။ တောနယ်များနှင့် ရှေးလူကြီးများအတွက် လက်ထပ်စာချုပ် လုပ်လေ့လုပ်ထမရှိပါ။ ခေတ်မီလူငယ်တွေအတွက် လက်ထပ်စာချုပ် ချုပ်ဆိုမှုသည် အလွယ်အကူဆုံးနှင့် အသေချာဆုံးသည်။

တရားဝင်လင်မယား ထင်ရှားစေရန် သက်သေခံချက်များ[ပြင်​ဆင်​ရန်​]

  1. ယောက်ျားကဖြစ်စေ၊ မိန်းမကဖြစ်စေ ၂ဦးစလုံးက ဖြစ်စေ ၎င်းတို့သည် လင်မယားဟု ဖွင့်ဟပြောဆိုဖူးသလား။
  2. ၎င်းတို့အတူနေသလား။
  3. တစ်ဦးနှင့်တစ်ဦးသော်၎င်း၊ အခြားသူများနှင့်သော်၎င်း၊ သာမန်လင်မယားတို့ကဲ့သို့ ပြုမူဆက်ဆံသလား။
  4. ၎င်းတို့သည် ဆွေမျိုးများ၊ မိတ်ဆွေများထံသို့ အတူတကွသွားလာ လည်ပတ်သလား။
  5. ၎င်းတို့သည် ဇရပ်၊ ကျောင်းကန် ဘုရားများသို့ အတူတကွသွားလား၊ အလှူဒါန အတူပြုသလား။
  6. ယောက်ျားအား၎င်း၊ မိန်းမအား၎င်း တစ်ဖက်မှဆွေမျိုးများက မည်ကဲ့သို့ ဆက်ဆံသနည်း။
  7. မိန်းမနှင့် ၎င်း၏မိဘများ အဆင့်အတန်း အကျင့်စာရိတ္တ။
  8. ၎င်းတို့၏ ဆက်ဆံပုံမှာ တရားဥပဒေနှင့် ဆန့်ကျင်ပြီး တိတ်တိတ်ပုန်း ဆက်ဆံသည်ဟု မိတ်ဆွေများ၊ ဆွေမျိုးများက ထင်မှတ်စရာ အကြောင်းရှိပါသလား။
  9. ပစ္စည်းခန်းတွင် နှစ်ဦးပူးတွဲ ဆက်ဆံသလား။
  10. တစ်ယောက်သေဆုံးပြီး အသုဘကိစ္စ၌ ကျန်တစ်ယောက်၏ အပြုအမူ (ဥပမာ၊ သတင်းစာများတွင် ကြေငြာခြင်း၊ အသုဘကိစ္စ၌ အပြုအမူများ)။

အထက်ပါအချက်များနှင့် အခြားပတ်ဝန်းကျင် အခြေအနေများ (အားလုံး မလိုသော်လည်း) ကို ထောက်ထား၍၊ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် လင်မယားဖြစ်သည် မဖြစ်သည်ကို ဆိုသည့်ပြဿနာကို ဆုံးဖြတ်ရပေမည်။ [၃]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. “မောင်စန်းအောင်နှင့် မကြည်ကြည်ဝေ” ၁၉၆၃ခု၊ မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ (၉၉၅)
  2. မအေးစိန်နှင့် မောင်လှမင်း၊ ရန်ကုန်၊ အတွဲ ၃ စာမျက်နှာ (၄၅၅)
  3. မအေးနှင့် မောင်စန္ဒာ အောက်မြန်မာပြည် စီရင်ထုံး အတွဲ (၃) စာမျက်နှာ (၈)