ရှင်ဝိစာရ (ပုခန်းဆရာတော်)
ရှင်ဝိစာရ (၁၂၂၄ - ၁၃၀၂) သည် "ပုခန်းဆရာတော်" ဟု ထင်ရှားခဲ့သည့် ကျမ်းပြဆရာတော်တစ်ပါး ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၂၂၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်နေ့တွင် ပုခန်းကြီးမြို့၊ အနောက်တိုက် တွင်းမရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်စာတိုက် ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးဘိုးပြန့် - ဒေါ်မှေး ဖြစ်သည်။ နောင်တော်ဘုန်းကြီး ဦးဥတ္တမထံတွင် စာပေများ သင်ကြား "ရှင်ဝိစာရ" ဟူသည့် ဘွဲ့ဖြင့် သာမဏေပြုခဲ့သည်။ အရွယ်ရောက်သည့်အခါ တောဝေးကန်ဂိုဏ်းထောက်ဆရာတော် ရှင်အရိယကို ဦပဇ္ဈာယ်ပြုကာ ရဟန်းပြုသည်။
ထို့နောက်တွင် ပခုက္ကူမြို့၊ မြစ်ကိုင်းရွာ ရွာဦးကျောင်းဆရာတော် ရှင်သုနန္ဒထံတွင် စာပေများ သင်ကြားကာ ၆ ဝါရသည့်အခါ မန္တလေးမြို့အနောက်ပြင် စကုတိုက် ရှင်ပဒုမဆရာတော်ထံတွင် စာပေများ ဆက်လက်ကာ သင်ကြားခဲ့သည်။ ထို့နောက်တွင် အင်းဝမြို့ တံတားဦးအပိုင် မြင်းသည်ရွာ သိမ်တောကုန်းကျောင်းတွင် မှီခိုသီတင်းသုံးပြီးနောက် မန္တလေးမြို့တောင်ပြင် ဒက္ခိဏာရာမဘုရားကြီးတိုက် ဆရာတော်ထံတွင် စာပေများ ဆက်လက်ကာ သင်ကြားခဲ့သည်။ ထိုကျောင်းတိုက်တွင်နေစဉ် ကျမ်းဂန်များ ပြုစုတော်မူခဲ့သည်။
ဇာတိရပ်ကိုစွဲ "ပုခန်းဆရာတော်" ဟု ထင်ရှားခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၃၀၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်နေ့၊ ဝါတော် (၃၆) ဝါမြောက်တွင် ပခုက္ကူမြို့၊ သာသနဝိပုလာရာမ မန္တလေးတိုက်သစ်ကြီးတွင် ပျံလွန်တော်မူခဲ့သည်။[၁]
ကျမ်းများ ပြုစုခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။
- ကစ္စည်းသဒ္ဒါနိသျ၊
- ပရိတ်ကြီးနိသျ၊
- လောကနီတိနိသျ၊
- မင်္ဂလသုတ်နိသျ၊
- လက္ခဏတ္တယဒီပနီ၊
- သက္ကာယဒိဋ္ဌိဝိနိစ္ဆယ၊
- စတုသစ္စဝိနိစ္ဆယ၊
- သံဃဘေဒကဝိနိစ္ဆယ၊
- ဇီဝိတိန္ဒြိယဝိနိစ္ဆယ၊
- မိတ္ထီလာမြို့သံဃာဝိဝါဓိကရဏသမထဝိနိစ္ဆယ၊
- အာပတ္တာဓိကရဏဝိနိစ္ဆယများ၊
- ကာရန္တာဒိဝိဘာဝနီ၊
- ဗျဉ္ဇနဗုဒ္ဓါဒိဒီပနီ၊
- ကပ္ပဝိနိစ္ဆယ၊
- ဥဒ္ဓစ္စစေတနာဝိနိစ္ဆယ၊
- ဇီဝိတပရိစာဂ အင်္ဂပရိစာဂဝိနိစ္ဆယ၊
- နိပ္ဖန္နရူပဝိနိစ္ဆယ၊
- လောကဝဇ္ဇ ပဏ္ဏတ္တိဝဇ္ဇဝိနိစ္ဆယ၊
- မနောဒွါရေအနာပတ္တိဝိနိစ္ဆယ၊
- ဗုဒ္ဓဂုဏပကာသနီ၊
- ဉေယျဓမ္မဝိနိစ္ဆယ၊
- ဒေသနာဂါမာပတ္တိဝုဋ္ဌာနဝိနိစ္ဆယ၊
- သီလဝန္တ နရ ဟနန ဝိနိစ္ဆယ၊
- ဥဒကုက္ခေပသီမဝိနိစ္ဆယ၊
- ကမ္မဝါစာဝိသောဓနဝိနိစ္ဆယ။[၁]