ရှင်ပင်ပက်လက် ရေစက်လက်

ဝီကီပီးဒီးယား မှ

ရှင်ပင်ပက်လက် ရေစက်လက် သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တဝိုက်ရှိ ထူးခြားထင်ရှားသော နေရာဖြစ်ပြီး လူသူအရောက်အပေါက်နည်းသည်။ ပြည်မြို့ အနောက်ဘက်ကမ်း ဖိုးဦးတောင်အနီး၌ ရှိပြီး အစောင့်အရှောက်ကြီးပြီး ခေါင်သဖြင့် တကူးတက သွားလိုပါက ပြည်​ဈေးကြီးဆိပ်ကမ်းမှ စက်လှေဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း တောင်မှ မြောက်သို့ ၂ နာရီနီးပါး ဆန်တက်ခုတ်မောင်းရသည်။ ရှင်ပင်ပက်လက်သို့ တက်သည့် ကမ်းနဖူး၌ သဲဖြူလွလွများ ရှိပြီး နေ့ခင်းတွင် အလွန်ပူလေသည်။

အမည်တွင်ပုံ[ပြင်ဆင်ရန်]

အပြာရောင်သန်းနေသော မြင့်မားလှသည့် ကျောက်နံရံကြီး၏ ထိပ်တနေရာမှ ရေသွယ်တန်းကလေး အဆက်မပြတ်အောက်သို့ စီးကျခြင်းကို အစွဲပြု၍ ရေစက်လက် ခေါ်သည်။ စီးကျနေသော ရေသွယ်တန်းအောက်တည့်တည့်၌ သလွန်သဏ္ဌာန် ကန်ငယ်တခု ရှိပြီး၊ အလျား ၄ တောင်၊ အနံ ၂ တောင် တထွာခန့်၊ အနက် ၂ တောင် နီးပါးခန့် ရှိကာ ကန်ပတ်လည်၌ ကနုတ်ပန်းများ ရေးဆွဲထားသည်။ ရေညှိများ အထပ်ထပ်တက်နေရကား ကန်ခြေတခုလုံး အစိမ်းနုရောင် ပေါက်နေသည်။ ကန်အတွင်းရှိ ရေသည် ကြည်လင်အေးစက်နေပြီး၊ အထဲ၌ ဗုဒ္ဓရုပ်ပွားတော်တဆူကို ပက်လက်အနေအထားဖြင့် စမ်းသပ်တွေ့ရှိရသောကြောင့် ရှင်ပင်ပက်လက် ခေါ်ခြင်းဖြစ်သည်။ ရေပေါ်မှ ကြည့်လျှင် ဝိုးတဝါးသာ မြင်ရ ပြီး၊ ပျူခေတ်လက်ရာဟု သိရသည်။

ယုံကြည်မှု[ပြင်ဆင်ရန်]

ထိုအခါ ကျောက်နံရံကြီးထိပ်မှ ကျသော ရေစက်တန်းသည် ကန်အတွင်းသို့ ကျသည်။ ရုပ်ပွားတော်မြတ်၏ ကျောအောက်၌ ရတနာမျိုးစုံပါ သေတ္တာရှိကာ ချက်တော်၌လည်း သိဒ္ဓိဝင်ပစ္စည်းတမျိုး ရှိသည်ဟု ဆိုသည်။ ရေစက်တန်း၏ ထူးခြားချက်မှာ လူသံသူသံ ပေးပါက ပိုကျလာတတ်ခြင်း ဖြစ်သည်။ ကန်ထဲက ရေကို သစ္စာပြု အဓိဋ္ဌာန်ထား၍ သောက်ပါက ဆေးဖက်ဝင်သည်ဟု ဒေသခံများက ယုံကြည်ကြလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးကျော်(ပြည်) (အောက်တိုဘာ၊ ၂၀၀၁). "ရှင်ပင်ပက်လက် ရေစက်လက်". နက္ခတ္တရောင်ခြည်.