ရွှေမောင်၊ ကို(မောင်မောင်)

ဝီကီပီးဒီးယား မှ

ကိုရွှေမောင် (မောင်မောင်)[ပြင်ဆင်ရန်]

ကိုရွှေမောင်အမည်ခံ မောင်မောင် ကို အဘဦးမှတ်ကြီး၊ အမိဒေါ်တုတို့မှ မြန်မာသက္ကရာဇ် ၁၂၆၆(၁၉ ၁၄)တွင် ဖွားမြင်သည်။ မွေးချင်း၃ယောက်အနက် အထွေးဆုံးသားဖြစ်၍ ချစ်စနိုးဖြင့် မောင်မောင်ဟုလည်းကောင်း၊ ကိုရွှေမောင်ဟုလည်းကောင်း ခေါ်ကြသည်။ မန္တလေးမြို့လမ်း ၃၀နှင့် ၃၁လမ်း၊ ၈၀နှင့် ၈၁လမ်း အကြားရှိ အမျိုးသားကျောင်း (ယခင်အခေါ်နေရှင်နယ်ကျောင်း၊ ယခု အမှတ်၂ အထက)၏ အရှေ့ဘက်ကပ်လျက်ရှိ အထက်ဆင့်ဝင်း (ယခင် နီပါးဝင်း)တွင် ဖွားမြင်သည်။

မိဘတို့မှာ ကျောက်စိမ်းသွေးလုပ်ငန်း၊ ကျောက်စိမ်းအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြသည်။ မြန်မာမင်းလက်ထက်က စစ်မှုထမ်းမျိုးရိုးဖြစ်ကြ၍ မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ တစ်ဝိုက်ရှိ ကင်းဝန်မင်းကြီး၏ အနွယ်အဆက်များ ဖြစ်ကြသည်။

မောင်မောင်၏ ပညာရေးမှာ ဘုန်းတော်ကြီးကျောင်းပညာရေးမှတစ်ဆင့် အမျိုးသားကျောင်း (နေရှင်နယ်ကျောင်း)တွင် နဝမတန်းထိ ပညာဆည်းပူးခဲ့သည်။ ဂီတပညာတွင်မူ အမြင်အကြားဖြင့်သာ တတ်ကျွမ်းခဲ့ရသည်။

အစ်ကိုဖြစ်သူ မြန်မာညွန့်ဆရာတင်နှင့် အလားတူ ဂီတတွင် ဝါသနာထုံသည်။ အပျော်တမ်းတေးသီချင်းများကို ရေးရာမှ လေဘာတီမမြရင်၏ “တစ်နာရီထဲချစ်ပါရစေ” သီချင်းမှာ ယခုတိုင်နာမည်ကြီးသည်။

နေထိုင်ရာအထက်ဆင့်ဝင်းအနီးတွင် မြန်မာညွန့်ဦးချစ်မောင်၊ ဦးချစ်ဖွယ်+ဒေါ်စိန်သုံ၊ ဆိုင်း-စိန်ဗေဒါကြီး၊ ဆိုင်းဆရာစိမ့်+ဒေါ်တိုးတို့ နေထိုင်ကြသည်။ ဝက်မစွတ်ဝန်ထောက်မင်းဝင်းတွင် ဝက်မစွတ်ဝန်ထောက်မင်း၏ အိမ်လည်းရှိသည်။ ယင်းအရပ်ဝန်းကျင် တစ်ဝိုက်တွင် အဆို၊ အတီးတတ်သူ၊ ဝါသနာပါသူများ ဝိုင်းဖွဲ့ဆိုတီးလေ့ရှိကြသည်။ ဝက်မစွတ်ဝန်ထောက်မင်း၏ တူဖြစ်သူနှင့်နှမ မသိန်းမေတို့ လက်ဆက်သည်ဖြစ်၍လည်းကောင်း၊ ဝက်မစွတ်ဝန်ထောက် မင်း၏မြေး မောင်မောင် (ဒေါ်ဒဂုန်ခင်ခင်လေး၏မောင်)မှာလည်း အတီးအမှုတ် ဝါသနာပါသူဖြစ်၍လည်းကောင်း ပိုမိုဝိုင်းဖွဲ့ကာဆိုတီးဖြစ်ကြသည်။

အခြားအပျော်တမ်းတေးများကိုလည်း ရေးမည်ဖြစ်သော်လည်း အမှတ်အသားမရှိခဲ့။ ကိုရွှေမောင်မှာ အစ်ကိုဖြစ်သူ မြန်မာညွန့်ဆရာတင်နှင့်အတူ မာဃအဖွဲ့တွင် တေးသီချင်းများ ရေးစပ်ပေးသည်ဟု သိရသည်။ ကိုရွှေမောင်မှာ ယစ်မျိုးအရာရှိအဖြစ် အမှုထမ်းရ၍ မြန်မာညွန့်ဆရာတင်ကဲ့သို့ ဂီတဘက်တွင် ဇောက်ချမလုပ်ခဲ့နိုင်။ အားလပ်ချိန်များတွင်သာ တေးရေးခဲ့သည်ဟု ဆိုသည်။

အရွယ်ရောက်လျှင် အမရပူရဇာတိ ဒေါ်ကြည်ဆိုသူနှင့် လက်ဆက်သည်။ သားသမီးများမွေးဖွားသော်လည်း သမီးတစ်ဦးသာ အဖတ်တင်သည်။ ယစ်မျိုးအရာရှိအဖြစ် လားရှိုးသို့ ရွှေ့ပြောင်းပြီး မကြာမီ ငှက်ဖျားရောဂါခံစားရ၍ ဇာတိမန္တလေးသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ရသည်။ ယင်းရောဂါဖြင့်ပင် မန္တလေးမြို့၌ မြန်မာသက္ကရာဇ် ၁၂၉၈ခုနှစ် (၁၉၃၇)တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်ကြည်မှာ ကိုယ်ဝန်၄လနှင့် ကျန်ရစ်ခဲ့သည်။ ယခုအခါ ထိုကလေးငယ်သည် ၆၄နှစ် အရွယ်ရှိ ဒေါ်ညွန့်ရီဖြစ်၍ တိုက်(၂၉)၊ အခန်း(၄)၊ ရန်နိုင်လမ်းသွယ် ၁၀ လမ်း၊ အမှတ်(၄)ရပ်ကွက်၊ အရှေ့ရန်ကင်း၊ ရန်ကုန်မြို့တွင် သားသမီးမြေးများနှင့်အတူ ကျန်းမာစွာနေထိုင်လျက်ရှိသည်။ [၁]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ဒေါ်ခင်ကြွယ်ဦး (ကိုရွှေမောင်၏မြေး)၊ ပါမောက္ခ၊ ဌာနမှူး မြန်မာစာ စာပေဌာန၊ ယဉ်ကျေးမှုတက္ကသိုလ် ရေးသားပေးပို့ချက်။