စိန်သုံ၊ ဒေါ်

ဝီကီပီးဒီးယား မှ

စိန်သုံ၊ ဒေါ်(မြန်မာ ၁၂၄၅-၁၂၉၉)[ပြင်ဆင်ရန်]

ဒေါ်စိန်သုံသည် မြန်မာ သဘင်လောကတွင် ထင်ရှားသည့် မင်းသမီးကြီး တစ်ယောက်ဖြစ်၏။ ဒေါ်စိန်သုံ၏ မိဘတို့မှာ ဆရာဖြိုးနှင့် ဒေါ်အုပ်တို့ဖြစ်သည်။ ဒေါ်စိန်သုံ၏ ဖခင်သည် အပြောအဆို သိမ်မွေ့နူးညံ့သူဖြစ်ခြင်းကြောင့် အများကဆရာဟု ခေါ်ကြသည်။ ဒေါ်စိန်သုံကို မန္တလေးမြို့၊ နီပတန်းရပ်၌ သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ဖွားမြင်၏။ ငယ်စဉ်ကပင် အက ပညာကို ဒေါ်ထွေးလေးထံတွင် ဆည်းပူးခဲ့သည်။ အသက် ၁၆ နှစ် အရွယ်တွင် အငြိမ့်မင်းသမီးအဖြစ်ဖြင့် မန္တလေးမြို့၊ ရွှေလန် ရပ် ဘာဂျာဆရာရွှေထံတွင်လည်း ပညာဆည်းပူးခဲ့သည်။ မြန်မာ သီချင်းကြီး အဆိုပညာကို အဆိုကျော်ဦးလူကြီး၊ ဆရာမှန်း စသော ပုဂ္ဂိုလ်ကြီးများထံတွင်လည်း သင်ယူလေ့လာခဲ့ လေ သည်။ ထို့ကြောင့် အဆိုအကပညာနှစ်ရပ်စလုံးကို နိုင်နင်းစွာ တတ်ကျွမ်းခဲ့ပေသည်။

ဒေါ်စိန်သုံသည် အသက် ၂ဝ အရွယ်တွင် အိမ်ထောင်ကျခဲ့၏။ ခင်ပွန်းသည်မှာ နာမည်ကျော်လူရွှင်တော်ဦးချစ်ဖွယ်ပင်ဖြစ်သည်။


လူရွှင်တော် ဦးချစ်ဖွယ်နှင့်အတူ တွဲဖက်ကပြယင်း အကြောင်းပါခဲ့ခြင်းဖြစ်လေသည်။ဦးချစ်ဖွယ်နှင့် ဒေါ်စိန်သုံတို့တွင် သားသမီး ၁၁ ယောက်ထွန်းကားသည်။ သားသမီးများအားလုံးလိုပင် တူရိယာ ဂီတပညာကို တတ်ကျွမ်းနားလည်ကြသော်လည်း၊ မိဘများက တားမြစ်ပိတ် ပင်ထားသဖြင့် သဘင်လောကပြင်ဖက်သို့ ရောက်နေကြ၏။ ဒေါ်စိန်သုံသည် ခင်ပွန်းသည်နှင့်အတူ မြန်မာသီချင်းကြီး များကို အဝေးရောက်မင်း၊ ဝက်မစွတ်ဝန်ထောက် မင်းတို့ထံ တွင် အမြဲပင်လေ့လာခဲ့၏။ အသက် ၅ဝ အရွယ်လောက်တွင် ထိုင်ဆိုအငြိမ့်ကြီးဖွဲ့ကာ မြန်မာပြည်တစ်ဝန်းလုံး လှည့်လည်ခဲ့ လေသည်။

ဒေါ်စိန်သုံ၏ ကိုယ်လုံးကိုယ်ထည်မှာ ခပ်ဝဝ ဖိုင့်ဖိုင့်ဖြစ် သည်။ သို့သော် ကရာ၌ အလွန်ပျော့ပျောင်း ညက်ညောလှ သည်ဟုဆို၏။ သီချင်းသံမှာလည်း သာယာငြိမ့်ညောင်းသည်။ ထိုသို့ အဆိုအက ယဉ်ကျေး သိမ်မွေ့ပြီးလျှင် ဣန္ဒြေရသော ကြောင့်လည်း လူကြိုက်များခဲ့လေသည်။ ဒေါ်စိန်သုံဆိုခဲ့သော သီချင်းတစ်ပုဒ်တွင်၊

'ခေတ်ပြောင်းခေတ်လွဲ၊ ဟိုရှေးကတဲက ပဝေသဏီ၊ ရေနံ ဆီပေါ်ကတည်းက ကြုံလို့နွှဲခဲ့ရပြန်သည်။ သုံတို့ ပွဲကလာခဲ့ပြီ၊ ဒေါ်စိန်သုံ အနုအစစ်ကလေးမို့၊ သူ့နှစ်ကြေးငွေသုံးထောင်၊ ဩ- ကျမဆရာမရှိပေါင်၊ ကဒါကိုကြည့်မောင်။ ဒေါ်သုံ မြက်ငေါက် မြစ်၊ တဆယ့်ခြောက်နှ်စ် မကျော်သေးပေါင်။ ကျမဆရာမရှိ ပေါင်၊ ကဒါကို ကြည့်မောင်'ဟူ၍ သီဆိုခဲ့လေသည်။ ထို သီချင်းကို ကြည့်ခြင်းဖြင့် ဒေါ်စိန်သုံသည် ရေနံဆီပေါ်စကပင် စတင်ကပြခဲ့ကြောင်း၊ သူ၏ဝင်ငွေမှာ တစ်နှစ်လျှင် သုံးထောင် မျှ ဖြစ်ကြောင်း၊ ထို့ပြင် အသက်အရွယ်ကြီးရင့် နေစေကာမူ အငြိမ့်စင်တွင်ကပြစဉ်၌ ငယ်မူငယ်သွေးနှင့် ငယ်စိတ်မွေးကာ ကပြလေ့ရှိကြောင်းတို့ကို သိရှိနိုင်ပေသည်။ ဒေါ်စိန်သုံ သီဆို သော သီချင်းများကို ဦးချစ်ဖွယ် ရေးသည်ကများသည်။ ဒေါ်စိန်သုံသည် ၁၂၉၉ ခုနှစ်တွင် မန္တလေးမြို့မှ ရန်ကုန် မြို့သို့ ဆင်းကာ အငြိမ့်ကစဉ် ရန်ကုန်မြို့၌ပင် ကွယ်လွန်အနိစ္စ ရောက်ရှာလေသည်။

ဒေါ်စိန်သုံတွင် မွေးချင်းငါးယောက်ရှိ၏။ ထိုငါးယောက် ထဲမှ မောင်တစ်ယောက်ဖြစ်သော ဦးထွန်းမှာ အငြိမ့်ပြွေဆရာ နာမည်ကျော်တစ်ဦးဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)