ရောမဒဏ္ဍာရီ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဧကရာဇ် ထရားဂျန်လက်ထက်က အောက်ခံခုံတစ်ခုမှ ရုပ်ကြွနံရံပန်းပုတွင်ပါရှိသော ရောမြွတ်လပ်စ်နှင့် ရီးမတ်စ်၊ လူပါကယ်ကျောက်ဂူ၊ တိုင်းဗားမြစ် နတ်မင်း၊ ပဲလယ်တိုင်းတောင်ကုန်း။ (အေဒီ ၉၈-၁၁၇)

ရောမဒဏ္ဍာရီ (အင်္ဂလိပ်: Roman mythology) သည် ရှေးခေတ်ရောမသားတို့၏ ဇာစ်မြစ်ရာဇဝင်စဉ်ဆက်ပုံပြင်များ နှင့် ပန်းချီ၊ ပန်းပုကဲ့သို့သော အမြင်ပိုင်းဆိုင်ရာ အနုပညာများနှင့် လတ်တင်စာပေတို့၌ တင်ဆက်ဖော်ပြထားသော ဘာသာရေးစနစ်တို့နှင့် နှီးနွယ်ဆက်စပ်သော ရိုးရာဇာတ်လမ်းပုံပြင်များစွာတို့ဖြစ်သည်။ ရောမဒဏ္ဍာရီသည် ဤထုတ်ဖော်တင်ဆက်မှုများနှင့်ပတ်သက်၍ ခေတ်ပေါ်လေ့လာမှုပညာရပ်ကို ညွှန်းဆိုနိုင်သကဲ့သို့ မည်သည့်ခေတ်ကာလကမဆိုရှိသော အခြားသောယဉ်ကျေးမှုများ၏ စာပေနှင့် အနုပညာများတွင် ဖော်ပြတင်ဆက်ထားသည့် အကြောင်းအရာများကိုလည်း ရည်ညွှန်းနိုင်သည်။

ရောမလူမျိုးတို့သည် ၎င်းတို့၏ ရိုးရာဇာတ်လမ်းပုံပြင်များ၌ ထူးဆန်းအံ့ဩဖွယ်ရာများ၊ သဘာဝလွန်အခြင်းအရာများပါရှိသော်လည်းဘဲ ထိုဇာတ်လမ်းများကို သမိုင်းဝင်ဟူ၍ သတ်မှတ်ကြသည်။ ဤဇာတ်လမ်းပုံပြင်များသည် နိုင်ငံရေး၊ လူ့ကျင့်ဝတ်များနှင့်ပတ်သက်ကာ တစ်ဦးတစ်ယောက်ချင်းဆီ၏ သိက္ခာသမာဓိသည် ထိုလူမှုအဖွဲ့အစည်း (သို့) ရောမနိုင်ငံအပေါ် ထားရှိသည့် ၎င်းတို့၏ တာဝန်ယူမှုနှင့် မည်သို့မည်ပုံဆက်စပ်သလဲဆိုသည်ကို ဖော်ပြသည်။ သူရဲကောင်းဝါဒသည် အဓိကအကြောင်းအရာဖြစ်သည်။ ဇာတ်လမ်းများသည် ရောမဘာသာတရားကျင့်စဉ်များကို ရှင်းလင်းပြသသောအခါ ထိုဇာတ်လမ်းများသည် ဘာသာရေးယုံကြည်မှု၊ စကြာဝဠာအစသဘောတရားများထက် ဓလေ့ထုံးတမ်း၊ အတိတ်နိမိတ်ကောက်ခြင်း၊ ကောင်းစွာတည်မြဲနေပြီးသော ကျင့်ထုံးများနှင့် ပို၍သက်ဆိုင်သည်။[၁]

ရောမရှေးဦးသမိုင်းခေတ်၌ ဂရိဘာသာရေး၏ အီတလီကျွန်းဆွယ်တွင် အစောပိုင်းလွှမ်းမိုးမှုများ၊ ရောမစာဆိုတို့၏ ဂရိစံပြစာပေများကို အနုပညာဆန်စွာ နှောင်းပိုင်းကာလများတွင် တုပမှုများကြောင့် ရောမဘာသာတရားနှင့် ဒဏ္ဍာရီလေ့လာမှုသည် ရှုပ်ထွေး၏ ။ ယုံကြည်ကိုးကွယ်မှုအပိုင်းတွင် ရောမတို့သည် ဂရိနတ်ဘုရားများနှင့် ၎င်းတို့၏ သီးသန့်ရှိသော နတ်ဘုရားများကို ဆက်စပ်ဖော်ပြရန် စိတ်အားထက်သန်လှ၍ ၎င်းတို့ပေးထားသော ရောမအမည်ရှိ ဂရိနတ်ဘုရားများအကြောင်း ဇာတ်လမ်းများစွာကို အနက်ဖော်ထုတ်ရန်လည်း ထက်သန်လှသည်။[၂] ရောမ၏ အစောပိုင်း ဒဏ္ဍာရီနှင့် ရာဇဝင်တို့သည် အစ်ထရစကန်လူမျိုး (Etruscan) တို့၏ ဘာသာတရားနှင့် ထင်ရှားသောဆက်နွယ်မှုရှိသည်။ ထိုဘာသာတရားမှာ ဂရိဒဏ္ဍာရီကဲ့သို့ မှတ်တမ်းတင်မှုနည်းသည်။

ရောမဒဏ္ဍာရီတွင် ဂရိစာပေများ၌ အကျယ်တပြန့်ပါရှိသော တန်ခိုးအစွမ်း အံ့မခန်း ဇာတ်လမ်းများရှိချင်မှ ရှိပေမည်။ [၃] သို့သော် ဝံပုလွေမတစ်ကောင်၏ နို့ချိုသောက်သုံးသောရောမြွတ်လပ်စ် နှင့် ရီးမတ်စ် အကြောင်းသည် ထရိုးဂျန်မြင်း အဖြစ်အပျက်မှလွဲ၍ ဂရိဒဏ္ဍာရီမှ အကြောင်းအရာပုံရိပ်များကဲ့သို့ ကျော်ကြားလှသည်။[၄] အလယ်ခေတ်နှင့် ခေတ်ဆန်းချိန်ကာလတစ်လျှောက်လုံးတွင် လက်တင်စာပေသည် ဥရောပ၌ ကျယ်ကျယ်ပြန့်ပြန့် လူသိများလာသောကြောင့် ရောမသားတို့၏ ဂရိဒဏ္ဍာရီများစွာကို ဖော်ထုတ်ပြန်ဆိုမှုများသည် ဂရိရင်းမြစ်များထက် ဂန္ထဝင်ဒဏ္ဍာရီ (classical mythology) နှင့်ပတ်သက်သော ဇာတ်လမ်းအသွားနှင့် ရုပ်ပုံဖော်တင်ဆက်မှုများအပေါ် ကြီးမားစွာ လွှမ်းမိုးခဲ့သည်။ အထူးသဖြင့် ရောမကဗျာဆရာ အောဗစ် (Ovid) ၏ "အသွင်ပြောင်းခြင်းစာအုပ်" ၌ပါရှိသော ဂရိဒဏ္ဍာရီမူများကို ဩဂတ်စတက်ဆီဇာ လက်ထက်၌ ရေးသားခဲ့၍ စစ်မှန်သော ကျမ်းစာအဖြစ်ယူဆလာခဲ့ကြသည်။

ဘာသာရေးနှင့် ဒဏ္ဍာရီ[ပြင်ဆင်ရန်]

အံ့ဖွယ်အစွမ်းများနှင့် လုပ်ဆောင်ချက်များအကြောင်း ဇာတ်လမ်းများသည် ရောမသားများထက် ဂရိတို့၏ ဘာသာရေးယုံကြည်မှုစနစ်တွင် ပို၍အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်သည်။ ရောမတို့အဖို့ ဓလေ့ထုံးတမ်းနှင့် ယုံကြည်ကိုးကွယ်မှုက အခြေခံပိုကျသည်။ ရောမဘာသာတရားတွင် ကျမ်းစာများ၊ အဋ္ဌကထာ (သို့) ဋီကာကဲ့သို့သော ရှင်းလင်းချက်ကျမ်းများမရှိသော်လည်း ဘာသာရေးဆရာ(နတ်ဆရာ) စာပေများသည် လက်တင်စကားပြေ၏ အစောဆုံးရေးသားသောပုံစံများအနက်တစ်ခုဖြစ်သည်။[၅] အမြင့်ဆုံးဘာသာရေးဂိုဏ်း ဆရာများနှင့် အတိတ်နိမိတ်ကောက်ပေးသော ဘာသာရေးဆရာများ၏ စာအုပ်များနှင့် မှတ်ချက်များ၌ ဘာသာရေးလုပ်ဆောင်ပုံအဆင့်များ၊ ဘုရားစာများ၊ ဘာသာရေးဆိုင်ရာ ဥပဒေအချက်အလက်များအပေါ် ဥပဒကြေငြာချက်များနှင့် အမြင်များပါဝင်သည်။[၆] ဤမော်ကွန်းဝင် ကြောင်းရာများအနက် အနည်းဆုံး အချို့သည် ရောမလွှတ်တော်၏ တိုင်ပင်ဆွေးနွေးမှုများအတွက်ရရှိနိုင်သော်လည်း ထိုစာအုပ်စာပေများသည် အလွန်လျှို့ဝှက်ဆန်းကျယ်သော စာပေပုံစံ (occultum genus litterarum),[၇] ဖြစ်ကာ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဘာသာရေးဆရာများသာ သုံးစွဲရန်အခွင့်ရှိကြသည်။[၈] ကမ္ဘာ့သမိုင်း၊ ရောမမြို့ကံကြမ္မာနှင့် သက်ဆိုင်သော ဟောကိန်းများသည် သမိုင်း၌ အရေးကြီးသောကာလတစ်များတွင် ကံအားလျော်စွာ ပေါ်ပေါက်သည်။ ထိုဟောကိန်းများကိုတွေ့ရှိခဲ့သည့်စာအုပ်မှာ ဝိုးတဝါးအနေထားဖြင့်ရှိသော တဘောင်နိမိတ်စကား စာအုပ်များ (Sibylline books) ဖြစ်၍ ထိုစာအုပ်များကို မာနထောင်လွှားသော ရောမဘုရင် တာကွင် (Tarquin the Proud) က ဘီစီခြောက်ရာစုနှောင်းတွင် Cumaean နတ်ဆရာမထံမှ (ပါးစပ်ရာဇဝင်များအရ) ဝယ်ယူခဲ့သည်။ ရှေးရောမဘာသာတရားနှင့်ပတ်သက်သော သွင်ပြင်အချို့သည် ဘီစီ (၁)ရာစုခန့်က ပညာရှင် မားကပ် ဗာရို၏ ပျောက်ဆုံးခဲ့ပြီဖြစ်သော ယုံကြည်ကိုးကွယ်မှုဆိုင်ရာ (စာပေ)လက်ရာများ၌ ပါရှိခဲ့သည်။ ထိုအကြောင်းကို ဂန္ထဝင်နှင့် ခရစ်ယာန်ဘာသာရေး စာရေးဆရာများမှတစ်ဆင့် သိရှိခဲ့ရသည်။

ကပ်ပီတိုလိုင်းတောင်ကုန်းမှ နတ်ဘုရားသုံးဆူ

အစောဆုံး ရောမနတ်ဘုရားများတွင် ဂျေးနပ်စ် (Janus)၊ ဗက်စ်တာ (Vesta)၊ နှင့် ရှေးဦးနတ်ဘုရားသုံးဆူဖြစ်သည့် ဂျူပီတာ၊ မားစ်၊ ခွစ်ရိနပ်စ်တို့ပါဝင်ကာ ၎င်းတို့ကို ပသသော နတ်ဆရာများမှာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်လေသည်။ ရိုးရာအရ ဆဘိုင်းလူမျိုး ရောမ၏ဒုတိယမြောက်ဘုရင် နျူးမား ပေါန်ပစ်လိယပ်စ်သည် ရောမဘာသာတရားကို တည်ထောင်ခဲ့သည်။ ထိုဘုရင်တွင် ကြင်ယာတော်နှင့် အကြံပေးအဖြစ် ရောမနတ်သမီးတစ်ဦး (သို့) ရှေ့ဖြစ်ဟောနိုင်သူ စမ်းချောင်း(မြစ်)စောင့် နတ်သမီး အက်ဂျက်ရီးယား (Egeria) ရှိသည်ဟု ယုံကြည်ယူဆကြသည်။ အစ်ထရာစကန်(လူမျိုး) လွှမ်းမိုးမှုရှိသော ကပ်ပီတိုလိုင်းတောင်ကုန်းမှ နတ်ဘုရားသုံးဆူဖြစ်သော ဂျူပီတာ၊ ဂျူနို၊ မင်နားဗာတို့သည် ရှေးဦးနတ်ဘုရားသုံးဆူ နေရာတွင်ယူ၍ တရားဝင် အဓိကနတ်ဘုရားများဖြစ်လာကြသည်။ နတ်ဘုရားမနှစ်ပါး၊ နတ်ဘုရားတစ်ပါးသာရှိသော အဓိကနတ်ဘုရားသုံးဆူထားသည့်စနစ် အင်ဒို-ဥရောပ ဘာသာရေးအတွင်း ထူးဆန်းသည့် ဥပမာတစ်ခုဖြစ်သည်။ အဗန်တိုင်းတောင်ကုန်းတွင် ဒိုင်ယာနာ နတ်ဘုရားမကိုးကွယ်ယုံကြည်မှုသည် အခြေခိုင်လာ၏ ။ သို့သော် ဤနတ်ဘုရားမနှင့်ပတ်သက်၍ ရောမတို့၏ အကျော်ကြားဆုံး သရုပ်သကန်ဖော်ကျူးမှုမှာ ဒိုင်ယာနာသည် ဒိုင်ယာနာ နက်မိုရန်းစစ် ဖြစ်နိုင်သည်ဟူ၍ဖြစ်သည်။ ဂျေ.ဂျီ ဖရေးဇာ၏ ဒဏ္ဍာရီဆိုင်ရာ ဂန္ထဝင်စာအုပ် ရွှေရောင်ကိုင်းကြီး (Golden Bough) ၌ သူမအားကိုးကွယ်မှုနှင့်ပတ်သက်ပြီး အာရုံစိုက်ဖော်ပြထားသောကြောင့်ဖြစ်သည်။

အစ်ခ်ဆိုင်းယန်ကို အပြစ်ဒဏ်ခတ်ခြင်း။ အလယ်၌ တောင်ဝှေးကိုင်ဆောင်ထားသော မာကျူရီနတ်ဘုရား၊ ညာတွင် ဂျူနိုနတ်ဘုရားမ၊ သူမနောက်တွင် အိုင်းရစ်နတ်ဘုရားမ၊ ဘယ်၌ ဗာလ်ကန်နတ်ဘုရားရှိ၍ ၎င်းသည် ဘီးလုံးကြီးတစ်ခုကို မောင်းနှင်ကာ ထိုဘီး၌ အစ်ခ်ဆိုင်းယန်ကို ချည်နှောင်ထားသည်။ နက်ဖာလီးတိမ်စောင့်နတ်သမီးသည် မာကျူရီ ခြေထောက်နားတွင် ထိုင်နေခြင်း။ ပွန်ပေမြို့ ဗက်တီးအိမ်တော် ထမင်းစားခန်း၏ အရှေ့ဘက် နံရံ၌ ရေးဆွဲထားသော နံရံဆေးရေးပန်းချီ၊ ရောမစတုတ္ထခေတ်လက်ရာဟန် (အေဒီ ၆၀-၇၉)

နတ်ဘုရားများသည် နေ့စဉ်ဘဝ၏ လက်တွေ့ကျသောလိုအပ်ချက်များကို ထင်ထင်ရှားရှား ကိုယ်စားပြုနိုင်၏ ။ ရှေးခေတ်ရောမတို့သည် နတ်ဘုရားများကို ရိုးရာထုံးဓလေ့များ၊ ပူဇော်ပသတင်လှူခြင်းကို ဂရုတစိုက် ပြုလုပ်ဆောင်ရွက်ကြသည်။ အဦးပိုင်းရောမနတ်ဘုရား/မများတွင် အထူးသီးသန့်နတ်ဘုရားများပါဝင်ပြီး ထိုသီးသန့်လုပ်ငန်းလုပ်ဆောင်ချက်များအပေါ် ၎င်းတို့၏အမည်များကိုတိုင်တည်ကြသည်။ လယ်ထွန်၊ စိုက်ပျိုးစသဖြင့် လုပ်ဆောင်မှုများနှင့်အတူ ရှေးရိုးရာဓလေ့များသည် လုပ်ဆောင်မှုအဆင့်တစ်ခုစီတိုင်း၌ သီးသန့်နတ်ဘုရားတစ်ပါးပါးကို တိုင်တည်၍ လုပ်ဆောင်ကြသည်ဟု ဖော်ပြကာ ထိုနတ်ဘုရားတစ်ပါးစီ၏ အမည်သည် ပုံမှန်အားဖြင့် ထိုလုပ်ငန်းအတွက် ရှိသော ကြိယာ (verb) မှဆင်းသက်လာသည်။ (အဓိက)ဘုရားသုံးပါးသည် ရှေးရောမတွင် အထူးတလည်အရေးပါ၏ ။

ထို့ကြောင့် ဂျေးနပ်စ်နှင့် ဗက်စ်တာတို့သည် တံခါးဝနှင့် မီးလင်းဖိုကိုစောင့်ရှောက်၍ လားရီးဇ်သည် လယ်ကွင်းနှင့် အိမ်ကို ကာကွယ်သည်။ ပေးလ်စ်သည် စားကျက်မြေ၊ စေတန်သည် မျိုးကျဲခြင်း၊ စီယာရီးဇ်သည် မျိုးစေ့တို့၏ ကြီးထွားခြင်း၊ ပါမောနာသည် သစ်သီး၊ ကောန်ဆပ်နှင့် အော့ပ်စ် သည် ရိတ်သိမ်းခြင်း စသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်သော နတ်ဘုရား/မ များဖြစ်ကြသည်။ နတ်တို့သနင်း ဂျူပီတာနတ်ဘုရားကိုသော်တောင်မှ ယာခင်း၊ စပျစ်ခင်းများအတွက် မိုးရေရရှိစေရန် ဂုဏ်တော်ရွတ်ဆို တောင်းဆုပြုကြသည်။ ပို၍ခြုံငုံလွှမ်းခြုံနိုင်သော ပုံစံဖြင့် ဂျူပီတာကို ၎င်း၏မိုးကြိုးလက်နက်မှတစ်ဆင့် ၎င်းသည် လူ့အရေးလူ့ကိစ္စကို စိုးမိုးသူအဖြစ်ယူဆကြ၏ ။ ၎င်း၏ကျယ်ပြန့်လှသောနယ်ပယ်များကြောင့် ရောမသားတို့သည် ၎င်းတို့၏တိုင်းပြည်၊ လူမှုအဖွဲ့အစည်းနယ်ပယ်အလွန်က စစ်ရေးဆိုင်ရာလုပ်ဆောင်မှုများ၌ ၎င်းတို့ကို ကာကွယ်သူအဖြစ်လည်း သတ်မှတ်ယူဆကြသည်။ အစောပိုင်းထင်ရှားသောနတ်ဘုရားများမှာ မားစ်၊ ခွစ်ရစ်နပ်စ် တို့ဖြစ်ကာ တစ်ပါးနှင့်တစ်ပါး ဆက်စပ်ဖော်ပြကြသည်။ မားစ်သည် စစ်ရေးစစ်ရာနတ်ဘုရားဖြစ်၍ မတ်လနှင့် အောက်တိုဘာလများတွင် ပူဇော်ကြသည်။ ခေတ်သစ်ပညာရှင်များက ခွစ်ရစ်နပ်စ်ကို ငြိမ်းချမ်းသောကာလများ၌ စစ်တပ်၏ ကာကွယ်ထောက်ပံ့သူအဖြစ် ရှုမြင်ကြသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. John North, Roman Religion (Cambridge University Press, 2000) pp. 4ff.
  2. North, Roman Religion, pp. 4–5.
  3. North, Roman Religion, p. 4.
  4. T. P. Wiseman, Remus: A Roman Myth (Cambridge University Press, 1995), p. xiii.
  5. Moses Hadas (1952). A History of Latin Literature. Columbia University Press, 15. ISBN 978-0-231-51487-3 
  6. C. O. Brink (1963). Horace on Poetry: Epistles Book II: The Letters to Augustus and Florus. CUP Archive, 64. ISBN 978-0-521-20069-1 
  7. Cicero, De domo sua 138.
  8. Jerzy Linderski, "The libri reconditi," Harvard Studies in Classical Philology 89 (1985) 207–234.