ရေမွှေး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရေမွှေး (အင်္ဂလိပ်: Perfume) (UK: /ˈpɜːr.fjuːm/ US: /pərˈfjuːm/; ပြင်သစ်: parfum) ကို ရှေးပဝေဏီကပင် တရုတ်၊ အိန္ဒိယနှင့် အီဂျစ်နိုင်ငံများတွင် အသုံးပြုခဲ့ကြသည်။သို့သော် ထိုစဉ်က မွှေးကြိုင် သောအရွက်၊ အခေါက်နှင့်သစ်သားတို့ကိုသာ မီးထွန်း၍ ဘုရား ကျောင်းများတွင် ပူဇော်သက္ကာရ ပြုခဲ့ကြသည်။ ထိုသို့မီးထွန်း၍ ပူဇော်သည့်အခါတွင် မီးခိုးများထွက်သဖြင့် ပန်းနံ့သာ အခေါက် အရွက်တို့မှ မွှေးကြိုင်သောအရည်အဖြစ်သို့ပြောင်းလဲရန် ကြံဆ ခဲ့ကြလေသည်။

ရှေးနှစ်ပေါင်း ၅ဝဝဝ ခန့်ကပင် အီဂျစ်နိုင်ငံ၌ ရေမွှေး အသုံးပြုခဲ့သည့် အထောက်အထားများကို ယင်းတို့၏ ဘုရင်မ သင်းချိုင်းကို တူးဖော်ရာမှ အမွှေးနံ့သာခဲများကို အမွှေးထည့် သည့်ခွက်များတွင် ထည့်ထားသည်ကို တွေ့ရခြင်းဖြင့် သိနိုင် ပေသည်။ ထိုပြင် ရှေးအီဂျစ်လူမျိုးများသည် မိမိတို့အိမ်သို့ ရောက်ရှိလာကြသော ဧည့်သည်များအား ရှေးဦးစွာ ဦးခေါင်းကို ရေမွှေးလောင်း၍ ခရီးဦးကြို ပြုလုပ်တတ်ကြလေသည်။ ရှေးဂရိလူမျိုးနှင့် ရောမလူမျိုးတို့သည် ကိုယ်လက်အင်္ဂါ လှုပ်ရှားကစားမှုများ ပြီးစီးသည့်အခါ၌၎င်း၊ ရေချိုး သန့်စင်ပြီး သောအခါ၌၎င်း ယင်းတို့၏ကိုယ်ကို ရေမွှေးဖြင့် သုတ်လိမ်းလေ့ ရှိသည်ဟု သိရပေသည်။

မြန်မာလူမျိုးများသည် ရှေးအခါကပင် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် အဆက်အဆံရှိခဲ့ကြသဖြင့် ရေမွှေးနှင့် အခြားအမွှေး နံ့သာများ အသုံးပြုကြပုံကို ထိုနိုင်ငံသားများထံမှပင် အတုရခဲ့ ဟန် တူသည်။ ပုဂံခေတ် ကျောက်စာများ၌ စန္ဒကူးဖြူ၊ စန္ဒကူး နီတို့ဖြင့် ပြုလုပ်ထားသည့် ကြုတ်တို့ဖြင့် သရီရဓာတ်တော်များ ကို ထည့်၍ ဌာပနာထားကြောင်း အဆိုရှိလေသည်။

အင်းဝခေတ်တွင်မူ နံ့သာမျိုးကိုသာမက ကတိုးရည်များ ကိုပါ အသုံးပြုခဲ့ကြသည်ဟု သိရပေသည်။ ကုန်းဘောင်ခေတ် တွင်ကား ပြည်တွင်းဖြစ် အမွှေးနံ့သာရည်များသာမက နိုင်ငံခြား ဖြစ် ရေမွှေးများကို ဖန်ပုလင်းများ၌ ထည့်၍ အသုံးပြုခဲ့ကြ လေသည်။

မဂဓအဘိဓာန်၌ နံ့သာလေးမျိုးရှိကြောင်း ဖော်ပြထားလေ သည်။ယင်းတို့မှာ (၁) ကုံကုမံ၊ (၂) လေး ည|င်း၊ (၃) ကမျဉ်း နှင့် (၄) တောင်စလပ် ဖြစ်သည်။ မြန်မာဆေးကျမ်းတို့၌မူ နံ့သာမျိုး ငါးပါးဟု ဖော်ပြ ထားသည်။ ထိုငါးမျိုးမှာ (၁) နံ့သာဖြူ၊ (၂) နံ့သာနီ၊ (၃) ကရမက်၊ (၄) အကျော်နှင့် (၅) စမ္ပာတို့ ဖြစ် သည်။ မြန်မာဆေးကျမ်းတို့၌ နံ့သာဆီမွှေးတို့၏ အကျိုးအာနိသင်ကို လေးနက်စွာ ဖော်ပြထားလေသည်။ ယော အတွင်းဝန် ဦးဘိုးလှိုင် ပြုစုသော ဥတုဘောဇနသင်္ဂဟကျမ်း၌ ပန်းတို့ဖြင့် ထုံအပ်သော ဆီမွှေး၊ နံ့သာ ဆီဖြူ၊ ကရမက် အစရှိသော ဆီမွှေးတို့ဖြင့် ကိုယ်လက်အင်္ဂါတို့ကို လိမ်းနယ်ခြင်း သည် လေနာ၊ သလိပ်နာ၊ နှလုံးနာ၊ ပင်ပန်းခြင်းတို့ကို ငြိမ်းစေ နိုင်၏။ အားကြီး၏၊ ချမ်းသာ၏။ စသည်ဖြင့် ဖော်ပြထား သည်ကို တွေ့ရလေသည်။

အာရပ်လူမျိုးတို့သည် ရှစ်ရာစုနှစ်ခန့်တွင် နှင်းဆီပွင့်ချပ် တို့ကို ပေါင်းတင်၍ နှင်းဆီအမွှေးရည်ကို စတင် ပြုလုပ်ခဲ့ကြ သည်။ ကိုးရာစုနှစ်ခန့်တွင် ပါးရှင်းလူမျိုးတို့သည် နှင်းဆီရည် ကို တိုးချဲ့၍ လုပ်တတ်ခဲ့ကြသည်။ ထိုမှ တစ်စတစ်စ ကြံစည် စမ်းသပ်ခြင်းဖြင့် ခေတ်မီရေမွှေးများ ပေါ်ထွက်လာလေသည်။ ရေမွှေးပြုလုပ်သူများသည် ရှေးအခါကပင် ရေမွှေး အကောင်းဆုံးသည် မည်သည့်နည်းနှင့်မျှ တစ်မျိုးတည်းမှ မရနိုင်ကြောင်းကို သိခဲ့ကြလေသည်။ ပစ္စည်းပေါင်း မြောက်မြား စွာမှ ရရှိသော ရေမွှေးများကို ကျွမ်းကျင်စွာ ရောစပ်ခြင်းဖြင့် သာ ပြုလုပ်လေ့ရှိကြသည်။ ယနေ့တိုင်ပင် ရေမွှေးကောင်းများ ကို အမြောက်အမြား မပြုလုပ်နိုင်ကြသေးချေ။ တစ်စတစ်စ တိုးတက်ကောင်းမွန်လာသည်အထိ ပြုပြင်လာရသော အတတ် ဖြစ်သဖြင့် လွယ်လွယ်နှင့် ရေမွှေးကောင်း ဖြစ်လာအောင် စပ်ယူနိုင်မည် မဟုတ်ချေ။ နှစ်ပေါင်းများစွာ လေ့လာမှတ်သား လာခဲ့သူ၊ ကျွမ်းကျင်သည့် ရေမွှေးစပ်သူများကသာ ရေမွှေး ကောင်းဖြစ်လာအောင် ရောစပ်ပေးနိုင်လေသည်။ ထိုရေမွှေး ရောစပ်သူမျးက တိရစ္ဆာန်၊ အပင်နှင့် ဓာတုဗေဒနည်းဖြင့် လုပ်ယူသည့် ရေမွှေးအမျိုးမျိုးကို ရောစပ်ယူကြသည်။ ရေမွှေး အမျိုးမျိုးကို ရောစပ်ယူကြသည်။ ရေမွှေးအမျိုးမျိုးဖြစ်အောင် ထိုအခြေခံ ရေမွှေးများကို အချိုးအမျိုးမျိုးဖြင့် စပ်ယူနိုင်ပေ သည်။ ရေမွှေးအကောင်းဆုံးတွင် တိရစ္ဆာန်မှ ရရှိသည့်အမွှေး အကြိုင် အများဆုံးပါသည်။ အကောင်းဆုံး ရေမွှေးကို များ သောအားဖြင့် ပြင်သစ်နိုင်ငံတွင် ပြုလုပ်သည်။

ယခုအခါတွင် ရေမွှေးကို သွားတိုက်ဆေးများ၊ ကိုယ်နှင့် မျက်နှာလိမ်းပေါင်ဒါများ၊ နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွေးရိတ် ဆပ်ပြာများ၊ ခေါင်းလိမ်းဆီများနှင့် ဆပ်ပြာများတွင်ပါ ထည့်၍ အသုံးပြုကြလေသည်။

တိရစ္ဆာန်များမှရရှိသည့် အမွှေးအကြိုင်များသည် အနံ့ပြင်း ၍ ထိရောက်ပြီးလျှင် တာရှည်ခံသဖြင့် လွန်စွာတန်ဖိုးရှိကြလေ သည်။ ထိုတိရစ္ဆာန်အဆီများကို များများသုံးလျှင် မူးနောက် နောက် ဖြစ်စေသော်လည်း အနံ့ပျော့သည့်ပန်းများမှ ရရှိသော အမွှေးအကြိုင်များတွင် အနည်းငယ်ထည့်ပေးလျှင် အနံ့ပျော့ခြင်း မှ အနံ့ပြင်း လာနိုင်ပြီးလျှင် တာရှည်လည်း ခံလာတတ်သည်။ တိရစ္ဆာန်များမှ ရရှိသည့် အမွှေးအကြိုင်များကို အရက်ပြန်နှင့် ရောပြီးလျှင် ရေမွှေးများတွင် စပ်လေ့ရှိကြသည်။ တိရစ္ဆာန်များမှ ရရှိသည့် အချို့အမွှေးအကြိုင်များမှာ ဗီဗာ ဖျံမှ ရရှိသည့် ကက်စတာခေါ် ဆီတစ်မျိုး၊ ကြောင်ကတိုးမှ ရရှိသည့် ဆီတစ်မျိုးနှင့် ကတိုးတွင် အထူးအိတ်ကလေး၌ ရှိသည့် ကတိုးဆီများ ဖြစ်သည်။

ကြောင်ကတိုးမှ ရရှိသည့် အမွှေးအကြိုင်ကို မျက်နှာနှင့် ကိုယ်လိမ်းပေါင်ဒါများတွင် ထည့်ပေးလေ့ရှိကြသည်။ အလွန် ကောင်းမွန်သည့် ရေမွှေးများတွင် ကတိုးဆီသည် ပါစမြဲဖြစ်၏။ တရုတ်နိုင်ငံမှ ရရှိသည့် တုန်ကင်ကတိုးသည် ကတိုးတွင် အကောင်းဆုံးဖြစ်ပြီးလျှင် ဈေးလည်း အကောင်းဆုံးဖြစ်၍ တိရစ္ဆာန်မှ ရရှိသည့် အမွှေးအကြိုင်ဖြစ်သည်။ ကက်စတာဆီကို အရက်ပြန်နှင့် ခပ်ပျော့ပျော့ရောစပ်ထားပြီးလျှင် ရေမွှေး အမြောက်အမြားတွင် အသုံးပြုလေ့ရှိကြလေသည်။ မွှေးကြိုင်သည့် အပင်များတွင် အမွှေးအကြိုင်များကို အိတ်ငယ်ကလေးများတွင် သိုလှောင်ထားလေ့ ရှိကြသည်။ ထိုအမွှေးအကြိုင်မှာ ဆီဖြစ်၍ ရေမွှေးလုပ်သူများက ထိုဆီကို အရေးကြီးသည့်ဆီဟု ခေါ်လေ့ရှိကြသည်။ အပင်အမျိုးမျိုးတွင် နေရာအမျိုးမျိုး၌ အရေးကြီးသည့်ဆီ ရှိကြလေသည်။ အနံ့ ပြေပြစ်သည့် ရေမွှေးများသည် များသောအားဖြင့် ပန်းပွင့်များမှ လုပ်ယူကြခြင်း ဖြစ်သည်။ရေမွှေးပြုလုပ်သူများသည် အရေးကြီး သည့် ဆီများကို ပန်းပွင့်များမှ နည်းအမျိုးမျိုးဖြင့် ထုတ်ယူကြ လေသည်။ မွှေးကြိုင်သည့် ပန်းပွင့်များ၏ ပွင့်ချပ်များကို ရေနှင့် ပြုတ်လိုက်သောအခါ ပွင့်ချပ်များရှိ အရေးကြီးသည့် ဆီသည် ဓာတ်ငွေ့အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။ ထိုနောက်မှ ဓာတ်ငွေ့များကို အအေးခံ၍ အရည်အဖြစ်သို့ ပြန်၍ ပြောင်းလဲ သွားစေသည်။

အခြားတစ်နည်းဖြင့် အရေးကြီးသည့်ဆီကို ထုတ်ယူရာ တွင် မှန်ချပ်များကို အနံ့မရှိသောဆီများ သုတ်၍ ပန်းပွင့်တို့၏ ပွင့်ချပ်များကို ထိုမှန်များပေါ်တွင် တစ်ဖန်ဖြန့်ပြီးလျှင် အခြား ဆီ သုတ်ထားသည့် မှန်ချပ်များ ဖြင့် ဖိပေးပြန်သည်။ ထိုနည်း ဖြင့် ဆီများက ပန်းပွင့်ချပ်များရှိ အရေးကြီးသည့်ဆီကို စုတ်ယူ လေသည်။ တစ်ဖန် အရေးကြီးသည့်ဆီကို ဆီများမှ ထုတ်ယူရ ပေဦးမည်။ ထုတ်ယူရာတွင် ဆီများကို အရက်ပြန်နှင့် ရော၍ ပိတ်ထားသည့် အိုးတစ်လုံးတွင် ထည့်ကာ အပူတိုက်ပေးသည်။ အရက်ပြန်သည် အရေးကြီးသည့် ဆီနှင့်ရောပြီးလျှင် အပေါ်သို့ တက်လာသည်။ ထိုအခါ ထိုသို့တက်လာသော အရေးကြီးသည့် ဆီနှင့် အရက်ပြန်ကို ခပ်ယူကြလေသည်။

ရှောက်နှင့် လိမ်မော်တို့ကဲ့သို့ အသီးမျးတွင် အရေးကြီး သည့် ဆီသည် အသီး၏အခွံတွင် ရှိနေသဖြင့် ထိုအရေးကြီး သည့် ဆီကို ည|စ်ယူကြလေသည်။

ပူဒီနာပင်တွင်မူ အရေးကြီးသည့် ဆီသည် အရွက်နှင့် ပင်စည်တို့တွင် ရှိနေလေသည်။ သစ်ကြံပိုးတွင်ကား အရေးကြီး သည့် ဆီသည် အခေါက်များတွင် တည်ရှိနေသည်။ သစ်နီ၊ ဆီဒါထင်းရှူးမျိုးနှင့် စန္ဒကူးတို့တွင် အရေးကြီးသည့် ဆီသည် သစ်သား၌ပင် ရှိနေလေသည်။ လေးည|င်း၊ ဇာဒိပ္ဖိုလ်နှင့် စမုန် စပါးတို့၌ အရေးကြီးသည့် ဆီသည် အစေ့များတွင် ရှိနေသည်။ မွှေးကြိုင်သည့်အစေးများကို ယူရန်အတွက်ကိုမူ အပင်များကို ဓားနှင့်ထစ်၍ ယူကြရသည်။

အရေးကြီးသည့်ဆီကို မည်သည့်ပစ္စည်းမျိုးမှ ရယူသည် ဖြစ်စေ လုပ်သက်ရှည်ပြီးလျှင် အလွန်ကျွမ်းကျင်သူမှသာ ထို အရေးကြီးသည်ဆီကို ထုတ်ယူနိုင်လေသည်။ ထိုဆီကို ထုတ်ယူ ရာတွင် အနည်းငယ်မျှ လွဲမှားခြင်းကြောင့် လိုသည့်အနံ့ကို မရနိုင်ဘဲ အခြားအနံ့တစ်မျိုးမျိုးကို ရရှိတတ်သည်။ အထူး သဖြင့် ပန်းပွင့်များမှ အရေးကြီးသည့်ဆီကို ထုတ်ယူရာတွင် လွန်စွာ အရေးကြီးလေသည်။ ပန်းပွင့်များကို အနေတော်တွင် ခူးယူရပြီးလျှင် အရေးကြီးသည့်ဆီကို ဂရုတစိုက် ထုတ်ယူရ လေသည်။

ကျောက်မီးသွေးကတ္တရာထွက်ပစ္စည်းများမှ ဓာတုဗေဒ ပညာရှင်များသည် ဆင်းသတစ်နည်း (သမ္ဘာရနည်း)ဖြင့် ရေမွှေး များကို လုပ်ယူကြသည်။ ထိုသို့ပြုလုပ်ရာတွင် ဓာတုဗေဒပညာ ရှင်တို့သည် အရေးကြီးသည့်ဆီ အမျိုးမျိုးကို ဓာတ်ခွဲကြည့်ကြ လေသည်။ ထိုသို့ ဓာတ်ခွဲပြီးသော် ထိုအရေးကြီးသည့်ဆီများ၏ ဓာတုဗေဒနည်းဖြင့် ဖြစ်ပေးနေပုံကို အတုယူ၍ လုပ်ယူကြလေ သည်။ ထိုသို့ ဓာတုဗေဒပညာရှင်များ လုပ်ယူသော ရေမွှေးများ သည် အပေါစား အတုများမဟုတ်ကြချေ။ အမှန်မှာ ထိုသို့ ဆင်းသတစ်နည်းဖြင့် လုပ်ယူသည့် ရေမွှေးများသည် ရေမွှေး အစစ်များနှင့် များသောအားဖြင့် ဓာတ်သဘောတွင် တထေ တည်း တူသည့်အပြင် အညစ်အကြေး ပါရှိရာ၌လည်း အပါ နည်းနိုင်လေသည်။ သို့သော် ထိုသို့ ဓာတုဗေဒနည်းဖြင့် လုပ်ယူ သောရေမွှေး များသည် ရေမွှေးအစစ်များထက် ပို၍ ဈေး သက်သာလေသည်။

မြန်မာနိုင်ငံရှိ ဘီ-ပီ-အိုင်ခေါ် မြန်မာနိုင်ငံ ဆေးဝါးထုတ် လုပ်ရေးလုပ်ငန်းမှ ရေမွှေးများကို ယခုအခါ ပြုလုပ်ရောင်းချ လျက် ရှိလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)