ရေနွေးငွေ့ အင်ဂျင်

ဝီကီပီးဒီးယား မှ
ရေနွေးငွေ့အင်ဂျင် ပုံကြမ်း 1 - piston 2 - piston rod 3 - crosshead bearing 4 - connecting rod 5 - crank 6 - eccentric valve motion (valve that moves irregularly) 7 - flywheel (a special large wheel) 8 - sliding valve 9 - centrifugal governor

ရေနွေးငွေ့အင်ဂျင် (မီးထိုးအင်ဂျင်စက်)သည် ရေနွေးငွေ့ကို အသုံးပြုထားသော အပူအင်ဂျင်စက်တစ်မျိုး ဖြစ်၍ အပူအင်ဂျင်စက်ဆိုသည်မှာ ဓာတ်ငွေ့အား အင်ဂျင်စက်၌ ဓာတ်ငွေ့၏ အပူစွမ်းအင်ကိုလည်းကောင်း ရေနွေးငွေ့အား အင်ဂျင်စက်၌ ရေနွေးငွေ့၏ အပူစွမ်းအင်ကိုလည်းကောင်း စက်အလုပ်သို့ ပြောင်းလဲပေးသည့်စက်ကို ဆိုလိုသည်။ လွယ်လွယ်ပြောရလျှင် ရေနွေးငွေ့အင်ဂျင်သည် ပွက်ပွက်ဆူနေသော ရေမှ ထွက်လာသော ရေနွေးငွေ့ဖြင့် ခုတ်မောင်းအလုပ်လုပ်သည့် အင်ဂျင်ပင် ဖြစ်လေသည်။ ရေနွေးငွေ့၏ အပူစွမ်းအင်မှ အရွေ့စွမ်းအင်သို့ပြောင်းကာ စက်များလည်ပတ်စေခြင်းဖြင့် စက်ရုံများတွင်သော်လည်းကောင်း၊ ရထားများ၊ သင်္ဘောများတွင် သော်လည်းကောင်း သုံးသည်။

တီထွင်မှုသမိုင်း[ပြင်ဆင်ရန်]

ရေနွေးငွေ့အင်ဂျင် ကို ဂျိမ်းစ်ဝပ် က ၁၇၇၆ ခုနှစ်လောက် တွင် တည်ထွင်ခဲ့ပြီး မြင်းများ၊ လေရဟတ်များ၊ ရေရဟတ်များ ကို အစားထိုးကာ စက်မှုတော်လှန်ရေး ၏ အရေးပါသော အခန်းမှ ပါဝင်ခဲ့သည်။

ရေနွေးငွေ့ဖြင့်လာသော စက်တစ်လုံးကို အီဂျစ်ပြည် အလက်ဇန္ဒြီးယားမြို့မှ ဟီရိုဆိုသူ ပုဂ္ဂိုလ်တစ်ဦးက ဘီစီ ၁၃ဝ ပြည့်နှစ်လောက်တွင် ရှေးဦးစွာ စမ်းသပ်ကြံစည်ခဲ့ဖူးသည် ဆို၏။ သို့သော် လက်တွေ့လုပ်ငန်းတွင် အသုံးပြုနိုင်သည့် ပထမဦးဆုံးစက်ကိုမူ ၁၆၉၆ ခုနှစ်တွင် တောမတ်ဆေဗရီ အမည်ရှိသော အင်္ဂလိပ်လူမျိုးတစ်ဦးက စတင်၍ ဆောက်လုပ်ခဲ့လေသည်။ ဆေဗရီ၏စက်မှာ ရေစုပ်စက် ဖြစ်၏။ သို့ရာတွင် ထိုစက်၌ ယခုခေတ်စက်များမှာကဲ့သို့ ဆလင်ဒါနှင့် ပစ္စတန် (ပြွတ်တံခေါင်း)များ မပါရှိချေ။ ရေနွေးငွေ့ကို ရေပြန်ဖြစ်အောင် ပေါင်းစုစေပြီးနောက် ဖြစ်ပေါ်လာသောပလာနယ်ဖြင့် ရေကို စုပ်တင်ပေးခြင်းဖြစ်သည်။ ၁၇ဝ၅ ခုနှစ်တွင် ပြင်သစ်လူမျိုး ပေပင်ဆိုသူက ပထမဆုံးဆလင်ဒါနှင့် ပစ္စတန် (ပြွတ်တံခေါင်း) ပါသည့် ရေစုပ်စက်ကို ပြုလုပ်၍ ထိုနှစ်တွင်ပင် တောမတ်နျူ ကိုမင်ဆိုသူ အင်္ဂလိပ်လူမျိုးတစ်ဦးကလည်း အလားတူ စက်တစ်လုံးကို တီထွင်သည်။ ယင်းစက်နှစ်မျိုးစလုံးမှာပင် ရေနွေးငွေ့အားဖြင့် ပြွတ်တံခေါင်းကို ရှေ့တိုးနောက်ငင် လှုပ်ရှားအောင် စီမံထားသည်။ နျူကိုမင်စက်က ပေပင်၏စက်ထက် ယခုခေတ် စက်မျိုးနှင့် ပို၍နီးစပ်၏။ သို့သော် ခေတ်မီသောစက်ကား မဟုတ်သေးချေ။ ဂျိမ်းဝပ်ဆိုသူ စကော့လူမျိုးတစ်ဦး၏ လက်ထက်သို့ရောက်မှ ခေတ်မီသော ရေနွေးငွေ့အင်ဂျင်များ စတင်၍ ပေါက်ဖွားလာသည်။ ခေတ်မီ၍ တစ်ကမ္ဘာလုံးက အားထားရသော စက်မျိုးကို အစပျိုးပေးခဲ့သူ ဖြစ်သဖြင့်လည်း သူ၏အမည် ယနေ့တိုင်အောင်ကျော်ကြားခဲ့ပေသည်။

ဂျိမ်းဝပ်သည် ဂလပ်စကို တက္ကသိုလ်အတွက် ကိရိယာ တန်ဆာပလာများ ပြင်ဆင်ပြုလုပ်ပေးရသည့်အလုပ်ကို လုပ်ကိုင်လျက်ရှိစဉ်၊ ၁၇၆၃ ခုနှစ်၌ တစ်နေ့တွင် နျူကိုမင်၏ရေစုပ်စက် ကလေးတလုံးကို ပြင်ဆင်ရန် တာဝန်ပေးအပ်ခြင်း ခံရသည်။ ထိုစက်ကို ပြင်ရာမှ ရေနွေးငွေ့ အကုန်များသလောက် အလုပ် မလုပ်နိုင်သည့် ချွတ်ယွင်းချက်ကို တွေ့မြင်ပြီးလျှင် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပေးနိုင်မည့် အကြံအစည်များ ထွက်ပေါ်လာသည်။ ဝပ်သည် ဆလင်ဒါထဲသို့ ဝင်ရောက်လာသည့် ရေနွေးငွေ့ကို ပူနိုင်သမျှ ပူနေစေရန် ကွန်ဒင်ဆာခေါ် ရေနွေးငွေ့မှ ရေအဖြစ် ပြန်လည် ပေါင်းစုလာအောင် ပြုလုပ်ပေးမည့်အိုးတစ်လုံးကို သီးခြားတပ်ဆင်ပေးသည်။ ကွန်ဒင်ဆာတွင် ပလာနယ်ဖြစ်နေအောင် လေစုတ်ဘုံပိုင်တစ်ခုကို တပ်ပေးသည်။

ထိုနောက် ဆလင်ဒါကို အမြဲတမ်း ပူနေစေရန် ဆလင်ဒါအပြင်ဘက်၌ အိမ်တစ်ခုဖြင့် ထပ်ငုံပေး၍ ထိုအိမ်ထဲသို့ ရေနွေးငွေ့ကို သွင်းပေးသည်။ ဤရည်ရွယ်ချက်ဖြင့်ပင် ပွင့်နေသော ဆလင်ဒါပြွန်ဝကို ပိတ်၍ ပြွတ်တံခေါင်း မောင်းတံကို အပြင်ဘက်သို့ ထုတ်ပြီးလျှင် ရေနွေးငွေ့ကို ပြွတ်တံခေါင်း၏ အထက်နှင့်အောက် နှစ်ဘက်လုံးမှ ဝင်စေသည်။ ဝပ်သည် အမျိုးမျိုး စမ်းသပ်ပြီးနောက် ၁၇၆၉ ခုနှစ်တွင် သူ၏စက်ပုံစံကို မူပိုင်ခွင့်မှတ်ပုံတင်လိုက်သည်။ ဝပ်၏ ပထမတီထွင်ချက်များမှာ အလွန်အရေးကြီး၍ အဖိုးတန်၏။ သို့သော် ထိုစက်မှာ နျူကိုမင်စက်ထက် သာလွန်ကောင်းမွန်သော ရေစုပ်စက်သာလျှင် ဖြစ်သေး၍အခြားကိစ္စများအတွက် ခုတ်မောင်း အသုံးပြုနိုင်သည့် စက်မျိုး မဟုတ်သေးချေ။

ဝပ်သည် မိမိ၏စက်ကို ကောင်းသည်ထက်ကောင်းအောင် ကြံစည်ကြိုးစားရင်း အခါအခွင့်အားလျော်စွာ စက်ပုံစံများကို အကြိမ်ကြိမ် မှတ်ပုံတင်ရာတွင် စက်ကို အရှိန်မှန်မှန်နှင့် ပြေပြစ်စွာ လည်စေရန် အားပေးဘီးဖြင့် ဝင်ရိုးကို လည်စေခြင်းနှင့်တကွ အခြားစီမံချက်များ ပိုလာသည်။ ဤစီမံချက်မှာ ရေနွေးငွေ့အင်ဂျင်နှင့် ရေစုပ်သည့်အလုပ် တစ်ခု တည်းကိုသာမက အခြားအလုပ်များကိုပါ လုပ်ကိုင်နိုင်အောင် လမ်းစဖွင့် ပေးလိုက်ခြင်းပင် ဖြစ်သည်။ ၁၇၈၂ ခုနှစ်တွင် တတိယအကြိမ် မှတ်ပုံတင်ရာ၌ အလွန်အရေးကြီးသည့် တိုးတက်မှုနှစ်ရပ် ထပ်တိုးလာပြန်သည်။ တိုးတက်မှုတစ်ခုမှာ ပြွတ်တံခေါင်း၏ တဖက်တချက်၌ ရေနွေးငွေ့နှင့် ပလာနယ်ကို တလှည့်စီ အသုံးပြုခြင်းဖြစ်၍၊ အခြားတိုးတက်မှုမှာ ရေနွေးငွေ့၏ ပြန့်ထွက်တတ်သည့် သတ္တိကို အသုံးပြုခြင်း ဖြစ်လေသည်။ အသုံးပြုပုံမှာ ပြွတ်တံခေါင်းသည် ဆလင်ဒါအတွင်း တပိုင်းခန့် ခုတ်မိသောအခါ ရေနွေးငွေ့ကို ပိတ်ပေး လိုက်၏။ ထိုအခါ ကျန်သောတပိုင်းကို ဆလင်ဒါအတွင်း ရောက်နေသည့် ရေနွေးငွေ့က ပြန့်ထွက်သွားရင်း သူ့ဘာသာသူ ခုတ်ယူသွားသည်။ ဤစီမံချက်သည် ထင်းမီးနှင့် ရေနွေးငွေ့ အကုန်အကျကို သက်သာစေ၏။ ထိုမှတပါး စက်၏ အနှေးအမြန်ကို ထိန်းပေးရန် ဂါဗာနာ၊ ရေနွေးငွေ့၏အဝင်နှုန်းကို ထိန်းပေးရန် သရော်တယ်ဗာ့ခေါ် အဆို့ရှင်၊ ဆလင်ဒါအတွင်း ရေနွေးငွေ့ဖိအားနှင့် ပြွတ်တံခေါင်း၏ လှုပ်ရှားမှုတို့ ဆက်စပ်နေပုံ ဇယားကို အလိုအလျောက် ရေးဆွဲပေးသော အင်ဒီကေတာခေါ် ပုံဆွဲကိရိယာ၊ ရေနွေးငွေ့အဝင်အထွက်ကို ထိန်းပေးရန် ရေနွေးငွေ့လွှဲ အဆို့ရှင်လျှောများကိုလည်း တီထွင်ခဲ့သည်။ ဝပ်၏ တီထွင်ချက်များသည် ရေနွေးငွေ့အင်ဂျင်သမိုင်းတွင် အလွန်အရေးကြီး တန်ဖိုးရှိသော်လည်း ထိုတီထွင် ချက်များကို သူသည် ရက်ပိုင်း လပိုင်းအတွင်း လွယ်ကူစွာနှင့် ကြံစည်တွေ့ရှိခဲ့သည်ကား မဟုတ်ပေ။ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီးများ တွေ့ကြုံရမြဲဖြစ်သည့်အတိုင်း စိတ်ပျက်စရာ ဆင်းရဲဒုက္ခ အခက်အခဲ အမျိုးမျိုးကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပေသည်။ နမူနာ စက်ကလေးကို ကြံစည်စဉ် အောင်မြင်၍ စက်ကြီး တည်သောအခါ မှန်းခြေမကိုက်ဘဲ ပျက်စီးခဲ့ရသည့်အခါများလည်း ရှိသည်။ နောက်ဆုံးတွင် ဘာမင်ဂမ်မြို့မှ မက်သယူဗူလတန်ဆိုသူ၏အကူအညီကို ရ၍ ထိုသူနှင့် အလုပ်စပ်တူ ပြုလုပ်သည့်အခါတွင်မှ လက်တွေ့ အောင်မြင်သော ခေတ်မီရေနွေးငွေ့အင်ဂျင်ကို ပထမဦးစွာ တည်ဆောက်နိုင်ခဲ့လေသည်။

နောင်သော် ဝပ်၏ ရေနွေးငွေ့အား အင်ဂျင်စက်ကို အခြေပြုကာ နောက်ပေါ် သိပ္ပံပညာရှင်ကြီး အသီးသီး၏ ကြိုးစားချက်ကြောင့် တခေတ်ထက်တခေတ် ပိုမိုခေတ်မီသော ရေနွေးငွေ့ ဖိအားကိုသာ ပေးနိုင်သည့် ဗွိုင်လာအိုးမျိုးမှ ဖိအားပေါင်ချိန် ၁ဝဝဝ အထိပေးနိုင်သော ဗွိုင်လာအိုးမျိုး ပေါ်ပေါက်လာသည်။ ခေတ်မီသော ဗွိုင်လာအိုးတွင် ရေနွေးငွေ့ဖိအားကြီးလာက သူ့အလိုအလျောက် လွတ်ထွက်သွားနိုင်သော ဘေးကင်း အဆို့ရှင် ပါရှိသဖြင့် ပေါက်ကွဲမည့်ဘေးကို မစိုးရိမ်ရပေ။

အခြေခံသဘောတရား[ပြင်ဆင်ရန်]

ရေနွေးငွေ့တွင် အားရှိပုံကို ကျွန်ုပ်တို့ အလွယ်တကူ စမ်းသပ်ကြည့်နိုင်သည်။ ဘူးလွတ်တစ်လုံးတွင် ရေ တော်ရုံထည့်၍ အလုံပိတ်ပြီးလျှင် မီးဖြင့်ကျိုက်ကျိုက်ဆူအောင် ကျိုပါ။ ရေဆူလာသောအခါ ဘူးတွင်းရှိ ရေသည် ရေနွေးငွေ့ ဖြစ်လာမည်။ ဘူးထဲ၌ ရေနွေးငွေ့ အဆမတန်များလာသည့်အခါ ဘူးသည် ရေနွေးငွေ့ဖိအား ကိုမခံနိုင်ဘဲ ပေါက်ကွဲသွားသည်ကို တွေ့ရမည်။ ဘူးထဲ၌ ရေနွေးငွေ့ဖိအား များပြားလာရခြင်းမှာ ရေသည် ရေနွေးငွေ့အဖြစ်သို့ ပြောင်းလဲသွားသောအခါ မူလအရွယ်ထုထက် အဆပေါင်း ၁၆၇ဝ ကြီးမားလာခြင်းကြောင့် ဖြစ်၏။ ဗူးထဲတွင် ရေနွေးငွေ့သည် များသည်ထက် များလာသောအခါ နေရာကျယ်ကျယ် လိုလာသည်။ သို့သော် ဗူးထဲရှိနေရာမှာ အလွန်ကျဉ်းနေရကား ရေနွေးငွေ့ များလာလေလေ ဖိအားတိုးလေလေ ဖြစ်ပြီးလျှင် နောက်ဆုံး၌ ဘူးထဲရှိ ဖိအားသည် အလွန်ကြီးမားလာသည့်အတွက် ဘူးသည် ထိုဒဏ်ကိုမခံနိုင်ဘဲ ပေါက်ကွဲသွားရသည်။ ရေနွေးငွေ့၏ အဆိုပါဖိအားကို အခြေပြု၍ ရေနွေးငွေ့အား အင်ဂျင်စက်များကို ဆောက်လုပ်ယူကြခြင်း ဖြစ်ပေသည်။

အသုံးပြုပုံ[ပြင်ဆင်ရန်]

ပထမဆုံး ပေါ်သော ရေနွေးငွေ့အင်ဂျင် အမျိုးမှာ ပစ္စတင် အင်ဂျင်အမျိုးအစား ဖြစ်သည်။ ရေငွေ့၏ ဖိအားက ပစ္စတင် ကို ဆလင်ဒါ တလျှောက် တွန်းသောကြောင့် reciprocal ဟုခေါ်သော ရှေ့နောက် လှုပ်ရှားမှု ဖြစ်ပေါ်သည်။ ထိုမှ ပန့်များကို တိုက်ရိုက်သုံးခြင်း သို့မဟုတ် ကရိုင်းရှပ်မှ တဆင့် ဝိတ်ဘီးကို လည်စေခြင်းဖြင့် စက်များကို အလုပ်လုပ်စေသည်။

ရေနွေးငွေ့အင်ဂျင် များကို စက်ရုံများတွင် စက်များကို လည်စေရန် လည်းကောင်း မိုင်းတွင်းများတွင် ပန့်များကို အလုပ်လုပ်စေရန် လည်းကောင်း အသုံးပြုကြသည်။

နောက်ပိုင်းတွင် ပို၍ သေးငယ်သော အင်ဂျင်များကို တီထွင်လာကာ မီးရထားများ နှင့် မီးသင်္ဘောများတွင် အသုံးပြုကြသည်။

ရေနွေးငွေ့အင်ဂျင် တွင် ရေနွေးငွေ့စွမ်းအင် ကို ဘွိုင်လာ အိုးထဲတွင်စတင် ဖြစ်ပေါ်သည်။ ဘွိုင်လာထဲမှ ရေကို အပူပေး၍ ရေနွေးငွေ့ဖြစ်စေကာ ထို ရေနွေးငွေ့ မှ ပစ္စတင် သို့မဟုတ် တာဘိုင်ဒလက်ကို ရွေ့စေခြင်း ဖြစ်သည်။ ထိုအရွှေ့မှ အခြားဝိတ်ဘီးများ သို့မဟုတ် စက်များကို လည်စေခြင်း ဖြစ်သည်။ ရေကို အပူပေးရန် ထင်းကျောက်မီးသွေးလောင်စာဆီ စသော လောင်စာအမျိုးမျိုးကို အသုံးပြုသည်။

ဆလင်ဒါတစ်လုံးတပ် စက်မျိုးမှ မီးရထား၊ မီးသင်္ဘော စသည့်ယာဉ်များတွင် တပ်ဆင်နိုင်သည့် စက်မျိုးကို တီထွင်နိုင်လာကြသည်။ သာမန်စက်မှာ တမိနစ်တွင် အပတ်ပေါင်း ၁၅ဝ ခန့် လည်အောင် ခတ်မောင်းနိုင်၍ ထိုထက်နှေးလျှင် အနှေးခုတ်စက်ဟူ၍လည်းကောင်း၊ ထိုထက်မြန်လျှင် အမြန်ခုတ်စက်ဟူ၍လည်းကောင်း

ခေါ်ဆိုကြရလေသည်။

ယခုအခါတွင်မှု ရေနွေးငွေ့အင်ဂျင် အများစု သည် ပစ္စတင်များ မပါရှိသော တာဘိုင်အမျိုးအစားများ ဖြစ်ပြီး ဒလက်များကို ရေနွေးငွေ့ဖြင့် လည်စေခြင်း ဖြစ်သည်။ ၎င်းအမျိုးအစားသည် မူလ ပစ္စတင်ပါသောအမျိုးအစားထက်များစွာ ကောင်းမွန်သည်။ ၎င်းတို့ကို လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံများ တွင် သုံးသည်။ အချို့သော ကြီးမားသည့် စစ်သင်္ဘောများ တွင် လည်း သုံးကြသေးသည်။

မြင်းကောင်ရေအား[ပြင်ဆင်ရန်]

မြင်းကောင်ရေအားဟု ခေါ်တွင်သော နှိုင်းယှဉ် တိုင်းတာစရာ ခုကိန်းပေါ်ပေါက်လာသည်မှာ ရေနွေးငွေ့ အားဖြင့် ခုတ်မောင်းသော ရေစုပ်စက်များ ပေါ်ပေါက်ခဲ့သည့်ခေတ်က ဖြစ်၏။ ထိုအချိန်က ကျောက်မီးသွေး တွင်းများမှ ရေကို မြင်းများဖြင့် ထုတ်ပစ်လေ့ရှိရာ၊ ရေစုပ်စက်များ ပေါ်ပေါက်လာသောအခါ မြင်းအစား ဆောင်ရွက်နိုင်သည့် အရည်အချင်းကိုလိုက်၍ စက်၏အင်အားကို မြင်းအားဖြင့် ပြောစမှတ်ပြုလာကြသည်။ မြင်းတစ်ကောင်အားရှိသည့် စက်မှာ ပေါင်ချိန် ၃၃ဝဝဝ ရှိသောဝန်ကို တစ်မိနစ်တွင် တစ်ပေအမြင့်သို့ တင်နိုင်ရမည်ဟု ထိုအချိန်ကစ၍ သတ်မှတ်သုံးစွဲလာခဲ့ကြလေသည်။ ရေနွေးငွေ့အား အင်ဂျင်စက်များသမိုင်းတွင် လုံးဝ ဆန်းသစ်၍ အရေးလည်းကြီးသော အခြားတီထွင်ချက် တစ်ခုကား တာဗိုင်ရဟတ်စက်ပင် ဖြစ်၏။ ပထမရေနွေးငွေ့ တာဗိုင်ရဟတ်စက်ကို ဆာချားပါဆင်ဆိုသူ အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာတစ်ဦးက ၁၈၈၄ ခုနှစ်တွင် ရှေးဦးစွာ တီထွင်ခဲ့သည်။ တာဗိုင်ရဟတ်စက်တွင် ဒလက်များ တပ်ဆင်ထားသော ရဟတ်ဘီးများ ပါရှိ၍ ထိုရဟတ်ဘီးများကို ရေနွေးငွေ့က အရှိန်ပြင်းစွာနှင့် တိုးထွက်မှုဖြင့် ရဟတ်သီးများကို လည်စေသည်။ တစ်မိနစ်တွင် အပတ်ပေါင်း နှစ်ထောင်ခန့်အထိ လျင်မြန်စွာ လည်နိုင်၏။ ယခုအခါ အဆိုပါတာဗိုင်စက်မျိုးကို အထူးသဖြင့် ပင်လယ်ကူး သင်္ဘောကြီးများနှင့် လျှပ်စစ်အားပေးစက်ရုံကြီးများတွင် အကျိုးရှိစွာ တပ်ဆင်အသုံးပြုလျက် ရှိကြပေသည်။ [၁]

ဆက်စပ်လေ့လာရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)