ရိုးဒီ

ဝီကီပီးဒီးယား မှ

ကဗျာဆရာ ရိုးဒီကို မန္တလေးမြို့၌ အဖ ဦးအေးမောင်၊ အမိ ဒေါ်တင်တင်မာတို့က ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ အမည်ရင်း ထွန်းထွန်းစိုး ဖြစ်ပြီး  ၂၀၀၃ ခုနှစ်၌ မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်မှ ရုက္ခဗေဒ အဓိကဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ မောင်နှမ (၃) ယောက်ရှိပြီး သူ၏ အကိုအရင်းဖြစ်သူ မျိုးမင်းစိုးသည် မြန်မာ့ဒီဇိုင်နာလောကတွင် အောင်မြင်သော ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်ပြီး ရွှေသားဝတ်စုံများ၊ ရတနာဝတ်စုံများ ဖန်တီးချုပ်လုပ်ခြင်းဖြင့် ထင်ရှားသည်။

"အသံမစုံတဲ့ တေး" ကဗျာဖြင့် ၂၀၀၃ ခုနှစ်၊ မတ်လ၊ မြားနတ်မောင်မဂ္ဂဇင်းတွင် စတင်ပုံနှိပ်ဖော်ပြခံရပြီး ကဗျာလောကသို့ စတင်ဝင်ရောက်ခဲ့ပါသည်။[၁][၂]


ဒဏ်ရာရသူများ စာရင်း၊ ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း၊ Made in Mandalay၊ ငါ့နားထင်ကို တေ့ထားတဲ့ သီချင်း၊ သေတမ်းစာ၊ မြန်မာမေ၊ စစ်၊ သူမ၊ မိကဗျာ၊ ကဗျာပတ်လည် ရက် ၈၀၊ အသံ မစုံတဲ့ တေး၊ အမေ့အတွက် သီချင်း၊ မိုးသားတွေအကြောင်း (သို့) အဘွား၊ ဆေးရုံ၊ သီချင်းတစ်ပုဒ် ပြီးဆုံးချိန်၊ ငြိမ်းချမ်းရေး Remix ကဗျာတို့ မှာ လူသိများခဲ့ပါသည်။[၁][၂]


ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း (ထွဏ်းသွေးအိမ်၊ ကိုအိမ့်တို့နှင့် - ၂၀၀၆ ခုနှစ်၊ သြဂုတ်လ)၊ တစ်ကိုယ်တော် သုံးယောက်ကဗျာများ (မိုးရင့်ကြယ်၊ လင်းဝေဟင်မိုးတို့နှင့် - ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ)၊ ၁၂ ယောက် ၁၂ ပုဒ် ဂီတကဗျာ (နေမျိုး၊ ကိုထက် (ရေဦး)၊ မောင်နီဦး၊ ထွန်းလွင်သွယ် (ဆူးဖြူရိပ်)၊ စံညိမ်းဦး၊ မောင်နိုင်လင်း (ကောလင်း)၊ ထွဏ်းသွေးအိမ်၊ မိုးရင့်ကြယ်၊ မျိုးနေနွယ်၊ မင်းနဒီခ၊ နေညိုအောင်တို့နှင့် ကဗျာဂီတီစီဒီချပ်) အပါအဝင် စုပေါင်းကဗျာစာအုပ်များစွာ၌ ပါဝင်ရေးသားခဲ့ပါသည်။ တစ်ကိုယ်တော်အနေဖြင့် ရိုးဒီ+ရိုးဒီ (၂၀၁၁ ခုနှစ်)၊ ရိုးဒီ+၃၈ ၃၈+ကဗျာ (၂၀၁၄ ခုနှစ် - ဇော်ထွန်းရဲ့ အင်္ဂလိပ်ဘာသာပြန်နှင့်အတူ)၊ ရိုးဒီ=၄၀ ၄၀=ကဗျာ (၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ - ဇော်ထွန်းရဲ့ အင်္ဂလိပ်ဘာသာပြန်နှင့်အတူ)၊ ကန္တာရပန်းကလေးသို့ (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ - ဇော်ထွန်းရဲ့ အင်္ဂလိပ်ဘာသာပြန်နှင့်အတူ) ဟူသည့် ကဗျာစာအုပ် (၄) အုပ်နှင့် "ရိုးဒီရေးတဲ့ ကျွန်ုပ်စာစုများ" စကားပြေစာအုပ် (၁) အုပ် ရေးသားထုတ်ဝေခဲ့ပါသည်။

ကဗျာဆရာ ရိုးဒီသည် ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် Poetry House ကဗျာသီးသန့် စာအုပ်အရောင်းဆိုင်ကို တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ Poetry House အနေဖြင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် နေမျိုးနှင့် ကိုထက် (ရေဦး) "နှစ်ယောက်တွဲ နှစ်လမ်းသွား" ကဗျာစာအုပ်ကို ထုတ်ဝေခြင်း၊ ၂၀၁၅ ခုနှစ်ထဲမှာပင် ဆရာအောင်ချိမ့်၏ "ဂန္ထဝင်မမ" (ပဉ္စမအကြိမ်ထုတ် ကဗျာစာအုပ်) ကို Poetry House တစ်နှစ်တာ အကြိုက်ဆုံး ကဗျာစာအုပ်ဆုအဖြစ် ပေးအပ်ခြင်း၊ ၂၀၁၆ ခုနှစ်၊ မတ်လ၌ ရာမျိုးနှင့် သားဦး နှစ်ယောက်တွဲ "နှစ်ရောင်စပ်" ကဗျာစာအုပ်ကို ထုတ်ဝေခြင်း၊ ဆက်လက်၍ ခင်ဇော်မြင့်နဲ့ စံညိမ်းဦး နှစ်ယောက်တွဲ ကဗျာစာအုပ်ကို စီစဉ်ခြင်း၊ ၂၀၁၆ ခုနှစ်၊ မေလ၌ ကဗျာဆရာ ၁၂ ယောက်ပါဝင်သည့် " ၁၂ ယောက် ၁၂ ပုဒ် ဂီတကဗျာ" ကဗျာစီဒီတစ်ချပ်ကိုပါ မန္တလေးမြို့၊ Misty Moon Studio တွင် အသံသွင်းပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လ၌ ဖြန့်ချိခဲ့ပါသည်။

ကဗျာဆရာ ရိုးဒီသည် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၁ နှစ်ပြည့်ပြီ ဖြစ်ပါသည်။[၁][၂][၃]

  1. ၁.၀ ၁.၁ ၁.၂ ကဗျာဆရာ ရိုးဒီ ကွယ်လွန်ခြင်း ၆ လပြည့် အထိမ်းအမှတ် တောင်သမန်မှာ ပြုလုပ်
  2. ၂.၀ ၂.၁ ၂.၂ ကဗျာစာဆို ရိုးဒီဆိုတာ
  3. ရိုးဒီ = ၄၀ မှ ၅၀ ...၆၀ . . .+ ကဗျာ သို့ ဆုတောင်းခဲ့ပေမယ့်လည်း အခုတော့