ရတနာဒီပကျွန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Treasure Island
Treasure Island-Scribner's-1911.jpg
၁၉၁၁ ခုနှစ်ထုတ် ရတနာဒီပကျွန်း စာအုပ်မျက်နှာဖုံး
စာရေးသူ ရောဘတ် လူဝီ စတီဗင်ဆန်
နိုင်ငံ  ယူနိုက်တက်ကင်းဒမ်း
ဘာသာစကား အင်္ဂလိပ်
အမျိုးအစား စိတ်ကူးယဉ် စွန့်စားခန်း
လူငယ်စာပေ
ထုတ်ဝေသူ လန်ဒန်: Cassell and Company

ရတနာဒီပကျွန်း (အင်္ဂလိပ်: Treasure Island) သည် စကော့တလန် စာရေးဆရာ ရောဘတ် လူဝီ စတီဗင်ဆန်၏ စွန့်စားခန်း ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ Young Folks ကလေးသူငယ် မဂ္ဂဇင်းတွင် ၁၈၈၁ မှ ၁၈၈၂ ခုနှစ်အတွင်း အခန်းဆက် ရေးသားခဲ့သော ဝတ္ထုဖြစ်ပြီး စာအုပ်အဖြစ် ၁၈၈၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ပုံနှိပ်ဖြန့်ချိခဲ့သည်။

ဇာတ်လမ်း အကျဉ်း[ပြင်ဆင်ရန်]

ဂျင်ဟောကင်း၏ ဖခင် ဖွင့်လှစ်ထားသော ထမင်းဆိုင်၌ ကက်ပတိန် ဗစ်လီဗုန်းအမည်ဖြင့် သင်္ဘောသားတစ်ဦးသည် တည်းခိုနေထိုင်လျက်ရှိ၏။ ဗစ်လီဗုန်းသည် ခြေတဖက်မရှိသော သင်္ဘောသားတစ်ဦး သူ၏ထံသို့ လာရောက်မည်ကို အမြဲပင် စိုးရိမ်နေလေသည်။ တစ်နေ့သော် ဗစ်လီဗုန်းထံသို့ မျက်မမြင် သူတောင်းစားပျူး ရောက်လာ၏။ ထိုသူတောင်းစား ပြန်သွား ပြီးနောက် ဗစ်လီဗုန်းသေဆုံးသွားလေသည်။ မသေဆုံးမီက သူ့နောက်သို့ ပင်လယ်ဓားပြများ လိုက်နေကြောင်း အထိမ်း အမှတ်တစ်ခုကို သူရရှိခဲ့ဘူး၏။ ဂျင်ဟောကင်းသည် ပင်လယ် ဓားပြများ မရောက်မီ ဗစ်လီဗုန်း၏ ပင်လယ်ခရီးဆောင် သေတ္တာဟောင်းကြီးကို ဖွင့်လှစ်၍ ရှာဖွေရာ ရတနာဒီပကျွန်း၏ မြေပုံကို တွေ့ရှိရသဖြင့် ထိုမြေပုံကို သူ့မိတ်ဆွေများ ဖြစ်သော ဆရာဝန်ဒေါက်တာလိုက်ဗဆေးနှင့် မြေပိုင်ရှင် ထရီလောနီး တို့ထံ ယူဆောင်သွား၏။ ရတနာဒီပကျွန်းရှိ ရွှေ၊ ငွေ၊ ရတနာ များကို မြေပုံအတိုင်း သွားရောက်ရှာဖွေယူရေးအတွက် ထရီး လောနီးကပင် ငွေကြေးအကုန်အကျခံ၍၊ ဟစ္စပါညိုလာ အမည်ရှိ ရွက်သင်္ဘောကြီးတစ်စင်းကို တည်ဆောက်လေ၏။ ထိုရွက်သင်္ဘောကြီးတွင် ကက်ပတိန် စမောလက်သည် တက်မ ကိုင်ဖြစ်၍ သင်္ဘောထမင်းချက်မှာ ခြေတစ်ဖက် မရှိသော လောင်းဂျွန်းဆီးလဗား ဖြစ်သည်။

ကက်ပတိန် စမောလက်ကမူ လောင်းဂျွန်းဆီးလဗားနှင့် သင်္ဘောသားများ အားလုံးလိုလိုပင် ရတနာဒီပကျွန်းရှိ ရတနာ များ၏ မူလပိုင်ရှင် ဖြစ်သော ပင်လယ်ဓားပြဗိုလ်ကြီး ကက်ပတိန်ဖလင့်၏ ငယ်သားများ ဖြစ်မည်ဟူ၍ သံသယ ဖြစ်လျက်ရှိသော်လည်း လမ်းခရီးတွင် မည်သို့မျှ တစ်စုံတစ်ရာ မဖြစ်ပွားဘဲ ရတနာဒီပကျွန်းသို့ ချောမောစွာ ရောက်ကြလေ သည်။ သို့ရာတွင် ကမ်းသို့ကပ်မိလျှင် ဂျင်သည် ဂျွန်ဆီးလဗား နှင့် အခြားသူတစ်ဦးတို့ ပြောစကားများကို ကြားရသောအခါ၊ ကက်ပတိန် စမောလက် ထင်သည့်အတိုင်း ဟုတ်မှန်ကြောင်း တွေ့ရပေသည်။ ထိုအခိုက် သင်္ဘောသားများမှာ ပုန်ကန်ထကြွ ရန် အချိန်ကို စောင့်ဆိုင်းလျက်ရှိလေပြီ။ သို့သော် ကက်ပတိန် စမောလက်က သင်္ဘောသားများအား ကမ်းပေါ်သို့ တက်ရောက် လည်ပတ်ခွင့် ပေးလိုက်ခြင်းဖြင့် ပုန်ကန်ထကြွမှု မဖြစ်ပွားတော့ချေ။ ပုန်ကန်ထကြွလိုသည့် သင်္ဘောသား ခြောက်ယောက်သာ ကုန်းပေါ်သို့ ဆင်းခဲ့၏။ ကျွန်းပေါ်တစ်နေရာသို့ ရောက်သော အခါ ယခင်က သင်္ဘောတွင် ဂျွန်ဆီးလဗားနှင့် မသင့်မြတ်သော ဗင်ဂန်းဆိုသူအား တွေ့ရှိလေသည်။ ဗင်ဂန်းမှာ ဤရတနာဒီပ ကျွန်းတွင် စွန့်ပစ်ခြင်းခံရသူ ဖြစ်သည်။ လောင်ဂျွန်ဆီးလဗား၏ လူစုကို ခုခံတိုက်ခိုက်ရာ၌ ဂျင်တို့လူစုအား ဗင်ဂန်းက ကူညီ မည်ဟု ဂတိပေးလေသည်။

ထိုအတောအတွင်း ကက်ပတိန်စမောလက်၊ ဒေါက်တာလိုက် ဗဆေး၊ ထရီလောနီးနှင့် သူ၏တပည့်သုံးဦးအပြင် ကျွန်ယုံ အေဗရာဟမ်ဂရေတို့ ပါဝင်သော ကက်ပတိန်တို့ လူစုသည် သင်္ဘောမှ ထွက်ခဲ့ရာ လောင်းဂျွန်၏တပည့်များနှင့် တိုက်ခိုက်ရ သဖြင့် ထရီလောနီး၏ တပည့်တစ်ဦး ကျဆုံး၍ အသက်ကယ် ကူးတို့ လှေတစ်စင်းလည်း ဆုံးရသည်။ ထိုနောက် ကက်ပတိန် စမောလက်တို့ လူစုသည် တောင်ကုန်းတစ်ခုပေါ်ရှိ သစ်တပ် အတွင်း တဲအိမ်တွင် စခန်းချနေကြသည်။ ကက်ပတိန်၏ အဖွဲ့သားများ စီးခဲ့သော လှေငယ်ကို သင်္ဘောသားများက ဖျက်ဆီးနေစဉ် ဂျင်လည်း ထိုသစ်တပ်တွင်းသို့ ရောက်ရှိလာ လေသည်။

နောက်တနေ့နံနက် မိုးလင်းသောအခါ၌ ပင်လယ်ဓားပြများ သည် ကက်ပတိန်တို့၏သစ်တပ်ကို လာရောက်တိုက်ခိုက်ကြ သေး၏။ သို့သော် သူတို့ဖက်မှ ငါးယောက်ကျဆုံး၍ ဆုတ်ခွာ ထွက်ပေးကြရလေသည်။ ကက်ပတိန်တို့ဖက်မှမူ ထရီလောနီး၏ တပည့်နှစ်ဦး ကျဆုံး၍ ကက်ပတိန်ကိုယ်တိုင်လည်း ဒဏ်ရာ ရလေ၏။ နေ့လည်ပိုင်း၌ ဆရာဝန်သည် ဗင်ဂန်းအား ရှာဖွေရန် သစ်တပ်မှ ထွက်ခွာသွား၏။ ဂျင်လည်း တစ်ယောက်တည်း သစ်တပ်မှ ထွက်လာရာ ဗင်ဂန်း၏လှေကို တွေ့လေ၏။ ထို လှေဖြင့် ရွက်သင်္ဘောကြီးဆီသို့ လှော်ခပ်သွား၍ ကျောက်ဆူးကြိုးများကို ဖြတ်လိုက်လေသည်။ ရေစီး အလွန်သန်သော ကြောင့် ဂျင်သည် မိမိ၏လှေကိုပင် မထိန်းနိုင်ဘဲရှိရာ၊ နောက် ဆုံး၌ ခြေကုန်လက်ပန်းကျ၍ အိပ်ပျော်လေ၏။ ဂျင်သည် အိပ်ရာမှနိုးသောအခါ လှေမှာ ခရီးဝေးသို့ ရေစီးရာမျောပါသွား ကြောင်း တွေ့ရ၏။ ထိုပြင် ပဲ့ကိုင်မရှိဘဲ မျောနေသည့် ရွက် သင်္ဘောကြီးကိုလည်း ပြန်လည်တွေ့ရှိရလေသည်။ ဂျင်သည် သင်္ဘောပေါ်သို့ တက်ရောက်ကြည့်ရှုရာ လူနှစ်ဦးကိုသာ တွေ့ရလေသည်။ ထိုလူနှစ်ဦးမှာ သေဆုံးနေပြီဖြစ်၍ ကျန်တစ်ဦးမှာ ပြင်းထန်သော ဒဏ်ရာများဖြင့် လဲလျက်ရှိ၏။ ဂျင်လည်း ဒဏ်ရာဖြင့် လဲနေသူအား ပြုစု၍ ထိုသူ၏ အကူအညီဖြင့် သင်္ဘောကို ဘေးရန်ကင်းလွတ်ရာ အရပ်သို့ ပြောင်းရွှေ့ ဆိုက် ကပ်ထား၏။ သို့သော် ဒဏ်ရာရသူသည် ဂျင်ကို ရန်ရှာသဖြင့် ဂျင်သည် ထိုသူအား သေနတ်နှင့်ပစ်သတ်လိုက်၏။ ထိုနောက် ဂျင်သည် ကမ်းပေါ်သို့တက်၍ ကက်ပတိန်တို့လူစုရှိရာသစ်တပ် သို့ သွားရာ သန်းခေါင်ယံအချိန်၌ သစ်တပ်သို့ ရောက်လေ၏။

သို့သော် ထိုအချိန်၌ သစ်တပ်မှာ လောင်းဂျွန်းဆီးလဗားနှင့် သူ၏နောက်လိုက် ပင်လယ်ဓားပြ ငါးဦးတို့လက်သို့ ကျရောက် လျက်ရှိ၏။ပင်လယ်ဓားပြများသည် ဂျင်အား ဖမ်းဆီးလိုက်သည် သာမက တစ်ခါတည်း ကိစ္စတုံး သတ်ပစ်လိုကြ၏။ လောင်းဂျွန်းဆီးလဗားက ဂျင်ကို ဓားစာခံအဖြစ် ထားရှိခြင်းဖြင့် မိမိ တို့အတွက် အကျိုးရှိမည် ဖြစ်ကြောင်း ပြောဆိုသည့်ပြင် ဆရာဝန်က သူ့အားပေးခဲ့သော ရတနာဒီပကျွန်း မြေပုံကိုပါ ထုတ်ပြသောကြောင့် တပ်သားများ ကျေအေးကုန်ကြသည်။ ထိုနောက် လောင်းဂျွန်းဆီးလဗား ခေါင်းဆောင်သော ပင်လယ်ဓားပြများသည် ရတနာဒီပကျွန်း မြေပုံဖြင့် ရတနာ သိုက် အရှာထွက်ရာ၌ ဂျင်ကိုလည်း သူတို့နှင့် တစ်ပါတည်း ခေါ်ဆောင်သွားကြ၏။ ပထမဦးစွာသူတို့သည် ပင်လယ်ဓားပြ ဗိုလ်ဟောင်း ကက်ပတိန်ဖလင့်ကရတနာသိုက်သို့သွားရာ အမှတ်အသားတစ်ခုအဖြစ် စီမံထားခဲ့သော အရိုးစုကို တွေ့ကြ သည်။ နောက်ဆုံး၌ ရတနာသိုက်ရှိရာသို့ ရောက်သော်လည်း သိုက်တူးပြီးသားကိုသာ တွေ့ရလျှင် ဆီးလဗားနှင့်သူ၏ နောက်လိုက် ငါးယောက်တို့မှာ အချင်းများကြရလေသည်။ ဤကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် အချင်းဖြစ်နေခိုက်တွင် ကက် ပတိန်နှင့် အဖွဲ့သားများ ရောက်ရှိလာ၍ ပစ်ခတ်ကြသည်တွင် ဆီးလဗား၏နောက်လိုက် ပင်လယ်ဓားပြနှစ်ဦး ကျဆုံး၍ သုံးဦးမှာ ထွက်ပြေး လွတ်မြောက် သွားလေ၏။ ဆီးလဗား ကိုမူ ဂျင်ဟောကင်းအားကယ်ဆယ်ခဲ့သူဖြစ်၍ ကက်ပတိန်စမောလက်၏ အဖွဲ့သားများက အသက်ချမ်းသာပေးလေ၏။ ရတနာ များကိုကား ကြာမြင့်စွာကပင် ဗင်ဂန်းက တွေ့ရှိခဲ့၍မိမိ၏ ကျောက်ဂူတွင်းသို့ ပြောင်းရွှေ့သိမ်းဆည်း ထားခဲ့လေသည်။ ထိုရတနာများကို ကျောက်ဂူမှ ရွက်သင်္ဘောပေါ်သို့ တင်ဆောင်ကြပြီးနောက် ထွက်ပြေးသောပင်လယ်ဓားပြ သုံးဦးအတွက် ရိက္ခာများထားခဲ့၍ ရတနာဒီပသိုက်ရှာသူ အားလုံးတို့သည် ရွက်များကိုဖွင့်လျက် ရတနာဒီပကျွန်းမှ ထွက်ခွာခဲ့ကြလေသည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ပုံနှိပ်ထုတ်ဝေထားခြင်းများ
  • Treasure Island, scanned and illustrated books at Internet Archive. Notable editions include:
    • Treasure Island, 1911 Scribner's, illustrated by N. C. Wyeth. See also alternate edition (better quality scan, some images missing).
    • Treasure Island, 1915 Harpers, illustrated by Louis Rhead
    • Treasure Island, 1912 Scribner's "Biographical Edition", includes essays by Mr and Mrs Stevenson.
    • Treasure Island, 1911 Ginn and Company, lengthy introduction and notes by Frank Wilson Cheney Hersey (Harvard University).
  • Treasure Island, with an introduction and notes by Franklin T Baker (Columbia University, 1909). Fully annotated online.
  • Treasure Island—Full text and audio website.
  • Treasure Island, A.L. Burt Company, 1890.