ရောဘတ် လူဝီ စတီဗင်ဆန်

ဝီကီပီးဒီးယား မှ
(စတီဗင်ဆန် အာ၊အယ် မှ ပြန်ညွှန်းထားသည်)
ရောဘတ် လူဝီ စတီဗင်ဆန်

ရောဘတ် လူဝီ စတီဗင်ဆန် (အင်္ဂလိပ်: Robert Louis Balfour Stevenson; ၁၃ နိုဝင်ဘာ ၁၈၅၀ - ၃ ဒီဇင်ဘာ ၁၈၉၄)သည် အင်္ဂလိပ်စာပေ လောက၌ ပုံဝတ္ထုများ ရေးသားခြင်းဖြင့် ကမ္ဘာကျော်ဖြစ်လာသော စာရေး ဆရာကြီးတစ်ဦး ဖြစ်သည်။ ခရစ် ၁၈၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက် နေ့တွင် စကော့တလန်နိုင်ငံ အီဒင်ဘာရာမြို့၌ ဖွား မြင်သည်။ ငယ်စဉ်က များစွာ ချူချာလှသဖြင့် ကျောင်းမှန်မှန် မတက်နိုင်ဘဲ အိမ်တွင်ပင် ယုယပြုစုခြင်း ခံခဲ့ရ၏။ ရံဖန်ရံခါ မြို့ပြ အင်ဂျင်နီယာဖြစ်သော ဖခင်နှင့် အတူ စကော့တလန် ကမ်းရိုးတန်းတစ်လျှောက်ရှိ မီးပြတိုက်များသို့ လိုက်ပါသွားလေ့ ရှိရာ စတီဗင်ဆန်သည် ငယ်စဉ်ကပင် ဆိပ်ကမ်းကျွန်းသောင် တောတောင် တို့ဖြင့် သာယာလှသော စကော့တလန်နိုင်ငံ ရှုခင်းများကို နှစ်သက်စွဲလန်းမိခဲ့သည်။ နောင်အခါ၌ စတီဗင် ဆန်သည် ဥပဒေပညာကို သင်ကြားတတ်မြောက်ခဲ့သော်လည်း စာရေးခြင်းဖြင့်သာ အသက်မွေးရန် ဆုံးဖြတ်ခဲ့၏။

မိမိ၏ကျန်းမာရေးအတွက် ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ ဂျာမနီ နိုင်ငံများနှင့် စကော့တလန်နိုင်ငံ အနှံ့အပြားသို့ သွားရောက် လှည့်ပတ်ခဲ့ရသဖြင့် ခရီးသွားမှတ်တမ်းများဖြစ်သော 'ပြည်တွင်း ခရီးစဉ်'ကို ၁၈၇၈ ခုနှစ်တွင်လည်းကောင်း၊ 'မြည်းနှင့်ခရီးသွားခြင်း' ကို ၁၈၇၉ ခုနှစ်တွင်လည်းကောင်း၊ ရေးသားထုတ်ဝေခဲ့သည်။ ၁၈၈၃ ခုနှစ် တွင် စတီဗင်ဆန်သည် 'ရတနာဒီပ'ဝတ္ထုကို ရေးသား ထုတ်ဝေ ၍ ၁၈၈၆ ခုနှစ်နှင့် ၁၈၉၃ ခုနှစ်များတွင် 'လူပြန်ပေး'နှင့် 'ကက်ထရီယိုးနား'ဝတ္ထုများကို ရေးသားခဲ့၏။ ဤဝတ္ထု သုံးပုဒ် အနက် 'ရတနာဒီပ' ဝတ္ထုသည် ယနေ့တိုင် လူကြိုက်များလျက် ရှိသော ကမ္ဘာကျော်ဝတ္ထု ဖြစ်သည်။ စတီဗင်ဆန်သည် ထိုဝတ္ထု ဖြင့်ပင် ကမ္ဘာကျော် စာရေးဆရာကြီးတစ်ဦး ဖြစ်လာလေသည်။ ထိုဝတ္ထုများအပြင် စတီဗင်ဆန်သည် ကဗျာနှင့်ဝတ္ထုတိုများကို လည်း အများအပြား စပ်ဆိုရေးသားခဲ့သေးသည်။ သို့သော် စတီဗင်ဆန်ကား အချို့သော စာရေးဆရာများကဲ့သို့ ကမ္ဘာ့ လူတန်းစား ပြဿနာများနှင့် လူတို့၏ ဘဝတည်နေမှု အစ ရှိသည့် နက်နဲသော အတွေးအခေါ် အယူအဆများကို စိတ် ဝင်စားခြင်း မရှိပေ။ စိတ်ကူးကောင်းကောင်းဖြင့် ဆွတ်ပျံ့ဖွယ် စာပေများကိုသာ ရေးသားသည်။

၁၈၇၆ ခု အသက် ၂၆ နှစ်အရွယ်တွင် စတီဗင်ဆန်သည် မစ္စစ်အော့စဗန် အမည်ရှိ အမေရိကန်သူ မုဆိုးမတစ်ဦးနှင့် ပြင်သစ်နိုင်ငံ၌ တွေ့ဆုံကာ မေတ္တာသက်ဝင်ခဲ့လေသည်။ ထိုနောက် မစ္စစ်အော့စဗန် မမာမကျန်းဖြစ်သည်ဟူ၍ သတင်းကြားရသဖြင့် စတီဗင်ဆန်သည် မစ္စစ်အော့စဗန် နေထိုင်ရာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ သို့ သွားရောက်ခဲ့သည်။ လမ်းခရီးတွင် အလွန်ဆင်းရဲပင်ပန်း သော်လည်း စတီဗင်ဆန်အဖို့ စာပေရေးသားရန် အချက်အလက် များစွာ ရရှိခဲ့၏။ ဆန်ဖရန်စစ္စကိုမြို့၌ နေထိုင်စဉ် အဆုတ် ရောဂါ စွဲကပ်လာ၏။ သေရအံ့ဆဲဆဲဖြစ်နေသော စတီဗင်ဆန် မှာ မစ္စအော့စဗန်၏ ဂရုတစိုက် ပြုစုမှုကြောင့်သာ နလံထူနိုင်ခဲ့ လေသည်။

၁၈၈ဝ ပြည့်နှစ်တွင် စတီဗင်ဆန်သည် မစ္စစ်အော့စဗန်နှင့် လက်ထပ်ပြီးလျှင် မိမိ၏ဇနီးနှင့်အတူ ဇနီးမှပါသော သား သမီးများကိုခေါ်ဆောင်၍ နေရင်းဒေသ စကော့တလန်နိုင်ငံ သို့ ပြန်ခဲ့သည်။ ဇနီးမှပါသော သားသမီးများအနက် မစ္စတာ လွိုက်အော့စဗန် ဆိုသူမှာ စတီဗင်ဆန်၏ ဝတ္ထုအချို့တွင် ကူညီ ရေးသားခဲ့သည်ပြင် သူကိုယ်တိုင်ကလည်း ထင်ရှားသော စာရေးဆရာတစ်ဦး ဖြစ်သည်။

စတီဗင်ဆန်သည် စကော့တလန်နိုင်ငံ၏ ပြင်းထန်သော ရာသီဥတုဒဏ်ကို မခံနိုင်သဖြင့် မိမိ၏ကျန်းမာရေးနှင့် သင့်တော်မည့်ဒေသကို နှစ်ပေါင်းများစွာ လှည့်လည်ရှာဖွေခဲ့သည်။ နောက်ဆုံး၌ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းရှိ ဆမိုးဝါးကျွန်းစုကို တွေ့သဖြင့် အိမ်သားများနှင့်အတူ ထိုကျွန်းစုသို့ ပြောင်းရွေ့ နေထိုင်လေသည်။ ဤဆမိုးဝါးကျွန်းစုသို့ ရောက်၍ လေးနှစ်အကြာ ၁၈၉၄ ခု ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတီဗင်ဆန်သည် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်လေသည်။ စတီဗင်ဆန်သည် ပုံပြောဆရာကြီးတစ်ဦးအနေဖြင့် ချစ်ခင်ကြသော တိုင်းရင်းသားများသည် စတီဗင်ဆန်၏ ရုပ်ကလာပ်ကို ထိုကျွန်းစုရှိ ဗာအေးတောင်ထွက်သို့ သယ်ယူ၍ ဂူသွင်းသင်္ဂြိုဟ် ကြသည်။ ထိုနေရာကား စတီဗင်ဆန် မကွယ်လွန်မီက သူ့အား သင်္ဂြိုဟ်ရန် မှာကြားခဲ့သောနေရာပင် ဖြစ်ပေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]