မြို့မကျောင်းသားများ သမဂ္ဂ

ဝီကီပီးဒီးယား မှ

မြို့မကျောင်းသားများ သမဂ္ဂသည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ထင်ရှားလှသည်။ မြို့မကျောင်းသည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ဗဟန်း မြို့နယ်တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။အမျိုးသားကျောင်းများအစ-မြို့မကျောင်းက ဟူ၍လည်း မြန်မာ့သမိုင်းစာမျက်နှာများတွင် မြင်တွေ့နိုင်သည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံ ပညာရေး လောကတွင်မြို့မ ကျောင်းအုပ်ဆရာကြီး ဦးဘလွင် သည် မြို့မ ဖခင်၊ သုခမိန် တဦးအဖြစ် လွန်စွာထင်ရှားသည်။ အထူးသဖြင့် အင်္ဂလိပ် အစိုးရကျောင်း၊ သာသနာပြု မစ်ရှစ်ကျောင်းများနှင့် ရင်ပေါင်တန်းနိုင်ရန် မြို့မ အမျိုးသား အထက်တန်းကျောင်းကြီးကို ပြုစု ပျိုးထောင်ပေးခဲ့သည်။ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး၊ မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်)သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ထင်ရှားလှသည်။ မြို့မ အမျိုးသား အထက်တန်းကျောင်းကြီးတွင်မြို့မကျောင်းသားများ သမဂ္ဂ ၏ ဦးဆောင်မှုဖြင့် မြို့မရဲခေါင်နှင့် မြို့မရဲညွန့် ကျောင်းသား တပ်ဖွဲ့များ ပေါ်လာခဲ့သည်။ ရည်ရွယ်ချက်မှာ ကျောင်းသား လူငယ် များကို စစ်ပညာ သင်ပေးပြီး စစ်စိတ် စစ်သွေး သွင်းပေးရန် ဖြစ်သည်။ မြို့မကျောင်းသားများ သမဂ္ဂ ၏ ဦးဆောင်မှုဖြင့် အနယ်နယ် အရပ်ရပ်ရှိ ကျောင်းသား တပ်ဖွဲ့များ ဖွဲ့ပြီး စစ်ပညာများ သင်ပေးခဲ့သည်။ နိုင်ငံလွတ်လပ်ရေးနှင့် ကာကွယ်ရေးအတွက် အသင့် ပြင်ဆင်ထားသည့် စီမံချက် ဖြစ်သည်။ သခင်နု (နိုင်ငံတော်ဝန်ကြီးချုပ်)၊ ဗိုလ်လက်ျာ (ရဲဘော်သုံးကျိပ်ဝင်၊ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်)၊ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်ဝင်)၊ ဗိုလ်မင်းခေါင် (ရဲဘော်သုံးကျိပ်ဝင်)၊ ဦးချစ်လှိုင် (ဗိုလ်မှူးချုပ်ချစ်လှိုင်-တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ))၊ ဦးသောင်းတင် (ဗိုလ်ချုပ်သောင်းတင်-တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ)) စသည်တို့သည် မြို့မကျောင်းသားများ သမဂ္ဂတွင် ထင်ရှားသောပုဂ္ဂိုလ်များဖြစ်ကြသည်။

ထို့ကြောင့်လည်း နောင်ပေါ်ပေါက် လာသည့် ဗမာ့ လွတ်လပ်ရေး တပ်မတော် နှင့် ဗမာ့ ကာကွယ်ရေး တပ်မတော် တို့တွင် မြို့မကျောင်းသား၊ မြို့မရဲညွန့်၊ မြို့မရဲခေါင် များ ဆက်လက် ပါဝင်ခဲ့ကြသည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု သမိုင်း နှင့်လွတ်လပ်ရေးကာကွယ်စောင့်ရှောက်မှု သမိုင်းတွင်မြို့မကျောင်းသားများ သမဂ္ဂ ၊သံမဏိကျောင်းသားတပ်ဖွဲ့ ၊ မြို့မရဲခေါင်နှင့် မြို့မရဲညွန့် ကျောင်းသား တပ်ဖွဲ့များသည်လွန်စွာထင်ရှားခဲ့သည်။မြို့မကျောင်းသားများ သမဂ္ဂသည် စစ်ပညာကိုသာမက မြို့မ မိသားစု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး ဇာတိမာန် တက်ကြွ လာစေရေး အမျိုးသားစိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေးဖက်ဆစ်ဆန့်ကျင်ရေး စိတ်ဓာတ် ၊နိုင်ငံနှင့် လူမျိုး အတွက်ကိုယ်ကျိုးစွန့်အနစ်နာခံစိတ်ဓာတ်၊လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေး တို့ကိုလည်း အထူးသင်ကြားပို့ချပေးလေ့ရှိ၏။

မြို့မကျောင်းသားများ သမဂ္ဂ နှင့် မြို့မဆရာကြီးများ၏ လုပ်ရပ်မှ သမိုင်းစဉ်သည် သားစဉ် မြေးဆက်အဓွန့်ရှည်အောင်ကျန်ရစ်ခဲ့၏။ လူမျိုး၊ ဘာသာ သာသနာ၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ခေတ်အဆက်ဆက်တွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့သည်။

ကိုးကားချက်[ပြင်ဆင်ရန်]

  • ၁၉၈၀မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း
  • ၁၉၉၅ ခုနှစ်မြို့မကျောင်း စိန်ရတု အထိမ်းအမှတ်စာအုပ်
  • ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်စာအုပ်