မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ခြင်း

ဝီကီပီးဒီးယား မှ

ဒီမိုကရေစီချဉ်းကပ်မှု[ပြင်ဆင်ရန်]

ဒီမိုကရေစီဖော်ဆောင်ခြင်း (Democratization) ဆိုသည်မှာ "အာဏာရှင်ဆန်သော အုပ်စိုးမှုစနစ်တစ်ခုမှ ဒီမိုကရေစီကျသော အုပ်စိုးမှုစနစ်တစ်ခုကို ကူးပြောင်းအကောင်အထည်ဖော်သော လုပ်ငန်းစဉ်" ဟုဖွင့်ဆိုသည်။

ဒီမိုကရေစီကို ချဉ်းကပ်နည်း (၃) နည်းရှိသည်။
၁။ အများ၏ဆန္ဒကိုရယူကာ အစိုးရကအာဏာကိုကျင့်သုံးခြင်း
၂။ အများလက်ခံနိုင်သောနည်းဖြင့် အာဏာကိုကျင့်သုံးခြင်း
၃။ အများအကျိုးအတွက် အာဏာကိုကျင့်သုံးခြင်းတို့ဖြင့်သာ ချဉ်းကပ်သင့်ပါသည်။

ပြည်သူ့ဆန္ဒကိုလိုက်လျောသည့် ဒီမိုကရေစီတွင် အာမခံချက် (၈) ချက်ရှိရပါလိမ့် မည်။
၁။ အဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ အဖွဲ့အစည်းများတွင် လွတ်လပ်စွာ ပါဝင်နိုင်ခွင့်
၂။ လွတ်လပ်စွာ မိမိဆန္ဒကို ထုတ်ဖော်ပြသခွင့်
၃။ လွတ်လပ်စွာ မဲပေးခွင့်
၄။ ပြည်သူ့ဝန်ထမ်းရာထူးအတွက် အရွေးခံပိုင်ခွင့်
၅။ နိုင်ငံရေးခေါင်းဆောင်များသည် မိမိတို့ပါတီကို ပြည်သူများ ထောက်ခံလာစေရန် အပြိုင်အဆိုင်မဲဆွယ်ခွင့်
၆။ သတင်းများကို သတ်မှတ်ထားသည့်နေရာများမှလွဲ၍ လွတ်လပ်စွာယူပိုင်ခွင့်
၇။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပခွင့်
၈။ အစိုးရမူဝါဒများကို ပြဋ္ဌာန်းသည့်အဖွဲ့အစည်းများအနေဖြင့်လည်း မဲဆန္ဒနှင့် အခြားဆန္ဒများအပေါ်တွင် တည်ရှိပိုင်ခွင့်တို့ဖြစ်သည်။

မည်သို့ အယူအဆများကွဲပြားသည်ဖြစ်စေ ဒီမိုကရေစီနှင့်ပတ်သက်သည့် အခြေခံသဘောတရားများမှာ အတူတူပင်ဖြစ်သည်။ ဒီမိုကရေစီ အခြေခံသဘောတရားကို (၇) ချက်ဖြင့် တိုင်းတာရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် အဆိုပါ ၇ ချက်ဖြင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်ပြီ ဆိုလျှင် အောင်မြင်ပြီဟုဆိုရမည်။
၁။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်
၂။ လွတ်လပ်စွာ ပြောဆိုခွင့်
၃။ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်
၄။ လွတ်လပ်စွာ စည်းရုံးခွင့်
၅။ လွတ်လပ်စွာ သတင်းရယူထုတ်ပြန်ပိုင်ခွင့်
၆။ လွတ်လပ်စွာ ရွေးကောက်ပွဲကျင်းပခွင့်
၇။ လွတ်လပ်စွာ မဲပေးပိုင်ခွင့်များဖြစ်သည်။

အထက်ပါဒီမိုကရေစီစံများဖြင့် ဒီမိုကရေစီဖော်ဆောင်ရာတွင် မည်မျှအတိုင်းအတာ ကို ရောက်နေပြီဖြစ်ကြောင်း တိုင်းတာရမည် ဖြစ်သည်။

ဒီမိုကရေစီသမိုင်းကြောင်း[ပြင်ဆင်ရန်]

အထက်တွင်ဆိုခဲ့သည့် ဒီမိုကရေစီ ချဉ်းကပ်နည်း (၃) နည်းဖြင့် တိုင်းတာမည်ဆိုလျှင် မြန်မာနိုင်ငံတွင် ရှေးဘုရင်မင်းများလက်ထက်ကတည်းက ဒီမိုကရေစီကိုရင်းနှီး ကျွမ်းဝင်ခဲ့ကြ သည်ဟုဆိုနိုင်သည်။

ပဒေသရာဇ်ခေတ်ဦး[ပြင်ဆင်ရန်]

ရှေးခေတ်မဟာသမ္မတမင်း တင်မြှောက်ပုံနှင့်ပတ်သက်ပြီး-
"အသိအလိမ္မာ ဉာဏ်ပညာရှိသူ လူတစ်စုတို့သည် မနုမည်သော သုခမိန်ကို မဟာသမ္မတ တင်မြှောက်ကြသည်။ တင်လျှောက်ပုံမှာ ငါတို့ အပေါ်တွင် အသျှင်အစိုးရပြုလုပ် အုပ်ချုပ်ပါ။ ကဲ့ရဲ့ရှုံ့ချ နှင်ထုတ်သင့်သူ၊ မစချီးမြှောက် စောင့်ရှောက်သင့်သူတို့ကို တရားလမ်းရှိသမျှ နိဂ္ဂဟ ပဂ္ဂဟ ပြုလုပ်ပါ။ ထိုကဲ့သို့ ပြုလုပ်အုပ်ချုပ်သည့်အတွက်၊ အုပ်ချုပ်ခံရသူတို့ လုပ်ဆောင်ဖြစ်ထွန်းရရှိသော ပစ္စည်းများမှ ဒသမဘာဂ ဆယ်ဖို့တဖို့၊ ဆယ်ခိုင်တခိုင်၊ ဆယ်ဖီးတဖီး၊ ဆယ်လုံးတလုံး၊ ဆယ်ပွင့်တပွင့် အချိန်နှင့် အခန့်သင့် ပေးဆက်ကြသည်ကို ခံယူပါဟူ၍ ဝိုင်းဝန်းတိုက်တွန်း ပြောဆိုကြကုန်သည်။ သို့ တင်မြှောက်သူတို့နှင့် မင်းပြုလုပ်မည့်သူတို့သည် အပြန်အလှန် ပဋိဉာဉ် ခံဝန်ကတိစကား ထားကြပြီးသည့်အခါ၊ မင်းလျာမင်းလောင်းဖြစ်သော သုခမိန်ကို သုံးပါးသော ဘိသိတ်သွန်းလောင်းခြင်းနှင့် မင်းမြှောက်ကြကုန်သည်" ဟု ပုဂံဝန်ထောက်မင်း ဦးတင်၏ "မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း" တွင်ရေးသားထားသည်။

ဘီစီ ၆ ရာစုတွင်လည်း ဂေါတမဘုရားရှင်လက်ထက်တွင် ဝဇ္ဇီတိုင်း၊ ဝေသာလီပြည် ရှိ လိစ္ဆဝီလူမျိုးတို့သည် ဒီမိုကရေစီသဘောတရားများ ကျင့်သုံးခဲ့ကြောင်းတွေ့ရသည်။ ဝေသာလီပြည်တွင် မင်းသား (မှူးမတ်) ၇၇၀၇ ဦးတို့ စည်းဝေးတိုင်ပင်ကြပြီး၊ ထိုမင်းသားများထဲမှ မင်းတစ်ပါးကိုရွေးကောက်ကာ တိုင်းပြည်အုပ်ချုပ်ရန် မင်းအဖြစ် တင်မြှောက်ကြကြောင်းကို "ဒီဃနိကာယ်" တွင်ဖော်ပြထားသည်။ ထို့ပြင် "သုတ်မဟာဝါ ပါဠိတော် မဟာပရိနိဗ္ဗာနသုတ်" တွင် မြတ်စွာဘုရားက လိစ္ဆဝီမင်းသားတို့ကို အကြောင်းပြုပြီး "အပရိ ဟာနိယတရား" ကိုဟောကြားခဲ့သည်။ အပရိဟာနိယတရားနှင့်ပတ်သက်ပြီး ဗုဒ္ဓက- ၁။ စည်းဝေးတိုင်ပင်ခြင်း ၂။ အညီအညွတ်ဆောင်ရွက်ခြင်း ၃။ ဥပဒေအတိုင်းကျင့်ခြင်း ၄။ လူကြီးသူမတို့ အဆုံးအမ၌တည်ခြင်း ၅။ အမျိုးသမီးအား မနှိပ်စက်ခြင်း ၆။ မြို့ရွာစောင့်နတ်တို့အား ပူဇော်ခြင်း ၇။ ရဟန္တာတို့အား စောင့်ရှောက်ခြင်း ဟူ၍ဟောကြားခဲ့သည်။ ဗုဒ္ဓက ထိုတရားများအတိုင်းကျင့်ကြံလျှင် မပျက်စီးနိုင်ဟုဆိုခဲ့သည်။ အပရိဟာနိယဆိုသည်က "မဆုတ်မယုတ် မပျက်စီးနိုင်ခြင်း" ဟူ၍ အဓိပ္ပာယ်ရသည်။ သတ်မှတ်ထားသည့် ဥပဒေအတိုင်းလိုက်နာကျင့်ကြံဆောင်ရွက်လျှင် မပျက်စီးနိုင်ဟုဆိုလိုပါ သည်။ ယောမင်းကြီး ဦးဘိုးလှိုင်ရေးသားသည့် ရာဇဓဓမ္မသင်္ဂဟကျမ်းတွင် ဝက်မစွတ်မြို့စားဝန်ကြီးက "တိုင်းပြည်နိုင်ငံကို တစ်ယောက်နှစ်ယောက်၏ ဩဇာနှင့်သာ အုပ်စိုးလျှင်၊ ပုထုဇဉ်ဖြစ်၍ အမှားအယွင်းများရန် ရှိသောကြောင့်၊ တစ်ယောက် နှစ်ယောက် ဩဇာနှင့် မပြုလုပ်၊ မင်းမှူးမတ်တို့ စည်းဝေးပြုလုပ်လျှင် အမှားအယွင်း ရှိရန်မရှိ" ဟု ဖွင့်ဆိုရေးသားခဲ့သည်။ ပဒေသရာဇ်ခေတ်တွင် အများဆန္ဒနှင့်အုပ်ချုပ်ရန် အစီအမံများ ရှိခဲ့ကြောင်း ထင်ရှားပါသည်။

ကိုလိုနီခေတ်[ပြင်ဆင်ရန်]

ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို ကျူးကျော်စစ် သုံးကြိမ်ဖြင့် ကျွန်ပြုခဲ့သည်။ ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှစတင်ပြီး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်ဟုဆိုနိုင်သည်။ ဗြိတိသျှကိုလိုနီလက်အောင်တွင် မြန်မာတို့သည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မရ။ အုပ်ချုပ်ရေးတွင် တစ်စိတ် တစ်ဒေသပင် ပါဝင်ခွင့်မရှိကြပေ။ သူ့ကျွန်ဘဝကျရောက်ချိန်တွင် ဒီမိုကရေစီသည် ပထမဦးစားပေးမဟုတ်သေးပေ။ လွတ်လပ်ရေးသည် ပထမဦးစားပေးအဆင့်တွင် ရှိနေခဲ့သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ၁၃၀၀ ပြည့်အရေးတော်ပုံသည် မေ့ဖျောက်မရသည့် လှုပ်ရှားမှုဖြစ်ခဲ့သည်။ ထိုခေတ်တွင် စာပေပညာရှင်များက ကျွန်ဘဝမြန်မာနိုင်ငံ၏ အဘက်ဘက်မှ နိမ့်ကျနုံချာမှုများကို တင်ပြနိုင်ခဲ့သောကြောင့် မြန်မာတို့နိုးကြားတက်ကြွလာရသည်ဟုပြောနိုင်သည်။ ထိုခေတ်တွင် အရင်းရှင်စနစ်ဆန့်ကျင်ရေး၊ မြန်မာတို့အပေါ် သွေးစုပ်နေသည့် နိုင်ငံခြားသားများအား ဆန့်ကျင်ရေး၊ အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး၊ ကျွန်ပညာရေး စနစ်တိုက်ဖျက်ရေး၊ နယ်ချဲ့အလိုတော်ရိ အမတ်များဆန့်ကျင်ရေး၊ ၉၁ ဌာနအုပ်ချုပ်ရေးအား ဆန့်ကျင်တိုက်ဖျက်ရေးတို့အတွက် စာပေများကို လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရသဖြင့် မြန်မာတို့ နိုင်ငံရေးသဘောတရားများ လေ့လာဖတ်ရှုခွင့်ရခဲ့ကြသည်။ တို့ဗမာသခင်ခေါင်းဆောင်များသည် ဆိုရှယ်လစ်အရေး၊ ဘုံဝါဒစသည့် လက်ဝဲစာပေများကို ရေးသားပညာပေးခဲ့ကြသဖြင့် မြန်မာတို့ ဒီမိုကရေစီရေး၊ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုနိုးကြားတက်ကြွလာခဲ့ရသည်။ မြန်မာ့နိုင်ငံရေးအသိထဲသို့ "ဆိုရှယ်လစ်" "ကွန်မြူနစ်" စနစ်များမှသည် မြန်မာ့ပညာတတ်အလွှာထဲသို့ ဒီမိုကရေစီ သဘောတရားများသည် စူးစူးနစ်နစ် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ဂျီစီဘီအေ အသင်းခေါင်းဆောင် ဦးစုသည် ဂျာမနီမှပြန်ရောက်လာပြီးနောက်သတင်းစာ၊ ဂျာနယ်များ တွင် ဆိုရှယ်လစ်ဝါဒကိုစတင်ရေးခဲ့သည်။ အငြိမ်းစား အရေးပိုင် ဦးရွှေသား ပြုစုရေးသားသည့် "ဆိုင်းယင်းပညာနှင့် ကံကမ္မအလင်းကျမ်း" စာအုပ်တွင် ရုရှားနိုင်ငံဘုံဝါဒကိုရေးသားခဲ့သည်။ ၁၉၂၀ မှ ၁၉၄၀ ကာလပိုင်းကို မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားတက်ကြွစေရန် အားထုတ် ဖော်ဆောင်ခဲ့ရသည့်ကာလဟု ဆိုနိုင်သည်။ ထိုကာလတွင် နဂါးနီစာအုပ်တိုက်သည် အမျိုးသားရေးစိတ်ဓာတ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အထောက်အကူဖြစ်စေမည့် စာအုပ်များကို ထုတ်ဝေနိုင်ခဲ့ သဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းတွင် မှတ်တမ်းတင်အပ်ပါသည်။ မြန်မာတို့ အနေဖြင့် လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယဦးစားပေး အဆင့်သို့ရောက်ခဲ့ပြီဟု ဆိုရမည်။ ၁၉၂၀ ပြည့်နှစ်တွင် ကောလိပ်ကျောင်းသားသပိတ်ကြီးပေါ် ပေါက်လာရာမှ မြန်မာတို့၏နိုင်ငံရေးနိုးကြားမှုသည် မကြုံစဖူး ထူးကဲစွာ ပေါ်ပေါက်လာခဲ့သည်။ ဗြိတိသျှ တို့က မြန်မာနိုင်ငံအား ဒိုင်အာခီအုပ်ချုပ်ရေးပေးရန် သဘောတူညီခဲ့ရသည်။ ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ဂျီစီဘီအေခေါ် မြန်မာနိုင်ငံအသင်းချုပ်ကြီး ပေါ်လာသည်။ ပထမဦးဆုံးသော နိုင်ငံရေးပါတီကြီးဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင် နယ်ချဲ့တို့အား နိုင်ငံရေးအရဆန့်ကျင်ခြင်းကို ၁၉၀၅ ခုနှစ်တွင် ဆရာတော် ဦးဥတ္တမကတရားဟောခြင်းဖြင့် စတင်ခဲ့သည်။ အသင်းအဖွဲ့အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုကို ၁၉၁၈ ခုနှစ်တွင် ဝိုင်အမ်ဘီအေအသင်းကြီးမှ ကရက်ဒေါက်စီမံကိန်းကို ဆန့်ကျင်မှုဖြင့် စခဲ့သည်။ ၁၉၂၀ တွင် ဂျီစီဘီအေသည် နိုင်ငံရေးအသင်းအဖွဲ့ အနေဖြင့်ရပ်တည်ခဲ့သော်လည်း လွတ်လပ်ရေးကို တောင်းဆိုနိုင်ခြင်း မရှိခဲ့သေးပေ။ တို့ဗမာအစည်းအရုံးအနေဖြင့် ၁၉၃၃ ခုနှစ်ကျမှ မြန်မာနိုင်ငံလွတ်လပ်ရေးကို အတိအလင်း တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ပထမအကြိမ် ကျောင်းသားသပိတ်၊ ၁၉၃၆ ခုနှစ် ဒုတိယအကြိမ် ကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ် တတိယအကြိမ် ကျောင်းသား သပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံတို့သည် မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေးတွင် အရေးပါသည့် လှုပ်ရှားမှုများဖြစ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလ[ပြင်ဆင်ရန်]

၁၉၃၉ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကွန်မြူနစ်မြေအောက် ကလပ်စည်းကို ဖွဲ့စည်းခဲ့ကြသည်။ ၁၉၃၉ စက်တင်ဘာလတွင် ပြည်သူ့အရေးတော်ပုံပါတီကိုဖွဲ့စည်းသည်။ ပြည်သူ့အရေးတော်ပုံပါတီသည် နောင် ဆိုရှယ်လစ်ပါတီဖြစ်လာသည်။ ဦးဆောင်သူများမှာ သခင်အောင်ဆန်း၊ သခင်ချစ်၊ နဂါးနီဦးထွန်းရွှေ၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ဖြစ်ကြသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် နိုင်ငံရေးပါတီများသည် ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးကို ဦးတည်ဆောင်ရွက်ခဲ့ကြသည်။ ရလဒ်အနေဖြင့် တို့ဗမာအစည်းအရုံး၊ ဆင်းရဲသားဝံသာနုအဖွဲ့၊ နေပြည်တော်အဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့တို့ ပူးပေါင်းပြီး "ဗမာ့ထွက်ရပ်ဂိုဏ်း" ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းတွင် ဒေါက်တာဗမော်က ဥက္ကဋ္ဌတာဝန်ကိုယူပြီး၊ သခင်အောင်ဆန်းက အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့ရသည်။ ၁၉၄၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် (ဗိုလ်ရန်အောင်) တို့သည် ရန်ကုန်မှ အမွိုင်သို့ လျှို့ဝှက်စွာ ထွက်ခွာသွားခဲ့ကြသည်။ နောင်တွင် ရဲဘော်သုံးကျိပ်ဟူ၍ သမိုင်းတွင်မည့် လှုပ်ရှားမှုအစဖြစ်သည်။ သခင်အောင်ဆန်းသည် ဂျပန်တို့နှင့် အနာဂတ်မြန်မာနိုင်ငံတော်အရေးကိုဆွေးနွေးကြသည်။ "လွတ်လပ်သောမြန်မာနိုင်ငံပြန်လည်ထူထောင်ရေးစီမံကိန်း" တွင် နိုင်ငံတစ်ခု၊ အစိုးရ တစ်ဖွဲ့၊ ပါတီတစ်ပါတီ၊ ခေါင်းဆောင်တစ်ဦး၏ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည် ဖော်ရန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ရဲဘော်သုံးကျိပ်သည် နိုင်ငံရေးပါတီအသီးသီးကို ကိုယ်စားပြုခဲ့ကြသူများဖြစ်သည်။ နိုင်ငံရေးအမြင် အယူအဆအမျိုးမျိုးရှိကြသော်လည်း ပါတီနိုင်ငံရေးကို မေ့ထားပြီး၊ လွတ်လပ်ရေးတိုက်ပွဲဝင်နိုင်ရန် အားထုတ်ခဲ့ကြသည်။ ဤသို့ဖြင့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗန်ကောက်မြို့တွင် ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေး တပ်မတော်) ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ဘီအိုင်အေတပ်ဖွဲ့ဝင်များသည် ၁၉၄၂ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ လျှို့ဝှက်စွာရောက်လာကြပြီး မြေအောက်လုပ်ငန်းများကို ပြည်သူ့အရေးတော်ပုံ ပါတီနှင့် ဆက်သွယ်ကာ ဆောင်ရွက်ခဲ့ကြသည်။ ၁၉၄၂ မတ်လ ၈ ရက်နေ့တွင် ဂျပန်တပ်များနှင့်အတူ ရန်ကုန်ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ဂျပန်တို့လက်အောက်တွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီဖော်ဆောင်ရေးထက် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးတို့ကို ဆောင်ရွက်နေခဲ့ရသည်။ ၁၉၄၂ ဇူလိုင်လ ၂၇ ရက်နေ့ တွင် ဘီအိုင်အေဖျက်သိမ်းခြင်း ခံလိုက်ရသည်။ နောက်ပိုင်းတွင် ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဝန်ကြီးဖြစ်လာခဲ့သည်။ အရပ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များကို ဝန်ကြီး ရာထူးများခန့်အပ်ပေးခဲ့သော်လည်း ရုပ်သေးအစိုးရသဘောသာဖြစ်ခဲ့ရသည်။ ဖက်ဆစ်တော်လှန်ရေးအတွက် ထိုစဉ်က အဓိကကျသည့် မြေအောက်ပါတီ နှစ်ပါတီမှာ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီခေါ် ဆိုရှယ်လစ်ပါတီဖြစ်သည်။ ပါတီနှစ်ပါတီစလုံး မာ့က်စ်ဝါဒတွင် အခြေခံပုံချင်းတူညီကြသော်လည်း ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏအစွဲများကြောင့် အချင်းချင်းပဋိပက္ခများ ပြင်းထန်လျက်ရှိနေသည်။

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ[ပြင်ဆင်ရန်]

ပြည်သူတို့သည် ဖက်ဆစ်ဂျပန်လက်အောက်မှ လွတ်မြောက်ရေးအတွက် မျှော်လင့်နေကြချိန်တွင် အဓိကပါတီကြီးနှစ်ရပ်က ပဋိပက္ခ ပြင်းထန်နေသဖြင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်ပြည်သူလူထုနှင့်လက်တွဲပြီး ဖက်ဆစ်တော်လှန်ရေးကို လုပ်ဆောင်ခဲ့ရသည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဂျပန်တို့သည် မဟာမိတ်တပ်များထံတွင် လက်နက်ချလိုက်ကြသည်။ ဖက်ဆစ် ဂျပန်တို့အထွက် အင်္ဂလိပ်တို့ပြန်အဝင်ဖြစ်ပြီး မြန်မာတို့ လွတ်လပ်ရေးနှင့် အလှမ်းဝေးခဲ့ကြရသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး (ဖတပလ) အဖွဲ့ကြီးကို ဖွဲ့စည်းနိုင်ခဲ့သည်။ နောက်ပိုင်း ဖဆပလ (ဖက်ဆစ် ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်) ဟူ၍ ပြင်ဆင်ဖွဲ့ စည်းခဲ့သည်။ အမျိုးသားစိတ်ရှိသော နိုင်ငံရေးပါတီအားလုံး ဖဆပလအဖွဲ့ချုပ်နှင့် ပူးပေါင်းရန် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖိတ်ခေါ်ခဲ့သည်။ ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့် တစ်ပါတီတည်းအမိုးအောက်တွင် စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ရေးတိုက်ပွဲကို အင်အား ကောင်းကောင်းဖြင့် ဆင်နွှဲကြရန်ဖြစ်သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဖဆပလ ပြည်လုံးကျွတ်ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူလူထုတစ်ရပ်လုံးက ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။ ၁၉၄၆ ဖေဖော်ဝါရီ ၂၂ ရက် နေ့ ကွန်မြူနစ်ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲသည်။ မြန်မာ့နိုင်ငံရေးတွင် ပါတီပေါင်းစုံသည် ပါတီနိုင်ငံရေးတွင် ပြန်ပြီးသံသရာလည်နေပြန်သည်။ ကွန်မြူနစ်ပါတီများ၏ အဖျက်အမှောင့် လုပ်ရပ်များ ကြောင့် ၁၉၄၆ ခုနှစ် အောက်တိုဘာ ၂၀ တွင် လူထုအစည်းအဝေးတစ်ရပ်ကျင်းပကာ ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့တွင်းမှ ထုတ်လိုက်ရသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးအချို့လုပ်ကြံ ခံခဲ့ရသည်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုသည်။ ၁၉၄၈ ခုနှစ် ဇ န်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်။

ဒီမိုကရေစီမျှော်မှန်းချက်[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဂျူဗလီဟော၌ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို လွှတ်တော်သို့ မတင်မီ မိန့်ခွန်းပြောခဲ့သည်။ ထိုမိန့်ခွန်းသည် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီဖော်ဆောင်ရန် သူမကွယ်လွန်မီဖော်ထုတ်သွားသည့် ဆန္ဒများဖြစ်သည်။ ဗိုလ်ချုပ်က မြန်မာနိုင်ငံလွတ်လပ်ရေးရလာလျှင် မည်သို့သော နိုင်ငံမျိုးဖြစ်စေချင်သနည်း စောကြောခဲ့သည်။ သမ္မတစနစ်နှင့် နိုင်ငံ ထူထောင်မည်လော၊ ရှင်ဘုရင်စနစ်ဖြင့်အုပ်ချုပ်မည်လော။ ဤမေးခွန်းအတွက် ဗိုလ်ချုပ်က "ဒီတော့ ဒီမေးခွန်းကို တိုတိုပဲဖြေပါဆိုရင် သမ္မတနိုင်ငံ လိုချင်တယ်လို့ တိုတိုပဲဖြေရုံပဲ" ဟုဆိုခဲ့သည်။ ဗိုလ်ချုပ်သည် ကားလ်မာ့စ်၏သဘောတရားများ တိုးတက်ထွန်းကားလာခြင်းကို လက်ခံခဲ့သော်လည်း အဆုံးစွန်တရားတစ်ခုအနေဖြင့် လက်မခံခဲ့ပေ။ နိုင်ငံရေးဆိုသည်မှာ စီးပွားရေးအုတ်မြစ်ပေါ်တွင်တည်ပြီး လူဆိုသည်မှာ စားဝတ်နေရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို လုပ်ဆောင်ကြရသည်။ သို့ဖြင့် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးများဖြစ်ပေါ်လာရသည်။ လူမှုဆက်ဆံရေး နောက်ကွယ်တွင် လူတန်းစား ကွဲပြားမှု၊ လူတန်းစားပဋိပက္ခများ ဖြစ်လာရသည်။ ထိုပဋိပက္ခများကို ဖြေရှင်းနိုင်ရန် အစိုးရပေါ်လာရသည်။ နောက်ပိုင်းတွင် လူထုက တင်မြှောက်သည့် အစိုးရသည် လူထုအပေါ်ရောက်သွားပြီး မိုးကျရွှေကိုယ်တွေဖြစ်ကုန်သည်။ ဤအကြောင်းနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်က "အဲဒီဘဝကစပြီး အစိုးရဆိုတာ လူတွေက အာဏာအပ်လို့ ဖြစ်တာပါလားဆိုတဲ့ သဘာ၀ဟာ လုံးလုံးပျောက်သွားတာပဲ။ အဲဒီ ရှင်ဘုရင် စနစ်လို သားစဉ်မြေးဆက် ဆက်ခံတဲ့အစိုးရမျိုးကျတော့လည်း ဘာပြောစရာရှိတော့မလဲ။ တခါတည်း အစိုးရဆိုတာ ဘုန်းကံကြောင့် (Divine Right of King) ဆိုပြီးတောင် တခါတုန်းက အယူဖြစ်တဲ့အထိ အစိုးရရဲ့မူလဘဝဟာ ပျောက်ခဲ့တာပဲ" ဟုပြောကြားသွားခဲ့သည်။ ဗိုလ်ချုပ်သည် သမ္မတစနစ်ကိုသာလိုချင်ကြောင်း အတိအလင်း ပြောကြားခဲ့သည် သာမက သမ္မတစနစ်သည်တိုင်းသူပြည်သားများကို အရင်းခံပြီး လူလူချင်းအတူတူဆိုသည့် သဘောဆောင်ကြောင်း ပြောကြားခဲ့သည်။ ဗိုလ်ချုပ်က ဒီမိုကရေစီအစိုးရကို ပုံဖော် ပြရာတွင် "အစိုးရဆိုတဲ့ အာဏာဟာ အင်မတန် အဖိုးတန် အသုံးဝင်တယ်။ အဲဒီ အာဏာကိုလည်း ပစ္စည်းအင်အားကောင်းတဲ့ လူတွေ အချင်းချင်း လုကြတယ်။ ရရင်လည်း လက်မလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေဆိုတာကတော့ အဲဒီထဲမှာ တုတ်လုပ်ပြီး အရိုက်ခံရမယ့် အခါကျမှ ပါရတာပဲ။ ဒီလို အာဏာလုကြတဲ့အခါ ဒီမိုကရေစီဆိုပြီး ပြည်သူ့ဆန္ဒ၊ ပြည်သူ့အာဏာလို့ ကြွေးကြော်အော်ဟစ်ပြီး၊ ညာတဲ့စနစ်တွေ လည်းရှိတယ်။ လူတွေက တိုင်းသူပြည်သားတွေက အစိုးရအာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက် ကောင်းအောင် လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာပဲ။ ဒါပေမဲ့ ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့ အချက်သာဖြစ်နေတာပဲ။ လူတွေက တင်မြှောက်ပြီး လူတွေရဲ့ အကျိုးကိုလုပ်တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီအစစ် မဖြစ်နိုင်ဘူး။ အတုတွေသာဖြစ်တယ်" ဟု သူလိုချင်သည့်ဒီမိုကရေစီကို ပုံဖော်ပြခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်က "ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး အသံဖမ်းပြောကြတာတွေလည်း အများကြီးပဲ" ဟုသတိပေးခဲ့သေးသည်။ ဗိုလ်ချုပ်ဖော်ဆောင်လိုသည့် ဒီမိုကရေစီသည် မည်သို့သော ဒီမိုကရေစီမျိုး ဖြစ်သနည်း။ ဗိုလ်ချုပ်ကဆက်၍ "တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေကတင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူ ရနိုင်တဲ့အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်" ဟု မိန့်ကြားခဲ့သည်။ ထို့ပြင်ဗိုလ်ချုပ်က "ကျုပ်တို့လုပ်ချင်တာက (Greatest Happiness of the Greatest Number) လူအများဆုံး အကောင်းဆုံး ချမ်းသာသုခရအောင် အဲဒီလို အများဆုံးက ကြိုးကိုင်တဲ့ အာဏာရှင်လုပ်တဲ့ ဒီမိုကရေစီမျိုးကိုသာ လိုချင်တယ်" ဟု အနာဂတ်မြန်မာနိုင်ငံ ဒီမိုကစီဖော်ဆောင်ရေးကို ကြိုတွေးသွားခဲ့သည်။

ဒီမိုကရေစီလှိုင်းနှင့်မုန်တိုင်းများ[ပြင်ဆင်ရန်]

၁၉၄၈ မှသည် ၁၉၈၈ ခုနှစ်အတွင်း ကာလများသည် ဒီမိုကရေစီကို အမျိုးမျိုးဖော်ဆောင်ခဲ့ကြသည့် ကာလများဖြစ်သည်။ ထိုကာလများ သည် ဒီမိုကရေစီလှိုင်း အထန်ဆုံး၊ မုန်တိုင်း အထန်ဆုံးကာလများဟူ၍လည်းဆိုနိုင်သည်။

ပါလီမန်ဒီမိုကရေစီခေတ်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ်အတွင်း ပြည်တွင်းသောင်းကျန်းမှုဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည်။ ၁၉၅၀ မှ ၁၉၅၆ အတွင်း ပြည်တွင်းသောင်းကျန်းမှုဒဏ်လျှော့ပါး သွားသော်လည်း ပြည်ပကျူးကျော်မှုများကြောင့် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးများကို အဓိကထားပြီး မလုပ်ဆောင်နိုင်ခဲ့ပေ။ ၁၉၅၂ ခုနှစ်တွင် ပါလီမန်ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံအတွက် သမိုင်းဝင်မည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကြီးဖြစ်သည်။ သို့သော် ထိုရွေးကောက်ပွဲတွင်လည်း နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးပါတီများ၏ ခါးပိုက်ဆောင် တပ်များကြောင့် လူသတ်၊ မဲလိမ်၊ မဲခိုး၊ ပြန်ပေးဆွဲ၊ မတရားအနိုင်ကျင့်မှုများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ဒီမိုကရေစီဖော်ဆောင်နိုင်ရေးတွင် အလှမ်းဝေးခဲ့ရပြန်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းမှသာရနိုင်ပေမည်။ လက်ရှိ ဖဆပလအစိုးရသည် ပြည်တွင်းသောင်းကျန်းမှုများ ချုပ်ငြိမ်းရန်အတွက် ၁၉၄၈ မှ ၁၉၅၅ ခုနှစ်များအတွင်း လွတ်ငြိမ်းချမ်းသာခွင့်များ ထုတ်ပြန်ပေးခြင်း၊ စေ့စပ်ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ သို့သော် ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် ထိရောက်မှုမရှိခဲ့ပေ။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၅၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ၅၅ လမ်းစဉ်ကိုကြေညာခဲ့သည်။ ဖဆပလနှင့်ပူးပေါင်းပြီး ဥပဒေဘောင်အတွင်း ရပ်တည်ခွင့် ရစေရန် လုပ်ဆောင်မည့်သဘောဖြစ်သည်။ ၅၅ လမ်းစဉ်သည် ကွန်မြူနစ်ပါတီအနေဖြင့် လက်နက်ချမည်မဟုတ်ဘဲ ဖဆပလနှင့် ဥပဒေဘောင်အတွင်း အတူယှဉ်တွဲကာ ဒီမိုကရေစီအရေးကို တိုက်ပွဲဝင်မည်ဆိုသည့် အသွင်ဆောင်ပါသည်။ ဤသို့ဖြင့် ၁၉၅၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီက ဖဆပလအစိုးရထံ အချက်သုံးချက်ကိုတောင်း ဆိုခဲ့သည်။ ထိုအချက်များမှာ ၁။ အစိုးရသည် နယ်ချဲ့ဂိုဏ်းတွင် မပါဝင်ဘဲအမျိုးသားလွတ်လပ်ရေးနှင့် ငြိမ်းချမ်းစွာအတူရှိရေးကို ပြတ်သားစွာကြေညာပေးရန် ၂။ တစ်ပြည်လုံးတွင် ဒီမိုကရေစီပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ၃။ ဗမာပြည်ကွန်မြူနစ်ပါတီအပါအဝင် ရှိရှိသမျှပါတီများ၊ အဖွဲ့အစည်းများကို ဥပဒေဘောင်အတွင်း တည်ရှိခွင့်နှင့် လုပ်ဆောင်ခွင့်များ ပေးရန်ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီက ထိုတောင်းဆိုချက်များကိုရရှိလျှင် ဥပဒေဘောင် အတွင်းဝင်မည်ဟုကြေညာခဲ့သည်။ သို့သော် ၅၅ လမ်းစဉ်အရ လက်နက်ချရန်မပါသဖြင့် ဖဆပလနှင့် ကွန်မြူနစ်တို့သည် သဘောတူညီမှုမရဘဲ ပျက်ပြားခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပခဲ့ပြန်သည်။ ဖဆပလအဖွဲ့အပေါ်တွင် ပြည်သူများ အယုံအကြည် ကင်းမဲ့စ ပြုလာသဖြင့် ဩဇာအာဏာကျဆင်းခဲ့ရသည်။ ဖဆပလ အစိုးရအဖွဲ့အတွင်းမှ နုတ်ထွက်သွားသည့် ဆိုရှယ်လစ်များသည် ဗမာပြည် အလုပ်သမား၊ လယ်သမားပါတီများကို သီးခြားခွဲထောင်ကြသည်။ ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲတွင် အလုပ်သမား၊ လယ်သမားပါတီများသည် တရားမျှတမှုပါတီ နှင့် ပူးပေါင်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံ ညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) အဖြစ် ဖွဲ့စည်းကြသည်။ ထိုရွေးကောက်ပွဲတွင် ဖဆပလသည် မဲအရေအတွက် တစ်သန်းခုနှစ်သိန်း၊ အတိုက်အခံညီညွတ်ရေးတပ်ပေါင်းစုက မဲအရေအတွက် တစ်သန်းလေးသိန်းနီးပါးရရှိခဲ့သဖြင့် ဖဆပလ အဖွဲ့ချုပ်အပေါ် ပြည်သူများသဘောထားကို ခန့်မှန်းနိုင်ပေသည်။ ပမညတသည် ဖဆပလအဖွဲ့ချုပ်ကို အဓိကအတိုက်အခံအနေဖြင့် အင်အားကြီး စွာ ပေါ်ပေါက်လာခဲ့သည့်ပါတီကြီးဖြစ်လာသည်။ မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်အောင်ဆန်း၏မျှော်မှန်းချက်ဖြစ်သော "နိုင်ငံတစ်ခု၊ အစိုးရတစ်ဖွဲ့၊ ပါတီတစ်ပါတီ၊ ခေါင်းဆောင် တစ်ဦး၏ အုပ်ချုပ်ရေး" ဖြင့် ဖွဲ့စည်းခဲ့သော ဖဆပလအဖွဲ့ချုပ်ကြီးတွင် လက်ဝဲလက်ယာပါတီများ ပူးပေါင်းပါဝင်လာကြသော်လည်း ဗိုလ်ချုပ်ကွယ်လွန်ပြီး သည့်နောက်ပိုင်းတွင် အကွဲကွဲအပြားပြား ဖြစ်လာခဲ့သည်။ အကြီးမားဆုံး ခွဲထွက်မှုမှာ ကွန်မြူနစ်ပါတီ၏ ခွဲထွက်သွားမှုဖြစ်သည်။ ခွဲထွက်သွားသည့် ကွန်မြူနစ်ပါတီမှာလည်း ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ကွန်မြူနစ်ပါတီ (ဗမာပြည်) ဟူ၍ နှစ်ခြမ်းကွဲသည်။ အလံဖြူကွန်မြူနစ်ပါတီနှင့် အလံနီကွန်မြူနစ်ပါတီဟူ၍ လူသိများသည်။ ကွန်မြူနစ်များသည် ဖဆပလအဖွဲ့ချုပ်ကိုပါ နိုင်ငံရေးအရ တိုက်ခိုက်လာသဖြင့် အဖွဲ့ချုပ်အတွင်းမှ ထုတ်ပစ်လိုက်ရသည်။ ဖဆပလအဖွဲ့မှ ကွန်မြူနစ်များထွက်သွားသည့်အခါတွင် ဆိုရှယ်လစ်များသည် အင်အားအကောင်းဆုံးဖြင့် ကျန်ခဲ့သည်။ ဖဆပလအဖွဲ့ချုပ် ဆိုသော်လည်း သာမန်နိုင်ငံရေးပါတီအသွင် ဆောင်လာခဲ့သည်။ ပြည်သူ့ရဲဘော်များနှစ်ခြမ်းကွဲသည်။ ရဲဘော်ဖြူများတောခိုကုန်သည်။ ရဲဘော်ဝါတွေက ဆိုရှယ်လစ်များနှင့် ပူးပေါင်းကြသည်။ အချို့ကလည်း တပ်မတော်ထဲဝင်ရောက် အမှုထမ်းကြသည်။ ဖဆပလအဖွဲ့ချုပ်မှ နာမည်ကြီးခေါင်းဆောင်များဖြစ်သည့် ဝိဓူရသခင်ချစ်မောင်နှင့် သခင်လွင်တို့ ဦးဆောင်သည့် ဆိုရှယ်လစ်များ နုတ်ထွက်သွားကြပြန်သည်။ ဖဆပလအဖွဲ့တွင် လက်ဝဲအစွန်းရောက် ဆိုရှယ်လစ် (ဆိုရှယ်နီ) များမရှိတော့သည့်အခါတွင် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ဦးဆောင်သည့် ဆိုရှယ်လစ်အုပ်စုနှင့် ဦးနု ခေါင်းဆောင်သော လက်ယာအုပ်စု သာ ကျန်ခဲ့တော့သည်။ ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲအပြီးတွင် ဖဆပလသည် အာဏာရခဲ့သော်လည်း ဦးနုက ဖဆပလကို သန့်ရှင်းအောင်လုပ်မည်ဆိုပြီး ဝန်ကြီးချုပ် ရာထူးကို လက်မခံခဲ့ပေ။ ဖဆပလ၏ ဥက္ကဋ္ဌရာထူးဖြင့်သာနေခဲ့ပြီး ဦးဗဆွေက ဝန်ကြီးချုပ်ရာထူးကို လက်ခံခဲ့သည်။ ဦးနုနှင့် ဦးဗဆွေတို့၏ ပဋိပက္ခမှာလည်း ပြင်းထန်လာခဲ့သည်။ လွတ်လပ်ရေးရအပြီး ၁၀ နှစ်တာကာလကို ပြန်သုံးသပ်ကြည့်လျှင် မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေးသည် အောင်မြင်ခဲ့သည်ဟု မဆိုနိုင်ပေ။ ၁၉၅၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ဦးနုသည် ဝန်ကြီးချုပ်ရာထူးကို ပြန်လည်လက်ခံခဲ့သည်။ ၁၉၅၇ မတ်လ ၁၂ ရက်နေ့ တွင် အတိုက်အခံ ပမညတများက ဖဆပလအစိုးရကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ခြင်းမရှိဟု အကြောင်းပြပြီး အယုံအကြည် မရှိအဆို တင်သွင်းခဲ့သည်။ သို့သော် ပမညတတို့ အဆိုရှုံးသွားခဲ့ရသည်။ ၁၉၅၈ ခုနှစ် မေလအတွင်း ဦးနုနှင့် ဦးကျော်ငြိမ်းတို့၏ အပြန်အလှန်ပေးစာများကို ဂါးဒီးယန်းသတင်းစာတွင်ဖော်ပြလိုက်သဖြင့် ဖဆပလအဖွဲ့ချုပ်အတွင်းမှ အကွဲအပြဲ ဇာတ်လမ်းကို ထင်ရှားစွာပြည်သူတို့ သိမြင်ခွင့်ရလာခဲ့သည်။ ဖဆပလအက်ကြောင်းကို ပီပြင်စွာ တွေ့မြင်လာရခြင်းဖြစ်သည်။ ၁၉၅၈ ဇန်နဝါရီ ၂၉ တွင် ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးကို ကမ္ဘာအေးကုန်းမြေတွင် ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ဦးနုက ဖဆပလသည် တစ်ပါတီဖြစ်သည်။ ပါတီပေါင်းစုံစုစည်းဖွဲ့ထားသည့် တပ်ဦးမဟုတ်ဟုဆိုလိုက်သဖြင့် လွတ်လပ်ရေးမတိုင်မီ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းပြောကြားကာ စုစည်းပေးထားသည့် အဖွဲ့ချုပ်အသွင်ပျောက်ပြီး စိတ်ဝမ်းကွဲစရာဖြစ်လာသည်။ ညီလာခံတွင် ဖဆပလကို ပါတီတစ်ရပ်အသွင်ဖြင့် ဖွဲ့စည်းမည်လား၊ တပ်ပေါင်းစုအသွင်ဖြင့် ဖွဲ့စည်းမည်လား အငြင်းပွားကြသည်။ ညီလာခံအပြီး နှစ်လအကြာတွင် ဦးနုက သခင်တင်နှင့် ပူးပေါင်းပြီး ဦးဗဆွေ ဦးကျော်ငြိမ်းတို့နှင့် လမ်းခွဲမည်ဟုဆိုလာသည်။ ဤသို့ဖြင့် ၁၉၅၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီးသည် အတိအလင်း နှစ်ခြမ်းကွဲသွားတော့သည်။ ဦးနုတို့က သန့်ရှင်းဖဆပလ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က တည်မြဲဖဆပလဖြစ်လာသည်။ ထို့ပြင် ဦးနုနှင့် သခင်တင်တို့အုပ်စုကို နုတင်အုပ်စု၊ ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့ကို ဆွေငြိမ်းအုပ်စုဟုခေါ်ကာ မြန်မာ့နိုင်ငံရေးတွင် အုပ်စုတိုက်ပွဲများဆင်လာရာမှ ဖဆပလအမည်လည်း လုံး၀ကွယ်ပျောက်သွားခဲ့ရတော့သည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် တည်မြဲဝန်ကြီးများ အစိုးရအဖွဲ့မှ နုတ်ထွက်သွားကြသည်။ သန့်ရှင်းဝန်ကြီးများ အစိုးရ အဖွဲ့အတွက် ကျမ်းသစ္စာကျိန်ဆိုကြသည်။ ဇွန်လ ၉ ရက်နေ့တွင် တည်မြဲတို့က အတိုက်အခံအနေဖြင့် သန့်ရှင်းတို့ကို အယုံအကြည်မရှိကြောင်း ပါလီမန်တွင် အဆိုတင်သွင်းသည်။ အစိုးရဘက် (သန့်ရှင်း) က ၁၂၇ မဲ၊ တည်မြဲဘက်က ၁၁၉ မဲသာရသဖြင့် ၈ မဲအကွာနှင့် ရှုံးနိမ့်သွားခဲ့ရသည်။ ဦးနု၏သန့်ရှင်းအစိုးရသည် ပြည်တွင်းဆူပူသောင်းကျန်းမှုများကို နှိမ်နင်းနိုင်မှု မရှိခြင်း၊ တည်မြဲအုပ်စုခေါင်းဆောင်သည့် လူထု ဒီမိုကရေစီတိုက်ပွဲများကလည်း ပြင်းထန် လာသဖြင့် အုပ်ချုပ်ရေးကိုပါထိခိုက်လာရသည်။ ထိုအချိန်တွင် သန့်ရှင်းခေါင်းဆောင်များ ထူထောင် ဖွဲ့စည်းထားသည့် ခါးပိုက်ဆောင်တပ်များ၏အရေးကလည်း ရင်မအေးနိုင်ဖွယ် ဖြစ်လာသည်။ တည်မြဲတို့၏ ဒီမိုကရေစီတိုက်ပွဲများကို နှိမ်နင်းရန် သန့်ရှင်းတို့က ခါးပိုက်ဆောင်တပ်များကို ရန်ကုန်မြို့အတွင်း လျှို့ဝှက်သွင်းလာသည်။ နိုင်ငံရေး အခြေအနေမှာ ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။ နောက်ဆုံး ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းထံ ရေးသားသည့်စာကို မြန်မာ့အသံမှတစ်ဆင့် အသံလွှင့်ခဲ့သည်။ ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူပေးပါရန် ကမ်းလှမ်းသည့်စာဖြစ်သည်။ ထိုအချိန်မှစတင်ပြီး စစ်တပ်သည် မြန်မာ့နိုင်ငံရေးသို့ အတိအလင်းဝင်ရောက်လာသည်ဟု ဆိုနိုင်သည်။ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပါလီမန်ကို ဖျက်သိမ်းလိုက်သည်။ အိမ်စောင့်အစိုးရသည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများကို ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်းကောင်း၊ လူမျိုးစုလွှတ်တော်ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်လည်းကောင်း ကျင်းပပေးမည်ဟုကြေညာခဲ့သည်။ အိမ်စောင့်အစိုးရအနေဖြင့် မိမိတို့တာဝန်မှာ လွတ်လပ်၍တရားမျှတသည့် ပါလီမန် ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးနိုင်ရေးသာဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ၁၉၆၀ ပြည့်နှစ် မေလရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် သန့်ရှင်းအမတ် ၁၅၉ ဦး၊ တည်မြဲအမတ် ၄၂ ဦးနှင့် တစ်သီးပုဂ္ဂလ အမတ်များ ရွေးကောက်တင်မြှောက်ခံရသော်လည်း ပမညတအမတ်များ တစ်ဦးမျှ ရွေးကောက် တင်မြှောက်ခြင်း မခံရပေ။ မဲဆန္ဒရှင်များအနက်မှ ၅၉ ရာခိုင်နှုန်းသာ မဲလာပေးခဲ့ကြသည်။ ထို ၅၉ ရာခိုင်နှုန်းတွင် သန့်ရှင်းကို ၅၂ ရာခိုင်နှုန်း၊ တည်မြဲကို ၃၁ ရာခိုင်နှုန်း၊ ပမညတက ၅ ရာခိုင်နှုန်းသာရသည်။ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်က ဦးနုကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည်။ ဦးနုက သန့်ရှင်း ဖဆပလကို ပြည်ထောင်စုပါတီ (ပထစ) အဖြစ်ပြန်လည်ဖွဲ့စည်း ကြောင်းကြေညာသည်။ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၅ ရက်နေ့တွင် ဦးနု၏ပထစအစိုးရအဖွဲ့သည် ပြည်သူများသို့ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးအာမခံချက် များစွာပေးထားသော အစိုးရမူဝါဒကို ထုတ်ပြန်ကြေညာခဲ့သည်။ ဗုဒ္ဓဘာသာကိုလည်း နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းပေးမည်ဟု အာမခံချက်ပေးခဲ့သည်။ ထို့ပြင် ဒီမိုကရေစီထွန်းကားရေး ကြွေးကြော်သံများဖြင့် နိုင်ငံတော်ကိုစတင်အုပ်ချုပ်ခဲ့သည်။ ပထစအစိုးရလက်ထက်တွင် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီဖော်ဆောင်ရေးမှာ မအောင်မြင်ခဲ့ဟုဆိုရမည်။ ထိုအချက်များကို ပြန်သုံးသပ် ကြည့်လျှင် ၁။ ဦး ဗိုလ် သခင်ဆိုသည့် ဝါရင့်အရာရှိဟောင်းကြီးများ၊ တပ်မတော်တွင် လက်တွဲပြီး လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သူများ၊ တို့ဗမာအစည်းအရုံးလက်ထက် ကတည်းက သခင်များအဖြစ် နိုင်ငံရေးလုပ်လာကြသူများအတွင်း ပဋိပက္ခပြင်းထန်လာခြင်း ၂။ တပ်မတော်ကိုဖျက်သိမ်းပြီး၊ ခါးပိုက်ဆောင်တပ်များဖွဲ့စည်းရန် ကြိုးပမ်းလာခြင်း ၃။ ပြည်နယ်များခွဲထွက်ခွင့် ဖက်ဒရယ်မူတောင်းဆိုမှုများအပေါ် မဖြေရှင်းနိုင်ခြင်း ၄။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းမှုနှင့်ပတ်သက်ပြီး ဘာသာခြားများ၏ ကန့်ကွက်ဆန္ဒပြမှုများနှင့် ရင်ဆိုင်လာရခြင်း ၅။ ပြည်တွင်းသောင်းကျန်းမှုများကို မနှိမ်နင်းနိုင်ဘဲ ပြည်ထောင်စုကြီးပြိုကွဲမည့် အရိပ် အယောင်များပေါ်လာခြင်းတို့ကို တွေ့ကြုံခဲ့ရသည်။ ၁၉၆၂ ခုနှစ်တွင် နိုင်ငံ၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်လာသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် ထိုစဉ်ကအသုံးမဝင်လောက်အောင် ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုကျော်ပြီး အာဏာသိမ်းရန်မှတစ်ပါး အခြားအကြောင်းမရှိရန်ဖန်တီးလာသည်။ ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့ည သန်းခေါင်ကျော် မတ်လ ၂ ရက်နေ့သို့အကူးတွင် တပ်မတော်သည် နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်သည်။ ၁၉၆၂ မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၅၀ အချိန်တွင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းသည် "နိုင်ငံတွင် ယိုယွင်းပျက်စီးလာသည့် အခြေအနေဆိုးများကို အချိန်မီထိန်းသိမ်းရန်အတွက် တပ်မတော်က တာဝန်ယူလိုက်ပြီဖြစ်ကြောင်း" မြန်မာ့အသံမှ တစ်ဆင့် အသံလွှင့် ကြေညာခဲ့သည်။ ဤသို့ဖြင့် နိုင်ငံတော်အတွင်း ၁၄ နှစ်တာကျင့်သုံးခဲ့သော ပါလီမန် ဒီမိုကရေစီစနစ်ကြီး ချုပ်ငြိမ်း သွားခဲ့ရတော့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ် မတ်လ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီက ပြည်သူ့ လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ကိုဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ မတ်လ ၄ ရက်နေ့ တွင်ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကိုဖိတ်ကြားပြီး တော်လှန်ရေးကောင်စီ၏ မူဝါဒနှင့် သဘောထားများကိုရှင်းပြသည်။ မတ်လ ၅ ရက်နေ့တွင် ပမညတအဖွဲ့က တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်းကြေညာသည်။ မတ်လ ၂၈ တွင် တော်လှန်ရေးကောင်စီသည် ပါလီမန်ရွေးကောက်ပွဲကော်မတီကို ဖျက်သိမ်းလိုက်သည်။ ၁၉၆၂ ဧပြီလ ၃၀ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာခဲ့သည်။ ဆိုရှယ်လစ်လမ်းစဉ်ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သည့် လမ်းစဉ်လည်းဖြစ်သည်။ ၁၉၄၇ တွင်ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပြည်ထောင်ပြိုကွဲပြီး တိုင်းရင်သားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမည့် အရိပ် လက္ခဏာများတွေ့လာရသည်။ သို့ဖြစ်ရာ ၁၉၇၄ တွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် အခန်း (၂)၊ ပုဒ်မ (၇) တွင် "နိုင်ငံတော်၏ ဖွဲ့စည်းပုံသည် ဆိုရှယ်လစ်ဒီမိုကရေစီကို အခြေခံသော ဖွဲ့စည်းပုံဖြစ်သည်" ဟုဆိုထားသည်။ ထို့ပြင် ပုဒ်မ (၁၄) တွင်လည်း "ဆိုရှယ်လစ်ဒီမိုကရေစီကျင့်စဉ်နှင့်အညီဆောင်ရွက်ရမည်" ဟုဆိုထားသည်။ ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံတော်ဖွဲ့စည်းရေးအတွက်လည်း ပုဒ်မ (၂၁) တွင်

"ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အောင်မြင်စွာထူထောင်နိုင်ရန်အတွက် ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံတော်ကို ဖွဲ့စည်းတည်ထောင်ရမည်။ ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံတော် ဆိုသည်မှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အခြေခံသော၊ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သော ဒီမိုကရေစီနိုင်ငံတော်မျိုးဖြစ်သည်" ဟူ၍လည်း ကောင်း

ပုဒ်မ (၂၃) တွင်

"ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံတော်ကို ဦးဆောင်သွားရမည့်သူများမှာ အလုပ်သမား၊ တောင်သူလယ်သမားများ၊ ပညာရှင်များနှင့် အခြားသော လုပ်သားပြည်သူများထဲမှ ပေါ်ထွက်လာကြသော လူမှုတိုးတက်ရေးအသိတရားများကို ခံယူထားကြသည့် ရှေ့ဆောင် ရှေ့ရွက်ပြုနိုင်ကြသူများပင် ဖြစ်ကြပေလိမ့်မည်။ ထိုသို့သော ပြည်သူများပါဝင်သည့် ရှေ့ဆောင်မှုမျိုးကို ဖွဲ့စည်းနိုင်မှသာလျှင် လုပ်သားပြည်သူတစ်ရပ်လုံး၏ ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံတော်ကို အောင်မြင်စွာတည်ဆောက်နိုင်မည်ဖြစ်ပေသည်" ဟုပါရှိသည်။

ပါတီဖွဲ့စည်းတည်ဆောက်ပုံမူ ပုဒ်မ (၆၁) တွင်လည်း

"ပါတီဖွဲ့စည်းတည်ဆောက်ပုံသည် ဒီမိုကရေစီဗဟိုဦးစီးစနစ်ကို အခြေပြုသည်။ ဒီမိုကရေစီဗဟိုဦးစီးစနစ်ဆိုသည်မှာ အများဆန္ဒအရ ရွေးချယ်လိုက်သည့်၊ ဗဟိုအဖွဲ့အစည်း များက အများဆန္ဒဖြင့် သတ်မှတ်ပေးလိုက်သည့် ဘောင်အတွင်းတာဝန်ယူ၍ စီမံခန့်ခွဲသော စနစ်ဖြစ်သည်" ဟူ၍ဖော်ပြထားသည်။ ဖော်ပြခဲ့သည် သတ်မှတ်ပြဋ္ဌာန်းချက်များကို သုံးသပ်ကြည့်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ဒီမိုကရေစီဖော်ဆောင်မှုကို နားလည်နိုင်လောက်မည်ထင်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ပါလီမန်ဒီမိုကရေစီစနစ်ကျဆုံးပြီးကတည်းက တစ်ပါတီ စနစ်ပုံစံလွှမ်းမိုးခဲ့ကြောင်းတွေ့ရသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တစ်ပါတီစနစ် လွှမ်းမိုးမှုသည် မြန်မာနိုင်ငံတွင် ၁၉၇၄ မှ ၁၉၈၈ ခုနှစ်အထိ ၁၄ နှစ်မျှကြာမြင့်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် အဘယ်ကြောင့် ကျဆုံးသွားရသနည်း။ ၁၉၈၈ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတဖြစ်လာသည့် ဒေါက်တာမောင်မောင်၏ ရှင်းလင်းချက်သည် အပြည့်စုံဆုံးဖြစ်သဖြင့် မူရင်းအတိုင်း တင်ပြလိုသည်။ "အမှန်မှာတော့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ မြန်မာ့အကျိုးကို သယ်ပိုးကြမယ်ဆိုပြီး ထူထောင်ခဲ့ကြတဲ့ လမ်းစဉ်ပါတီဟာ ပါတီစုံနဲ့ အစပျိုးခဲ့တာ ပါ။ ပါတီထူထောင်ချိန်မှာ ပါတီစုံက ခေါင်းဆောင်ကြီးများက ပါဝင်ကြဖို့၊ ဦးဆောင်ကြဖို့ ဖိတ်ကြားခဲ့ကြလို့ ထိပ်သီးပုဂ္ဂိုလ်တွေ အကုန်အစုံ မပါဝင်ခဲ့ကြပေမယ့် တော်တော်များများ ခေါင်းဆောင်ပိုင်းလူငယ်ပိုင်းတွေ ပါဝင်ခဲ့ကြပါတယ်။ အတူဝိုင်းပြီး ပါတီစည်းမျဉ်းရေးဆွဲ၊ မူကြမ်းတွေ ပြည်သူတွေကို ရှင်းလင်းတင်ပြ၊ အကြံဉာဏ်များယူပြီးမှ ပါတီစည်းမျဉ်းကို အတည်ပြု၊ အမြုတေပါတီ၊ ပြည်သူ့ပါတီစသည်ဖြင့် အဆင့်ဆင့် ဖွဲ့စည်းခဲ့ကြတာပါ။ ပြည်သူ့ပါတီတည်ဆောက်တော့လည်း ပါတီစုံမှ ပုဂ္ဂိုလ်တွေရော၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ဝန်ထမ်း၊ ပညာရှင်၊ လူကြီးလူငယ်တွေရော၊ အခုအပြင်ရောက်နေကြပြီး တစ်ပါတီစနစ်ကို ပြင်းထန်စွာဝေဖန်နေကြတဲ့ ပုဂ္ဂိုလ်များရော စိတ်ရောကိုယ်ပါ ပါဝင်လာကြတာပါ။ ပါတီရဲ့လမ်းစဉ်ဝါဒ တိတိကျကျဖော်ပြပြီး ပါတီတည်ဆောက်ရာမှာလည်း အမှုဆောင်၊ လုပ်ငန်းစစ်၊ စည်းကမ်းထိန်းသိမ်းရေး သူ့အဖွဲ့နဲ့သူ အထိန်းအကွပ်တွေနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်" "ပါတီစုံ လူတန်းစားမျိုးစုံ ပါဝင်တဲ့ပါတီမို့ ပါတီတွင်းတွင်လည်း ကွဲခဲ့ကြတာပါပဲ။ မကြာခဏအရေလဲခဲ့ကြတာ၊ ကြီးကြီးကွဲတာ၊ သေးသေးကွဲတာ၊ များများအရေလဲတာ၊ နည်းနည်းလဲတာပဲ ကွာခဲ့တာပါ။ စည်းကမ်းပျက်လို့ အရေးယူခံခဲ့ရတာတွေလည်း အများကြီး။ မဟုတ်မတရားစွပ်စွဲခံရပြီး၊ ဘေးရောက်သွားတဲ့ ပုဂ္ဂိုလ်တွေလည်းအများကြီး။ မြန်မာ့သမိုင်းတစ်လျှောက်မှာ ပေါ်ထွန်းခဲ့တဲ့ ပါတီကြီးများလည်း ဒီလိုပါပဲ" "စောစောပိုင်းက ပါတီစည်းရုံးမှုဟာ အင်မတန်ကောင်းပါတယ်။ ပြည်သူ့ပါတီ ပီသခဲ့ပါတယ်။ ပါတီဝင်တွေဟာ ပြည်သူတွေနဲ့အတူ ရှိနေကြရမယ်၊ ပြည်သူ့အကျိုးပြုရာမှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ မာန်မာနနှိမ့်ချကြရမယ်။ အာဏာနဲ့ အမိန့်နဲ့ မောက်မာစွာ ဆက်ဆံခြင်း မပြုကြရလို့ အတန်တန်မှာကြား သင်ကြားတဲ့အတိုင်းလည်း လုပ်ဆောင်ကြပါတယ်။ ကျွန်တော်တို့ ပြည်သူများကလည်း မေတ္တာကို တုံ့ပြန် တတ်တယ်။ မိမိတို့အကြားကိုလာပြီး မိမိတို့ရပ်ရွာအကျိုးကို သယ်ပိုးကြသူများကို ကျေးဇူးသိတတ်ကြပါတယ်" "ဒါပေမဲ့ ပါတီရဲ့အားနည်းချက်က အာဏာရပါတီအဖြစ်မွေးပြီး၊ အာဏာရ ပါတီအဖြစ် ကြီးပြင်းလာရခြင်းပါပဲ။ စွန့်လွှတ်ခြင်း၊ စွန့်စားခြင်း၊ အခက်အခဲနဲ့ ကြိုးစားရခြင်းဆိုတာ လက်တွေ့အားဖြင့်နည်းပါးခဲ့ပါတယ်။ အာဏာဟာ လူကိုဖျက်တယ်။ အကြွင်းမဲ့အာဏာဟာ အကြွင်းမဲ့ ဖျက်တတ်တယ်။ အာဏာရပြန်တော့ ယစ်မူးလာတတ် တယ်။ အာဏာမဲ့နေပြန်တော့ အာဏာကိုပဲ ဆာလောင်မွတ်သိပ်နေတတ်တယ်။ ဒီရောဂါ ကင်းတဲ့လူ အင်မတန်ရှားမှာပါ။ အရိယာပုဂ္ဂိုလ်များမှ ဒီရောဂါမှ လုံးဝကင်းစင်ကြမှာပါ" "အဲဒီတော့ အာဏာရပါတီအဖြစ်နဲ့ ကြာလာတဲ့အခါ မိမိတို့ကိုယ်တိုင်က ကိုယ့်ကိုယ်ကို မညှာမတာစစ်ဆေးဝေဖန်ပြီး ပြုပြင်စင်ကြယ်အောင် နေနိုင်လျှင်နေမှ၊ သတိမြဲမှ၊ မဟုတ်လျှင် သူတစ်ပါးက ဝေဖန်ပြစ်တင်ခြင်းကို ခံကြရပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးကို စည်းလုံးညီညွတ်စွာနဲ့ ရယူခဲ့တဲ့ ပါတီကြီးလည်း ၁၉၄၈ ခုနှစ်က ၁၉၅၈ ခုနှစ်အထိပဲခံတယ်။ ပြိုကွဲတာပဲ။ ၁၀ နှစ် ၁၂ နှစ် ဆိုသလို တစ်ပတ်သံသရာလည်ပြီး ပြောင်းလဲတတ်တယ်။ ညင်သာသိမ်မွေ့စွာ ပြောင်းလဲခြင်းမရှိလျှင် ကြမ်းကြမ်း တမ်းတမ်းနည်းနဲ့ ဒေါသတကြီးနဲ့ ပြောင်းလဲရတတ်တယ်" "ဇူလိုင်လအတွင်းက အရေးပေါ်ပါတီညီလာခံမှာ ပါတီဥက္ကဋ္ဌကြီးက ပါတီစုံ စကားပြောပြီး ပါတီနဲ့အစိုးရအပေါ် ပြည်သူတွေ အယုံအကြည် ရှိကြရဲ့လားလို့ စေတနာနဲ့ဖွင့်ဟလိုက်တာနဲ့ နှစ်တွေကြာလို့ အပြောင်းအလဲမျှော်နေကြတဲ့ ပြည်သူတွေ၊ လက်ငင်း စားဝတ်နေရေး မပြေမလည် ဖြစ်နေတာတွေ၊ ရပ်ရွာထဲမှာ သေးသေးဖွဲဖွဲပဲဖြစ်ဖြစ် မခံချိမခံသာ ခံစားနေရတာတွေ ဘာတွေနဲ့ ရိုးသားတက်ကြွတဲ့ ကျောင်းသားလူငယ်များရဲ့ လှုပ်ရှားမှုတွေနဲ့ပေါင်းပြီး အခွင့်အရေးမြင်တတ်၊ ယူတတ်သူတွေ၊ သာမယ်ထင်ရာဘက်ကို မျက်နှာပြောင်ပြောင်နဲ့ ကူးတတ်တဲ့ ခေတ်ပေါ်စကား "သာကူး" လူတန်းစားတွေ၊ အကြမ်းဖက်သမားတွေ၊ မဟုတ်မမှန်စကား၊ ရုန့်ရင်းကြမ်းတမ်းသော စကားကိုဆိုတတ်သူတွေ၊ အပြင်ပယောဂတွေ ဝင်လာပါတယ်။ စောင့်နေတာ အောင့်နေတာ ကြာခဲ့တော့ ဒလဟော ဝင်လာတာပါပဲ" ဟူ၍ သုံးသပ်ချက်သည် အပီပြင်ဆုံး ဖြစ်နေသဖြင့် မူရင်းအတိုင်းဖော်ပြလိုက်ရခြင်းဖြစ်သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အဘယ်ကြောင့်ကျဆုံးသွားရသနည်း။ အကျဉ်းချုပ်သုံးသပ်ရလျှင်

(က) ပါတီယူနစ် အမှုဆောင်ကော်မတီဝင်များကိုယ်တိုင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစီမံခန့်ခွဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်နေကြသည်။ (ခ) ပါတီကချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင်လည်း ဒီမိုကရေစီဗဟိုဦးစီးစနစ် ဘောင်အတွင်း ဝေဖန်ရေးနှင့် မိမိကိုယ်ဝေဖန်ရေးအပြင် ပါတီတွင်း ဒီမိုကရေစီကျင့်စဉ်ကို ပီပြင်အောင် မကျင့်သုံးနိုင်ပေ။ (ဂ) ပါတီမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များကို မကြေညက်သဖြင့် အချင်းချင်း အမြင်မကြည်လင်ဖြစ်ပြီး၊ သဘောထားကွဲလွဲလာသည်။ (ဃ) အချင်းချင်းမညီညွတ်သဖြင့် ပြင်ပ ပယောဂများဝင်လာကာဖြိုခွင်းခံရသည်ဟု သုံးသပ်ကြသည်။ ဤသို့ဖြင့် ၂၆ နှစ်တိုင်စိုးမိုးခဲ့သည့် တစ်ပါတီစနစ်လည်း ၁၉၈၈ ခုနှစ်တွင် ပြိုလဲကွယ်ပျောက်သွားခဲ့ရသည်။

၁၉၈၈ ဒီမိုကရေစီဖော်ဆောင်ခြင်း[ပြင်ဆင်ရန်]

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင် ဆူပူမှုအရေးအခင်းများ ဖြစ်ပွားစေရန်အတွက် စီးပွားရေး၊ နိုင်ငံရေးပြဿနာများက တွန်းပို့ခဲ့သည်။ ၁၉၈၇ ခုနှစ်ကတည်းက တိုင်းပြည်အတွင်း ဆူပူမငြိမ်သက်မှုများ ဖြစ်ပွားစေရန် ပြည်တွင်းပြည်ပတွန်းအားများ ဖြစ်ပေါ်လာသည်ကို လေ့လာ တွေ့ရှိရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်အတွင်း ပေါ်ပေါက်လာသည့် စီးပွားရေးပြဿနာများအနက် ကုန်ထုတ်လုပ်မှုများကျဆင်းခြင်း၊ မှောင်ခိုစီးပွားရေး မြင့်မားခြင်း၊ စက်သုံးဆီမလုံလောက်ခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ငွေစက္ကူများကို တရားမဝင်ငွေကြေးအဖြစ် မကြာခဏ ကြေညာခဲ့ရခြင်းများကြောင့် ပြည်သူလူထုအတွင်း မကျေနပ်ချက်များ အစိုင်အခဲပမာ ဖြစ်တည်နေခဲ့ရသည်။ နိုင်ငံရေးပြဿနာအနေဖြင့်ကြည့်လျှင် ပါတီကောင်စီများအတွင်း၌ ဗဟိုချုပ်ကိုင်မှုများလွန်းခြင်း၊ အုပ်ချုပ်ရေးအပိုင်းတွင် ပြည်သူ့ကောင်စီများ အရည်အသွေး မပြည့်ခြင်း၊ အထက်အောက် ပြည်သူတို့နှင့် ကင်းကွာမှုများလာခြင်းတို့ကြောင့် နိုင်ငံနှင့် ပြည်သူတို့၏ ဘဝအမှန်နှင့် အုပ်ချုပ်သူတို့ ကင်းဝေးလာရသည်။ ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် စက်မှုတက္ကသိုလ် ကျောင်းသား ၂ ဦးနှင့် ရပ်ကွက်လူငယ် ၅ ဦးတို့ ခိုက်ရန်ဖြစ်ပွားရာမှ အုပ်စုဖွဲ့ တိုက်ခိုက်ကြသဖြင့် တာဝန်ရှိသူ များကလူစုခွဲရာ ကျောင်းသား ၂ ဦးသေဆုံးခဲ့သည်။ ထိုကျောင်းသားများကိုအခြေတည်ပြီး ဆူပူမှုများ ပိုမိုကျယ်ပြန့်ခဲ့သည်။ ထိုအချိန်တွင် ဦးအောင်ကြီးကလည်း စာများထုတ်ကာ လှုံ့ဆော်ခြင်း၊ ကျောင်းသားနှင့်အရပ်သားပေါင်းကာ တောင်းဆိုမှုများ ပြုလုပ်လာရာမှ အကြမ်းဖက် လှုပ်ရှားမှုများ ပေါ်ပေါက်လာရသည်။ ရန်ကုန်တွင်ဆူပူမှုများဖြစ်ပေါ်နေစဉ် တောင်ကြီးနှင့် ပြည်မြို့တို့တွင်လည်း ဘာသာရေးနှင့် လူမျိုးရေးဆန်ဆန်ခိုက် ရန်ဖြစ်ပွားမှုများကြောင့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ ဆူပူမှုသည် ရန်ကုန်မြို့တွင်သာမက ရေနံချောင်း၊ သနပ်ပင်၊ ပဲခူး၊ စစ်ကိုင်း၊ စစ်တွေစသည့်မြို့များသို့ပါ ကူးစက်သွားခဲ့သည်။ သပိတ်စခန်းများဖွင့်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းအထိ ကျူးလွန်လာ ကြောင်းတွေ့ရသည်။ ၁၉၈၈ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တောင်းဆိုမှုများကတစ်ဆင့် ဆူပူအုံကြွမှုများနှင့် ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့သည်။ အရေးအခင်းကာလအတွင်း ခေါင်းဖြတ်အသတ်ခံရသူ (၅၅) ဦး၊ ဓား၊ လှံ၊ ရဲတင်း၊ တုတ်၊ ဂျင်ဂလိစသည့် လက်နက်မျိုးစုံနှင့် ခုတ်ထစ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၁၈) ဦး၊ စုစုပေါင်း (၇၃) ဦး အသက်ဆုံးရှုံးခဲ့သည်။ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုမှာ စစ်ကိုင်းတွင် (၂) ကြိမ်၊ တနင်္သာရီတိုင်းတွင် (၁) ကြိမ်၊ ပဲခူးတိုင်းတွင် (၁) ကြိမ်၊ မကွေးတိုင်းတွင် (၄) ကြိမ်၊ မန္တလေးတိုင်းတွင် (၃) ကြိမ်၊ မွန်ပြည်နယ်တွင် (၁) ကြိမ်၊ ရန်ကုန်တိုင်းတွင် (၄) ကြိမ်၊ ဧရာ၀တီတိုင်းတွင် (၁) ကြိမ် စုစုပေါင်း (၁၇) ကြိမ် ဖြစ်ပွားခဲ့သည်။ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက် တိုက်ခိုက်လာသူများကို တရားဥပဒေအရ ပစ်ခတ်ဖြိုခွဲမှုများ ပြုလုပ်ရတော့သည်။ အကြမ်းဖက် တိုက်ခိုက်သူများထဲမှ (၆၇) ဦး သေဆုံးခဲ့ရပြီး၊ (၁၂၆) ဦးဒဏ်ရာရရှိခဲ့သည်။ ရဲစခန်းအချို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ကြရာ လုံခြုံရေး တပ်ဖွဲ့ဝင် (၂၅) ဦးကျဆုံးပြီး၊ (၁၁) ဦး ဒဏ်ရာရရှိခဲ့သည်။ လက်နက်မျိုးစုံ ၁၉၇ လက်၊ ဆက်သွယ်ရေးစက် (၂) လုံး၊ ငွေကျပ် (၅) သိန်း ခန့် ဆုံးရှုံးသွားခဲ့သည်။ တပ်မတော်သား တစ်ဦးကျဆုံးပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ၁၇-၉-၈၈ နေ့တွင် အရေးအခင်းက ဇာတ်ရှိန်တက်လာသည်။ ကုန်သွယ်ရေး ဝန်ကြီးရုံးပေါ်တွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဆူပူသူများက ဝိုင်းဝန်းဖမ်းဆီးသွားပြီး လက်နက်ခဲယမ်းမီးကျောက်များကို သိမ်းဆည်းသွားကြသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ လုံးဝစိုးရိမ်ဖွယ်ရာဖြစ်သွားခဲ့ရသည်။ တစ်နိုင်ငံလုံးတွင် ဆူပူမှုရလဒ်အဖြစ် စာရင်းချုပ်ကြည့်လိုက်သောအခါ ၁၉၈၈ ခုနှစ် မတ်လမှ စက်တင်ဘာလ (၁၈) ရက်နေ့ အထိ သေဆုံးသူပေါင်း (၁၆၀) ဦး၊ ဒဏ်ရာရသူ (၃၆၂) ဦးရှိခဲ့သည်။ စက်တင်ဘာလ (၁၈) ရက်နေ့အထိ တည်ငြိမ်မှုရခဲ့သည့် အချိန်တွင် ဆူပူ ဆန္ဒပြနေကြသေးသဖြင့် ပစ်ခတ်ရှင်းလင်းရသောကြောင့် (၁၅) ဦးထပ်မံသေဆုံးခဲ့ရသည်။ လုယက်အကြမ်းဖက်၍ ပစ်ခတ်ရသောကြောင့် သေဆုံးသူ (၅၀၆) ဦးနှင့်ဆိုလျှင် စုစုပေါင်း သေဆုံးသူ (၅၃၁) ဦးရှိခဲ့သည်။ ဆူပူဆန္ဒပြ၍ပစ်ခတ်ရသောကြောင့် ဒဏ်ရာရသူ (၂၁) ဦး၊ လုယက်၍ ပစ်ခတ်ရသောကြောင့် ဒဏ်ရာရသူ (၂၅၁) ဦး စုစုပေါင်း ဒဏ်ရာရသူ (၂၇၂) ဦးရှိသည်။ နိုင်ငံခြား တိုင်းပြည်ကြီးတစ်ပြည်ကလည်း မြန်မာ့နိုင်ငံရေးကို ဗြောင်ကျကျ စွက်ဖက်လာသည်။ ၁၂-၉-၈၈ နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် လေယာဉ်တင် သင်္ဘောတစ်စင်းအပါအဝင်၊ စစ်ရေယာဉ် ၅ စင်းပါသော အမေရိကန်ရေတပ်အုပ်စုတစ်စုသည် ရန်ကုန်မြို့တော် တောင်ဘက် ရေမိုင် ၁၉၀ အကွာ၊ မြောက်လတ္တီ တွဒ် ၁၄ ဒီဂရီ၊ ၅၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၃ မိနစ်နေရာကို ဝင်ရောက်လာပြီး သင်္ဘောငယ်များနှင့် ရေချလေ့ကျင့်ခန်းများ ပြုလုပ်နေကြသည်။ ၁၂-၉-၈၈ နေ့တွင် အချိန်ကိုက်လှုပ်ရှားမှုတစ်ခုအနေဖြင့် ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ ဒုတိယကာကွယ်ရေးဦးစီး ချုပ် (လေ) တို့၏ လက်မှတ်တုများထိုးပြီး "၂၄ နာရီ ကြိုတင်သတိပေးကြေညာခြင်း" ခေါင်းစဉ်တပ်ကာ လက်ကမ်းစာစောင်များ ရန်ကုန်မြို့ထဲတွင် လိုက်ဝေကြသည်။ ရပ်ကွက်များထဲသို့လည်း အသံချဲ့စက်များနှင့် လိုက်လံကြေညာပြီး ၁၃-၉-၈၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် လက်ရှိလွှတ်တော်နဲ့ အစိုးရကိုဖျက်သိမ်းကာ ကြားဖြတ်အစိုးရဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ ကြားဖြတ်အစိုးရကို အာဏာလွဲပြောင်းပေးပါမည်ဟူ၍ ရေဒီယို၊ ရုပ်မြင်သံကြားများကတစ်ဆင့် ထုတ်လွှင့်ပေးရ မည်ဟု ရာဇသံများ ပေးလာသည်။ မလိုက်နာလျှင် သတ်မှတ်ထားထားသော နယ်မြေများ အတွင်းသို့ တပ်မတော်ရေက အမြောက်နှင့်ပစ်မည်။ တပ်မတော်လေက စစ်လေယာဉ်များနှင့် ဗုံးကြဲတိုက်ခိုက်မည်ဟု ဆိုလာသောကြောင့် ရန်ကုန်နေပြည်သူလူထုအပေါင်း ချောက်ချား ခဲ့ကြရသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအခြေအနေမှာလည်း စီမံခန့်ခွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးယန္တရားအားလုံး ပျက်ပြားသွားသည်။ တိုင်းပြည်တစ်ခုလုံးပြိုကွဲပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိပါးဆုံးရှုံးရတော့မည့်အရေးနှင့် ရင်ဆိုင်လာရ သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အကြမ်းဖက်တိုက်ခိုက်မှုများခံနေရပြီး အစိုးရ အာဏာနှင့် တာဝန်ဝတ္တရားများကို ထိရောက်စွာ ကျင့်သုံးနိုင်ခြင်းမရှိတော့ပေ။ တစ်နိုင်ငံလုံး သပိတ်စခန်းများဖွင့် သူတစ်လူ၊ ငါတစ်မင်း ထင်ရာစိုင်းနေကြသည့် အခြေအနေဆိုးကို တိုင်းသူပြည်သားများအားလုံး ခံစားနေ ကြရသည်။ ဤသို့ဖြင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ (၁၆:၀၀ နာရီ) အချိန်တွင် "နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့" ကိုဖွဲ့စည်းပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့ကြသည်။ နောက်ပိုင်းတွင် နိုင်ငံတော်တည်ငြိမ်ပြီး တရားဥပဒေစိုးမိုးလာသဖြင့် စည်းကမ်းပြည့်၀သော ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေး၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုတက်သောနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် "နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့" ကိုဖျက်သိမ်းပြီး "နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ" ကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက "ရှေ့ဆက်သွားရမည့် မူဝါဒလမ်းစဉ် ၇ ရပ်" ကို ချမှတ်လိုက်သည်။ မြန်မာနိုင်ငံအတွက် လမ်းပြမြေပုံ (Road Map) ၇ ချက်ဟူ၍လည်း ဆိုကြသည်။ တစ်နည်းအားဖြင့် နိုင်ငံတော် အစိုးရ၏ ဒီမိုကရေစီဖော်ဆောင်ရေးမူ ၇ ချက်ဟူ၍လည်းဆိုနိုင်သည်။

ပထမအဆင့် -

၁၉၉၆ ခုနှစ်မှစ၍ ယာယီအားဖြင့် ဆိုင်းငံ့ထားလျက်ရှိသော အမျိုးသားညီလာခံ ပြန်လည်ကျင်းပခြင်း

ဒုတိယအဆင့် -

အမျိုးသားညီလာခံကြီး အောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်ပြီး စည်းကမ်းပြည့်၀သော ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် လိုအပ်သော ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်ခြင်း

တတိယအဆင့် -

အမျိုးသားညီလာခံကြီးက ချမှတ်ပေးထားသော အခြေခံရမည့်မူများနှင့် အသေးစိတ်အခြေခံရမည့်မူများနှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲခြင်း

စတုတ္ထအဆင့် -

ဖြစ်ပေါ်လာသည့် အခြေခံဥပဒေမူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခြင်း

ပဉ္စမအဆင့် -

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များဖွဲ့စည်းရေးအတွက် တရားမျှတ သော ရွေးကောက်ပွဲများ ကျင်းပခြင်း

ဆဋ္ဌမအဆင့် -

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော် အစည်းအဝေးများ ကျင်းပခြင်း

သတ္တမအဆင့် -

လွှတ်တော်က ရွေးကောက်တင်မြှောက်သော နိုင်ငံတော် အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေးသော အစိုးရအဖွဲ့၊ အာဏာပိုင် အဖွဲ့အစည်းများက ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ခြင်း

အထက်ပါ လမ်းပြမြေပုံ ၇ ချက်အားယခုအချိန်တွင် ဆဋ္ဌမအဆင့်အထိ ဆောင်ရွက်ပေးခဲ့ပြီး သတ္တမအဆင့်ကို အကောင်အထည်ဖော်ဆောင်နေပြီဖြစ်သည်။

မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေးအဓိကပြဿနာများ[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံကို လွတ်လပ်ရေးရပြီးချိန်မှ ယနေ့ကာလအထိ ခေတ်လေးခေတ်ဖြင့် ပိုင်းဖြတ်ကာ ရှုမြင်သုံးသပ်နိုင်သည်။

၁။ ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ) ၂။ တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ) ၃။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ) ၄။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ် (၁၉၈၈ ခုနှစ်မှ ယနေ့အထိ)

လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၄၀ ကြာသည်အထိ (၁၉၈၈ ခုနှစ်အထိ) မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကို ကန့်သတ် တားဆီးထားသော အမျိုးသားရေးပြဿနာ သုံးရပ်ရှိသည်။ ၎င်းတို့မှာ

(က) အမျိုးသားစည်းလုံးညီညွတ်ရေးပြဿနာ (ခ) စီးပွားရေးပြဿနာ (ဂ) နိုင်ငံခြားရေး ပြဿနာ တို့ဖြစ်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေး ပြဿနာ[ပြင်ဆင်ရန်]

အမျိုးသားစည်းလုံးညီညွတ်ရေးပြဿနာသည် နိုင်ငံအတွက် အထူး အရေးကြီးဆုံးဖြစ်မည်ထင်သည်။ အမျိုးသားစည်းလုံးညီညွတ်ရေး ဆိုရာတွင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအားလုံးနှင့်လည်းဆက်စပ်နေသည်။ ကမ္ဘာ့နိုင်ငံများပြိုကွဲရခြင်းအကြောင်းရင်း နှင့်ပတ်သက်ပြီး နိုင်ငံရေးသိပ္ပံ ပညာရှင်များက အောက်ပါအတိုင်း သုံးသပ်ကြသည်။

၁။ နိုင်ငံအတွင်း လူမျိုးစုအရေအတွက်များပြားခြင်း ၂။ ထိုလူမျိုးစုများအတွင်း လူဦးရေပမာဏ ကွဲပြားခြားနားခြင်း ၃။ လူမျိုးစုအချင်းချင်း သမိုင်းကြောင်း အာဃာတများရှိခဲ့ခြင်း ၄။ လူမျိုးစုများအတွင်း ယဉ်ကျေးမှုနှင့် ကိုးကွယ်သည့်ဘာသာ ကွဲပြားခြားနား ခြင်း ၅။ လူမျိုးစုအတွင်း စီးပွားရေးနှင့် လူမှုရေးတိုးတက်ဖွံ့ဖြိုးမှု ကွာခြားခြင်း ၆။ နိုင်ငံရေးယုံကြည်ချက် ကွဲပြားခြင်း ၇။ အခြေခံဥပဒေအရ နိုင်ငံဖွဲ့စည်းတည်ဆောက်မှုစနစ်တွင် အားနည်းချက်များ ရှိခြင်းတို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူမျိုးစုအရေအတွက် (၁၃၅) မျိုးခန့်အထိ ကွဲပြားနေသည်။ မြန်မာနိုင်ငံသည် လူမျိုးစုအလိုက် သီးခြားရပ်တည် နေထိုင်သော တိုင်းငယ်ပြည်ငယ်နိုင်ငံလေးများကို ပေါင်းစုဖွဲ့စည်းထားသည့်နိုင်ငံတစ်နိုင်ငံမဟုတ်ပေ။ ရှေးနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသား လူမျိုးပေါင်းစုံဒေသအနှံ့ ရောနှောစုပေါင်း နေထိုင်ခဲ့ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီအဖြစ် နှစ်ပေါင်းများစွာနေထိုင်ခဲ့ရသည်။ နယ်ချဲ့တို့ သွေးခွဲအုပ်ချုပ်မှုအောက်တွင် သွေးခွဲ အုပ်ချုပ်မှုကြောင့် တိုင်းရင်းသားများအချင်းချင်း စိတ်ဝမ်းကွဲပြားကာ စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့ရသည်။ ထို့ပြင် ဘာသာရေးကိုအမှီပြုပြီး သွေးခွဲခဲ့ခြင်းကြောင့် လည်း လူမျိုးစုအချင်းချင်း အာဃာတများ စတင်ဖြစ်ခဲ့သည်။ နိုင်ငံရေးအရလည်း မြန်မာနိုင်ငံတွင် လက်ဝဲနှင့် လက်ယာဝါဒ သဘောတရားတို့ အားပြိုင်လွန်ဆွဲမှုသည် ပြင်းထန်သည်ဟုဆိုရမည်။ လွတ်လပ်ရေးအကြိုကာလတွင် လက်ဝဲစွန်းဝါဒီများဖြစ်သည့် အလံနီကွန်မြူနစ်ပါတီမှ သခင်စိုး၊ အလံဖြူကွန်မြူနစ်ပါတီမှ သခင်သန်းထွန်း၊ မြေပေါ်ကွန်မြူနစ်ပါတီမှ သခင်သိန်းဖေတို့ကဲ့သို့ ကွန်မြူနစ်အုပ်စုများအတွင်း အကွဲကွဲအပြားပြားဖြစ်နေသည်။ ဆိုရှယ်လစ်အုပ်စုတွင်လည်း ဝိဓူရသခင်ချစ်မောင်၊ သခင်လွင်တို့ဦးဆောင်သည့် မာ့စ်ဝါဒီဆိုရှယ်လစ်များ၊ သခင်မြ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးလှရွှေတို့ဦးဆောင်သည့် ပြည်သူ့အရေးတော်ပုံပါတီ ဆိုရှယ်လစ်ဝါဒီများကလည်း ဆိုရှယ်လစ်အုပ်စုအဖြစ်ဂိုဏ်းကွဲနေသည်။ လက်ယာအုပ်စုများတွင် အလယ်အလတ် လက်ယာယိမ်း အမျိုးသားရေးဝါဒီများဖြစ်သည့် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့က တစ်ဖွဲ့၊ လယ်ယာစွန်းရောက် နယ်ချဲ့အလိုတော်ရိ ရှေးရိုးစွဲဝါဒီများဖြစ်ကြသည့် ဆာပေါ်ထွန်း၊ ဒေါက်တာဗမော်၊ ဦးပု၊ ဦးဘဖေ၊ ဦးစော တို့က အုပ်စုတစ်ဖွဲ့ဖြစ်သည်။ ထို့ပြင်ကျဉ်းမြောင်းသော လူမျိုးရေးအမြင်နှင့် ဘာသာရေးအစွဲများကို လက်ကိုင်ထားသည့် စောဘဦးကြီး၊ စောစံကေးစသည့် ကရင် တိုင်းရင်းသားများနှင့်၊ ပဒေသရာဇ်ရှမ်းစော်ဘွားများအုပ်စုတို့ကတစ်ဖွဲ့ စသည်ဖြင့် မြန်မာနိုင်ငံတွင် အယူအဆအမျိုးမျိုး ကွဲပြားနေကြောင်း တွေ့ရသည်။ ထိုခေတ်ကတည်းက ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲတို့ကို လက်ကိုင်ထားခဲ့ကြသဖြင့် ယနေ့တိုင်အောင်ပင် စေ့စပ်မရနိုင်သည့် အနေအထားများ တွင် ရှိနေဆဲဖြစ်သည်။ ၁၉၄၇ ခုနှစ် အခြေခံဥပေဒေအားနည်းချက်ကြောင့် နိုင်ငံပြိုကွဲရမည့် အခြေအနေများနှင့်လည်း ရင်ဆိုင်ခဲ့ရသေးသည်။ မြန်မာနိုင်ငံတွင် ပထဝီဝင်နိုင်ငံရေး အနေအထားအရ တောင်တန်းဒေသနှင့် မြေပြန့်ဒေသသည် အပြန်အလှန်ဆက်စပ်နေရပြီး သီးခြားခွဲကာရပ်တည်နိုင်စွမ်း မရှိပေ။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရမည့်အခါတွင် နယ်ချဲ့တို့က တောင်တန်းဒေသကို ချန်လှပ်ထားလိုကြသည်။ နယ်ချဲ့တို့၏ သွေးခွဲမှုကို နားယောင်ပြီး ရှမ်းပဒေသရာဇ် စော်ဘွားတို့က ခွဲထွက်ခွင့်ကို အရေးဆိုလာကြစဖြင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအားထုတ်ခဲ့ရသည်။ လွတ်လပ်ရေးအတွက် ရှမ်းပဒေသရာဇ်များကို လိုက်လျောမှုပေးခဲ့ရသည့် အနေဖြင့် ၁၉၄၇ ခုနှစ်အခြေခံဥပဒေတွင် ခွဲထွက်ခွင့်ပါရှိပြီး ရှမ်းပဒေသရာဇ်စော်ဘွားများကို အာဏာဆက်လက်ပေးထားရသည်။ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာသည်အထိ ပဒေသရာဇ်များ၏ အာဏာစွန့်လွှတ်ရေးကို မလုပ်နိုင်ခဲ့ပေ။ ၁၉၅၈-၁၉၆၀ အိမ်စောင့် အစိုးရလက်ထက်တွင် ပဒေသရာဇ်များကို အာဏာစွန့်လွှတ်ရေးအတွက် ဆောင်ရွက်ခဲ့သည်။ သို့သော် ၁၉၆၁ ခုနှစ် ပထစအစိုးရ လက်ထက်တွင် အခြေခံဥပဒေပါခွဲထွက်ခွင့်ကို ကိုင်စွဲပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရန် "ဖယ်ဒရယ်" မူကို တင်သွင်းလာသည်။ ထို့ကြောင့် နိုင်ငံပြိုကွဲမည့် အနေအထား သို့ရောက်ခဲ့ရသည်။

စီးပွားရေး ပြဿနာ[ပြင်ဆင်ရန်]

စီးပွားရေးသည် နိုင်ငံရေးနှင့် များစွာဆက်စပ်နေပါသည်။ နိုင်ငံရေးတည်ငြိမ်မှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးနိုင်သလို၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံရေးလည်းတည်ငြိမ်ကောင်းမွန်နိုင်သည်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးစီးပွားရေးကောင်းမွန်ခြင်းကိုသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည်ဟုဆိုရမည်။ နယ်ချဲ့လက်အောက်ကျရောက်နေစဉ်က မြန်မာနိုင်ငံလယ်သမားများသည် ပြည်ပတင်ပို့ရသည်အထိ ဆန်များကို စိုက်ပျိုးထုတ်လုပ် နေရသော်လည်း ကုန်းကောက်စရာမရှိအောင် ဆင်းရဲခဲ့ရသည်။ ရေနံမြေလုပ်သားကြီးများမှာလည်း ရေနံထုတ်ပြီး ရေနံမီးခွက်ထွန်းစရာ ရေနံပင်မဝယ်နိုင်သည့် အနေအထားတွင်ဖြစ်နေခဲ့သည်။ ဒုတိယကမ္တာစစ်အတွင်းကလည်း ဂျပန်တို့လက်အောက်တွင် ပြာပုံဘဝဖြင့်ရင်ဆိုင်ရပြီး အသက်ပေါင်းများစွာ ပေးဆက်ခဲ့ကြရသည်။ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ပြည်တွင်းစစ်မီးကြောင့် လယ်ယာလုပ်ငန်းကို ပြန်မလုပ်နိုင်ခဲ့ပေ။ ထိုအချိန်က ပုဂ္ဂလိကလုပ်ငန်းရှင် အများစုမှာ နိုင်ငံခြားသားများဖြစ်ကြပြီး ချမ်းသာသူများမှာ လက်တစ်ဆုပ်စာသာရှိသည်ဟု ဆိုနိုင်သည်။ ထိုစီးပွားရေးသမားများက နိုင်ငံရေး သမားများကိုထောက်ပံ့ပြီး ရွေးကောက်ပွဲနိုင်အောင် ကူညီကြသည်။ နိုင်ငံရေးသမားများကလည်း အမတ်ဖြစ်လာသည့်အခါ စီးပွားရေး သမားများကို ထုတ်ကုန်သွင်းကုန်လိုက်စင်များချပေးခြင်းဖြင့် ကျေးဇူးပြန်ဆပ်ကြသည်။ လယ်သမား လယ်ပျောက် မြို့ပေါ်ရောက်ကုန်ကြသည့် အပြင် အလုပ်အကိုင်မရှိသဖြင့် လူမှုရေးနှင့် အကျင့်စာရိတ္တများပါ ပျက်ပြားလာသည်။ ဆင်းရဲ ချမ်းသာ ကွာဟချက်ကြီးမားသဖြင့် ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေးမှာ များစွာအလှမ်းဝေးခဲ့ရသည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီတက်လာသည်။ ဆိုရှယ်လစ်ဝါဒကို ကိုင်စွဲပြီးပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့သည်။ နိုင်ငံခြားသားပိုင် ကုမ္ပဏီကြီးများကို ပြည်သူပိုင်သိမ်းခြင်း၊ နိုင်ငံခြားသားအရင်းရှင်များကို နေရပ်ပြန်စေခြင်း၊ ပုဂ္ဂလိကလုပ်ငန်း အားလုံးကို ပြည်သူပိုင်သိမ်းခြင်းများပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံသည် နိုင်ငံခြားရေးမူဝါဒအရ တိကျသောကြားနေရေးကို လိုက်နာလိုက်သဖြင့် နိုင်ငံခြားအထောက်အပံ့များလည်း မရတော့ပေ။ စီးပွားရေးမူဝါဒအနေဖြင့် ပြည်ပမှသွင်းကုန်အစားထိုးရေး (Import Substitution) နှင့် မိမိဘာသာရပ်တည်နိုင်ရေး (Self Reliance) ကို ကျင့်သုံးခဲ့သည်။ လယ်ယာနှင့်ပတ်သက်ပြီး ဆန်စပါးထုတ်လုပ်ရေးများပါကျဆင်းလာသဖြင့် နိုင်ငံခြားဆန်တင်ပို့မှု ရပ်ဆိုင်းသွားပြီး နိုင်ငံခြားဝင်ငွေလည်း လျော့နည်းခဲ့ရသည်။ ၁၉၈၄ ခုနှစ်တွင် စီးပွားရေးကျပ်တည်းလာသဖြင့် နိုင်ငံခြားမှချေးငွေများယူဆောင်ပြီး လုပ်ဆောင်သေးသော်လည်း အတိုးပင်ဆပ်နိုင်သည့်အနေအထားတွင် မရှိတော့သဖြင့် LCD နိုင်ငံအဖြစ်ခံယူခဲ့ရသည်။

နိုင်ငံခြားရေး ပြဿနာ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် ပထဝီဝင်နိုင်ငံရေးအနေအထားအရ အင်အားကြီး ဒီမိုကရေစီနှင့် ကွန်မြူနစ်နိုင်ငံကြီးနှစ်နိုင်ငံအကြားတွင် ကျရောက်လျက် ရှိသည်။ ထို့ကြောင့် တိကျသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခြင်းသည်သာလျှင် ရပ်တည်နိုင်ရေးအတွက် အဖြေဖြစ်ခဲ့ရသည်။ အရှေ့ အနောက်အုပ်စုနှစ်စုကြားတွင် စစ်အေးတိုက်ပွဲများ ဆင်နွှဲနေချိန်၌လည်း နိုင်ငံ၏အချုပ်အခြာအာဏာတည်မြဲရေးအတွက် ဘက်မလိုက်ရေး မူဝါဒကို စွဲကိုင်ခဲ့သည်။ လက်ဝဲ လက်ယာအုပ်စုများထောက်ခံသည့် သောင်းကျန်းသူနှစ်မျိုးစလုံးကို မြန်မာနိုင်ငံအား ဆန့်ကျင်နိုင်ရေးအတွက် အားပေးကူညီမှုကို ယနေ့တိုင်ပြလုပ်နေခဲ့သည်။ သောင်းကျန်းသူများရပ်တည်နိုင်ရေးအတွက် ပြည်ပမှထောက်ပံ့ကူညီနေသောကြောင့် သောင်းကျန်းသူများ သက်ဆိုးရှည်နေသဖြင့် ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးမှုများ ဖြစ်မလာခဲ့ပေ။ နိုင်ငံရေးအရ စီးပွားရေးပိတ်ဆို့မှုများကိုကြုံတွေ့ နေရသဖြင့်လည်း ကိုယ်နည်းကိုယ့်ဟန်နှင့် ရပ်တည်နိုင်ရေးကို နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့ရသည်။ ကမ္ဘာ့နိုင်ငံရေးအနေအထားတွင် စစ်ရေး၊ စီးပွားရေး အင်အား ကြီးခဲ့သည့် ကွန်မြူနစ်နိုင်ငံကြီးများပြိုကွဲခဲ့ပြီးသည့်နောက်တွင် ဥရောပနှင့် အရင်းရှင်အုပ်စုနိုင်ငံကြီးများမှ နိုင်ငံငယ်များအပေါ်တွင် ဩဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ စီးပွားရေး၊ နိုင်ငံရေးတို့တွင်သာမက ပြည်တွင်းရေးများတွင်ပါ ဝင်ရောက်စွက်ဖက်ပြီး မိမိတို့နိုင်ငံအလိုကျ လိုက်နာသည့်နိုင်ငံများဖြစ်လာစေရန် အားထုတ်ကြခြင်းဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရန် ကြံဆောင်နေရသည့်နိုင်ငံများတွင် ဒီမိုကရေစီဖော်ဆောင်ရေးကို ကြိုးပမ်းအားထုတ်ရမည့်အစား စီးပွားရေးကျဆင်းမှု၊ အလုပ်လက်မဲ့များကြီးထွားလာမှု၊ မူးယစ်ဆေးနှင့် ရာဇဝတ်မှုများထူပြောလာခြင်းတို့ကို ရင်ဆိုင်ဖြေရှင်းနေရသဖြင့် အစိုးရအဖွဲ့များသည်ပင် တည်ငြိမ်ခိုင်မာစေရန် မထိန်းနိုင်သည့် အနေအထားကိုရောက်လာရသည်။ ထိုအခြေအနေတွင် မြန်မာနိုင်ငံသည် လမ်းဆုံလမ်းခွရောက်နေသည့် အနေအထားဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာ၀ သယံဇာတ ကြွယ်၀ပြီးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အကယ်၍သာ နိုင်ငံရေးတည်ငြိမ်ပြီး၊ စီးပွားရေးကို ပွင့်လင်းစွာလုပ်ဆောင်နိုင်မည်ဆိုလျှင် အာရှကျားများ ထဲတွင် ကျားတစ်ကောင်ဖြစ်လာနိုင်စွမ်းရှိသည်ဟု ပညာရှင်များကသုံးသပ်ကြသည်။


ရည်ညွှန်း[ပြင်ဆင်ရန်]

၁။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ (စာပေဗိမာန်တိုက်ထုတ်)

၂။ ရာဇဓမ္မသင်္ဂဟကျမ်း၊ ယောမင်းကြီး ဦးဘိုးလှိုင် (ပထမအကြိမ်)

၃။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)

၄။ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၇၄ ခုနှစ်)

၅။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုကော်မတီဌာနချုပ်)

၆။ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ၊ စတုတ္ထတွဲ)

၇။ ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့စာတန်းအပေါ် ဝေဖန် ချက် (သိန်းဖေမြင့်)

၈။ ဦးကုလားမဟာရာဇဝင်ကြီး (ပထမအုပ်)

၉။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

၁၀။ တို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ (ဒေါက်တာ မောင်မောင်)

၁၁။ ၁၉၈၈ မှ ၂၀၁၀ ခုနှစ်အတွင်း နိုင်ငံတော်ထုတ်သတင်းစာများ

၁၂။ Politics of the Developing Nations, by Fred R. Von der Mehden

၁၃။ Southeast Asia's Political Systems, by Lucian W. Pye

၁၄။ Democratization in the South, by Robin Luckham & Gordon White

၁၅။ The Spirit of Democracy, by Larry Diamoind

၁၆။ www.wikipedia.org