မော်ဝါဒ

ဝီကီပီးဒီးယား မှ

မော်ဝါဒ သို့မဟုတ် မော်စီတုန်းအတွေးအခေါ် သည် စက်မှုလုပ်ငန်းဖွံ့ဖြိုးစ စိုက်ပျိုးရေးအခြေပြုသော (နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်လာမည့်) တရုတ်သမ္မတနိုင်ငံအတွက် ဆိုရှယ်လစ်တော်လှန်ရေးဖြစ်မြောက်အောင် မာ့စ်-လီနင်ဝါဒအား ဆန်းသစ်ထားသော ဝါဒတခုဖြစ်သည်။ မူရင်း မာ့စ်-လီနင်ဝါဒနှင့် မော်ဝါဒတို့အကြား အကောက်အယူကွာသည်ကား တော်လှန်ရေးကိုယ်ထည်မှာ အလုပ်သမားလူတန်းစားကို အခြေမခံဘဲ လယ်သမားတို့ကို ပင်တိုင်ထားခြင်းတည်း။

၁၉၅၀ နှစ်များမှ တိန့်ရှောင်ဖိန်လက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများလုပ်သည့် ၁၉၇၀ ကာလများမတိုင်မီအထိ မော်ဝါဒသည် ကမ္ဘာအနှံ့ရှိ မော်ဝါဒီတော်လှန်ရေးလှုပ်ရှားမှုတို့နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးနှင့် စစ်ရေးအယူဝါဒဖြစ်ခဲ့သည်။ ၁၉၆၀ နှစ်ပိုင်း၌ တရုတ်-ရုရှားအကွဲအပြဲဖြစ်သည်နောက် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆိုဗီယက်ပြည်ထောင်စုကွန်မြူနစ်ပါတီတို့သည် ကမ္ဘာ့ကွန်မြူနစ်ဝါဒ၏ အယူဝါဒဆိုင်ရာဦးဆောင်သူအရာကိုလည်းကောင်း၊ ဂျိုးဇတ်စတာလင်၏ မာ့စ်-လီနင်ဝါဒကို မှန်ကန်သောအကောက်အယူဖြင့် မူပိုင်ဆက်ခံသူအရာကိုလည်းကောင်း မိမိသာဖြစ်ကြောင်း အသီးသီးပြောဆိုကြသည်။

မော်ဝါဒဟူသောစကားလုံးကို မော်အား ထောက်ခံသူတို့က သုံးနှုန်းခြင်းဖြစ်ပြီး မော်ကိုယ်တိုင်ကမူ မာ့စ်-လီနင်ဝါဒကို တရုပ်ပြည်အခြေအနေနှင့်ကိုက်အောင် ပြင်ရခြင်းဖြစ်သဖြင့် မော်ဝါဒဟူသော အသုံးကို ပယ်သည်။