မောင်းထောင်မှ မရွေ့နိုင်

ဝီကီပီးဒီးယား မှ

မောင်းထောင်မှ မရွေ့နိုင် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

သုံးဆယ်မြို့ မောင်းထောင်ဆရာတော် ပျံလွန်တော်မူရာ နိဗ္ဗာန်ကျောင်းချပွဲတွင် ဆရာဦးကျော်လှကို လာရောက် စာစပ်စေလိုကြောင်း ဖိတ်ကြားသည်။ တပေါင်းလသင်္ဂြိုဟ်ပွဲမှသာ လာရောက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။ မောင်ထောင်ရွာမှ လောင်တိုက်ကြီးသွားကာ ဆောက်လုပ်သည်။ ဤအကြောင်းကို ဖွဲ့ဆိုထားသည်။

မောင်းထောင်မှ မရွေ့နိုင်[ပြင်ဆင်ရန်]

လေးဆယ်ကျော် ဝါတော်ငါးမို့၊ ဘုရားအရဟံ သဗ္ဗညုနှင့်တန္တု ပမာယှဉ်ရတော့၊ သမုခင် လူ့ခွင်ရပ်က၊ ဝင်နတ်ရွာစံကာပျော်တဲ့၊ ဆရာတော်ခန္ဓာအလောင်းကိုဖြင့် အသပြာပေါင်း ငွေကုဋေတန်တဲ့၊ ကျောင်းဝေဇယန်နိဗ္ဗာန်ကြွသို့ ပြောင်းစံကြတင်ကုသိုလ်။

ရုံးသာယာဝတီဆွယ်တဲ့၊ ဆုံးရွှေဆယ်မြေနယ်ကျေးက၊ သူကြွယ်သူဋ္ဌေးတွေကြေးငွေထုတ်ကြ၊ ပြေကုဿိန်မလ္လာမင်းသို့၊ ဖန်ဆင်းပုံအထွေထွေတဲ့၊ သန်လင်းခွေရွှေညောင်းစောင်းငဲ့ပြင်၊ ငွေခေါင်းစင် ငွေကလာပ်တွင်မှ၊ ခေါင်းပတ်ငယ် စိန်ဝဇီရာနှင့်၊ ဣန္ဒနီလာစီမြွာကြဲလို့ ပုလဲပြည်တန် ကျောက်ကယ်နှင့်၊ ရွဲမောက်လို့မို။

ထူးစေတနာ ဦးကေသရက၊ နေလကိုအာသာမျှော်သည့်နှယ် တကာကျော်စာတော်ဆိုငဲ့ကို၊ လာစေလို အလွှာတိုပါးရှာငဲ့၊ ဘယ်သား ဘယ်တယောက်ကယ်မှ၊ ကျောထောက်ရန်နောက်ခံမရှိပြီဘူ၊ ညဏ်ကြီးရှင် ဦးကျော်လှငဲ့၊ ဖူးမြော်တကြိမ်ကြိမ်ငို၊ ဟိန် ဆိုလို့စိတ်ညစ်ညူး။

တွဲတပို ဟိုတပေါင်းတော့၊ ကိုမောင်းမြေ ရွာရွှေထောင်က၊ ဆရာပရမေအခေါင်၊ ခန္ဓာကြွေလောင်းကျွမ်းသူတို့၊ ဖုံးလွှမ်းကာ သင်္ဂြိုဟ်ခန်းမို့၊ ရဟန်းစုံ လူစုံဆင်းကြလိမ့်၊ ငုံကင်းသည်အဆိုင်ဆိုင်နှင့်၊ အင်ကြင်းခိုင် မြိုင်ခြေအုပ်တဲ့ ဖြေကုဿိန်အသွင်ပြုကြစို့၊ ဆင်စုမြေရွှေဆယ်ကျေးက၊ သူဋ္ဌေးသူကြွယ်တို့၊ မလေးသွယ်တံခွန်ထီးငဲ့ပြင်၊ လွန်ကြီးကျယ်ရွှေထောင်က စိုက်လှာတဲ့၊ လောင်တိုက်ဆောင် ဝေဇယန်နှင့် ကုဋေတန်သင်္ဂြိုဟ်ပွဲတော့၊ ပြိုကွဲအောင်အဆိုနှင့်မြွက်ရလျှင်၊ ငိုမျက်ရည်တွေဖြာစီလိမ့်၊ နွေရာသီခါမှီတပေါင်းတော့၊ ခန္ဓာခိုင် လျှင်လာနိုင်ကောင်းတန်ငဲ့၊ အကြောင်းတွေ မစုံစေ့သောကြောင့်၊ ဆောင်းတန်ဆောင်မှီ၊ မောင်းထောင်က မရွေ့နိင်ဘု၊ အလောင်းတော် ကျောင်းပေါ်က ပွေ့ချည်တော့၊ အောက်မေ့လို့ဖူး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ တန္တု = တူကြောင်းနှိုင်းယှဉ်သည်။

၂။ သမုခင် = သမုတိသံဃာတော်အရှင်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။