မောင်းထောင့်တွက်ကိန်း

ဝီကီပီးဒီးယား မှ

မောင်းထောင့်တွက်ကိန်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မောင်းထောင့်တွက်ကိန်း[ပြင်ဆင်ရန်]

မန်းနဂရံမှာ၊ နန်းစံရှိစဉ်က၊ ပဏ္ဍိတံ၊ နိုင်ငံကျော်သည့်၊ ညဏ်ကဝိမော်ဆရာနှင့်၊ ဦးစိန္တာ၊ အထူးလိမ်မာတဲ့၊ ဗြဟ္မဏတို့ကို၊ ဘဘအကိုနှင့်၊ မမချိုသူ မမေးချင်ဘု၊ မူရေးကာ၊ ဇာတာနှစ်စောင်နှင့်၊ ရွာမောင်းထောင်ဆရာကြီးသို့၊ ခရီးကြုံ ကျေးရွာဆိုက်အောင်၊ ပေးလိုက်တဲ့ လွှာစက္ကူ။

ဇောတရအထည်၊ နဂါးပြည်က ထွက်ပေတဲ့၊ မြမျက်ရှိန် ဣန္ဒနီလာနှင့်၊ စိန်ဝဇီရာ၊ ပြာခတောက်ကဲ့ပြင်၊ ရတနာမောက်ကဲ့ညီ၊ ကျောက်နီပတ္တမြားတို့၊ ဖောက်ကားဝယ်ယူလို့၊ နယ်ဇမ္ဗူကြွယ်သူသုံးကြ၊ ပွင့်ပန်းငုံ ဝတ်ရည်က သုံးပါတဲ့၊ အလားအသွင် ပျားယင်ပိဒုံးကဲ့သို့၊ ပြည်လုံးကုန်၊ ဝင်အထွက်တွေတို့၊ အုံးကျွက်ကျွက်ဆူ။

ဇာတာကို ခါခါရှုလိုက်တော့၊ ရာဟုစနေနှင့်၊ ဂုရုတတွေ၊ ငွေခြင်္သေ့တို့၊ ဆင်ဝှေ့ရှောင် အထက်စခန်းက၊ လဂ်စန်းမှာ၊ လှမ်းကွာကြရက်မို့၊ ဘေးဘယာ ဝေးစွာပလို့၊ ပေါလှသီတဂူ၊ ဤအယူမတိမ်း။

တန်ခိုးဂုဏ်ကွယ်ကာ မြုပ်ချင်တော့၊ မိုးကုတ်ကြပ်ပြင် ဇင်ဂရာဇ်လိုပ၊ ပြင်သစ်တွေ၊ ယေဘုယျတို့ကြောင့်၊ စစ်ထပုံဆူလှယ်ကြိမ်ကြ၊ မြနှင့်စိန်၊ သကျဝတိန် နန်းကဲ့သို့ နဂရမန်းမြေမှာ၊ ဗိုလ်လူသုံးသည့်ပြင်၊ ဟိုစုံးတူရဒည်ဘွားဆီက၊ သယ်ယူကာ၊ ဝယ်သူများသော်ကြောင့်၊ တောင်ပါးမြေဝေဘူလက၊ ယုချကာ တသွယ်စီးသည့်ပြင်၊ ချင်းတွင်းရေမြောက်ညာကသိမ်းခဲ့၊ ကျောက်စိမ်းရည်၊ ကြည်ကြည်မြကိုမှ၊ ဘဘချိုချိုတို့ ဇာတာအလို၊ မြကိုသုံးရမတဲ့၊ ကျောက်လုံးအထည်၊ ပြည်ဝင်တောင်းလောက်ကယ်နှင့်၊ အဖိုးတပြေတန်၊ ကိုးကုဋေထိ ရောင်းရပါလိမ့်၊ မှန်မမှန်၊ ကံ ကံ၏အကြောင်းသာပ၊ မောင့်ထောင့်တွက်ကိန်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မန်းနဂရံ = မန္တလေးမြို့။

၂။ ပဏ္ဍိတံ = ပညာရှိ။

၃။ ဗြဟ္မဏ = ပုဏ္ဏား။

၄။ ဇောတရ = ဇောတိရသပတ္တမြား။

၅။ ဣန္ဒနီလာ = ပတ္တမြားညို။

၆။ ဂုရု = ကြာသပတေး။

၇။ ငွေခြင်္သေ့ = အင်္ဂါ။

၈။ လဂ် = မွေးဖွားသည့်အချိန် အမှတ်အသား။

၉။ စန်း = တနင်္လာဂြိုဟ်။

၁၀။ သီတဂူ = လ၊ အအေးဓာတ်ကို ဆောင်သည့်လ။

၁၁။ ဇင်္ဂရာဇ် = ခေါင်သောအရပ်ဒေသ။

၁၂။ သကျဝတိန် = သိကြားမင်း၏ တာဝတိံသာနတ်ပြည်။

၁၃။ ဥဒည်ဘွား = တရုပ်ပြည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။