မောင်ဝိတ်

ဝီကီပီးဒီးယား မှ
မောင်ဝိတ်
မောင်ဝိတ်
မွေးဖွား၁၁.၀၁.၁၉၇၃
ပုသိမ်မြို့
နိုင်ငံလူမျိုးဗမာ
အလုပ်အကိုင်စေပိုင်ဖွံ့ဖြိုးမှုလီမီတက် တည်ထောင်သူနှင့် ဥက္ကဋ္ဌ
မိဘ(များ)အဖ ဦးမောင်မောင်လွင် + အမိ ဒေါ်ခင်ညို

မောင်ဝိတ် (၁၉၇၃ မွေးဖွား[၁]) သည် မြန်မာ စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး အိမ်ခြံမြေ၊ ကုန်သွယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သော မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ၏ တည်ထောင်သူ ဖြစ်သည်။[၁][၂]

အစောပိုင်းကာလ

၁၉၇၃ခုနှစ်တွင်ပုသိမ်မြို့၌ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့ အထက(၁) ဒဂုံမှ အခြေခံပညာအထက်တန်းအောင်မြင် ကာ ၁၉၉၅ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒဘွဲ့ ရရှိခဲ့သည်။[၃]

၁၉၉၁ ခုနှစ် ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပသော (၁၆) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ၁၉၉၂ခုနှစ် ဘရူနိုင်း နိုင်ငံတွင် ကျင်းပသော South East Asian Amateur Golf Team Championship ( Putra Cup) များသို့မြန်မာနိုင်ငံ ကိုယ်စားပြု ဂေါက်သီးရိုက် အားကစား အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ဖူးသော ဂေါက်သီးရိုက် အားကစား လက်ရွေးစင်ဟောင်း လည်းဖြစ်သည်။[၃]

စီးပွားရေးနယ်ပယ်သို့ ဝင်ရောက်လာခြင်း

၁၉၉၄ ခုနှစ်တွင် မောင်ဝိတ်နှင့်မိသားစု ကုမ္ပဏီကို မိသားစုပိုင်စီးပွားရေးလုပ်ငန်းအဖြစ်တည်ထောင်ခြင်းဖြင့် စီးပွားရေးလောကထဲဝင်ရောက်လာခဲ့သည်။မောင်ဝိတ်၏ကုမ္ပဏီသည်  ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းခြင်း၊ ပဲ နှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ ကုန်သွယ်မှုလုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သည်။ ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီကို ထူထောင်ကာ ရန်ကုန်၊မန္တလေး အစရှိသည့်မြို့ကြီးများတွင် မြို့ပြဖွံဖြိုးရေးတည်ဆောက်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။[၃]၂၀၁၆ ခုနှစ်တွင်မန္တလေးမြို့ ၌ ဧက ၂၅၀၀ ရှိသော အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအား Mandalay Business Capital City Development Ltd အမည်ဖြင့် အကောင်အထည်ဖော်သည်။[၄] ၂၀၂၀ တွင် မောင်ဝိတ်နှင့်မိသားစုကုမ္ပဏီအားဖျက်သိမ်းသည်။[၅]

ထိုသို့ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေစဉ် ၂၀၁၆ခုနှစ်အရောက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား Patek Philippe နာရီပေးသည်ဟု  ပြည်တွင်းမီဒီယာတစ်ခုမှရေးသားခဲ့သဖြင့် မောင်ဝိတ်က မည်သည့်ခုံရုံးတွင်မဆို အစစ်ခံရန်အဆင်သင့်ရှိနေကြောင်း ပြန်လည်ရှင်းလင်းသည့်သတင်းစာရှင်းလင်းပွဲမှာ [၆] လူအများစိတ်ဝင်စားသောသတင်းတစ်ခုဖြစ်ခဲ့သည်။[၇]

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရအား အပြည့်အဝထောက်ခံအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုများဆက်တိုက်ပြုလုပ်ခဲ့၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးကပ်သောဆက်ဆံရေးရှိသူအဖြစ် လူသိ ပိုများလာခဲ့သည်။ [၈]

၂၀၂၀ပြည့်နှစ်တွင်  နိုင်ငံတော်သမ္မတဦးဝင်းမြင့် က အမျိုးသားလုပ်ငန်းရှင်(၈)ဦးအားအဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ခဲ့ရာတွင် မောင်ဝိတ်လည်း ပါဝင်ခဲ့သည်။[၉]

ပုဂ္ဂိုလ်ရေးဘဝ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းနှင့် ဒုတိယသမ္မတ (၁) ဖြစ်သော ဦးမြင့်ဆွေ၏ တူမဖြစ်သူ[၂] ဒေါ်ယဉ်မင်းသီနှင့် လက်ထပ်ခဲ့ပြီး[၁၀] ၂၀၀၇ ခုနှစ်တွင် ကွာရှင်းခဲ့သည်ဟု မီဒီယာအချို့က ဖော်ပြကြသည်။

တစ်ဖက်တွင်လည်း ဇနီးဟောင်းဖြစ်သူဒေါ်ယဉ်မင်းသီအား ဒုတိယသမ္မတဦးမြင့်ဆွေ၏ တူမအဖြစ် ဖော်ပြခဲ့၍ မီဒီယာရှေ့သိပ်မထွက်ခဲ့သည့်ဒေါ်ယဉ်မင်းသီကိုယ်တိုင် သူမသည် ဦးမြင့်ဆွေ၏တူမ မဟုတ်မှန်ကြောင်း ထွက်ရှင်းခဲ့သည်ကိုလည်းတွေ့ရသည်။[၁၁] [၁၂]

အငြင်းပွားဖွယ်ရာကိစ္စများ

ဗိုလ်ချုပ်ကြီးဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသူ ဖြစ်သည်။ မြန်မာတိုင်း(မ်)၏ အဆိုအရ မောင်ဝိတ်သည် ၂၀၀၃ ခုနှစ်မှစ၍ မလေးရှားမှ မြန်မာနိုင်ငံသို့ မူးယစ်ဆေးများ တရားမဝင်တင်သွင်းရာတွင် ပတ်သက်မှုရှိသည်ဟု ဆိုသည်။[၁၃]

တပ်မတော်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် သရုပ်ဆောင်များအတွက် အက်တဆီ၊ မက်သမ်ဖတမင်း၊ ကီတမင်း စသည့် စိတ်ကြွမူးယစ်ဆေးများ ဖြန့်ချိမှု၊ တင်သွင်းမှုများဖြင့် ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် လမ်းမတော်မြို့နယ် ရဲစခန်းက မောင်ဝိတ်ကို ဖမ်းဆီးခဲ့သည်။[၁][၁၃] ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် လမ်းမတော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။[၁] အထူးစစ်ဆင်ရေးအဖွဲ့မှူးဟောင်း ဦးရဲမြင့်၏ သားဖြစ်သူ အောင်ရဲဇော်မြင့်နှင့် အတူ မူးယစ်ဆေးသုံးစွဲခဲ့သည်ဟုလည်း ဆိုကြသည်။[၁၀][၁၄] ၂၀၁၆က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်  မောင်ဝိတ်က ၎င်းအနေဖြင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအလွန်ကာလ ကျိုတ်လတ်မြို့တွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးသုံးစွဲရန်အားပေးအားမြှောက်မှု၊ ဧည့်စာရင်းမတိုင်မှုတို့ဖြင်ထောင်ဒါဏ် ၁၈ နှစ်ချမှတ်ခံခဲ့ရသည်ဟု ကိုယ်တိုင်ထုတ်ဖော်ပြောကြားသည်။မူးယစ်ဆေးဝါးမှုဖြင့် ထောင်ချခံရပုံကို “သေသူမရှိသည့် လူသတ်မှု”ဟု ပြောကြားပြီး ၎င်း မူးယစ်ဆေးဝါးသုံးစွဲ၊ရောင်းချခြင်း လုံးဝမရှိဟု ငြင်းဆိုသည်။[၁၅] ထောင်ထဲတွင် ၅နှစ် ၆လကျော်နေခဲ့ရပြီးနောက်၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။[၁၆]

၂၀၂၁-၂၀၂၃ကာလများ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့ က ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် နိုင်ငံရေးသမားများ၊တက်ကြွလှုပ်ရှားသူများ၊ကျောင်းသားနှင့်စာရေးဆရာစသည်တို့ ဖမ်းဆီးထိန်းသိမ်းခံရမှုတွင်စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်လည်း [၁၇] ထိန်းသိမ်းခံခဲ့ရသည်။

ထိန်းသိမ်းခံရပြီး ၁လကျော်အကြာ ၂၀၂၁ မတ်လ၁၇ရက်တွင် စေပိုင်ကုမ္ပဏီပိုင်ရှင် မောင်ဝိတ်၏ ထွက်ဆိုချက်ဆိုသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အား အမေရိကန်ဒေါ်လာ၅သိန်းခွဲလှူဒါန်းခဲ့သည်ဆိုသော ရုပ်သံဖိုင်တစ်ခု မြန်မာ့ရုပ်မြင်သံကြားမှတဆင့် ကြေညာခဲ့သည်။ကြိုတင်မှတ်တမ်းတင်ထားသည့် ဗီဒီယိုမှတ်တမ်း၏အရည်အသွေးသည် အလွန်နိမ့်ကျပြီး အသံအား ရှင်းရှင်းလင်းသဲသဲကွဲကွဲမကြားရဘဲ သတင်းတင်ဆက်သူက ပြန်လည်ပြောဆိုချက်ကိုသာ သဲသဲကွဲကွဲကြားရသည်ဟု ဘီဘီစီသတင်းဌာနက [၁၈]မှတ်ချက်ပြုထားသည်။

၂၀၂၂ ဖေဖော်ဝါရီ ၁၈ရက်တွင် ထိန်းသိမ်းခံမောင်ဝိတ်သည်မန္တလေးအကျဉ်းထောင်အထူးတရားရုံးအတွင်း စစ်ဆေးသည့် ဒေါက်တာဇော်မြင့်မောင်၏ ရုံးချိန်းတွင် ဒေါက်တာဇော်မြင့်မောင် ကင်ဆာရောဂါကုသရန်အတွက် အမေရိကန်ဒေါ်လာ၁သိန်းနှင့် မြန်မာငွေကျပ်သိန်း၆၅၀လှူဒါန်းခဲ့သည်ဟု လာရောက် ထွက်ဆိုချက်ပေးခဲ့သည်။[၁၉]

ဆေးကုသရန် ငွေပေးခြင်းမဟုတ် မိမိ၏ဖခင်နှင့်အဘိုးမှာ ကင်ဆာကြောင့် ကွယ်လွန်ခဲ့ရ၍  လှူဒါန်းခြင်းသာဖြစ်ကြောင်း တရားရုံးတွင် ထပ်ခါတစ်လဲလဲပြောဆိုခဲ့သည်ဟု မီဒီယာများက ဖော်ပြကြသည်။[၂၀] [၂၁]

ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများအတွက်အလှူငွေလက်ခံခဲ့သဖြင့်ဒေါက်တာမျိုးအောင်အား အဂတိမှုဖြင့်တရားဆွဲထားသည့် အမှုနှင့်ပတ်သတ်ပြီး ၂၀၂၂ ဖေဖော်ဝါရီ၂၃ရက်က နေပြည်တော်အထူးတရားရုံးတွင် စစ်ဆေးခဲ့ရာတွင် မောင်ဝိတ်ကလာရောက်ပြီး ငွေကျပ်သိန်း ၁၁၀ ကို ၎င်း လှူဒါန်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်။[၂၂]

ယင်းနောက်   ၎င်းနှင့် စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိဖြင့် စွပ်စွဲအမှုဖွင့်တရားစွဲဆိုထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား အမေရိကန်ဒေါ်လာ ၅သိန်းခွဲပေးလှူမှု နှင့် ပါတ်သတ်၍လည်း မောင်ဝိတ်က ၂၀၂၂ မေလ ၃၁ရက်တွင် ပြုလုပ်သည့်နေပြည်တော်အထူးတရားရုံးအတွင်း မိမိ၏သဘောဆန္ဒအရ ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုသွားကြောင်း မီဒီယာများ၏ဖော်ပြမှုများကိုလည်းတွေ့ရသည်။[၂၃] [၂၄] [၂၅]

သူသည် ၂၀၂၁ ဖေဖော်ဝါရီ ၃ရက်ကစပြီး  ၂နှစ်နှင့်၄ လကျော်ထိန်းသိမ်းခံရပြီးနောက်  ၂၀၂၃ ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လွတ်လာသည်။ ထိုနေ့ နေပြည်တော်တွင် ကျင်းပသည့်  မြန်မာထိပ်တန်းသူဌေးကြီး ၁၀၀ကျော်တက်ရောက်သည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးမှုအခြေအနေရှင်းလင်းပွဲသို့ သူတက်ရောက်ပြီး အလှူငွေပေးပြီးကာမှ နေအိမ်သို့ ပြန်လာရခြင်းဖြစ်သည်။[၂၆][၂၇][၂၈]

လှူဒါန်းမှုများ

မောင်ဝိတ်သည် ဘာသာရေးဆိုင်ရာအလှူအတန်းများ၊ လူသားခြင်းထောက်ထားမှုဆိုင်ရာ အလှူအတန်းများ အများအပြား လှူဒါန်းခဲ့သူဖြစ်ပြီး ၁၉၉၉ ခုနှစ်ကာလအတွင်း ရွှေတိဂုံစေတီတော်အတွက် မြန်မာ ကျပ်ငွေသိန်း(၅၀၀၀)ကျော် လှူဒါန်းခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) သို့ ကျပ်သိန်းပေါင်း ၁၅၀၀၀ ကိုလှူဒါန်းခဲ့သည်။[၂၉] 

မောင်ဝိတ်သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ၁၉ ရက်ကပုထိုးတော်ကြီး(အမရပူရ) အားအများပြည်သူခုနှစ်ရက်သားသမီးများနှင့် ပူးပေါင်းပြီး အထက်ဌာပနာ ထည့်သွင်းပူဇော်ခြင်း၊ ပန်းလည်တိုင် စိုက်ထူခြင်း၊ ရွှေထီးတော်အသစ် ဘုံ ၉ ဆင့် တင်လှူခြင်းဖြင့် ပုထိုးတော်ကြီး၏သတ္တမအကြိမ်မြောက် ထီးတော်သစ်အား တင်လှူခဲ့သည်။[၃၀]

၂၀၂၀ ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း ရန်ကုန်လှိုင်ကွာရတင်းစင်တာ၊ ကုသရေးယာယီဆေးရုံ နှင့် မန္တလေး ကန်တော်ကြီးဆေးရုံတွင် ကွာရတင်းစင်တာ ဖွင့်လှစ်ခဲ့ခြင်း အပြင် မန္တလာဒီဂရီကောလိပ် ကွာရတင်းစင်တာ တိုးချဲ့ရေးအတွက် ဦးမောင်ဝိတ်၏ မန္တလေးစီးပွားရေး မြို့ပြဖွံ့ဖြိုးရေး ကုမ္ပဏီ MBCCD [၃၁]က လှူဒါန်းခဲ့သည်။[၃၂]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Min Lwin။ "Maung Weik Charged with Trafficking Drugs"၊ The Irrawaddy၊ 10 July 2008။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 12 July 2015။ 
  2. ၂.၀ ၂.၁ Aung Zaw။ "Tycoon Turf"၊ The Irrawaddy၊ September 2005။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 11 July 2015။ 
  3. ၃.၀ ၃.၁ ၃.၂ မော်ကွန်းတင်ပြီးမိတ္တူ။ 8 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 December 2021 တွင် ပြန်စစ်ပြီး။
  4. ဧရာဝတီမြစ် မြေနုကျွန်းပေါ်ရှိ မြေဧက ၂၀၀၀ ကျော်ပေါ်၌ တည်ဆောက်လျက်ရှိသည့် အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအနေဖြင့် စီမံကိန်းမှဝယ်ယူထားသည့် မြေဧကများပေါ်တွင် ဆောင်ရွက်နေပြီး ကုမ္ပဏီမှဝယ်ယူထားခြင်းမရှိသည့်မြေပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိဟုဆိုEleven Media Group (၂၂ နိုဝင်ဘာ ၂၀၁၉)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ၂၀၂၀ ပြည့်နှစ် မတ်လ ၆ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၁၀) ပြန်တမ်းစာစောင်စာပေဗိမာန်။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ဘယ်ဝန်ကြီးကိုမှ နာရီလက်ဆောင် ပေးတာမရှိဘူးလို့ မောင်ဝိတ် ရှင်းလင်းDVB TV News (၉ နိုဝင်ဘာ ၂၀၁၆)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. မောင်ဝိတ် Patek Philippe မည်သူ့ကိုမှ မပေးခဲ့၊ မီဒီယာအားဖြင့် အနိုင်ကျင့်ခံရခြင်းသာဖြစ်ဟု ရှင်းလင်းNews Watch (၉ နိုဝင်ဘာ ၂၀၁၆)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. NLD အစိုးရ “ထာဝရ ငြိမ်းချမ်းရေး စေတီ” တည်ဧရာဝတီ (၂၄ မေ ၂၀၁၈)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပMyanmar Digital News (၈ မတ် ၂၀၂၀)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ Min Lwin။ "Drug-Dealing Junta Crony Gets 15 Years"၊ The Irrawaddy၊ 26 November 2008။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 12 July 2015။ 
  11. Emerald Boutique House ရဲ့ ပဲ့ကိုင်ဖန်တီးရှင် ဒေါ်ယဉ်မင်းသီNews Watch News and Media (၃၀ ဇန်နဝါရီ ၂၀၂၂)။ 3 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. မော်ကွန်းတင်ပြီးမိတ္တူ။ 6 March 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2022 တွင် ပြန်စစ်ပြီး။
  13. ၁၃.၀ ၁၃.၁ "Maung Weik still under detention"၊ Mizzima၊ 19 June 2008။ 11 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 12 July 2015။ 
  14. "Drug investigation, heavy punishment likely for Maung Weik"၊ Mizzima၊ 3 July 2008။ 29 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 12 July 2015။ 
  15. သေသူမရှိသောလူသတ်မှုဟုမောင်ဝိတ်ပြောMarigold (၁၀ မတ် ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  16. Soe Moe။ "မြန်မာနိုင်ငံတွင် ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ခြင်း ကင်းဝေးပါစေ မောင်ဝိတ် ဆုတောင်း" (in Burmese)၊ Yangon Media Group။ 11 July 2015 တွင် ပြန်စစ်ပြီး 
  17. Tycoons Close to Daw Aung San Suu Kyi Interrogated by Myanmar MilitaryThe Irrawaddy (15 February 2021)။ 10 February 2023 တွင် ပြန်စစ်ပြီး။
  18. ဒေါ်အောင်ဆန်းစုကြည်ကို မောင်ဝိတ်က ဒေါ်လာ ၅ သိန်းခွဲလာဘ်ထိုးတယ်လို့ စွပ်စွဲBBC Burmese (၁၇ မတ် ၂၀၂၁)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  19. မန္တလေးဝန်ကြီးချုပ်အမှု စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် သက်သေထွက်ဆိုDVB (၁၉ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  20. ဒေါက်တာ ဇော်မြင့်မောင် အဂတိအမှု ဆက်လက်စစ်ဆေးRFA (၁၈ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  21. ဒေါက်တာဇော်မြင့်မောင် အမှု တရားလိုပြသက်သေ COVID-19 ကူးစက်ခံရ၍ ကြားနာစစ်ဆေးမှု မပြုMizzima Daily (၂၂ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  22. နေပြည်တော်မြို့တော်ဝန် အဂတိလိုက်စားမှုမရှိဟု စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် သက်သေထွက်ဆိုDVB (၂၃ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  23. ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းတာသာဖြစ်ဟု ဦးမောင်ဝိတ် ထွက်ဆိုDVB (၃၁ မေ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  24. ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအလှူငွေနှင့်စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုခံထားရသည့်အဂတိနှစ်မှုတွင်ငွေကြေးလှူဒါန်းခြင်းသာဖြစ်ကြောင်းဦးမောင်ဝိတ်လာရောက်ထွက်ဆိုYangon Media Group (၃၁ မေ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  25. ဒေါ်အောင်ဆန်းစုကြည်အား ပေးသည်မှာ အလှူငွေဟု ဦးမောင်ဝိတ် ထွက်ဆိုဧရာဝတီ (၃၁ မေ ၂၀၂၂)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  26. ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (၃၀ ဇွန် ၂၀၂၃ )။ ၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  27. စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လွတ်လာDVB TV News (၃၀ ဇွန် ၂၀၂၃)။ ၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  28. ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရွှေ မလှူဒါန်းခဲ့ဟု ဦးမောင်ဝိတ် ငြင်းဧရာဝတီသတင်း (၃၀ ဇွန် ၂၀၂၃)။ ၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  29. ရခိုင်အရေး သိန်းတသိန်းကျော် လှူ (in my)။ ၈ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  30. အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ် အထွဋ်တင်လှူပူဇော်ပွဲ ကျင်းပမည်Myanmar Digital News (၁၆ ဖေဖော်ဝါရီ ၂၀၁၉)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  31. အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း နဲ့ ဧရာဝတီ (in en)။ ၈ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  32. မန္တလေး မန္တလာဒီဂရီကောလိပ်တွင် Quarantine Center စောင့်ရှောက်မှုတိုးချဲ့ရန်အတွက် MBCCD မှ ထပ်မံလှူဒါန်းရန် ကြိုတင်ပြင်ဆင် (in my)။ ၈ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။