မောက်တင်ချေ
မောက်တင်ချေ Tufted deer | |
---|---|
Tufted deer at the Columbus Zoo and Aquarium | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Cervidae |
မျိုးရင်းသေး: | Cervinae |
မျိုးစု: | Elaphodus Milne-Edwards, 1872 |
မျိုးစိတ်: | E. cephalophus
|
ဒွိနာမ | |
Elaphodus cephalophus Milne-Edwards, 1872
|
မောက်တင်ချေ (Tufted Deer) သည် သမင်အငယ်စားတစ်မျိုးဖြစ်ပြီး ယင်းတို့၏ဦးခေါင်းရှေ့ပိုင်းတွင် သိသာထင်ရှားစွာတွေ့ရသောအမွေး နက်စုကို အကြောင်းပြု၍ ခွဲခြားနိုင်သည်။ ယင်းတို့သည် ချေနှင့်ဆွေမျိုးနီးစပ်သည်။ ချေများကျက်စားရာ၏ ပိုမို မြောက်ဘက်ကျသောနေရာတွင် တွေ့ရသည်။ တရုတ်ပြည်အလယ်ပိုင်းနှင့် မြန်မာပြည်အရှေ့မြောက်ပိုင်းတွင် တွေ့ရသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်ပေါင်း၆၀က နောက်ဆုံး တွေ့ရှိခဲ့ရပြီးနောက် မကြာသေးမီက ပြန်လည်တွေ့ရှိခဲ့သည်။ အလွန်အကျွံအမဲလိုက်ခြင်းနှင့် ကျက်စားရာသဘာဝပတ်ဝန်းကျင်ဆုံးရှုံးခြင်းတို့၏ဒဏ်ကို ခံစားနေရသော်လည်း မောက်တင်ချေများသည် မျိုးပြုန်းတီးမည့်ဘေးနှင့်ရင်ဆိုင်ရသောမျိုးစိတ်အဖြစ် သတ်မှတ်ထားခြင်း မရှိပေ။ ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၄၅၀ဝအမြင့်ရှိသစ်တောများတွင် ကျက်စားခြင်းကြောင့် ယင်းတို့ကို လေ့လာရခက်ခဲလေ သည်။
မောက်တင်ချေ၏ သိပ္ပံအမည်မှာ အီလာဖိုးဒပ်စ် စီဖာလိုးဖတ်စ် ဖြစ်သည်။
မျိုးစိတ်ခွဲများ
[ပြင်ဆင်ရန်]မောက်တင်ချေမျိုးစိတ်ခွဲလေးမျိုး ရှိလေသည်။
ပထမတစ်မျိုးသည် အရွယ်အစားအကြီးမားဆုံးမျိုးစိတ်ခွဲ ဖြစ်ပြီး သားမွေးမှာ အညိုရောင်သမ်းသည်။ တရုတ်ပြည်အ နောက်တောင်ပိုင်းနှင့် မြန်မာပြည်အရှေ့မြောက်ပိုင်းတွင် တွေ့ရသည်။
ဒုတိယတစ်မျိုးသည် သိသာထင်ရှားစွာ သေးသွယ်သောနှာတံ ရှိသည်။ တရုတ်ပြည်အရှေ့တောင်ပိုင်းတွင် တွေ့ရသည်။
တတိယတစ်မျိုးသည် သိသာထင်ရှားစွာ ကျယ်ပြန့်သောနှာတံ ရှိသည်။ မီးခိုးရောင်သမ်းသော သားမွေး ရှိသည်။ တရုတ်ပြည်အလယ်ပိုင်းတွင် တွေ့ရသည်။
စတုတ္ထတစ်မျိုးမှာမူ ဝေခွဲရခက်ခဲသောမျိုးစိတ်ခွဲ ဖြစ်သည်။ ယင်းတို့၏ ပျံ့နှံ့ကျက်စားပုံမှာ မရှင်းလင်းပေ။
ပုံပန်းသဏ္ဌာန်
[ပြင်ဆင်ရန်]မောက်တင်ချေသည် ချေနှင့် ပုံပန်းသဏ္ဌာန် ဆင်တူသည်။ သို့သော်လည်း လည်တိုင်ပိုရှည်သည်။ ခြေ တံများမှာ အနည်းငယ် ပိုမိုသွယ်သည်။ သားမွေးသည် ကောက်ကွေးနေပြီး အမွေးများသည်တိုကာ တောင့်တင်းသည်။ ဆောင်းရာသီတွင် အနက်ရောင်ဖြစ်ပြီး နွေရာသီတွင် ချောကလက်ညိုရောင် ဖြစ်သည်။ နှုတ်ခမ်းများ၊ နားရွက်အဖျား များနှင့် အမြီးအောက်ဘက်တို့သည် ဖြူသည်။ အသိသာအထင်ရှားဆုံးသွင်ပြင်လက္ခဏာမှာ ဦးခေါင်းရှေ့တွင် ရှိသော မြင်းခွာပုံအမွေးစုဖြစ်သည်။ ယင်းအမွေးစုသည် အညိုရောင်မှ အနက်ရောင်အထိ အမျိုးမျိုး ရှိသည်။ အမွေးစုအ ရှည်သည် ၁၇ စင်တီမီတာအထိ ရှိသည်။ အမြီးဖြူကို မထွက်ပြေးမီ သတိပေးသင်္ကေတအဖြစ် အသုံးပြုသည်။
မောက်တင်ချေသည် သမင်အငယ်စားတစ်မျိုး ဖြစ်သည်။ ချေမျိုးစိတ်အများစုထက် ပိုမိုအရွယ်အစားကြီးမားသည်။ ပခုံးအမြင့်သည် ၅၀ မှ ၇၀စင်တီမီတာအထိ ရှိသည်။ ကိုယ်အလေးချိန်သည် ၁၇ မှ ၅၀ ကီလိုဂရမ်အထိ ရှိလေသည်။ အမြီးသည် တိုပြီး ၁၀စင်တီမီတာဝန်းကျင်သာ ရှိသည်။ ဦးချိုများသည် အဖိုတွင်သာ ရှိလေသည်။ ဦးချိုသည် အလွန်တိုပြီး ဦးချိုအမွေးစုရှည်၏အောက်တွင် ကွယ်နေသည်။ မောက်တင်ချေအဖိုများတွင် ပါးစပ်အပြင်ဘက်သို့ ထွက်နေသော ရှည်လျားချွန်မြသောအစွယ်များ ရှိသည်။
ပျံ့နှံ့ကျက်စားရာအရပ်
[ပြင်ဆင်ရန်]မောက်တင်ချေကို တရုတ်ပြည်တွင်သာ အဓိကတွေ့ရသည်။ ယင်းတို့ကို တောင်ပိုင်းတွင်တွေ့ရ ကာ အရှေ့ဘက်ကမ်းခြေမှသည် တိဘက်အရှေ့ပိုင်းအထိ တွေ့ရသည်။ တရုတ်ပြည်တောင်ပိုင်းစွန်းတွင်မူ မတွေ့ရပေ။ မှတ်တမ်းဟောင်းများအရ မြန်မာပြည်အရှေ့မြောက်ပိုင်းတွင်တွေ့ရကြောင်း သိရသည်။ သို့သော်လည်း မကြာသေးမီက ပြုလုပ်ခဲ့သောလေ့လာချက်များကမူ ယင်းတို့ကို မတွေ့ရှိရပေ။ သို့သော်လည်း ယင်းမှာ မောက်တင်ချေများကျက်စားရာ သဘာဝပတ်ဝန်းကျင်တွင် ရှာဖွေနိုင်ခြင်းမရှိမှုဟု ယူဆရသည်။ မောက်တင်ချေများသည် မြင့်မားစိုစွတ်သောတောင်ပေါ်တောများတွင် ကျက်စားသည်။ ယင်းတို့သည် သစ်ပင်များလုံးဝ ပေါက်ရောက်ခြင်းမရှိသည့်နေရာအစပ်အထိ တွေ့ရတတ်သည်။ ယင်းတို့ကို အမြဲစိမ်းနှင့် ရွက်ကြွေတောများတွင် တွေ့ရပြီး ရေနှင့်အနီးတဝိုက်တွင် ကျက်စားသည်။ ကျတ်မြေ (ဆားလျက်နိုင်သောနေရာ) ရှိခြင်းသည်လည်း မောက်တင် ချေများကျက်စားရန်အတွက် ကောင်းမွန်သောအချက်တစ်ခု ဖြစ်လေသည်။ မောက်တင်ချေသည် လူသားတို့အနှောင့်အယှက်ပြုခြင်းကို ခံနိုင်ရည် ရှိလေသည်။ ယင်းတို့ကို ရံဖန်ရံခါတွင် စိုက်ပျိုးမြေများတွင် တွေ့နိုင်လေသည်။
အကျင့်စရိုက်
[ပြင်ဆင်ရန်]မောက်တင်ချေကို တစ်ကောင်တည်း (သို့မဟုတ်) အစုံလိုက် တွေ့ရတတ်သည်။ ယင်းတို့သည် မှောင်ရီ ဝိုးတဝါးတွင် ကျက်စားတတ်သည်။ ယင်းတို့ကျက်စားရာနယ်မြေအတွင်း သတ်မှတ်ထားသောလမ်းကြောင်းအတိုင်း သွား လာတတ်သည်။ ယင်းတို့သည် ရှက်ရွံ့တတ်သောသတ္တဝါများ ဖြစ်သည်။ ပုန်းအောင်းနိုင်သောနေရာများတွင် ကျက်စားရန် နှစ်သက်သည်။ အနှောင့်အယှက်ပြုခြင်းခံရလွယ်သည်။ သတိပေးသည့်အနေဖြင့် ဟောင်သံ ပြုတတ်သည်။ ယင်းနောက် ပြေးလေသည်။ ပြေးသောအခါ တင်ပါးရှိအဖြူရောင်ကို ခုန်သည့်အချိန်တိုင်း ပြသသည်။ ယင်းအတွက်ကြောင့် ရန်သူအ နေဖြင့် လိုက်ရန်အတွက် ခဲယဉ်းစေသည်။
မိတ်လိုက်ပုံ
[ပြင်ဆင်ရန်]မိတ်လိုက်ရာသီသည် စက်တင်ဘာလနှင့် ဒီဇင်ဘာလအကြားတွင် ဖြစ်သည်။ ယင်းကာလတွင် အဖိုများ၏ ကျယ်လောင်သောဟောက်သံများကို လွယ်ကူစွာကြားရနိုင်သည်။ သားလွယ်ကာလမှာ ၆လခန့် ကြာမြင့်သည်။ နွေရာသီ စောစောပိုင်းတွင် သားတစ်ကောင်၊ နှစ်ကောင်ပေါက်သည်။ အကောင်ပေါက်ကလေးသည် ၁နှစ်၊ ၂နှစ်သားအရွယ်တွင် မျိုးပွားနိုင်သောအရွယ်သို့ ရောက်သည်။ သဘာဝတောရိုင်းအတွင်းတွင် ၁၀နှစ် မှ ၁၂နှစ်အထိ ရှည်သည်။ သက်တမ်း သည် အဖမ်းလှောင်ခံဘဝတွင် ပိုမိုတိုသည်။ လူသားတို့က မကြာခဏလာရောက်ကြည့်ရှုခြင်းကြောင့် ဤရှက်ရွံ့တတ် သောသတ္တဝါလေးကို အဆင်မပြေဖြစ်စေလေသည်။
ကြုံတွေ့နေသော ဘေးအန္တရာယ်များနှင့် ကာကွယ်ထိန်းသိမ်းခြင်း
[ပြင်ဆင်ရန်]၁၉၉၈ခုနှစ်တွင်ပြုလုပ်သောလေ့လာချက်အရ ခန့်မှန်းခြေကောင်ရေသည် သုံးသိန်းမှ ငါးသိန်းအထိ ရှိမည်ဟု သိရသည်။ သို့သော်လည်း ကောင်ရေကျဆင်းမှုသည် ဖြစ်နိုင်ခြေရှိသည်။ မောက်တင်ချေအကောင်ကြီးများအား အလွန်အကျွံသတ်ဖြတ်ခြင်းသည် ယင်းတို့ကြုံတွေ့နေရသောဘေး အန္တရာယ်လည်း ဖြစ်သည်။ မောက်တင်ချေ၏အရေခွံသည် အတန်အသင့်ကောင်းမွန်လေသည်။ ကျက်စားရာသဘာဝပတ် ဝန်းကျင်ဆုံးရှုံးခြင်းသည် လူဦးရေအလွန်အကျွံတိုးပွားနေသောတိုင်းပြည်တွင် အဓိကအချက်တစ်ခုလည်း ဖြစ်သည်။ တရုတ်ပြည်တွင် နေရာများစွာ၌ ပြည်နယ်အဆင့် ကာကွယ်ထားသောမျိုးစိတ် ဖြစ်သည်။ သို့သော်လည်း နိုင်ငံအဆင့် ဥပဒေဖြင့်ကာကွယ်ထားခြင်း မရှိပေ။ ကာကွယ်ထားသောဘေးမဲ့တောများတွင် ယင်းတို့ကို တွေ့နိုင်လေသည်။ လေ့လာ ချက်များအရ ယင်းတို့အား ကောင်းစွာကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ R. B. Harris (2008). "Elaphodus cephalophus". IUCN Red List of Threatened Species 2008. IUCN.