မေယုနယ်ခြားခရိုင်
မေယုနယ်ခြား ခရိုင် သည် နယ်ခြားအုပ်ချုပ်ရေးဌာနမှ တိုက်ရိုက်အုပ်ချုပ်ရန် ပြဋ္ဌာန်းထားသောခရိုင်နယ်ဖြစ်၏။ နယ်ခြားအုပ်ချုပ်ရေးကို နိုင်ငံအစိုးရက ပြဋ္ဌာန်းကြေညာပြီးနောက် မေယုနယ်ခြားခရိုင်ကို လွှဲပြောင်းပေးခဲ့သည်။ သို့သော် အကြောင်းကြောင်းတို့ကြောင့် လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ပေ။ ၁၉၆၁ ခုနှစ် မေလ ၃ဝ ရက်နေ့တွင်မှစ၍ ထိရောက်သော အုပ်ချုပ်ရေးကိုဆောင်ရွက်ခဲ့လေသည်။
တည်နေရာ
[ပြင်ဆင်ရန်]မေယု နယ်ခြားခရိုင်သည် အရှေ့ပါကစ္စတန်နှင့် မြန်မာနိုင်ငံ စပ်ကြားတွင် တည်ရှိသည်။ နတ်မြစ်အားဖြင့် နယ်နိမိတ်သတ်မှတ်ထားလျက်ရှိသည်။ မေယုနယ်ခြားခရိုင်သည် အနောက်ဘက် လားသော် အရှေ့ပါကစ္စတန်၊ အရှေ့ဖက်လားသော် မယူမြစ်စိုင်တင်ချောင်းအားဖြင့် လည်းကောင်း၊ တောင်ဘက်လားသော် ရခိုင်ကမ်းရိုးတန်း၊ ဘင်္ဂလားပင်လယ်အော်တို့ဖြင့် လည်းကောင်း ပိုင်းခြားသတ်မှတ်ထား၏။ ယခင်ရခိုင်တိုင်း စစ်တွေခရိုင်အတွင်းရှိ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်အနောက်မြောက်မြို့နယ်များပါဝင်သော ဒေသဖြစ်သည်။ မယူတောင်တန်းကို ဗဟိုပြု၍ မယူမြစ်နှင့် နတ်မြစ်ကြားရှိ နေရာများသည် မေယုနယ်ခြားခရိုင်အတွင်းပါဝင်လေသည်။ မေယုနယ်ခြား ခရိုင်သည် တောအထပ်ထပ်၊ တောင်အလျှိုလျှို၊ မြစ်ချောင်းအင်းအိုင်များဖြင့် ရောယှက်ဝန်းရံလျက်ရှိသော ဒေသတစ်ခုဖြစ်၏။ မြောက်ဘက်တွင် မြင့်၍၊ တောင်ဘက်သို့ ဆင်ခြေလျှော တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ စိုင်တင်တောင်နှင့် မယူတောင်တန်းဟူ၍ တောင်တန်းနှစ်ခုရှိပြီးလျှင်၊ မယူမြစ်နှင့် နတ်မြစ်တည်းဟူသော ထင်ရှားသည့်မြစ်နှစ်သွယ်ကလည်း မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလေသည်။
လူမှုပထဝီဝင်
[ပြင်ဆင်ရန်]မေယုနယ်ခြား ခရိုင်တွင် လူဦးရေ ၄ သိန်းကျော် ၅ သိန်းနီးပါးရှိ၏။ များသောအားဖြင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် တံငါလုပ်ငန်းများဖြင့်သာ အသက်မွေးကြသည်။ လူများစု (၇၅ ရာခိုင်နှုန်းခန့်) မှာ ဘင်္ဂါလီလူမျိုးဖြစ်၍၊ ရခိုင်၊ ဒိုင်းနက်မြို၊ ခမွီး စသောတိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်လျက်ရှိသည်။ ဘင်္ဂလီ တို့သည် အစ္စလာမ်အယူဝါဒီများဖြစ်၏။ ရခိုင်လူမျိုးများကား ဗုဒ္ဓအယူ ဝါဒီများဖြစ်၍၊ ကျန်လူမျိုးစုများသည် နတ်များကို ကိုးကွယ် ဆည်းကပ်ကြလေသည်။ လောလောဆယ်အားဖြင့် မေယုနယ်ခြားခရိုင်ဌာနချုပ်ကို မောင်တောမြို့တွင် ဖွင့်လှစ်ထားသည်။ ရခိုင်တပ်ပေါင်းစုမှူးသည် မေယုနယ်ခြားခရိုင်၏လုံခြုံရေး၊ ကာကွယ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်ရန်အတွက် မေယုနယ်ခြား ခရိုင်အထူးအုပ်ချုပ်ရေး အရာရှိအဖြစ် အာဏာကုန် လွှဲအပ်ထားခြင်း ခံရသည်။ မေယုနယ်ခြားခရိုင်တွင် အထူးသဖြင့် မောင်းတောမြို့၊ဘူးသီးတောင်မြို့များတွင် အုပ်ချုပ်မှုဆိုင်ရာ အစိုးရရုံးများ အများအပြားရှိသည်။ ထိုအပြင် အစိုးရစာသင်ကျောင်းများ လည်းရှိသည်။
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]မေယုနယ်ခြားခရိုင် ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းရေးတို့ ဖြစ်၏။ လောလောဆယ်အားဖြင့် မေယုနယ်ခြားခရိုင် အုပ်ချုပ်ရေး အာဏာပိုင်တို့သည် အောက်ပါအချက်များကို အဓိကထား၍ ဆောင်ရွက်လျက်ရှိကြသည်။ ယင်းတို့မှာ ဆူပူသောင်းကျန်းနေသော မူဂျာဟစ် သူပုန်များအား ထိရောက်စွာ နှိမ်နင်းရန်၊ တရားဥပဒေ အပြင်ဖက်မှ နည်းအမျိုးမျိုးဖြင့် ဆိုးသွမ်းလျက်ရှိသော စီးပွားရေး သောင်းကျန်းသူများနှင့် လာဘ်ပေး လာဘ်ယူ ကိစ္စများကို ထိရောက်စွာအရေးယူရန်၊ နယ်ခြားဒေသများတွင် တွေ့ကြုံရမြဲဖြစ်သည့် တရားဥပဒေမဲ့ ဝင်ရောက်လာသူများအား နိုင်နင်းစွာ တားဆီးပိတ်ပင်ရန်၊မေယုနယ်ခြား ခရိုင်တွင် လူမျိုးရေးအားဖြင့် ဖြစ်စေ၊ အယူဝါဒရေးအားဖြင့် ဖြစ်စေ ခွဲခြားမှုမရှိဘဲ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူရေးကို အဓိကထား၍ တရားမျှတစွာအုပ်ချုပ်သွားရန်၊ နိုင်ငံအစိုးရ၏ ချမှတ်ထားသောဝါဒ၏အရ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ပါကစ္စတန်အစိုးရနှင့် ချစ်ကြည်ရင်းနှီးမှုတိုးတက်ရန် အစွမ်းကုန် ဆောင်ရွက်ရန်၊ မေယုနယ်ခြားခရိုင်တွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတိုးတက်ကောင်းမွန် လာသည်နှင့်အမျှ အထူးလိုအပ်လျက် ရှိသော တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်သွားရန်၊ နယ်ခြားဒေသို့ သွားရောက် အမှုထမ်းကြသည့် အမှုထမ်းများသည် လေးလေးနက်နက် ပြုပြင်၍ အတတ်နိုင်ဆုံး သံတမန်စိတ်ဓာတ်ဖြင့် ဆောင်ရွက် သွားရန်၊ ပြည်ထောင်စု အစိုးရ ပို့ထားသော အမှုထမ်းအရာထမ်းများ အားလုံးသည် နယ်ခြားဒေသအုပ်ချုပ်ရေး၏ဦးဆောင်မှု အောက်တွင် တစ်စည်း တစ်လုံးတည်း စုပေါင်းကြ၍ ပြဿနာ အရပ်ရပ်ကို ညီညာစွာ ရင်ဆိုင်ဖြေရှင်းသွား စသည်တို့ဖြစ်လေသည်။
ဖျက်သိမ်းခြင်း
[ပြင်ဆင်ရန်]မေယုနယ်ခြားခရိုင်ကို ဤသို့ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာနမှ တိုက်ရိုက်အုပ်ချုပ်လာခဲ့ရာ၊ ယခုအခါတွင် အခြေအနေများ တိုးတက် ကောင်းမွန်လာသည်။ ထို့ကြောင့် မေယု နယ်ခြားခရိုင်ကို စစ်တွေခရိုင် အတွင်းသို ပြန်လည် သွတ်သွင်းပြီးလျှင် ပြည်ထဲရေးဌာန၏ အုပ်ချုပ်မှုလက်အောက်သို့ ပြန်လည်ထားရှိရန် ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ အဖွဲ့က ဆုံးဖြတ်ခဲ့၏။ မေယုနယ်ခြား ခရိုင်ကို နယ်ခြားဒေသ အုပ်ချုပ်ရေး လက်အောက်မှ ပြည်ထဲရေးဌာန လက်အောက်သို့ ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)