မီးဖွားပြီးရောဂါပိုးဝင်ခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကလေးမီးဖွားပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျပြီးနောက် အမျိုးသမီးမျိုးပွားလမ်းကြောင်း (reproductive tract)တွင် ဘက်တီးရီးယားရောဂါပိုးကူးစက်ခြင်းကို မီးဖွားပြီးရောဂါပိုးဝင်ခြင်း (Postpartum or puerperal infections) ဟုခေါ်သည်။ ကိုယ်အပူချိန် (၃၈) ဒီဂရီစင်တီဂရိတ် သို့မဟုတ် (၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက်)ထက် မြင့်မားခြင်း၊ ချမ်းတုန်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်းနှင့် မိန်းမကိုယ်မှ အနံ့ဆိုးသောအရည်အချွဲဆင်းခြင်းစသော လက္ခဏာများ ဖြစ်တတ်သည်။[၁] ကလေးမီးဖွားပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျပြီး (၂၄)နာရီအတွင်းမှ (၁၀)ရက်အတွင်းတွင် ဖြစ်တတ်သည်။[၂]

အများအားဖြင့် သားအိမ် (uterus)နှင့် ပတ်ဝန်းကျင်ရှိအင်္ဂါများကို ရောဂါကူးစက်လေ့ရှိပြီး ၎င်းကို မီးဖွားပြီးသွေးဆိပ်တက်ခြင်း (puerperal sepsis) သို့မဟုတ် မီးဖွားပြီးသားအိမ်ရောင်ခြင်း (postpartum metritis) ဟုခေါ်သည်။ ဖြစ်ပွားနိုင်သောအကြောင်းရင်းများမှာ ဗိုက်ခွဲ၍မီးဖွားခြင်းသားအိမ်လမ်းကြောင်း (vagina)တွင် အုပ်စုဘီ စတက်တိုကောကပ်(group B streptococcus)ကဲ့သို့သော ဘက်တီးရီးယားများရှိခြင်း၊ စောစီးစွာရေမြွှာပေါက်ခြင်း(premature rupture of membranes)၊ သားအိမ်လမ်းကြောင်း စမ်းသပ်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခြင်း၊ အချင်းကို လက်ဖြင့်ဖယ်ရှားခြင်း၊ ရှည်ကြာသော မီးဖွားခြင်း (prolonged labour) တို့ဖြစ်သည်။[၃] ဖြစ်ပွားလေ့ရှိသော ရောဂါကူးစက်မှုအများစုမှာ တစ်မျိုးထက်ပိုသော ဘက်တီးရီးယားများ ကူးစက်ခံရခြင်းဖြစ်သည်။ သားအိမ်လမ်းကြောင်းမှအရည်ကို ပိုးမွေးစစ်ဆေးခြင်းနှင့် သွေးဖောက်စစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေခြင်းမှာ အကျိုးသက်ရောက်လေ့မရှိပါ။ ရောဂါလက္ခဏာမသက်သာသူများတွင် ဆေးပညာနှင့်ဆိုင်သော ပုံရိပ်ဖမ်းယူနည်းများ (medical imaging) ဖြင့် စစ်ဆေးသင့်သည်။ ကလေးမီးဖွားပြီးချိန်တွင် ကိုယ်အပူချိန်တက်ခြင်းမှာ နို့လမ်းကြောင်းပိတ်ဆို့ခြင်း (breast engorgement)၊ ဆီးလမ်းကြောင်းတွင်ရောဂါပိုးဝင်ခြင်း (urinary tract infections)၊ ခွဲထားသော ဝမ်းဗိုက် သို့မဟုတ် သားအိမ်လမ်းကြောင်းရှိ ဒဏ်ရာ (episiotomy)တွင် ရောဂါပိုးဝင်ခြင်း၊ အဆုတ်ပြားခြင်း (atelectasis) တို့ကြောင့်လည်း ဖြစ်ပွားနိုင်သည်။

ဗိုက်ခွဲ၍မီးဖွားရာတွင် ရောဂါပိုးများဝင်နိုင်ခြေရှိသောကြောင့် ခွဲစိတ်နေချိန်အတွင်းတွင် အမ်ပစလင် (ampicillin) စသော ပဋိဇီဝဆေးများ (Antibiotics) ကို ကာကွယ်သည့်အနေဖြင့်ပေးသင့်သည်။ အကယ်၍ရောဂါပိုးကူးစက်ခံရလျှင် ပဋိဇီဝဆေးများဖြင့်ကုသလေ့ရှိပြီး နှစ်ရက် သို့မဟုတ် သုံးရက်ခန့်တွင် ပြန်လည်ကောင်းမွန်လာလေ့ရှိသည်။ ရောဂါလက္ခဏာမပြင်းထန်သူများကို သောက်ဆေးများသာ အသုံးပြုပြီး ရောဂါလက္ခဏာပြင်းထန်သူများကိုသာ ထိုးဆေးများပေးလေ့ရှိသည်။ အမ်ပစလင်နှင့် ဂျန်တာမိုင်စင် (gentamicin) ဆေးနှစ်မျိုးကို သာမန်သားအိမ်လမ်းကြောင်းမှမီးဖွားသူများကို ပေးလေ့ရှိပြီး ဗိုက်ခွဲ၍မီးဖွားသူများကို ကလင်ဒါမိုင်စင် (clindamycin)နှင့် ဂျန်တာမိုင်စင်ဆေးတို့ကို ပေးလေ့ရှိသည်။ သင့်တော်သောဆေးများဖြင့်ကုသပြီးသော်လည်း ရောဂါလက္ခဏာမသက်သာပါက ပြည်တည်နာ (abscess) ဖြစ်ခြင်းစသော နောက်ဆက်တွဲဆိုးကျိုးများကိုပါ ထည့်သွင်းစဉ်းစားသင့်သည်။

(၂၀၁၅)ခုနှစ်အတွင်းတွင် ကိုယ်ဝန်ဆောင်များ (၁၁.၈)သန်းခန့် ရောဂါပိုးကူးစက်ခံခဲ့ရသည်။ တိုးတက်သောနိုင်ငံများတွင်တော့ သာမန်သားအိမ်လမ်းကြောင်းမှမီးဖွားပြီး (၁)မှ(၂)ရာခိုင်နှုန်းခန့်သာ ကူးစက်ခံရသည်။ ခက်ခဲစွာမီးဖွားသူများတွင် (၅)မှ(၁၃) ရာခိုင်နှုန်းခန့်အထိ ကူးစက်ခံရနိုင်ခြေရှိပြီး ဗိုက်ခွဲ၍မီးဖွားသူများတွင် ကာကွယ်သည့်အနေဖြင့် ပဋိဇီဝဆေးများကိုမပေးပါက (၅၀) ရာခိုင်နှုန်းခန့်အထိ ကူးစက်ခံရနိုင်သည်။ (၁၉၉၀)ခုနှစ်တွင် မီးဖွားပြီးရောဂါပိုးကူးစက်ခံရခြင်းကြောင့် အမျိုးသမီးပေါင်း (၃၄၀ဝ၀)ခန့် သေဆုံးခဲ့သော်လည်း (၂၀၁၅)ခုနှစ်အတွင်းတွင် (၁၇၉၀ဝ)ခန့်သာ အသက်ဆုံးရှုံးခဲ့သည်။[၄] ၎င်းမှာ ကိုယ်ဝန်ဆောင်နှင့်ဆိုင်သော အသက်ဆုံးရှုံးမှုများ၏ (၁၀)ရာခိုင်နှုန်းခန့်ရှိသည်။ ဆေးပညာရှင် ဟစ်ပိုကရေးတီး(Hippocrates)၏ မှတ်တမ်းများအရ ပထမဆုံးသော မီးဖွားပြီးရောဂါပိုးကူးစက်ခံရခြင်းကို ဘီစီအီး(BCE) (၅)ရာစုနှစ်လောက်တွင် စတင်တွေ့ရှိခဲ့သည်။[၅] (၁၈)ရာစုမှစ၍ ပဋိဇီဝဆေးများစတင်ပေါ်ပေါက်လာချိန်ဖြစ်သည့် (၁၉၃၀)နှစ်ပိုင်းများအထိ အလွန်အဖြစ်များခဲ့သည်။[၆] (၁၈၄၇)ခုနှစ်တွင် ဩစတြီးယားနိုင်ငံမှ အစ်နက် ဆမ်မယ်ဝစ်ဒ် (Ignaz Semmelweiss) အမည်ရှိသော ပညာရှင်မှ ကလိုရင်း (chlorine)နှင့် လက်ဆေးခြင်းဖြင့် ရောဂါပိုးဝင်ခြင်းကြောင့်အသက်ဆုံးရှုံးခြင်းကို (၂၀)ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ခဲ့သည်။[၇][၈]

ကိုးကား[ပြင်ဆင်ရန်]

  1. (2014) "37", Williams obstetrics, 24th, McGraw-Hill Professional, Chapter 37. ISBN 978-0-07-179893-8 
  2. Hiralal Konar (2014). DC Dutta's Textbook of Obstetrics. JP Medical Ltd, 432. ISBN 978-93-5152-067-2 
  3. (2015) WHO recommendations for prevention and treatment of maternal peripartum infections. World Health Organization, 1. ISBN 9789241549363 
  4. GBD 2013 Mortality and Causes of Death, Collaborators (17 December 2014). "Global, regional, and national age-sex specific all-cause and cause-specific mortality for 240 causes of death, 1990–2013: a systematic analysis for the Global Burden of Disease Study 2013.". Lancet 385: 117–71. doi:10.1016/S0140-6736(14)61682-2. PMID 25530442. 
  5. Walvekar, Vandana (2005). Manual of perinatal infections. New Delhi: Jaypee Bros., 153. ISBN 978-81-8061-472-9 
  6. Magner, Lois N. (1992). A history of medicine. New York: Dekker, 257–258. ISBN 978-0-8247-8673-1 
  7. Anderson, BL (April 2014). "Puerperal group A streptococcal infection: beyond Semmelweis.". Obstetrics and gynecology 123 (4): 874–82. doi:10.1097/aog.0000000000000175. PMID 24785617. 
  8. Ataman, AD (2013). "Medicine in stamps-Ignaz Semmelweis and Puerperal Fever.". Journal of the Turkish German Gynecological Association 14 (1): 35–9. doi:10.5152/jtgga.2013.08. PMID 24592068.