ကလေးမွေးခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကလေးမွေးခြင်း (မီးဖွားခြင်း၊ မွေးဖွားခြင်း၊ မွေးခြင်း သို့မဟုတ် သားမွေးခြင်း ဟုလည်းခေါ်) ဟူသည် မှာ အမျိုးသမီး တစ်ယောက်၏ သားအိမ် မှ တစ်ယောက် သို့မဟုတ် ထို့ထက်ပိုသော မွေးကင်းစ ကလေးငယ်များ နှင့် အတူ လူသား ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင် ကာလ အဆုံးသတ်ခြင်း ကိုခေါ်သည်။ ပုံမှန် လူသား ကလေးမွေးခြင်း ဖြစ်စဉ်ကို မီးဖွားခြင်း အဆင့်သုံးခု ခွဲထားပါသည်။ သားအိမ်ခေါင်း တိုလာခြင်းနှင့် ကျယ်လာခြင်း၊ ကလေးငယ် ဆင်းလာခြင်းနှင့် မွေးဖွားခြင်း၊ နှင့် အချင်း မွေးဖွားခြင်း ဟူ၍ဖြစ်သည်။ဖြစ်ရပ်အတော်များများတွင် အကြိမ်နှုန်း များလာသည်နှင့်အတူ မိန်းမကိုယ် မှ မွေးသည်ထက် ကလေးမွေးခြင်းကို ဗိုက်ခွဲမွေးခြင်း ဖြင့်၊ ဝမ်းဗိုက် တွင် ဓားဖြင့်အရာပေး ခွဲစိတ်မှုပြုခြင်း မှ တဆင့် မွေးကင်းစ ကလေးငယ် ကို ဖယ်ထုတ်၍ မွေးဖွားရသည်။အမေရိကန် နှင့် ကနေဒါ တို့တွင် ကလေးမွေးဖွားမှု အားလုံး၏ သုံးပုံ တစ်ပုံ (၃၁.၈%) နှင့် လေးပုံ တစ်ပုံ (၂၂.၅%) စီ အသီးသီးရှိကြသည်။

မာတိကာ

အရိပ်လက္ခဏာများ[ပြင်​ဆင်​ရန်​]

မီးဖွားခြင်းသည် အလွန် ပြင်းထန်ပြီး ရှည်ကြာသော နာကျင်မှု နှင့် တွဲ၍လာသည်။ မီးဖွားသော အမျိုးသမီးတို့၏ နာကျင်မှုအတိုင်းအတာ မှတ်တမ်းတို့မှာ အမျိုးမျိုး ကွဲပြားကြသည်။ နာကျင်မှုအနည်းအများကို ကြောက်ရွံ့ခြင်းနှင့် စုးရိမ်ကြောင့်ကြမှုအနည်းအများတို့က လွှမ်းမိုးသည်။ အချို့သော အခြားအချက်များ တွင် ယခင်ကလေးမွေးဖူးသည့် အတွေ့အကြုံ၊ အသက်၊ လူမျိုးအုပ်စု၊ ပြင်ဆင်မှု၊ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင် နှင့် မလှုပ်ရှားနိုင်ခြင်း တို့ပါဝင်သည်။


စိတ်ပိုင်းဆိုင်ရာ[ပြင်​ဆင်​ရန်​]

ကလေးမွေးခြင်းသည် အလွန်ပြင်းထန်သော အဖြစ်အပျက်တစ်ခု ဖြစ်နိုင်ပြီး အကောင်းရော အဆိုးပါ ဖြစ်နိုင်သည့် ပြင်းထန်သော စိတ်ခံစားမှုများ ပေါ်လွင်လာနိုင်သည်။ အမျိုးသမီးအတော်များများမှ သူတို့ကလေးလေး မွေးဖွားလာမှုအပေါ်တွင် ပျော်ရွှင်မှု၊ စိတ်သက်သာမှုနှင့် ပီတိဖြစ်ခြင်း တို့ပေါ်ပေါက်လာချိန်တွင် အချို့အမျိုးသမီးများမှ ကလေးမွေးပြီးသော အခါတွင် စိတ်ဒဏ်ရာရပြီးနောက် စိတ်ဖိစီးမှုဝေဒနာ (PTSD) နှင့်အလားတူသော လက္ခဏာတို့ကို ပြန်ပြောကြသည်။ အမေရိကန်ပြည်ထောင်စုရှိ ရ၀ နှင့် ၈၀ % သောအမေများသည် ကလေးမွေးပြီးသည့် နောက်တွင် ဝမ်းနည်းသည့် ခံစားချက်အချို့ သို့မဟုတ် "ညှိုးငယ် လွမ်းဆွေးမှုတို့ရှိကြောင်း" ပြန်ပြောကြသည်။ အချို့သော အမျိုးသမီးများတွင် မီးဖွားပြီးနောက်စိတ်ကျရောဂါ တို့ဖြစ် ပေါ်လာပြီး အမေရိကန် ပြည်ထောင်စုတွင်းရှိ ၁၀% သောအမေများတွင် ထိုအခြေအနေမျိုး နှင့်ရှာဖွေ တွေ့ရှိရသည်။ ပုံမှန်မဟုတ်ဘဲ ရေရှည်ဖြစ်သော ကလေးမွေးခြင်းကို ကြောက်ခြင်းကိုtokophobia (တိုကိုဖိုးဘီးယား ) ဟုခေါ်သည်။ကြိုတင်ကာကွယ်သောအသင်းကုထုံးမှာ မီးဖွားပြီးနောက်စိတ်ကျရောဂါ အတွက် ကြိုတင်ကာကွယ်နိုင်သည့်ကုထုံး အဖြစ် အကျိုးသက်ရောက်ကြောင်း သက်သေပြခဲ့သည်။ ကလေးမွေးခြင်းသည် ကလေးငယ်လေးအတွက် စိတ်ဖိစီးဖွယ်ရာဖြစ်ပါသည်။ အကာအကွယ်ပေးနေသော သားအိမ် ပတ်ဝန်းကျင်မှ ထွက်ခွာရခြင်းဟူသည့် ပုံမှန်စိတ်ဖိစီးမှုကို ထပ်ပေါင်း၍ တင်ပါးဆုံနှင့်မွေးဖွားခြင်း ဆိုင်ရာ စိတ်ဖိစီးမှုများ၊ အသက်ရှုကျပ်ခြင်း တို့ကဲ့သို့သော အသစ်ထပ်ပေါင်းလာသည့် စိတ်ဖိစီးမှုတို့သည် ကလေးငယ်၏ ဦးနှောက်ကို ထိခိုက်နိုင်ပါသည်။

ပုံမှန် လူသားကလေး မွေးဖွားခြင်း[ပြင်​ဆင်​ရန်​]

အမျိုးသမီးကိုယ်မှမွေးဖွားသည့် ဖြစ်စဉ်

လူသားတို့သည် မတ်တပ်ရပ် ခြေနှစ်ချောင်းသတ္တဝါများဖြစ်ပြီး တင်ပါးဆုံရိုး ၏အရွယ်အစားနှင့် ဆက်နွယ်၍ နို့တိုက်သတ္တဝါမျိုးနွယ်စုတွင် ခေါင်းအကြီးဆုံးသူ ဖြစ်သည့်အတွက်ကြောင့် လူသားသန္ဓေသားနှင့် လူသားအမျိုးသမီး တင်ပါးဆုံတို့မှာ ကလေးမွေးမှုဖြစ်နိုင်စေရန် အလိုက်သင့်ဖြစ်နေသည်။ မတ်ရပ်အနေအထားသည် ဝမ်းတွင်းမှုကလီစာများ၏ အလေးချိန်ကို တင်ပါးဆုံကြမ်းပြင် ပေါ်တွင် သက်ရောက်စေပြီး ယင်းပေါင်းစုထားသော အနေအထားသည် ထိုသို့အလေးချိန်ကို ထောက်ပံ့ပေးခြင်းအပြင် ယင်းမှ လမ်းကြောင်းသုံးခု ဖြစ်သည့် ဆီးသွားပြွန်၊ မိန်းမကိုယ် နှင့် အစာဟောင်းအိမ် တို့ကိုဖြတ်သန်းသွားရန်ပါ ခွင့်ပြုထားသည်။ အထိုက်အလျောက် ကြီးသောခေါင်းနှင့် ပခုံးတို့အတွက် အရိုးမာသော ခေါင်းနှင့် ပုခုံးတို့ကို တင်ပါးဆုံရိုး၏ကွင်းမှ ဖြတ်သန်းနိုင်စေရန် တိကျသော အစဉ်လိုက် နည်းလမ်းပုံစံ လိုအပ်သည်။ ထိုနည်းလမ်းပုံစံများအတိုင်း ဖြစ်မလာခဲ့လျှင် ပိုမိုကြာမြင့်ပြီး ပိုမိုနာကျင်သော မီးဖွားမှုဖြစ်လာပြီး မီးဖွားမှုကို လုံးဝရပ်လိုက်ရသည်ပင် ဖြစ်နိုင်သည်။ သားအိမ်ခေါင်း နှင့် မွေးလမ်းကြောင်းရှိ တစ်ရှူးစပျော့ပျော့တို့ ပြောင်းလဲမှုအားလုံးတို့သည် ထိုအဆင့်ခြောက်ခု ပြည့်စုံအောင်မြင်မှုတွင် မူတည်သည် -

  1. ကန့်လန့်အနေအထားတွင် သန္ဓေသားခေါင်းမှာ အံဝင် နေရမည်။ ကလေးခေါင်းသည် အမေတင်ပါး၏ တင်ပါးဆုံတစ်ဘက်သို့မဟုတ် အခြားတစ်ဘက်ကို ဖြတ်၍မျက်နှာမူထားသည်။
  2. သန္ဓေသားခေါင်း ဆင်းလာပြီး ကွေးခြင်း။
  3. အတွင်းသို့လည်ခြင်း - သန္ဓေသားခေါင်းသည် ၉၀ ဒီဂရီလည်သည့်အတွက် ကလေး၏မျက်နှာသည် မိခင်၏ အစာဟောင်းအိမ်ကို ဖြတ်၍ မျက်နှာမူထားသည်။
  4. ဆန့်တန်း၍မွေးဖွားခြင်း- မွေးလမ်းကြောင်းမှ သန္ဓေသားခေါင်းထွက်လာသည်။ ခေါင်းသည် အနောက်သို့ စောင်းသွားပြီး နဖူးကို မိန်းမကိုယ်မှ ဖြတ်သန်းဦးတည်စေသည်။
  5. မူလနေရာပြန်ရောက်ခြင်း - သန္ဓေသားခေါင်းသည် ၄၅ ဒီဂရီလည်သွားပြီး မူလ ပခုံးတို့နှင့်နေနေသည့် အနေ အထားအတိုင်း ထောင့်တစ်ခု အနေသို့ ရောက်သွားသည်။
  6. အပြင်ဘက်လည်ခြင်း - ပုခုံးတို့သည် နောက်ဆုံးလှုပ်ရှားသည့် သန္ဓေသားခေါင်းလည်ပတ်သည့်အတိုင်း ထပ်မံလည်သည်။

သန္ဓေသားခေါင်းသည် မွေးလမ်းကြောင်းကို ဖြတ်သန်းရသည့်အတွက် ခေတ္တအားဖြင့် သင့်လျော်သည့်ပုံစံ (အနည်းငယ် ပိုရှည်လျားလာခြင်း) ပြောင်းသွားနိုင်သည်။ ထိုသန္ဓေသားခေါင်းပုံစံ ပြောင်းသွားခြင်းကို ပုံသွင်းခြင်းဟုခေါ်ပြီး ပထမဆုံး မိန်းမကိုယ်နှင့်မီးဖွားသည့် အမျိုးသမီးများတွင် ပိုမိုထင်ရှားသည်။

မွေးခါနီးတန့်နေသော အဆင့်[ပြင်​ဆင်​ရန်​]

မီးဖွားခြင်း၏ဖြစ်ခါနီးတန့်နေသောအဆင့် ကို မီးဖွားခြင်းနိမိတ်ပြေးခြင်း ဟုလည်းခေါ်ပြီး ရက်အနည်းငယ်ကြာ၍ သားအိမ်ညှစ်ခြင်းများ သည် ၂၆ ပတ် ကိုယ်ဝန်ဆောင်ကာလ ဝန်းကျင်တွင် စတတ်သော Braxton Hicks contractions (ဘရပ်(စ်)တန် ဟစ်(ခ်) သားအိမ်ညှစ်ခြင်းများ) ထက် ပိုမိုပြင်းထန်သည်။ ကိုယ်ဝန်ဆောင် ၏ နောက် ဆုံးပိုင်းအပတ်များတွင် မီးဖွားခြင်းဖြစ်ခါနီးတန့်နေသော အဆင့်အဆုံးသတ်တွင် အပြည့် သို့မဟုတ် အပြည့်နီးပါး သားအိမ်ခေါင်းပွင့်ခြင်း ဖြစ်လာသည်။ သားအိမ်ခေါင်းပွင့်ခြင်း သို့မဟုတ် သားအိမ်ခေါင်း ကျယ်လာခြင်း သည် သားအိမ်ခေါင်း ပါးလှပ်ပြီး ဆန့်ထွက်လာခြင်း ဖြစ်သည်။

ပထမအဆင့် - ကျယ်လာခြင်း မီးဖွားခြင်း၏ ပထမအဆင့်သည် ပွင့်ဖယ်သော (ပါးလှပ်သော) သားအိမ်ခေါင်းသည် ၃ စင်တီမီတာ ကျယ်သွားခြင်း မှ စတင်သည်။ ထိုအမှတ်သို့မရောက်ခင် အချို့သောအမျိုးသမီးများတွင် သားအိမ်ညှစ်မှုများ တက်ကြွစွာဖြစ်နေနိုင်သလို ပုံမှန်သားအိမ်ညှစ်မှုမပြုဘဲနှင့် ထိုအမှတ်သို့ရောက်သွားခြင်းတို့ ရှိသဖြင့် ယင်းအမှတ်သည် ကွဲပြားမှုရှိနိုင်သည်။ အမှန်တကယ် မီးဖွားမှုစခြင်းကို သားအိမ်ခေါင်း စတင်၍ ဆက်တိုက်ကျယ်လာခြင်းဖြင့် သတ်မှတ်နိုင်သည်။ ရေမြွာပေါက်ခြင်း၊ သို့မဟုတ် သွေးဆင်းလာခြင်း 'ပြသမှု' တို့သည် ဤအဆင့်ဝန်းကျင်တွင် ဖြစ်ချင်ဖြစ်နိုင်သည်။ သားအိမ် ခေါင်း မှ ကလေးခေါင်း ဖြတ်သန်းရန် လုံလောက်သောအနေ လပြည့်သည့်ကလေးအတွက် ၁၀ စင်တီမီတာ ဝန်းကျင် အကျယ် သို့ရောက်လျှင် သားအိမ်ခေါင်းအဆုံးထိပွင့်ခြင်း ဖြစ်သည်။ မီးဖွားခြင်း အချိန်သည် ကျယ်ပြန့်စွာ ကွာခြားတတ်သော်လည်း တက်ကြွနေသောအဆင့်မှာ ပထမဆုံးကလေးကို မွေးသော အမျိုးသမီးများ အတွက် ပျမ်းမျှ ၈ နာရီခန့်ကြာပြီး၊ကလေးမွေးဖူးသည့် အမျိုးသမီးများအတွက် ၄နာရီ ခန့် ကြာသည်။

ဒုတိယအဆင့် - သန္ဓေသားထွက်လာခြင်း ဤအဆင့်သည် သားအိမ်ခေါင်းလုံးဝပွင့်သွားသည့် အချိန်တွင် စတင်ပြီး နောက်ဆုံးအဆင့် ကလေးမွေးလာသည်တွင် အဆုံးသတ်သည်။ ပုံမှန် အဆင့်နှစ် စချိန်တွင် ခေါင်းသည် တင်ပါးဆုံရိုးတွင် လုံးဝဝင်နေပြီး၊ ခေါင်း၏အကျယ်ဆုံး အပိုင်းသည် တင်ပါးဆုံရိုးကွင်းမှ အောင်မြင်စွာ ဖြတ်လာနိုင်ပြီဖြစ်သည်။ ထိုအချက် ပြီးသွားလျင် ကျန်ရှိသည်မှာ ဆီးခုံရိုးအကွေး အောက်မှဖြတ်၍ မိန်းမကိုယ်မှတဆင့် ခေါင်းထွက်လာရန် ဖြစ်သည်။ ယင်းကို မိခင်မှထပ်ပေါင်း အားစိုက်၍ "တွန်းညှစ်ခြင်း" ဖြင့် ပြီးဆုံးနိုင်သည်။ မိန်းမအင်္ဂါနှုတ်ခမ်းဝတွင် 'ခေါင်းစတင်ထွက်လာခြင်း' ကိုမြင်ရသည်။ ထိုအချိန်တွင် အမျိုးသမီးသည် ပူလောင်သော သို့မဟုတ် စပ်ဖျဉ်းနာကျင်သော ခံစားမှုမျိုးခံစားရနိုင်သည်။မီးဖွားခြင်း ဒုတိယအဆင့်သည်လည်း အတိုင်းအတာအချို့အထိ ကွာခြားနိုင်သည်။ ယင်းမှာ ရှေးအဆင့်များ မည်မျှ အောင်မြင်စွာ ပြီးဆုံးသည်တွင် မူတည်သည်။

တတိယအဆင့် - ချက်ကြိုးပိတ်ခြင်း နှင့် အချင်းကျခြင်း ကလေးမွေးထုတ်ပြီးပြီးခြင်းနောက် အချင်းကျပြီးအချိန်အထိကို ကလေးမွေးခြင်း တတိယအဆင့် ဟု ခေါ်သည်။ဤအဆင့်တွင် ချက်ကြိုး ကို ချည်ထုံး၍ ဖြတ်လိုက်သော်လည်း ထိုသို့မချည်ထုံးလျှင်ပင် သဘာဝအတိုင်း ပုံမှန် ပိတ် သွားမည် ဖြစ်သည်။ အချင်းကျခြင်းသည် သားအိမ်နံရံမှ ဇီဝကမ္မဖြစ်စဉ်အဖြစ် ကွာကျခြင်းဖြစ်သည်။ သန္ဓေသားကိုမွေးထုတ်ပြီးပြီးချင်း အချိန်မှ စ၍ အချင်းကျပြီးပြီးချင်း အချိန် ကာလကို ကလေးမွေးခြင်း တတိယအဆင့် ဟုခေါ်သည်။ ကလေးမွေးဖွားပြီး ၁၅ မှ ၃၀ မိနစ်အတွင်း အချင်းချလေ့ရှိသည်။ အချင်းကျခြင်းကို မြန်ဆန်စေရန် ချက်ကြိုးကို ထိန်းဆွဲနေသည့်နောက်မှ ဥပမာ- oxytocin (အောက်စီတိုစင်) ကို အသားဆေးထိုးခြင်းဖြင့် အချင်းချရာတွင် အားကူနိုင်သည်။ ထိုသို့မဟုတ်လျှင် လည်း အချင်းအား ဆေးအကူအညီမယူဘဲ အလိုအလျောက်ကျလာခြင်းကို စောင့်နိုင်သည်။

စတုတ္ထအဆင့် "ကလေးမွေးခြင်း စတုတ္ထအဆင့်" ကို ခေါ်သည့် အချက်မှာ နှစ်မျိုးကွဲနေသည်-

  • ယင်းမှာ မွေးပြီးပြီးချင်းသို့မဟုတ် အချင်းကျပြီးပြီးချင်းနာရီများကို ရည်ညွှန်းနိုင်သည်။
  • မီးဖွားပြီးနောက်ပိုင်း ရက်သတ္တပတ်များကို တင်စားရည်ညွှန်းခြင်းတွင်လည်း သုံးနိုင်သည်။

နောက်ပိုင်းအခြေအနေများ[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှုအတော်များများတွင် မွေးကင်းစကလေးများအတွက် အမည်ပေးကင်ပွန်းတပ်ခြင်း၊ ခရစ်ယာန်ဘာသာဝင် ဖြစ်ရန် ရေနှစ်ခြင်းပေးခြင်း၊ ရေဖျန်းခြင်းမင်္ဂလာ နှင့် အခြားသော စဦးအခမ်းအနားများ ပြုလုပ်ပေးကြသည်။ မိခင်များအား လည်း ကလေးမွေးခြင်းမှ ပြန်လည်ထူထောင်နိုင်ရန် အတွက် ပုံမှန်တာဝန်ထမ်းဆောင်မှုများမ ကာလတစ်ခုအထိ အနားပေးထားသည်။ ထိုကာလအရှည်အကြာမှာ ကွဲပြားနိုင်သည်။ နိုင်ငံအများအပြားတွင် မွေးကင်းစကလေးငယ်ကို စောင့်ရှောက်ပြုစုရန် အလုပ်မှ အနားယူခြင်းကို "မီးဖွားခွင့်" သို့မဟုတ် "မိဘဆိုင်ရာခွင့်" ဟုခေါ်ပြီး ရက်အနည်းငယ်မှ လများစွာအထိ ကွဲပြားနိုင်သည်။

စီမံခန့်ခွဲခြင်း[ပြင်​ဆင်​ရန်​]

မီးဖွားစဉ်အတွင်း အစားစားခြင်း သို့မဟုတ် သောက်ခြင်းတို့သည် မွေးလာမည့်ကလေးအား အန္တရာယ် သက်ရောက်မှု မရှိပါ။

နာကျင်ခြင်းကို ထိန်းချုပ်ရန်[ပြင်​ဆင်​ရန်​]

ဆေးဝါးမသုံးစွဲဘဲ ထိန်းချုပ်ခြင်း အချို့အမျိုးသမီးများသည် ကလေးမွေးဖွားစဉ်အတွင်း အကိုက်အခဲပျောက်ဆေးများ ကို ရှောင်လိုကြသည်။ ကလေး မွေးခြင်းကြောင့် နာကျင်ခြင်းကို သက်သာစေရန် စိတ်ဓါတ်ရေးရာ ပြင်ဆင်မှုများ၊ ပညာပေးမှုများ၊ နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ TENS (တီအီးအန်အက်(စ်)) သုံးစွဲခြင်း၊ အိပ်မွေ့ချခြင်း သို့မဟုတ် စည်ပိုင်းထဲဝင်၍ သို့မဟုတ် ရေပန်း ဖြင့် ရေကုထုံးပြုခြင်းတို့ကို သုံးကြည့်နိုင်ပါသည်။ အချို့သောအမျိုးသမီးများမှာ မီးဖွားစဉ်အတွင်း သူတို့ကို အားပေး မည့်သူအဖြစ် ကလေး၏ ဖခင်၊ အမျိုးသမီး၏မိခင်၊ အစ်မ၊ ညီမ၊ ရင်းနှီးသောသူငယ်ချင်း သို့မဟုတ် လက်တွဲဖော် တစ်ယောက်ယောက်ကို အလိုရှိကြသည်။အချို့အမျိုးသမီးများသည် ဒုတိယအဆင့်အတွင်း အကျိုးပိုမိုသက်ရောက်စွာ တွန်းနိုင်ရန် ဆောင့်ကြောင့်ထိုင်ခြင်း သို့မဟုတ် တွားသွားခြင်း ပုံစံတို့ဖြင့် မွေးဖွားခြင်းဖြင့် ကမ္ဘာ့ဆွဲအား သည် မွေးလမ်းကြောင်းမှ ကလေးငယ် ဆင်းလာ ခြင်းကို အထောက်အပံ့ပေးစေနိုင်သည်။

လူ့ခန္ဓာကိုယ်မှလည်း နာကျင်မှုကို ဓါတုဗေဒနည်းအရ endorphins (အန်ဒေါ်ဖန်ဟော်မုန်း) များထုတ်ခြင်းဖြင့် တုန့်ပြန် သည်။ Endorphins (အန်ဒေါ်ဖန်) သည် မီးမဖွားမီ၊ မီးဖွားနေစဉ် နှင့် မီးဖွားပြီးချိန်များတွင်ရှိနေသည်။အချို့သောအိမ်တွင်မွေးဖွားခြင်းကို ထောက်ခံသူများကထိုဟော်မုန်းသည် ကလေးမီးဖွားစဉ်တွင်းစိတ်ချမ်းသာမှုနှင့် ပျော်ရွှင်မှုကိုတိုးပွားစေသဖြင့် ရက်သတ္တပတ် အနည်းငယ် အကြာတွင် မိခင်စိတ်ကျရောဂါ အန္တရာယ်ကို လျော့ကျစေသည် ဟု ယုံကြည်ကြသည်။

ရေတွင်မွေးဖွားခြင်း သည် အချို့သောအမျိုးသမီးတို့မှ မီးဖွားစဉ်အတွင်း နာကျင်ခြင်းကို သက်သာစေရန် ရွေးချယ် ချက်တစ်ခု ဖြစ်ပြီး လေ့လာမှုအချို့မှလည်း ရှုပ်ထွေးခြင်းမရှိသော ကိုယ်ဝန်ဆောင်များ ရေတွင်မွေးဖွားခြင်းသည် မိခင် နှင့် မွေးကင်းစ ကလေးငယ်အား အန္တရာယ်ရှိနိုင်ခြင်း အထောက်အထားမရှိသဖြင့် အကိုက်အခဲပျောက်ဆေးများ လိုအပ်ချက်ကို လျော့ချနိုင်ကြောင်း ဖော်ပြကြသည်။ တရားမှတ်ခြင်း နှင့် အပျော့စားဆေးများသုံးခြင်း နည်းလမ်းသည်လည်း မီးဖွားစဉ်အတွင်း နာကျင်မှုကို ထိန်းနိုင်ရန် အတွက်သုံးသည်။ ထိုနည်းလမ်းများအား မီးဖွားစဉ်အတွင်း နာကျင်မှုကို ထိန်းရာတွင် ကူညီနိုင်ရန် ကြွက်သား များဆက်တိုက်ဖြေလျော့စေခြင်း နှင့် စိတ်နှင့် ခန္ဓာကိုယ် ဖြေလျော့စေရန် ပုံသဏ္ဍာန်မျိုးစုံတို့တွင် တွဲဖက်၍ သုံးသည်။ အခြားနည်းလမ်းတစ်ခုမှာ မီးဖွားစဉ်တွင်အိပ်မွေ့ချခြင်း နည်းလမ်းဖြစ်သည်။ အမျိုးသမီးများနှင့် သူတို့၏အဖော်များကို မီးဖွားခြင်းတွင် ဆေးဝါးမသုံးစွဲဘဲ သက်သာရန်ကူညီနိုင်သည့် နည်းလမ်းများစွာကို သင်ကြားပေးသည့် အဖွဲ့အစည်း များစွာ ရှိပါသည်။

ဆေးဝါးသုံးစွဲခြင်း[ပြင်​ဆင်​ရန်​]

နာကျင်မှုကို ထိန်းသောနည်းလမ်းများစွာတို့တွင် အောင်မြင်မှုအတိုင်းအတာ အနည်းအများရှိသလို မိခင်နှင့် ကလေး အတွက် ဘေးထွက်ဆိုးကျိုးလည်း အနည်းအများရှိနိုင်သည်။ အချို့ ဥရောပ နိုင်ငံများတွင် ဆရာဝန်တို့မှ အထူးသဖြင့် နိုက်ထရပ်စ်အောက်ဆိုဒ် ၅၀%၊ အောက်စီဂျင် ၅၀% ပါသော Entonox (အန်တိုနောက်စ်) ဟူသည့် နိုက်ထရပ်စ် အောက်ဆိုဒ် ဓါတ်ငွေ့ကို နာကျင်မှုထိန်းနိုင်ရန်အတွက် အများအားဖြင့် ပေးလေ့ရှိသည်။ မီးဖွားခြင်း အစောပိုင်းတွင်Pethidine (ပတ်သဒင်း) နှင့်အခြားသော opioids (အိုပီရွိုက်)တို့ကို သုံးနိုင်သော်လည်း မွေးဖွားမှုနှင့် အရမ်းနီးကပ်စွာ သုံးမည်ဆိုလျှင် မွေးကင်းစကလေးငယ်တွင် အသက်ရှူခက်ခဲသည့် အန္တရာယ် ရှိနိုင်ပါသည်။

ဆေးရုံများတွင် အသုံးများသော နာကျင်မှုထိန်းသိမ်းသည့် ဆေးများမှာ နေရာကွက်၍ထုံစေရန် epidural (ကျော အောက်ဘက်၌ ထိုးသောထုံဆေး) နှင့် ကျောရိုးအာရုံကြောထဲထိုးသည့်မေ့ဆေး တို့ဖြစ်ပါသည်။ ကျောအောက်ဘက်၌ ထိုးသောထုံဆေးသည် မီးဖွားစဉ်တွင် နာကျင်မှုပျောက်ကင်းရန် အတွက် စိတ်ချရပြီး အကျိုး သက်ရောက်သော နည်း လမ်းဖြစ်သော်လည်း မီးဖွားခြင်းကို ပိုရှည်ကြာစေခြင်း၊ ပိုမိုလုပ်ကိုင် ဆောင်ရွက်ရမှုများခြင်း (ကိရိယာများ အကူအညီ ဖြင့်မွေးရခြင်း) နှင့် စားရိတ်တက်လာခြင်းတို့နှင့် ဆက်နွယ်နေသည်။[20] ကျောအောက်ဘက် မှတဆင့် ဆေးထိုးခြင်း ဖြင့် အချင်း ကိုဖြတ်သန်းပြီး သန္ဓေသား၏ သွေးကြောထဲသို့ ဝင်ရောက်သွားနိုင်သည်။ကျောအောက်မှတဆင့် ထုံဆေးထိုးခြင်းတွင် ဗိုက်ခွဲမွေးခြင်းဖြစ်နိုင်မှုပေါ်တွင် ကိန်းဂဏန်းအရထင်ရှားသော သက်ရောက်မှုမရှိသည့်ပြင် မွေးစ ကလေးငယ်၏အခြေအနေပေါ်တွင်လည်း ရုတ်တရက်သက်ရောက်မှု မရှိသည်ကို တွေ့ရ သည်။

ကူညီတိုးပွားစေခြင်း[ပြင်​ဆင်​ရန်​]

ကူညီတိုးပွားစေခြင်းသည် မီးဖွားခြင်းဖြစ်စဉ်အား လျင်မြန်စေရန် ကြိုးစားသည့် လုပ်ထုံးဖြစ်သည်။ Oxytocin (အောက်စီတိုစင်) အား မီးဖွားရာတွင် နှေးကွေးနေသည့်သူများတွင် အမျိုးသမီးကိုယ်မှမွေးဖွားခြင်းနှုန်းကို မြင့်စေရန် အသုံးပြုသည်။

ကိရိယာများသုံး၍ မွေးဖွားခြင်း[ပြင်​ဆင်​ရန်​]

မီးဖွားရာတွင်သုံးသည့်ညှပ်များ သို့မဟုတ် ဖိအားသုံးစုပ်ခွက် တို့ကို မီးဖွားမှုမြန်ဆန်စေရန် အသုံးပြုရသည်။

  • အမျိုးသမီးမှ သူမ၏ခြေထောက်များကို ခြေနင်းကွင်းများတွင် ထားရှိထားရမည်။
  • ထုံဆေးမပေးရသေးလျှင် ပေးပါမည်။
  • အမျိုးသမီးအင်္ဂါအဝကိုညှပ်ခြင်း လိုအပ်နိုင်သည်။
  • ညှပ်ဆွဲမွေးခြင်းကို စမ်းသပ်ပြုလုပ်ပါမည်။ မွေးဖွားခြင်းသည် အသင့်တော်ဆုံးအနေအထားမဟုတ်လျှင် ရပ်တန့်စွန့်ပစ်၍ ဗိုက်ခွဲမွေးရန် ဦးစားပေးပါမည်။

အမွှာများမွေးခြင်း[ပြင်​ဆင်​ရန်​]

အမျိုးသမီးကိုယ်မှ အမွှာတို့ကိုမွေးဖွားနိုင်သည်။ အချို့သော အမွှာမွေးဖွားမှုများကို နောက်ဆက်တွဲပြဿနာများ ဖြစ်လာခဲ့လျှင် အဆင်ပြေရန် ပိုကြီးသည့် မွေးခန်း သို့မဟုတ် ခွဲခန်းအတွင်း တွင်ပြုလုပ်ကြသည်။ ဥပမာ-

  • အမွှာနှစ်ယောက်လုံးကို အမျိုးသမီးအင်္ဂါမှမွေးဖွားသည်။ ထိုအဖြစ်မျိုးတွင် နှစ်ယောက်စလုံးမှ ဦးခေါင်းနှင့် ဆင်းလာခြင်း သို့မဟုတ် ပထမတစ်ဦးမှ ခေါင်းနှင့်ဆင်း၍ နောက်တစ်ဦးမှ တင်ပါးနှင့် သို့မဟုတ် ညှပ်အကူ အညီ/လေဖိအားသုံး စုပ်ခွက်အကူအညီ သုံး၍ မွေးဖွားရခြင်း ဖြစ်သည်
  • အမွှာတစ်ယောက်ကို အမျိုးသမီးအင်္ဂါမှမွေးဖွားပြီး နောက်တစ်ယောက်ကို ဗိုက်ခွဲမွေးဖွားခြင်း။
  • အမွှာနှစ်ယောက်သည် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခု ဆက်နေလျှင် - (ဆက်ထားသည့်အမွှာ ဟုခေါ်) မွေးဖွားခြင်းသည် အများစုအားဖြင့် ဗိုက်ခွဲခြင်းဖြင့်သာ ပြုလုပ်သည်။

နောက်ဆက်တွဲပြဿနာများ[ပြင်​ဆင်​ရန်​]

ကလေးမွေးခြင်းသည် နောက်ဆက်တွဲ ပြဿနာများစွာ ရှိသည့် ကိစ္စကြောင့် ပင်ကိုယ်အားဖြင့် အန္တရာယ်ရှိပြီး စွန့်စားရသည့် အပြုအမူဖြစ်သည်။ "ဖြစ်ရိုးဖြစ်စဉ်" ရှိသည့် မွေးဖွားမှုတွင်သေဆုံးနှုန်း - မိခင်သေဆုံးခြင်းကို တားဆီးရန် အတွက် မည်သို့မျှ လုပ်၍မရသောအခါ - မှလည်း ၁၀၀၀၀၀ မွေးဖွားမှုတွင် ၁၅၀၀ နှုန်းသေဆုံးသည် ဟုခန့်မှန်း တွက်ချက်ရသည်။ယနေ့ခေတ် ဆေးပညာသည်လည်း မွေးဖွားမှုအန္တရာယ် ကိုများစွာ လျော့ပါးလာစေသည်။ ယနေ့ခေတ် အနောက်နိုင်ငံများဖြစ်သည့် အမေရိကန် သို့မဟုတ် ဆွီဒင် ကဲ့သို့သော နိုင်ငံတို့ တွင် လက်ရှိ မွေးဖွားမှု ၁၀၀၀၀၀ တွင် ၁၀ ယောက်ဝန်းကျင်သာ သေဆုံးမှုရှိကြောင်း တွေ့ရသည်။မွေးဖွားခြင်း နောက်ဆက်တွဲပြဿနာများသည် မိခင်ဆိုင်ရာ သို့မဟုတ် သန္ဓေသားဆိုင်ရာ ရေရှည် သို့မဟုတ် ရေတို ပြဿနာတို့ ဖြစ်နိုင်သည်။

မီးဖွားခြင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ[ပြင်​ဆင်​ရန်​]

မွေးဖွားခြင်း၏ ဒုတိယအဆင့်တွင် အောက်ပါတို့ကြောင့် နှောင့်နှေးခြင်း သို့မဟုတ် ကြာမြင့်ခြင်း -

  • သင့်တော်သည့်ပုံစံဖြင့်မနေခြင်း (တင်ပါးဆုံနှင့်မွေးခြင်း (ယင်းမှာ- တင်ပါး သို့မဟုတ် ခြေထောက်တို့ အလျင် မွေးခြင်း) မျက်နှာ၊ မျက်ခုံး သို့မဟုတ် အခြား)
  • တင်ပါးဆုံရိုးကွင်း သို့မဟုတ် အတွင်းဘက် ကျောရိုးနှင့်သက်ဆိုင်သည့် အကျယ်အတွင်းမှ ဖြတ်သန်းပြီး ခေါင်းဆင်း၍ မရခြင်း
  • သားအိမ်ညှစ်အား မကောင်းခြင်း
  • သွက်လက်နေသည့်အဆင့် ရပ်တန့်သွားခြင်း

ဒုတိယအနေနှင့် ပြောင်းလဲမှုများဖြစ်သည့် အသားစများ ရောင်လာခြင်း၊ မိခင်အားကုန်လာခြင်း၊ သန္ဓေသား နှလုံးခုန်နှုန်း မမှန်ခြင်း တို့ကို ရှာဖွေနိုင်သည်။ ကုသခြင်းမပြုဘဲ ထားလျှင် ဆိုးရွားသည့် နောက်ဆက်တွဲပြဿနာများ အဖြစ် မိခင်၊ ကလေး သို့မဟုတ် နှစ်ဦးလုံးသေဆုံးခြင်း နှင့် မွေးလမ်းကြောင်းနှင့်အင်္ဂါဆိုင်ရာ အနာအခေါင်းပေါက် ဖြစ်ပေါ်ခြင်း တို့ဖြစ်နိုင် သည်။ ယင်းတို့ကို ကလေးမွေးဖွားမှုများကို စောင့်ရှောက်ပေးသူမရှိသော သို့မဟုတ် ကျွမ်းကျင်စွာလေ့ကျင့်မထားသည့် ရပ်ရွာထဲမှသူများကသာ စောင့်ရှောက်မှုပေးသော တတိယကမ္ဘာ့နိုင်ငံများတွင် အတွေ့ရများလေ့ရှိသည်။

မိခင်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ[ပြင်​ဆင်​ရန်​]

အမျိုးသမီးအင်္ဂါမှမွေးဖွားခြင်းကြောင့် ရသည့်ဒဏ်ရာ အပြဲများ သို့မဟုတ် အင်္ဂါအားညှပ်ခြင်း ကြောင့်ရသည့် ဒဏ်ရာ တို့မှာ အဖြစ်များသည်။ အတွင်းအသားစများပြဲခြင်း၊ တင်ပါးဆုံ တည်ဆောက်မှုဆိုင်ရာ အာရုံကြောများ ပျက်စီးခြင်း တို့သည် အမျိုးသမီးအတော်များများတွင် ကျွံကျသည့်ပြဿနာများ၊ ဆီး၊ဝမ်း မထိန်းနိုင်ခြင်းများ နှင့် ကာမဆက်ဆံမှု အဆင်မပြေခြင်းတို့သို့ ဦးတည်နိုင်သည်။ ဆယ့်ငါးရာခိုင်နှုန်းသော အမျိုးသမီးတို့မှာ ပုံမှန် မွေးဖွားပြီးနောက်တွင် ဆီး၊ဝမ်းတို့ကို အတိုင်းအတာတစ်ခုအထိ မထိန်းနိုင်ခြင်း ဖြစ်လာပြီး ထိုအမျိုးသမီးများ သွေးဆုံးချိန်တွင် ထိုရာခိုင်နှုန်းမှာ သိသိသာသာ မြင့်တက်လာသည်။ မိန်းမကိုယ်မှမွေးဖွားခြင်း သည် နောက်ပိုင်းဘဝ တွင် သားအိမ်ထုတ်ခြင်းမဟုတ်သည့်ဆက်စပ်သော ကျွံကျခြင်းတို့၏ လုံလောက်စွာမဟုတ်သော်လည်း လိုအပ်သော အကြောင်းပြချက်တစ်ခု ဖြစ်သည်။

ထင်ရှားသော မိန်းမကိုယ်မှတဆင့် မွေးဖွားခြင်းမှရသည့် ဒဏ်ရာတို့အတွက် အန္တရာယ်ရှိသည့်အချက်များမှာ-

  • ကလေးမှာ ၉ ပေါင် အထက် ပိုလေးခြင်း
  • မွေးဖွားခြင်းအတွက် ညှပ် သို့မဟုတ် လေဖိအားသုံးစုပ်ခွက် သုံးခဲ့ခြင်း။ ယင်းအမှတ်အသားများသည် ညှပ် သို့မဟုတ် လေဖိအား သုံးစုပ်ခွက် သုံးခဲ့ခြင်းမရှိသည့်ပုံမှန်မွေးဖွားခြင်းတို့တွင် မတွေ့ရသည့် အခြား ပုံမှန် မဟုတ်သည့် အဖြစ်များ အတွက် လက္ခဏာများ ဖြစ်နိုင်သည်။
  • မီးဖွားမှုပြီးနောက်တွင် စုတ်ပြဲမှုအကြီးစားများကို ပြုပြင်ရန်လိုအပ်ခြင်း

ဖွံ့ဖြိုးဆဲ ကမ္ဘာတွင် ရောဂါပိုးဝင်ခြင်း သည်လည်း မိခင်သေဆုံးမှု နှင့် နာမကျန်းဖြစ်မှုတို့၏ အဓိက အကြောင်းရင်း အဖြစ် ရှိနေဆဲဖြစ်သည်။ သွေးထွက်ခြင်းသို့မဟုတ် သွေးအများအပြားဆုံးရှုံးခြင်းသည်လည်း ယနေ့ခေတ်တွင်အထူးသဖြင့်ဖွံ့ဖြိုးဆဲကမ္ဘာတွင်မီးဖွားသောမိခင်တို့၏ သေဆုံးခြင်းအတွက် ဦးဆောင်နေသည့် အကြောင်းရင်းဖြစ်နေသေးသည်။ သွေးအများအပြား ဆုံးရှုံးခြင်းသည် အရည်ကုန်ဆုံးသည့်သွေးလန့်ခြင်း ဖြစ်သွားစေပြီး လျင်မြန်စွာကုသမှုမပြုလျှင် အရေးကြီးသောနေရာများသို့ သွေးလုံလောက်စွာ မပို့နိုင်ဘဲ သေဆုံးနိုင်သည်။ သွေးသွင်းခြင်းဖြင့် အသက်ကိုကယ်နိုင်ပါသည်။

မိခင်သေဆုံးနှုန်း (MMR) သည် အမေရိကန် နှင့် ဥရောပတွင် ၁၀၀၀၀၀ အရှင်မွေးတိုင်း ၉ ဦးရှိပြီး၊ အာဖရိက ဆာဟာရအောက်ပိုင်းဒေသ တွင် ၁၀၀၀၀၀ အရှင်မွေးတိုင်း ၉၀၀ ရှိသည့် ကွာခြားမှုကိုတွေ့ရသည်။နှစ်စဉ် တစ်မီလီယံ၏ တစ်ဝက်ကျော်သော အမျိုးသမီးတို့သည် ကိုယ်ဝန်ဆောင်မှု သို့မဟုတ် ကလေးမွေးမှုတို့မှ သေဆုံးနေရသည်။

သန္ဓေသားဆိုင်ရာ နောက်ဆက်တွဲပြဿနာများ[ပြင်​ဆင်​ရန်​]

သဘာဝလှုပ်ရှားမှုကြောင့် သန္ဓေသားဒဏ်ရာရခြင်း ကလေးအတွက် မွေးဖွားခြင်းကြောင့်ဖြစ်သည့် ဒဏ်ရာအန္တရာယ်အချက်များမှာ - သန္ဓေသားခေါင်းကြီးခြင်း (ကလေး ကြီးခြင်း)၊ မိခင်အလွန်ဝခြင်း၊ ကိရိယာ သုံး၍မွေးရန်လိုအပ်ခြင်း နှင့် ကျွမ်းကျင်မှုမရှိသောသူမှ မွေးပေးခြင်း တို့ဖြစ် သည်။ မွေးဖွားမှုကြောင့် ဒဏ်ရာရနိုင်သော တိကျသည့်အခြေအနေများတွင် တင်ပါးဆုံနှင့်တည်နေခြင်း နှင့် ပုခုံးနှင့်ခံ၍ မွေးရခက်ခြင်း တို့လည်းပါဝင်သည်။ သန္ဓေသားတွင်ရရှိသော မွေးဖွားခြင်းမှရရှိသည့်ဒဏ်ရာ အများစုမှာ ရေရှည် အနာ တရမဖြစ်ဘဲ ပျောက်ကွယ်သွားတတ်သည်။

မွေးကင်းစကလေး ရောဂါပိုးဝင်ခြင်း[ပြင်​ဆင်​ရန်​]

မွေးကင်းစကလေးများသည် မွေးမွေးချင်း ပထမဆုံးလတွင် ရောဂါပိုးဝင်လွယ်သည်။အထူးသဖြင့် ရောဂါပိုးဝင်ခြင်းနှုန်းထား မြင့်မားနေဆဲဖြစ်သော နေရာတို့တွင်၊ ကုသမှုမပြုသည့် လိင်ဆက်ဆံမှုမှ တဆင့်ကူးစက်သည့်ရောဂါများ ဝင်ရောက်ခြင်းသည် မွေးကင်းစကလေးများတွင် မွေးရာပါနှင့် မွေးကင်းစ အရွယ် ရောဂါများ ဖြစ်ပွားခြင်းတို့နှင့် ဆက်နွယ်နေသည်။ မွေးကင်းစကလေးတို့ သေဆုံးမှုနှုန်းအားလုံးသည် ဥပမာအားဖြင့် ကုသခြင်းမပြုထားသည့် ကာလသားရောဂါ တို့နှင့်ဆက်နွယ်ပြီး ၄၀% ထိရောက်ရှိနေသည်။

မွေးကင်းစကလေး သေဆုံးခြင်း[ပြင်​ဆင်​ရန်​]

မွေးကင်းစများသေဆုံးခြင်း (မွေးစမှ ၂၈ ရက်အတွင်း မွေးကင်းစကလေးသေဆုံးမှုများ သို့မဟုတ် ၂၈ ပတ်နှင့်အထက် ကိုယ်ဝန်ဆောင်ထားသည့် သန္ဓေသားသေဆုံးမှုများ) မှာ ခေတ်မီသော နိုင်ငံများတွင် ၁% ပတ်ဝန်းကျင်ရှိသည်။

ကလေးမွေးဖွားခြင်းတွင် သေဆုံးမှု ကို သက်ရောက်စေသော အရေးကြီးဆုံးအချက်များမှာ အာဟာရ လုံလောက်ခြင်း နှင့် အရည်အသွေးရှိသော ကျန်းမာရေးစောင့်ရှောက်မှုကိုရယူနိုင်ခြင်း ("ရယူနိုင်ခြင်း" ဟူသည်မှာ ရနိုင်သည့် စောင့် ရှောက်မှု စားရိတ်အပါအဝင် ကျန်းမာရေးဝန်ဆောင်မှုများနှင့် အကွာအဝေးကိုပါ ဆိုလိုသည်) တို့ ဖြစ်သည်။ ဤ အခြေအနေတွင် "ကျန်းမာရေး စောင့်ရှောက်မှု" ဟူသည်မှာ ဆေးရုံများတွင် ကုသမှုခံယူခြင်း အတိအကျကို ဆိုလိုသည် မဟုတ်ဘဲ ရိုးရှင်းသော သာမန် မီးမဖွားမီ စောင့်ရှောက်မှု နှင့် မီးဖွားချိန်တွင် အရည်အချင်းရှိသည့် ကလေး မွေးခြင်းကို ကျွမ်းကျင်သူ တစ်ဦးရှိနေခြင်း တို့ဖြစ်သည်။

မီးဖွားခြင်းဆိုင်ရာ အထူးစောင့်ရှောက်သူများ[ပြင်​ဆင်​ရန်​]

မီးဖွားရာတွင်စောင့်ရှောက်လုပ်ကိုင်ပေးသူ အမျိုးအစားများစွာရှိရာ ထိုသို့အမျိုးအစားခွဲထားမှုများသည် ပညာရှင် ဆန်သော လေ့ကျင့်ထားမှုနှင့် ကျွမ်းကျင်မှုများ၊ လေ့လာကျက်မှတ်ထားသော နည်းနာများ၊ ထို့ပြင် ပေးအပ်သော စောင့်ရှောက်မှုပုံစံ တို့အပေါ်တွင် မူတည်၍ အရေးကြီးသော ကွဲပြားမှုများရှိသော်လည်း ကိုယ်ဝန်ဆောင်စဉ် နှင့် မီးဖွားစဉ်အတွင်း အားပေးမှုနှင့် စောင့်ရှောက်မှုတို့ကို ပေးနိုင်မည်ဖြစ်သည်။

“မီးဖွားခြင်းဆိုင်ရာ ပညာပေးသူများသည်” ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သူတို့၏လက်တွဲဖော်တို့အား ကိုယ်ဝန်၏ သဘောသဘာဝ၊ မီးဖွားသည့် လက္ခဏာနှင့် အဆင့်များ၊ မီးဖွားခြင်းအတွက် နည်းလမ်းများ၊ နို့တိုက်ကျွေးခြင်း နှင့် မွေးကင်းစကလေးငယ်ကို ပြုစုခြင်းတို့အား ပညာပေးရန်ရည်ရွယ်ထားသည့် သင်ကြားပြသသူများ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု နှင့် အခြားနေရာတို့တွင် မီးဖွားခြင်းပညာပေးသူတို့အဖြစ် သင်တန်းပေးခြင်းအတွက် အတန်းများကို ဆေးရုံအပြင်အဆင် သို့မဟုတ် လွတ်လပ်သော အသိအမှတ်ပြုထားသည့် အဖွဲ့အစည်းတို့မှတဆင့် ပေးနေသည်ကို တွေ့ရသည်။ အဖွဲ့အစည်းတိုင်းမှ သူတို့ကိုယ်ပိုင် သင်ရိုးတို့နှင့် အထူးပြုထားသော နည်းလမ်း အထွေထွေကို သင်ကြားပေးကြသည်။ သူတို့၏ အသီးသီးသော ဝက်(ဘ်)ဆိုဒ်များမှ တဆင့် သတင်းအချက်အလက် များကို ရယူနိုင်သည်။

Doulas (ဒိုယူလပ်(စ်))[ပြင်​ဆင်​ရန်​]

Doulas (ဒိုယူလပ်(စ်)) ဟူသည်မှာ မိခင်များအား ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားနေစဉ်၊ နှင့် မီးဖွားပြီးကာလတို့တွင် စိတ် ခံစားမှုဆိုင်ရာ ကူညီထောက်ပံ့ပေးသူများဖြစ်သည်။ သူတို့သည် ဆေးပညာဆိုင်ရာကူညီ စောင့်ရှောက်သူများ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုနှင့် အမျိုးသမီးများအား မီးဖွားစဉ်အတွင်းတွင် ဆေးနှင့်မဟုတ်သည့် နာကျင်မှု လျော့နည်းစေခြင်း တို့ကို ပေးကြသည်။ မီးဖွားခြင်းပညာပေးသူများ နှင့် အခြား အကူအညီပေးသည့် အမှုထမ်း တို့ ကဲ့သို့ပင် doula (ဒိုယူလပ်(စ်)) တစ်ဦးဖြစ်ရန် အောင်လက်မှတ်မဖြစ်မနေလိုအပ်ခြင်း မရှိသည့်အတွက် မည်သူမဆို သူတို့ကိုယ်သူတို့ doula (ဒိုယူလပ်(စ်)) သို့မဟုတ် မီးဖွားခြင်းပညာပေးသူ ဟူ၍ခေါ်ဆိုနိုင်သည်။

သားဖွားဆရာမများ သည် သာမန်အားဖြင့် အန္တရာယ်နည်းသော ကိုယ်ဝန်ဆောင်သည့် အမျိုးသမီးများအား ကိုယ်ဝန် ဆောင်ခြင်း နှင့် မီးဖွားခြင်းတို့ မတိုင်မီ၊ ကိုယ်ဝန်ဆောင်ခြင်း နှင့် မီးဖွားခြင်း ပြုစဉ်အတွင်း နှင့် ကိုယ်ဝန်ဆောင်ခြင်း နှင့် မီးဖွားခြင်းပြီးသွားသည့်အခါတို့တွင် အခြေခံနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများကိုပေးသည့် ကျန်းမာရေး စောင့်ရှောက်ညွှန်ကြားသူများဖြစ်သည်။ သားဖွားဆရာမများအား မီးဖွားစဉ်တွင်း အကူအညီပြုနိုင်ရန် တိုက်ရိုက် လာရောက်၍လည်းကောင်း သို့မဟုတ် သူနာပြု-သားဖွားဆရာမများဆိုင်ရာ ပညာပေးအစီအစဉ်များမှလည်းကောင်း သင်ကြားလေ့ကျင့်ထားသည်။ သားဖွားဆရာမအလုပ်အား လုပ်ကိုင်ခွင့်ရကျွမ်းကျင်သူဖြစ်ကြောင်း တရားစီရင်ခွင့် တွင် ပါဝင်သည်မှာ အရည်အသွေးထိန်းသိမ်းခြင်းအတွက် ကနေဒါတွင် ဗြိတိန်ကိုလံဘီယာသားဖွားဆရာမများ ကောလိပ် (CMBC) [39] သို့မဟုတ် ဗြိတိန်တွင် သူနာပြုခြင်းနှင့်သားဖွားခြင်းဆိုင်ရာကောင်စီ (NMC) တို့ ကဲ့သို့မှ ထုံးစံအရ စာရင်းသွင်း ထားခြင်း နှင့် ကျင့်ဝတ်လိုက်နာသူတို့ ဖြစ်ရမည်ဟု ပါသည်။

တရားစီရင်ခွင့်တွင် သားဖွားဆရာမအလုပ်အား လုပ်ကိုင်ခွင့်ရကျွမ်းကျင်သူအဖြစ် မဟုတ်သည်မှာ - ရိုးရာအရ သို့မဟုတ် သာမန် သားဖွားဆရာမများသည် ထုံးစံအရ တရားဝင် ကျန်းမာရေးစောင့်ရှောက်မှုပညာပေးများ နှင့် လေ့ကျင့်ခြင်းများကို မရရှိထားသော်လည်း အမျိုးသမီးတို့ကလေးမွေးစဉ်တွင် ကူညီနိုင်သည်။

သားဖွားပညာရပ် ကို လေ့ကျင့်သော ဆရာဝန်များ တွင် အမျိုးအစားခွဲအထူးကု သားဖွားဆိုင်ရာ သမားတော်များ၊ လေ့ကျင့်မှုများ၊ ကျွမ်းကျင်မှုများ နှင့် လက်တွေ့အလုပ်များတွင် သားဖွားပညာရပ် ပါဝင်သော မိသားစုဆရာဝန်များ နှင့် အထွေထွေကုဆရာဝန်များ နှင့် အချို့သောအခြေအနေများတွင် အထွေထွေခွဲစိပ်အထူးကုများ တို့အဖြစ် ပါဝင်ခွဲခြား ထားသည်။ ထိုသမားတော်များနှင့် ခွဲစိပ်အထူးကုများသည် သာမန်နှင့် သာမန်မဟုတ်သော မွေးဖွားမှုများ နှင့် အကျိုး အကြောင်း မသင့်သော မီးဖွားမှုအခြေအနေများ အားလုံးတို့အား မျိုးစုံသော ပြုစုစောင့်ရှောက်မှုများ ပေးနေသည်။ အမျိုးအစားခွဲ အထူးကုသားဖွားဆိုင်ရာသမားတော်များသည် အရည်အသွေးပြည့်မီသော ခွဲစိပ်သူများ ဖြစ်သည့် အားလျော်စွာ မီးဖွားခြင်း နှင့်ဆက်နွယ်သည့် ခွဲစိပ်မှုဆိုင်ရာ အလုပ်များကို ဆောင်ရွက်နိုင်သည်။

မိခင်-သန္ဓေသားဆေးပညာ အထူးကုများသည် အန္တရာယ်ကြီးသည့် ကိုယ်ဝန်ဆောင်နှင့်မွေးဖွားခြင်းတို့တွင် စီမံမှု၊ ကုသမှုတို့အား အထူး ခွဲဖြာ လေ့လာထား သည့် သားဖွား၊မီးယပ် ဆရာဝန်ကြီးများ ဖြစ်ကြသည်။သားဖွားခြင်းဆိုင်ရာ သူနာပြုများ သည် ဆေးရုံစနစ်အတွင်း မီးမဖွားမီ ၊ မီးဖွားစဉ် နှင့် မီးဖွားပြီးချိန်တို့တွင် သားဖွား ဆရာမ များ၊ ဆရာဝန်များ၊ အမျိုးသမီးများနှင့် ကလေးများအား ကူညီမှုပြုရသည်။ အချို့သော သားဖွားဆရာမများသည်လည်း သားဖွားခြင်းဆိုင်ရာသူနာပြုများဖြစ်သည်။ သားဖွားခြင်းဆိုင်ရာသူနာပြုများ တွင် အောင်လက်မှတ်များ ရှိရပြီး ထုံးစံ အတိုင်း စံထားသော သူနာပြုလေ့ကျင့်မှု အပြင် ထပ်မံသင်တန်းပေးသည့်သားဖွားခြင်းဆိုင်ရာလေ့ကျင့်မှုတို့ကိုလည်း တတ်မြောက်ထားရသည်။