မာလာလာ

ဝီကီပီးဒီးယား မှ
မာလာလာ ယူဆပ်ဇိုင်ယာ
Yousafzai at Girl Summit 2014
မွေးဖွား၁၂ ဇူလိုင် ၁၉၉၇
မင်ဂိုရာ၊ ခီဘာ ပတ်တွန်ခဝါပြည်နယ်၊ ပါကစ္စတန်
ဌာနေဘာမင်ဂမ်မြို့, အင်္ဂလန်
နိုင်ငံလူမျိုး ပါကစ္စတန်
လူမျိုးPashtun
အလုပ်အကိုင်ဘလော့ဂါ၊ အမျိုးသမီး အခွင့်အရေးနှင့် ပညာသင်ကြားခွင့်ရရှိရေးလှုပ်ရှားသူ
ကျော်ကြားမှုအရင်းခံအမျိုးသမီးပညာသင်ကြားခွင့်ရရှိရေး လှုပ်ရှားသူ
ဆွေမျိုးသားချင်း
  • Toorpekai Yousafzai (မိခင်)
  • ဇီယာအူဒင် ယူဆပ်ဇိုင်ယာ (ဖခင်)
ရရှိသည့်ဆုများ

သူမနာမည် အပြည့်အစုံက မာလာလာ ယူဆပ်ဇိုင်ယာ [၁] ဖြစ်သည်။ သို့သော် တစ်ကမ္ဘာလုံးကတော့ သူ့ကို မာလာလာ ဟုသာ ချစ်စနိုးခေါ်ကြသည်။ [၂]၁၉၉၇ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ကလေး တစ်ယောက်မျှသာ ရှိသေးသော်လည်း မကြာသေးမီ သူမ အသက် ၁၆ နှစ်ပြည့်မြောက်သည့်နေ့တွင် ကုလသမဂ္ဂသို့တက်ပြီး စကားပြောခွင့်ရသည်။ ကုလသမဂ္ဂ၏ အထူးဧည့်သည်တော်ကြီးများသာ ထိုင်ရလေ့ရှိသော အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဘေးတွင် ထိုင်ခွင့်ရပြီး ကမ္ဘာ့ခေါင်းဆောင်များနှင့် တစ်တန်းတည်းထားကာ ဆက်ဆံခြင်းခံခဲ့ရသည်။

မာလာလာသည် ပါကစ္စတန် အနောက်မြောက်ပိုင်း ခီဘာ ပတ်တွန်ခဝါပြည်နယ်၊ ဆွပ်ဒေသအတွင်းရှိ မင်ဂိုရာမြို့ငယ်လေး တစ်ခုတွင်မွေးဖွားခဲ့သော သာမန် မိန်းကလေးတစ်ဦးသာဖြစ်သည်။ ဆွပ်တောင်ကြားဒေသတွင် တာလီဘန်တို့ စိုးမိုးလျက် ရှိပြီး အမျိုးသမီးများ ကျောင်းတက်ခွင့်ကို ပိတ်ပင်ထားရာဒေသတွင် သူမ လူဖြစ်လာရခြင်းဖြစ်သည်။

၂၀၀၉-ခုနှစ် အစောပိုင်း၊ မာလာလာ အသက် ၁၂ နှစ်သမီးအရွယ်တွင် ဘီဘီစီ blog သို့ အမည်ဝှက်ဖြင့် တာလီဘန်တို့ အုပ်စိုးမှုအောက်တွင် နေထိုင်ရသော အမျိုးသမီးတို့ဘဝအကြောင်း ရေးသားပေးပို့လိုက်သည်။ တာလီဘန်တို့ အုပ်စိုးမှုအောက်တွင် အမျိုးသမီးတို့သည် ပညာသင်ကြားခွင့်မရသဖြင့် အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေးကို သူမအမြင်ဖြင့် စာရေးကာ ပေးပို့လိုက်ခြင်းဖြစ်သည်။

နောက်နှစ်နွေရာသီတွင် နယူးယော့ခ်တိုင်းမ်းသတင်းစာကြီးက ဖြစ်ရပ်မှန် မှတ်တမ်းတင် ရုပ်ရှင်ဇာတ်လမ်းတိုလေးတစ်ခုကို သူမကို အခြေပြုပြီး လာရိုက် သွားသည်။ ထိုဒေသသို့ သတင်းအဖွဲ့က ခက်ခဲစွာလာရောက်ပြီး စွန့်စားရိုက်ကူးသွားသည့် သတင်းတိုလေးအား ကမ္ဘာသို့ ထုတ်လွှင့်ပြသလိုက်ခြင်းကြောင့် မာလာလာနှင့် ပါကစ္စတန်နိုင်ငံ တာလီဘန်တို့လက်အောက်တွင် နေထိုင်ရသည့် အမျိုးသမီးတို့ အခွင့်အရေးများ ဆုံးရှုံးနေခြင်းကို ကမ္ဘာက သိရှိသွားတော့သည်။ ထိုမှတ်တမ်းရုပ်ရှင်လေးကြောင့် မာလာလာကို လူသိများသွားခဲ့သည်။ သတင်းမီဒီယာနှင့် ရုပ်သံဌာနများကလည်း လာရောက် ပြီး စုံစမ်းမေးမြန်းကာ သတင်းမီဒီယာများတွင် ရေးသားဖော်ပြခဲ့ကြသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များဆိုင်ရာ ပညာသင်ခွင့်အတွက် သူမလှုပ်ရှားမှုများကို ကမ္ဘာက အသိအမှတ်ပြုသည့် အနေဖြင့် ဒက်စ်မွန် တူးတူး ပေးအပ်သည့် နိုင်ငံတကာကလေးများ ငြိမ်းချမ်းရေးဆုအတွက် လျာထားခြင်းခံရသလို၊ ငြိမ်းချမ်းရေး နိုဗယ်ဆုများလည်းပေးရန် လျာထားခြင်းခံရသည်။ ကမ္ဘာ့သမိုင်းတွင် အသက်အငယ်ဆုံး ထိုဆုများကို လျာထား ခြင်းခံရသူလည်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၏ အမျိုးသားလူငယ်ငြိမ်းချမ်းရေးဆုကိုလည်း ပထမဦးဆုံး ရရှိခဲ့သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် မာလာလာနှင့် သူငယ်ချင်းများ ကျောင်းမှအိမ်သို့ပြန်လာသည့် ဘတ်စ်ကားကို တာလီဘန်တို့သည် ရပ်ခိုင်းပြီး မာလာလာ၏ ဦးခေါင်းနှင့် လည်ပင်းတို့ကို သေနတ်ဖြင့်ပစ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဦးခေါင်းသေနတ်ဒဏ်ရာကြောင့် သတိမေ့သွားပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားသို့ရောက်ခဲ့သည်။ ပါကစ္စတန် ဆေးရုံးမှတစ်ဆင့် အခြေအနေစိုးရိမ်ရသောကြောင့် ဗြိတိန်နိုင်ငံ၊ ဘာမင်ဟမ်ရှိ ကွင်း အဲလိဇဘတ်ဆေးရုံကြီးသို့ ပေးပို့လိုက်ရ သည်။ အောက်တိုဘာ ၁၂ ရက်နေ့တွင် ပါကစ္စတန်ရှိ အစ္စလမ်မစ် ဘာသာရေးခေါင်းဆောင် ၅၀ သည် သူမကို သတ်ရန် အားထုတ်ခဲ့သည့် တာလီဘန်တို့ကို အစ္စလမ် ဓမ္မသတ်နှင့် ဆန့်ကျင်သူများဟု ကြေညာခဲ့သည်။ တာလီဘန်တို့ကလည်း မာလာလာကို မသေမချင်း ထပ်လုပ်ကြံမည့်အပြင် သူမ၏ ဖခင်ကိုပါ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။

ယခင် ဗြိတိန် ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး၊ ယခု ကုလသမဂ္ဂ ပညာရေးအထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်နေသော ဂေါ်ဒန် ဘရောင်းကလည်း ကုလသမဂ္ဂ၏ ပန်ကြားလွှာတွင် မာလာလာ၏အမည်ကို ၂၀၁၅ ခုနှစ်တွင် ကလေးများအားလုံး ကျောင်းသို့ရောက်ရန် လှုံ့ဆော်သည့် ဆောင်ပုဒ်အဖြစ်သုံးရန် တင်ပြခဲ့သည်။ ထိုဆောင်ပုဒ်မှာ I am Malala ဖြစ်သည်။ ထိုဆောင်ပုဒ်ကို ပါကစ္စတန် သမ္မတ အဆစ် အလီ ဇာဒါရီထံ ဂေါ်ဒန် ဘရောင်းက လာမည့် နိုဝင်ဘာလတွင် လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ဇူလိုင်လ ၁၂ ရက်နေ့ (မာလာလာမွေးနေ့) ကို “မာလာလာနေ့” အဖြစ်ကျင်းပရန် ကြေညာခဲ့သည်။ အဓိကဦးတည်ချက်မှာ ကလေးများအတွက် ပညာရေးပန်းတိုင် မပျောက်ရေးကို ဦးတည်လုပ်ဆောင်ကြရန်ဖြစ်သည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ Time မဂ္ဂဇင်း မျက်နှာဖုံးတွင် ကမ္ဘာကို အလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းဝင်အဖြစ် မာလာလာကို ဂုဏ်ပြုဖော်ပြခဲ့သည်။ သူမကို ဂုဏ်ပြုသည့်ဆောင်းပါးကိုလည်း ယင်းမဂ္ဂဇင်းတွင် အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်၏ သမီးဖြစ်သူ ချဲလ်ဆီးလ် ကလင်တန်က ရေးသား ခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ မာလာလာ ၁၆ နှစ်ပြည့် မွေးနေ့တွင်ပြန်လည်ကျန်းမာလာသည့် မာလာလာကို ကုလသမဂ္ဂ လူငယ်ညီလာခံ၌ တက်ရောက် မိန့်ခွန်းပြောကြားခွင့်ပြုခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ဆရာအသစ်များ၊ ကျောင်းများ၊ စာအုပ်များနှင့်ရရှိရေးအတွက် ထောက်ပံ့ရန်နှင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကလေးတိုင်း ကျောင်းတက်ခွင့်ရရေး၊ ပညာသင်ခွင့်ရရေးကို တိုက်တွန်းတောင်းဆိုခဲ့သည်။

မာလာလာကို ဖခင်ဖြစ်သူ ဇီယာအူဒင် ယူဆပ်ဇိုင်ယာက အိမ်တွင်ခိုးပြီး ပညာသင်ကြားပေးခဲ့သည်။ သူ့ဖခင်သည် ကဗျာဆရာ တစ်ယောက်ဖြစ်ပြီး၊ ကျောင်းတစ်ကျောင်းလည်း ဖွင့်ထားသည်။ သူသည် ပညာရေးနှင့်ပတ်သက်ပြီး အစဉ်အလာကို ဆန့်ကျင် သော တက်ကြွသည့် လှုပ်ရှားသူတစ်ဦးလည်းဖြစ်သည်။ သူ့ကျောင်းအမည်မှာ ခူရှာလ်ပြည်သူ့ကျောင်း ဖြစ်သည်။ မာလာလာ သည် ဆရာဝန်ဖြစ်ချင်သော်လည်း ဖခင်က နိုင်ငံရေးသမား ဖြစ်စေချင်ခဲ့သည်။ သို့ဖြစ်ရာ ညမအိပ်မီ သမီးနှင့် နှစ်ယောက်သား နိုင်ငံရေးအကြောင်းများကို ညဉ့်နက်သည်အထိ ပြောဆိုဆွေးနွေး ငြင်းခုံခဲ့ကြသည်။

၂၀၀၈ ခုနှစ်လောက်တွင် မာလာလာကိုယ်တိုင်က အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေးအတွက် စတင်ပြောကြားလာခဲ့သည်။ သူမဖခင်က ပတ်ရှ်ဝါမြို့ရှိ သတင်းဌာနတစ်ခုသို့ ခေါ်သွားပြီး သမီးကို စကားပြောစေခဲ့ခြင်းဖြစ်သည်။

“တာလီဘန်တွေက ကျွန်မဆီကနေ ပညာသင်ကြားပိုင်ခွင့်ကို သိမ်းပိုက်ထားလို့ရသလား” ဆိုသည့် သူမ၏ ရဲရဲတောက် ပြောကြားမှုများသည် သတင်းစာများနှင့် ရုပ်မြင်သံကြားများတွင် ဖော်ပြခြင်း ခံလိုက်ရပြီး ဒေသတစ်လုံးသို့ပြန့်နှံ့သွားကာ တာလီဘန်တို့ကိုလည်း စိန်ခေါ်လိုက်သလိုဖြစ်သွားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မာလာလာသည် ဘီဘီစီ အူရ်ဒူအစီအစဉ်သို့ စာတစ်စောင်ရေးပို့လိုက်သည်။ ဘီဘီစီသတင်းထောက် အဘဒူဟိုင် ကာကာအား မာလာလာ၏ဖခင်က တာလီဘန်တို့လက်အောက်ရှိ အမျိုးသမီးတို့၏ ပညာသင်ကြားရသည့်ဘဝကို စာဖြင့် ရေးသားပေးပို့ရန် ဖိတ်ခေါ်ခိုင်းခဲ့သည်။

ထိုစဉ်က တာလီဘန်စစ်ရေးခေါင်းဆောင်မှာ မော်လာနာ ဖာဇ်လူလာဖြစ်သည်။ မော်လာနာသည် ဆွပ်တောင်ကြားဒေသကို သိမ်းပိုက်ပြီး စိုးမိုးနေသူလည်းဖြစ်သည်။ သူက ရုပ်မြင်သံကြားကြည့်ခွင့်၊ သီချင်းနားထောင်ခွင့်၊ မိန်းကလေးများ ပညာသင်ကြားခွင့်နှင့် မိန်းကလေးများ ဈေးဝယ်ထွက်ခွင့်တို့ကိုပါ ပိတ်ပင်တားမြစ်ခဲ့သည်။ ပြည်သူများကို ခြိမ်းခြောက်သည့် အနေဖြင့် ခေါင်းဖြတ်ထားသည့် ရဲများ၏ အလောင်းများကို မြို့လယ်ရှိ ကွက်လပ်တွင် ချိတ်ဆွဲပြသထားခဲ့သည်။

မာလာလာဖခင်ကျောင်းမှ အီရှာဆိုသူက ဘီဘီစီထံ စာတစ်စောင်ရေးရန် သဘောတူခဲ့သော်လည်း မိဘများက တာလီဘန်တို့ သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် အစီစဉ် ပျက်သွားခဲ့ရသည်။ ထို့ကြောင့် မာလာလာက ဘီဘီစီထံစာရေးရန် သဘောတူလိုက်ပြီး စာရေးပေးခဲ့ခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် မာလာလာ၏ စာကို ဘီဘီစီ အူရ်ဒူပိုင်းအစီအစဉ်ကို လွှင့်ထုတ်ဖတ်ပြခဲ့သည်။ ဆွပ်နယ် တွင် တာလီဘန်တို့သည့် ကျောင်းတက်နေသည့် အမျိုးသမီးများကို လိုက်လံတားမြစ်ခဲ့သည့်အပြင် မာလာလာတက်နေသည့် ကျောင်းကိုလည်း ပိတ်လိုက်တော့သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် တာလီဘန်တို့က မင်ဂိုရာ၌ မည်သည့် မိန်းကလေးမှ ကျောင်းမတက်ရအမိန့်ထုတ်လိုက်သည်။ ထို့ပြင် အမျိုးသမီး ကျောင်းပေါင်း ၁၀၀ ခန့်ကိုလည်း ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မာလာလာတက်နေ သည့်ကျောင်းမှ ကျောင်းအုပ်ကြီးကလည်း ကျောင်းသူများကို ကျောင်းလာလျှင် ကျောင်းဝတ်စုံဝတ်မလာဘဲ သာမန်ဝတ်စုံများဖြင့်သာ လာကြရန်ပြောခဲ့သည်။ မာလာလာက ထိုအကြောင်းနှင့်ပတ်သက်ပြီး “သမီးကတော့ သမီးအကြိုက်ဆုံး ပန်းရောင် ဝတ်စုံလေးကို ဝတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခြား မိန်းကလေးတွေလည်း ကျောင်းကို အဝတ်အစား အမျိုးမျိုးတွေနဲ့ ရောက်လာကြတယ်။ ကျောင်းက ကျောင်းနဲ့ မတူတော့ဘူး အိမ်လိုဖြစ်သွားတယ်” ဟုသူ့ blog တွင် ရေးသားခဲ့သည်။

မာလာလာသည် ၂၀၀၉ ခုနှစ်မှ စတင်ပြီး အမျိုးသမီးများ ပညာသင်ကြားခွင့် ရရေးကို သူမ၏ blog မှလည်းကောင်း၊ ကျောင်းများ ဒေသများအတွင်းသို့ လှည့်လည်သွားလာ၍လည်းကောင်း ဟောပြောစည်းရုံး လှုပ်ရှားခဲ့သည်။ သူမအတွက် ဖခင်ကသာ နောက်မှ မားမားမတ်မတ်ရပ်တည်ပေးပြီး လှုပ်ရှားမှုတိုင်းတွင် လိုက်ပါ ကူညီခဲ့သည်။

၂၀၀၉-ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် မာလာလာသည် “စစ်နှင့်ငြိမ်းချမ်းရေးအစီရင်ခံစာအဖွဲ့” တွင် ပါဝင်ခွင့်ရခဲ့သည်။ ထိုပရောဂျက်သည် သတင်းမီဒီယာသင်တန်း တစ်ခုဖြစ်ပြီး ပါကစ္စတန်နိုင်ငံအတွင်းရှိ ကျောင်းပေါင်း ၄၂ ကျောင်းနှင့်ပတ်သက် ပြီးလေ့လာသုံးသပ် ဆွေးနွေးခဲ့ကြသည်။ သူတို့ဆန်းစစ်ချက်များကို ပြည်တွင်းထုတ် သတင်းစာများတွင် ဖော်ပြခွင့်များ ရရှိခဲ့သည်။ ထိုသင်တန်းတွင် တက်ရောက်သည့် အမျိုးသမီးများထဲ၌ မာလာလာသည် အငယ်ဆုံးနှင့် အတက်ကြွဆုံးဖြစ်ခဲ့သည်။[၃]

သူ့ဖခင်က မျှော်မှန်းနေသည်မှာ မာလာလာဖောင်ဒေးရှင်း တစ်ခုထောင်ပြီး ဆင်းရဲသည့် မိန်းကလေးများကို ကျောင်းပို့ပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်သည်။ မာလာလာကလည်း ဖော်ဒေးရှင်းတစ်ခု ထူထောင်နိုင်ရန် အပြင်းအထန် ကြိုးစားနေပြီး ၂၀၁၂ ဧပြီလတွင် အမျိုးသမီးများပညာရေးအတွက် ဗီဒီယိုအစီအစဉ် တစ်ခုကို ထုတ်လွှင့်ခဲ့သည်။

နောက်ပိုင်းတွင် မာလာလာကို မီဒီယာများက အလေးပေးလာပြီး ကမ္ဘာကသိလာသည်ကို စိုးရိမ်ထိတ်လန့်လာသည့် တာလီဘန်များက သေနတ်ဖြင့် ပစ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြစ်ရာ သူမအိမ်သို့ စာများပို့ကာ ခြိမ်းခြောက်ခြင်း၊ ဖေ့စ်ဘွတ်ခ် ပေါ်တွင် သူမအကြောင်းနှင့် ပတ်သက်ပြီး လုပ်ကြံရေးသားချက်များတင်ခြင်းစသည်တို့နှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် အမျိုးသမီးများ ပညာသင်ခွင့်ရရေးကို မည်သည့်အကြောင်းပြချက်နှင့်မျှ မရပ်နားရန် ဆုံးဖြတ်ချက် ပိုမိုခိုင်မြဲစေခဲ့သည်။ ခြိမ်းခြောက်တိုင်း မကြောက်သည့် မာလာလာကို တာလီဘန်တို့က အကြမ်းဖတ်သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာလိုက်သည်။

တစ်နေ့ ပါကစ္စတန် ဆွပ်တောင်ကြားတွင် ဘတ်စ်ကားတစ်စီး မောင်းလာနေသည်။ ထိုကားပေါ်တွင် စာမေးပွဲဖြေပြီး ပြန်လာ သည့် ကျောင်းသားလေးများ ပါလာကြသည်။ ကားကို မျက်နှာဖုံးစွပ် လက်နက်ကိုင်သူပုန်များက ရပ်ခိုင်းပြီး ကားပေါ်တက်လာခဲ့ကြသည်။ သေနတ်ကိုင်ထားသည့် တစ်ယောက်က “ဘယ်သူ မာလာလာ လဲဟေ့” ဟုအော်ပြောလိုက်သည်။ ပြီးလျှင် “ပြောရင်ပြော မပြောရင် အားလုံးကို ပစ်သတ်မယ်” ဟုလည်း အော်လိုက်သည်။ မာလာလာက သူမဖြစ်ကြောင်း မတ်တပ်ထပြီး ပြောလိုက်သည်။ တာလီဘန်သူပုန်တွေက သူမ မျက်နှာကို သေနတ်ဖြင့် တစ်ချက်ပစ်လိုက်သည်။ ပြီးတော့ လည်ပင်းကို နောက်တစ်ချက် ထပ်ပစ်လိုက်ပြန်သည်။ နောက်တစ်ချက် ပခုံးကို ထပ်ပစ်လိုက်သည်။ ပစ်ခတ်မှုတွင် အခြား မိန်းကလေးနှစ်ဦးကိုလည်း ကျည်တွေထိကုန်သည်။ ထိုတိုက်ခိုက်မှုအကြောင်းကို မာလာလာအားပစ်ခတ်စဉ် ထိခိုက်ခဲ့သော ရီရာ့ဇ်နှင့် ရမ်ဇမ်ဆိုသည့် မိန်းကလေးနှစ်ဦးက ဒဏ်ရာရနေသည့်ကြားမှ သတင်းထောက်များကို ပြောပြနေခြင်း ဖြစ်သည်။

သေနတ်ဒဏ်ရာများဖြင့် မေ့မြောနေသော မာလာလာကို ပတ်ရှာဝါစစ်ဆေးရုံကြီးသို့ ရဟတ်ယာဉ်ဖြင့် ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။ ဦးနှောက်ကို ထိထားသည့် အပိုင်းမှလွဲပြီး ခွဲစိတ်ကုသပေးခဲ့သည်။ ကျည်ဆန်က ခေါင်းကို ဖောက် ထွက်သွားခြင်းဖြစ်သည်။ သုံးနာရီအကြာ ခွဲစိတ်ပြီး လည်ပင်းနှင့် ပခုံးထဲမှ ကျည်များကို ထုတ်ခဲ့ရသည်။

ခွဲစိတ်မှုများ မလုပ်မီအချိန်အထိ စိတ်ဓာတ်ခိုင်မာလှသော မာလာလာသည် လက်နှင့် ခြေထောက်များကို လှုပ်နိုင်ခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးစတွင်လည်း ဆရာကို စကားပြောသွားခဲ့သေးသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် မာလာလာကို ပါကစ္စတန်စစ်ဆေးရုံကြီးမှ ဗြိတိန်သို့ ပို့ဆောင်ကုသရန် ဆုံးဖြတ်ခဲ့ကြသည်။ အောက်တိုဘာ ၁၇ ရက်နေ့တွင် မာလာလာ မေ့မြောနေပြီး ဦးနှောက်မပျက်စီးရန် ကုသဖို့လိုကြောင်း အဲလိဇဘတ်ဆေးရုံကြီးက ကြေညာ ခဲ့သည်။ ၂၆ ရက်နေ့တွင် အခြေအနေပြန်ကောင်းလာသည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် အခြေအနေကောင်းလာသဖြင့် ကုတင်ပေါ်ထိုင်ပြီး ဓာတ်ပုံအရိုက်ခံနိုင် ခဲ့သည်။

မာလာလာသည် အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေး၊ ကျောင်းနေအရွယ်ကျောင်းသားတိုင်း ပညာသင်ကြားခွင့်ရရေးကို စိတ်ဓာတ်ခိုင်မာစွာဖြင့် ဆက်လက် လုပ်ဆောင် နေခဲ့သည်။ သေလောက်သည့်ဒဏ်ရာများဖြင့် မိန်းမောနေခဲ့သည့်တိုင် သူမစိတ်ကူးထဲတွင် ကလေးတွေကို စာတွေသင်နေသည်။ အမျိုးသမီးတွေကို ကျောင်းပို့နေသည်။

မာလာလာသည် ယခုမှ အသက် ၁၆ နှစ်သာရှိသေးသည်။ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ယောက်၏ လှုပ်ရှား ဆောင်ရွက်ခဲ့မှုများကား အံ့ဩစရာပင်။ လူတစ်ယောက် တစ်ခါသာ သေသည်ဟု ဆိုသည်။ သူမသည် တကယ်တော့ တစ်ခါသေခဲ့ပြီးပြီ။ မသေမီ အားလုံးအတွက် ပညာရေးကို ဟစ်ကြွေးပေးခဲ့သည်။ “ကျွန်မ မာလာလာ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ် ကလေးတိုင်းကို ကျောင်းပို့ပေးခဲ့သည်။ သူမနောက်တစ်ကြိမ် ပြန်နိုးထလာသည်။ ယခုတစ်ကြိမ် သူမ ကြွေးကြော်ချက်က ကြက်သီးထစရာဖြစ်သည်။

“ကလေးတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ကလောင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါတယ်” ဟူ၍ဖြစ်သည်။

မာလာလာသည် ၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဆတ္တရာသီနှင့်အတူ ပူးတွဲချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုအချိန်တွင် သူမ၏အသက်မှာ ၁၇-နှစ်သာရှိသေးပြီး ကမ္ဘာ့ အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. https://www.bbc.com/burmese/burma/2015/06/150609_malala_rohingya
  2. https://www.mizzimaburmese.com/article/90903
  3. https://www.duwun.com.mm/article/talibaanko-aantukhete-athetangesaon-ngyeinkhyaanyaenobaesauyahin-p-id54597
  4. https://burma.irrawaddy.com/news/2014/10/10/65828.html